မြန်မာလား၊ ဗမာလား။ ဒီကိစ္စဟာ သမိုင်းတလျှောက် အငြင်းပွားမှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဝေါဟာရတွေဟာ သမိုင်းနဲ့ ယှဉ်တွဲဖြစ်ပေါ်လာတာမို့ မြန်မာလား၊ ဗမာလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

မြန်မာ ဟူသည်

မြန်မာတွေကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဆိုတာ အိန္ဒိယတိုက်ကဆင်းသက်ပါတယ်။ အိန္ဒိယတိုက်မှာ ဗုဒ္ဓဝါဒ မပေါ်ခင်က ဟိန္ဒူဝါဒကြီးစိုးခဲ့ပါတယ်။ ဟိန္ဒူယုံကြည်မှုမှာ ဗြဟ္မာဆိုတာရှိပါတယ်။ မြန်မာတွေကလည်း သူတို့ကိုယ်သူတို့ ဗြဟ္မာကြီးတွေကနေ ဆင်းသက်တယ်လို့ ယူဆခဲ့ကြသလို  သူတို့ကိုယ်သူတို့လည်း ဗြဟ္မာလို့ပဲ ခေါ်ဆိုကြပါတယ်။ 

ဗြဟ္မာ ဆိုတာ  ပါဠိ စကားပါ။ အဲဒီ ဗြဟ္မာဆိုတဲ့ ဝေါဟာရကနေ ဗြမ္မာ - မြမ္မာ - မြန်မာအဖြစ် ပြောင်းလဲ လာတယ်လို့ ဆရာဦးကျော်ထွန်းက အင်္ဂလိပ်ခေတ် ၁၉၃၃ ခုနှစ်ထုတ်  မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် JBRS အတွဲ ၂၃၊ အမှတ်၂ မှာ ရေးပါတယ်။ 

မြန်မာဆိုတဲ့ ဝေါဟာရ သို့မဟုတ် မြန်မာလို့ ယူဆရတဲ့ ဝေါဟာရကို သက်သေထင်ရှားတဲ့ ကျောက်စာတွေမှာ အခုလို တွေ့ရပါတယ်။အေဒီ ၁၁၀၂ - ကျန်စစ်သားမင်းကြီး နန်းတည် မွန်ကျောက်စာ မှာ -  (မိရမာ)

အေဒီ ၁၁၉၀ - ပုဂံမြို့ တောင်ဂူနီကျောက်စာမှာ -  (မြန်မာ)

အေဒီ ၁၃၄၂ - မြန်မာကျောက်စာမှာ - (မြံမာ)

တခြားကျောက်စာတွေမှာလည်း “မြန်မာ” “မြံမာ” “မြမ္မာ”လို့ပဲ တွေ့ရပါတယ်။ 

အဲဒီကျောက်စာရေးထိုးတဲ့ကာလတွေကို ချိန်ထိုးကြည့်မယ်ဆိုရင် ရှေးမြန်မာမင်းတွေ လက်ထက်၊ ပဒေသရာဇ်ခေတ်ဖြစ်နေတယ်ဆိုတာ တွေ့ရမှာပါ။ ဒါကြောင့် “မြန်မာ” ဆိုတဲ့ ဝေါဟာရဟာ ပဒေသရာဇ် မြန်မာမင်းတွေက ကိုယ့်လူမျိုး(မြန်မာလူမျိုး)ကိုယ် ခေါ်ဝေါ်သုံးစွဲတဲ့ နာမည်ဖြစ်ပါတယ်။ ပဒေသရာဇ်ခေတ်မှာ မြန်မာမင်းတွေလိုပဲ ရခိုင်တွေ၊ ရှမ်းတွေကလည်း သူတို့ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ နေခဲ့ကြတာဖြစ်ပါတယ်။ 

ဒါကြောင့် သမိုင်းကြောင်းအရ အနှစ်ချုပ်ဆိုရရင် မြန်မာဆိုတာဟာ လူမျိုးတစ်မျိုးတည်းကိုပဲ ကိုယ်စားပြုပါတယ်။ ဒီနေ့ခေတ် သတ်မှတ်ထားကြသလို ကချင်၊ ကယားကစပြီး တိုင်းရင်းသားအကုန်ပါဝင်တဲ့ ဝေါဟာရတစ်ခုမဟုတ်ဘူး၊ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘူး။ ပြီးတော့ မြန်မာဆိုတဲ့ ဝေါဟာရဟာ ပုဂံခေတ်ကတည်းက ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။ 

ဗမာ ဟူသည်

မြန်မာဆိုတဲ့ ဝေါဟာရကို ပဒေသရာဇ်ခေတ် ကျောက်စာတွေကနေ စတင်တွေ့ရပါတယ်။ ဒါဖြင့် “ဗမာ” ဆိုတဲ့အသုံးကရော ဘယ်ကဆင်းသက်လာတာလဲ။ ဘယ်တုန်းက စသုံးတာလဲ ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ 

ဗမာဆိုတဲ့အသုံးရဲ့ မူလဆင်းသက်တာကလည်း ဗြဟ္မာပဲလို့ ဆရာဦးကျော်ထွန်းက ဖော်ပြပါတယ်။ 

ဗြဟ္မာ - ဗြမ္မာ - မြမ္မာ - မြန်မာ ဆင်းသက်လာသလိုပဲ

ဗြဟ္မာ - ဗမ္မာ - ဗမာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒီအဆိုကို ဘာသာဗေဒပညာရှင် ဆရာမောင်သာနိုးကလည်း လက်ခံပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒါပေမဲ့ ဗမာဆိုတဲ့အသုံးအနှုန်းကိုတော့ အင်္ဂလိပ်ခေတ်ကျမှ စတင်တွေ့ရတာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုသတိပြုရမှာက အင်္ဂလိပ်ခေတ်မှာ စတွေ့ရတယ်လို့ ပြောတာဖြစ်ပြီး အင်္ဂလိပ်ခေတ်မှာ စတင်ပေါ်ပေါက်လာတာလို့ ဆိုလိုတာမဟုတ်ပါဘူး။

အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံထက်အရင် အိန္ဒိယကို သိမ်းပိုက်ခဲ့တာပါ။ အိန္ဒိယတွေက မြန်မာ/ဗမာလူမျိုးကို ဗြဟ္မာ (အသံထွက်အားဖြင့် ဗရမာ)၊ ဗမာစာကို ဗြဟ္မီ (အသံထွက်အားဖြင့် ဗရမီ) လို့ ခေါ်ဝေါ် သုံးနှုန်းနေတယ်လို့ ဆရာမောင်သာနိုးက ရေးဖူးပါတယ်။ 

ပြန်ချုပ်ကြည့်တဲ့အခါ အိန္ဒိယသားတွေက မြန်မာ/ဗမာကို ဗရမာ လို့ခေါ်တယ်။ အိန္ဒိယကို သိမ်းထားတဲ့ အင်္ဂလိပ်က ဒီအသံထွက်ကိုယူပြီး မြန်မာ/ဗမာကို အင်္ဂလိပ်လို စာလုံးပေါင်းတဲ့အခါ Burma, Burmese (ဘားမား-ဗမာလူမျိုး)ဆိုပြီး R ထည့်ပြီး ပေါင်းခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် အင်္ဂလိပ်အစိုးရမှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ Myanmar ဆိုပြီး အင်္ဂလိပ်လို စာလုံးပေါင်းကို မတွေ့ရဘဲ Burma ဆိုပြီးပဲ တွေ့ရတာဖြစ်တယ်။ ဒီလိုပဲ အင်္ဂလိပ်ခေတ်အဖွဲ့အစည်းအသင်းအပင်းတွေကို ကြည့်တဲ့အခါမှာလည်း ဗမာ ဆိုပြီးပဲ တွေ့ရပါတယ်။ အင်္ဂလိပ်ခေတ် ဗမာအသုံးတွေကို နမူနာထုတ်နုတ်ပြရရင် 

ဒို့ဗမာအစည်းအရုံး၊ ဗမာပြည်ကွန်မြူနစ်ပါတီ ၊ ကွန်မြူနစ်ပါတီ(ဗမာပြည်)၊ ဒို့ဗမာသီချင်း၊ ဗမာစာသည်-ဒို့စာ၊ ဗမာစကားသည် ဒို့စကား ဒီလိုတွေ တွေ့ရမှာဖြစ်ပါတယ်။ 

ဒါကြောင့် အနှစ်ချုပ်ရင် ဗမာ ဆိုတာဟာ အိန္ဒိယက ဗရမာ လို့ ခေါ်တာကို အင်္ဂလိပ်ကလိုက်ခေါ်တာမျိုးဖြစ်တယ်။ ဒီလိုနည်းနဲ့ပဲ ဗမာ ဆိုတဲ့အသုံးကို အင်္ဂလိပ်ခေတ်မှာ စတင်တွေ့ရတာဖြစ်ပါတယ်။ 

ဗမာလား၊ မြန်မာလား

ဗမာလား၊ မြန်မာလားနဲ့ပတ်သက်ရင် မေးခွန်းတချို့တော့ ရှိနိုင်ပါတယ်။ ဥပမာ ဗြဟ္မာ - ဗမ္မာ - ဗမာ ဆိုပြီး ဆင်းသက်တာမှန်ရင် အင်္ဂလိပ်မတိုင်ခင် ပဒေသရာဇ်ခေတ်တွေမှာ ဗမာဆိုတဲ့အသုံးကို ဘာလို့ မတွေ့ရတာလဲ။ ကျောက်ခေတ်မှာ တွေ့ရတဲ့ မြန်မာအသုံး နဲ့ အင်္ဂလိပ်ခေတ်ကျမှ တွေ့ရတဲ့ ဗမာ အသုံးမှာ မြန်မာဆိုတဲ့အသုံးက ပိုရှေးကျတယ်လို့ ယူဆနိုင်မလားဆိုတာမျိုးပါ။

အဖြေကတော့ ဒီလိုပါ။ ဘာသာဗေဒနည်းအရ လူတွေမှာ အပြောက အရင်ပေါ်ပြီးမှ အရေးက နောက်က ပေါ်တာဖြစ်ပါတယ်။ ဆိုတော့ ဗမာ ဆိုတာက အရင်ပေါ်ပြီး မြန်မာက နောက်မှ ပေါ်တာလို့ ကောက်ယူရမှာဖြစ်ပါတယ်။ ဒါဖြင့် ဗမာအရင်ပေါ်ရင် ကျောက်စာမှာ ဗမာ ဆိုတဲ့အသုံးတွေ့ဖို့ ကောင်းပေမဲ့ မတွေ့တာကတော့ အပြောစကားလုံးဖြစ်နေလို့ပါပဲ။ အပြောစကားကို ကျောက်စာမှာ ရေးထိုးတဲ့အခါ မသုံးခဲ့ကြလို့ပါ။ 

မြန်မာဘာသာမှာ ရေးတော့အမှန်၊ ဖတ်တော့အသံဆိုပြီး ရှိပါတယ်။ မြန်မာတွေ အထူးသဖြင့် ပဒေသရာဇ်ခေတ်မှာ ကျောက်စာရေးထိုးသူတွေဟာ သာမန်ဆင်းရဲသားပြည်သူတွေ မဟုတ်ကြပါဘူး။ ဘုရင်၊ မိဘုရား၊ သူဌေးတွေရဲ့ကောင်းမှုကို ကျောက်စာရေးထိုးကြတာပါ။ ဒါကြောင့် ခန့်ခန့်ညားညား၊ တည်တည်တံ့တံ့ရေးထိုးကြလို့ အရေးစကားအနေနဲ့ “မြန်မာ”ဆိုပြီး ရေးခဲ့ကြတာပါ။ အပြောအနေနဲ့ကတော့ “ဗမာ”လို့ပဲ ပြောခဲ့ကြဟန်ရှိပါတယ်။ ဒါကြောင့်လည်း ပဒေသရာဇ်ခေတ် ကျောက်စာတွေမှာ “ဗမာ” ဆိုတဲ့အသုံးကို မတွေ့ခဲ့ရတာဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ကောက်ချက်ချပါတယ်။ 

ပဒေသရာဇ်ခေတ်မှာ မြန်မာဘုရင်တွေနဲ့ သတင်းစာတွေက အရေးမှာ မြန်မာ/မြမ္မာ ဝေါဟာရကိုသုံးကြောင်း မြန်မာဘုရင်သီပေါမင်းလက်မှတ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအကြောင်းရေးသားထားတဲ့ ၁၈၅၂ ခုနှစ်ထုတ် ဓမ္မသိ သတင်းစာ၊ ၁၈၉၄ ထုတ် ယုဒသန်အဘိဓာန်တွေမှာ တွေ့နိုင်ပါတယ်။ 

ဗမာ - မြန်မာ အနက်

ဒီနေရာမှာ ဗမာ - မြန်မာရဲ့ အနက်ကို သမိုင်းဆိုင်ရာအထောက်အထားနဲ့ ရှုမြင်ကြည့်ရအောင်ပါ။ သမိုင်းမှာ အလွန်ထင်ရှားခဲ့တဲ့ တို့ဗမာအစည်းအရုံးအကြောင်းရေးသားထားတဲ့ တို့ဗမာအစည်းအရုံးသမိုင်းကျမ်းမှာ အခုလိုဖော်ပြထားပါတယ်။ 

“တို့ဗမာအစည်းအရုံးသည် မူလတည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေးပေးခဲ့ကြောင်း၊ "တို့"ဟူသောစကား၊ "ဗမာ"ဟူသောစကား၊ "ဗမာနိုင်ငံ၊ ဗမာပြည်"ဟူသော စကားတို့ကိုတီထွင်၍ တိုင်းရင်းသားစစ်စစ်ဟူသော အမည်နာမ တပ်ဆင်ခဲ့ခြင်းဖြင့် သိသာထင်ရှားပေသည်။ သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည်ဆိုသော စကားမှာ မြန်မာလူမျိုးများနေထိုင်သော မြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသော နာမည်ဖြစ်သည်။ ဗမာနိုင်ငံသည် မြန်မာလူမျိုးတမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ခရိုင်၊ ရှမ်းစသော တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၊ မြန်မာပြည်ဟုမသုံး၊ ဗမာနိင်ငံ၊ ဗမာပြည်ဟု သုံးသည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟုခေါ်သည်။”တို့ဗမာအစည်းအရုံးသမိုင်းကျမ်းအရဆိုရင် မြန်မာဆို ပဒေသရာဇ်ဘုရင်တွေပေးတဲ့နာမည်။ မြန်မာဆိုတာက လူမျိုး(တိုင်းရင်းသားတစ်မျိုး)။ ဗမာဆိုတာကမှ တိုင်းရင်းသားတွေပေါင်းစုနေထိုင်တဲ့ နိုင်ငံဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ 

ဆရာကြီးမောင်သာနိုးကိုယ်တိုင်ကလည်း ဒီလိုရေးဖူးပါတယ်။ “မြန်မာအမည်က မောင်သာနိုးတို့လို လူမျိုးတခုတည်းကိုသာ ခေါ်တာ ဖြစ်တယ်။ ရှမ်း၊ ကချင်၊ ကရင် စသည်တို့မပါဘူး။ အင်္ဂလိပ်လိုခေါ်ရင် တိုင်းပြည်က Burma လူမျိုးနဲ့စကားက Burmese ဖြစ်တယ်။ Myanmar ဆိုတာ ဘာသာဗေဒ မကျွမ်းသူတွေက နားမလည် ပါးမလည်နဲ့ အမှားမှား အယွင်းယွင်း သုံးနှုန်းတာသာ ဖြစ်တယ်။ အမှန်က We live in Burma, We are Burmese, We speak Burmese လို့ သုံးရမှာဖြစ်တယ်။”

၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၁၉၄၈) မှာတော့ မြန်မာတိုင်းရင်းသားတစ်မျိုးမျိုးဆိုတာဟာ မြန်မာတိုင်းရင်းသားအပါအဝင် ၁၈၂၃ မတိုင်မီက ပြည်ထောင်စုနယ်မြေမှာ အခြေတကျ နေထိုင်ခဲ့သူဆိုပြီး ဖွင့်ဆိုပါတယ်။ 

ဒီဖွင့်ဆိုချက်ကိုကြည့်ရင် မြန်မာဆိုတာဟာ တိုင်းရင်းသားတစ်မျိုးဖြစ်တယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒါဟာ တို့ဗမာအစည်းအရုံးရဲ့ မြန်မာဆိုတဲ့ ဖွင့်ဆိုချက်နဲ့ သွားတူညီနေတာကို တွေ့ရမှာဖြစ်ပါတယ်။ 

ဗမာ မှ မြန်မာ 

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄ မှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၁၉၄၈) ကို ပြောင်းလဲလိုက်ပါတယ်။ သူ့ဖော်ပြချက်မှာတော့ မြန်မာတိုင်းရင်းသားဆိုတဲ့အစား ဗမာတိုင်းရင်းသားဖြစ်သွားပါတယ်။ 

၂၀၀၈ အခြေခံဥပဒေမှာလည်း မြန်မာနိုင်ငံဆိုပြီး ဖြစ်သွားပါတယ်။ အင်္ဂလိပ်လို စာလုံးပေါင်းအနေနဲ့ BURMA အစား MYANMAR ဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ရှေးကျတဲ့ အင်္ဂလိပ်မှတ်တမ်းတွေမှာတော့ မြန်မာအကြောင်းပြောရင် BURMA လို့ တွေ့ရမှာပါ။ သူ့ထက်ပိုရှေးကျတဲ့ ကျောက်စာမှာသွားရှာရင်တော့ မြန်မာနဲ့ပတ်သက်ရင် မိရမာ ၊ မြမ္မာ ၊ မြံမာ ဆိုပြီး တွေ့နေရမှာပါ။ 

နိဂုံးချုပ်

ဗမာ၊ မြန်မာ ကိစ္စကို တင်ပြခဲ့ရာမှာ ကျမ်းကိုးကျမ်းကား၊ ကျောက်စာအကိုးအကား၊ သမိုင်းစဉ်နဲ့ တင်ပြခဲ့တာကြောင့် အနည်းငယ်ရှုပ်ထွေးသလို ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ အနှစ်ချုပ်ပေးချင်ပါတယ်။ 

မြန်မာ ဆိုတဲ့ အသုံးကို ကျောက်စာမှာ စတွေ့ရတယ်။ ဗမာဆိုတာကိုတော့ မတွေ့ရဘူး။ 

ဒါပေမဲ့ ဗမာ ဆိုတဲ့ဝေါဟာရဟာ အပြောစကားမို့ မြန်မာ ဆိုတဲ့ ဝေါဟာရထက် ပိုရှေးကျတယ်လို့ ယူဆစရာရှိနေပြန်တယ်။ ကျောက်စာမှာ ဗမာဆိုတဲ့ ဝေါဟာရ မတွေ့ရတာက အရေးစကားပြေနဲ့ စာထိုးထားလို့ မတွေ့ရတာပါ။ 

မြန်မာဆိုတာ ပဒေသရာဇ်ဘုရင်တွေ ပေးခဲ့တဲ့နာမည်၊ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုပါဘူး။ ဗမာကတော့ အင်္ဂလိပ်ခေတ်မှာစပေါ်လာတာ၊ တို့ဗမာအစည်းအရုံးအသင်းကြီးရဲ့ ဖွင့်ဆိုချက်အရ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုပါတယ်။ 

၁၉၈၂ နိုင်ငံသားဥပဒေမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဗမာအစား မြန်မာဆိုပြီး ပြောင်းလဲလိုက်တယ်။ အဲဒီလိုပြောင်းလဲလိုက်တာကို ပြည်သူအများစုကလည်း လက်မခံခဲ့ကြပါဘူး။ လက်ရှိအသုံးကလည်း မြန်မာပဲဖြစ်ပါတယ်။ 

လင်းသစ် (Y3A)

Read More:

ဟိုင်းကြီးကျွန်း - ကိုလိုနီခေတ်မှ ယနေ့ထိ မဟာဗျူဟာအရေးပါဆဲ
ကိုလိုနီခေတ်က အင်္ဂလိပ်များ စိတ်ဝင်စားခဲ့သော ဟိုင်းကြီးကျွန်းသည် ယနေ့ခေတ် အိန္ဒိယနှင့် တရုတ်တို့အတွက် မဟာဗျူဟာအရေးပါမှု မပျောက်သေးသော နယ်မြေ
ရန်ကုန် ရေအောက်ရောက်မလား - မြို့ကြီးများ၏ ရေဘေးအန္တရာယ်
လှိုင်သာယာမှာ မြေအောက်ရေခန်းခြောက်၊ ကမ္ဘာ့မြို့ကြီးများ ရေအောက်နစ်မြုပ်နေချိန် မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့ရဲ့ အနာဂတ်အန္တရာယ်များ

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!