ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုနည်းပညာသုံး အလိုအလျောက်စနစ်နဲ့ အလုပ်လုပ်နိုင်တဲ့ သွားဆရာဝန် စက်ရုပ်တော့ ပေါ်ထွက်လို့ လာပါပြီ။ အေအိုင်လို့ ခေါ်တဲ့ ဉာဏ်ရည်တုက နေရာပေါင်းစုံ၊ ကဏ္ဍအဖုံဖုံမှာ နေရာဝင်ယူလာတာ တစ်စတစ်စနဲ့ ဆေးဘက်ကိုတောင် ရောက်လာတာပါ။ အခုဆိုရင် လူသားပညာရှင် (ဆရာဝန်) ရဲ့ အကူအညီ တစ်စိုးတစ်စိမှ မပါဘဲ အလိုအလျောက်မောင်းနှင် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ . . . ဉာဏ်ရည်တုပါဝင်တဲ့ စက်ရုပ်က လူသားလူနာတစ်ယောက်ကို သွားပြဿနာ ကူဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

သွားပြဿနာတွေကို အလိုအလျောက် ပြုပြင်ဖြေရှင်းပေးနိုင်တဲ့ ဒီမော်ဒယ်မှာ အတော်ကို အဆင့်မြင့်တဲ့ ဆင်ဆာတွေနဲ့ အာရုံခံစနစ်တွေ ပါဝင်တဲ့ စက်ရုပ်လက်တစ်ချောင်း ရှိပါတယ်။ စနစ်ထဲမှာတော့ အနီးအနား ဧရိယာတစ်ဝိုက်ကို စကင်န်ဖတ်နိုင်ဖို့ သုံးဘက်မြင် ရုပ်ကြွပုံရိပ် — optical coherence tomography (OCT) — စကန်နာတွေ ပါဝင်ပြီးတော့ အဲဒီစကင်န်နာက တစ်ဆင့် လူနာရဲ့ ပါးစပ်အတွင်းဘက်တစ်ဝိုက်နဲ့ ခံတွင်းတစ်ကြောကို ဓာတ်ပုံတွေ ရိုက်ကူးနိုင်တာပါ။ သွားတွေ၊ သွားဖုံးတွေနဲ့ လျှာ၊ အာရုံကြောတွေထဲထိ အရည်အသွေးမြင့် ပုံရိပ်တွေ လှမ်းရိုက်နိုင်ပြီး ရလာတဲ့ ဓာတ်ပုံတွေကို ပေါင်းစပ်ရင်း သုံးဘက်မြင် 3D ပုံရိပ်တွေပါ ပြန်ဖန်တီးနိုင်တယ်လို့ သိရပါတယ်။ တကယ်လို့သာ ဒီနည်းစနစ်က တွင်ကျယ်လာခဲ့မယ်ဆိုရင် ခံတွင်းပြဿနာအတွက် လာကြတဲ့ လူနာတွေ ဓာတ်မှန်ရိုက်ဖို့တောင် မလိုတော့ပါဘူး။ ဒီစနစ်မှာ ပါတဲ့ အဆင့်မြင့်ပုံရိပ်ဖမ်း နည်းပညာကလဲ ဓာတ်မှန်လောက်နီးနီးကို တိကျပြီး သွားပေါက်တွေကိုတောင် ၉၀ ရာခိုင်နှုန်းလောက် မှန်ကန်အောင် ခန့်မှန်းနိုင်စွမ်းရှိပါတယ်။ ပြီးရင် သွားအစွပ်စွပ်တာလိုမျိုး သာမန်ဆေးခန်းတွေမှာ လုပ်ရင် ရက်ချိန်းတစ်ချိန်ကို နှစ်နာရီလောက် ကြာတတ်တဲ့ လုပ်ငန်းမျိုးကိုလဲ ဒီဉာဏ်ရည်တုသုံး စက်ရုပ်လက်က ၁၅ မိနစ်ဝန်းကျင်နဲ့တင် တပ်ဆင်ပေးနိုင်တယ်လို့ ဆိုတာပါ။

သွားဆရာဝန်ဆိုတာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ ဝင်ငွေအင်မတန်ကောင်းလေ့ အလုပ်ပါ။ ဒါပေမဲ့ အေအိုင်တွေ တွင်ကျယ်လာပြီးတဲ့ နောက်မှာ သွားဆရာဝန်တွေ အပါအဝင် တခြားဆေးဘက်ဆက်စပ်လောက,က ပညာရှင်တွေအဖို့လဲ 'ထမင်းအိုး ကွဲဖို့' အလားအလာ ရှိလာနေပါပြီ။ လူနာတွေအတွက်ကတော့ အတော်လေးကို အဆင်ပြေလာပါလိမ့်မယ်။ အရင်လို အချိန်အကြာကြီး ပေးစရာမလိုဘဲ သွားဘက်ဆိုင်ရာ ကုသမှုတွေ ခံယူနိုင်မယ်၊ အကုန်အကျလဲ အရမ်းမများတော့ပါဘူး။ ပြီးရင် လူသားပညာရှင်တွေထက် ပိုတိကျလို့ လူနာအတွက် သူတို့ခံစားနေရတဲ့ ပြဿနာကို ရေရေရာရာ သိနိုင်သလို သုံးဘက်မြင်ပုံရိပ်နဲ့ ရောဂါရှာနိုင်စွမ်းရှိလို့လဲ ပိုကောင်းတယ် ဆိုရပါမယ်။ ဒါ့အပြင်ကို ဒီအေအိုင်က တကယ်လို့ ကုသပေးနေရင်းနဲ့ လူနာက သက်ရှိဖြစ်တဲ့အလျောက် အရွေ့အစောင်း အပြောင်းအလဲ ရှိခဲ့မယ်ဆိုရင်တောင် သူက ဒီလူနာနဲ့ လိုက်ရောညီထွေဖြစ်အောင် လိုက်ရွေ့လျားနိုင်ပါတယ်။ ဒီ့အတွက်ကြောင့် လူနာလဲ ကျောက်ရုပ်သဖွယ် မလှုပ်မယှက် နေစရာ ဘယ်လိုပါတော့မလဲ . . .?

ဒါပေမဲ့ အခုလိုကုသမှု နည်းစနစ်မျိုးက FDA ဘက်က ခွင့်ပြုချက်ရဖို့ အချိန်အကြာကြီး စောင့်ရမှာဖြစ်သလို တရားဝင်အတည်ပြုချက် ရဖို့၊ စိတ်ချလုံခြုံရကြောင်း အာမခံချက် ပေးနိုင်ဖို့ကလဲ အများကြီး ပြုပြင်ပြောင်းလဲရပါအုံးမယ်။ တကယ်လို့ ခွင့်ပြုချက်ရခဲ့ရင်တောင် တွင်တွင်ကျယ်ကျယ်ဖြစ်လာဖို့က နှစ်အတော်အတန် ကြာနိုင်ဖွယ်ရှိပါတယ်။ ပြောနေကြလိုပဲ၊ မဖြစ်သေးတာဟာ မဖြစ်တော့မှာ မဟုတ်လို့ . . . အခုစာဖတ်နေသူကလဲ တစ်ချိန်ချိန်မှာ အေအိုင်နဲ့ သွားဖာဖို့ ရက်ချိန်းယူမရတဲ့ ပြဿနာမျိုး ကြုံလာရနိုင်ပါပြီ။

Reference: Team, P. (2024, August 1). First fully automated robot dentist. Perplexity AI. https://www.perplexity.ai/page/first-fully-automated-robot-de-lBa2k5lSSOeYqg_e.qaYag


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!