မြန်မာနိုင်ငံမှာ VPN တွေကို နည်းပညာပိုင်းအရ ပိတ်လိုက်ပြီးတဲ့နောက်မှာ အင်တာနက်သုံးစွဲမှုဟာ အတော်ပဲ ကသီလင်တဖြစ်သွားရပါတယ်။ အထူးသဖြင့် ဖေ့ဘုတ်ဆိုရှယ်မီဒီယာကို သုံးစွဲတဲ့အခါပါ။ ဒါဟာ ဇွန်လလယ်လောက်မှာ စဖြစ်ခဲ့တာဖြစ်ပါတယ်။ 

VPN ပိတ်လိုက်တာရဲ့အကျိုးဆက်တွေက ဘာတွေဆက်ဖြစ်လာလဲ။ ဘယ်လိုသက်ရောက်မှုတွေ ရှိခဲ့ပါသလဲ။ 

မြန်မာပြည် အင်တာနက် Trend

မြန်မာနိုင်ငံမှာ အင်တာနက်လို့ဆိုလိုက်ရင် ဘလော့တွေ၊ ဝက်ဘ်ဆိုက်တွေကို ကျော်လွန်ပြီး ဖေ့ဘုတ်ကိုပဲ အများစုက ပြေးမြင်ကြပါတယ်။ မြန်မာနိုင်ငံက လူအများစု အသုံးပြုကြ၊ သိကြတဲ့ Website ဆိုရင်  Movie တွေ တင်တဲ့ Channel Myanmar ဝက်ဘ်ဆိုက်လောက်ပဲ ရှိမလားဆိုပြီး တွေးဆစရာပါ။ ဖေ့ဘုတ်မှာ သတင်းတွေ စိတ်ဝင်စားလို့ မီဒီယာတစ်ခုခုရဲ့ ပေ့ချ်ကို ဝင်ရောက်ဖတ်ရှုနေတဲ့တိုင်အောင် အဲ့ဒီမီဒီယာက ဘာနာမည်နဲ့ ဝက်ဘ်ဆိုက် ဖွင့်ထားတယ်ဆိုတာကို မသိရှိသူတွေလည်း အများကြီးပါပဲ။ 

တကယ်ကတော့ ဒါဟာ အရှိတရားပါ။ ဖွံ့ဖြိုးမှုနောက်ကျနောက်ကျတာကြောင့် နည်းပညာကို ခုန်ပျံကျော်လွှားသုံးစွဲရတဲ့ နိုင်ငံတွေရဲ့ ပြဿနာလို့ ပြောရင်လည်းရပါတယ်။  ဖွံ့ဖြိုးမှုနောက်ကျတော့ သူများတွေ ဘလော့ဂ်တို့ ဝက်ဘ်ဆိုက်တို့ သုံးစွဲနေချိန်မှာ ကိုယ့်နိုင်ငံမှာကျ လူအနည်းစုပဲ သုံးနိုင်ခဲ့ကြတာပါ။ အဲဒီခေတ် အင်တာနက်ရရှိနိုင်မှု၊ ကွန်ပျူတာရရှိနိုင်မှု အကန့်အသတ်ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

၂၀၁၁ အလွန် မြန်မာပြည်မှာ လက်ကိုင်ဖုန်းတွေမှာ အင်တာနက်ရချိန်ဟာ ဖေ့ဘုတ်ကြီးထွားလာချိန်နဲ့ တိုက်ဆိုင်ခဲ့တာကြောင့် ဖေ့ဘုတ်သုံးစွဲသူတွေ များလာခဲ့ပါတယ်။ 

ဒီတော့ အင်တာနက်ဆိုတာ ဖေ့ဘုတ်ဖြစ်လာပါတယ်။ အဲဒီဖေ့ဘုတ်ကို မြန်မာပြည်မှာတော့ အရောင်းအဝယ် အတွက်သုံးတယ်။ ကြော်ငြာဖို့အတွက် သုံးတယ်။ ဈေးရောင်းဖို့သုံးတယ်။ ဈေးဝယ်ဖို့သုံးတယ်။ လူမှုဆက်ဆံရေးအတွက်သုံးတယ်။ အလုပ်ရှာဖို့သုံးတယ်။ ဝန်ထမ်းရှာဖို့သုံးတယ်။ ပညာရှာဖို့သုံးတယ်။ ငွေရဖို့သုံးတယ်။ ယုတ်စွအဆုံး အစိုးရရဲ့ ထုတ်ပြန်ချက်တွေကိုတောင် ဖေ့ဘုတ်သုံးပြီး ထုတ်ပြန်နေတာဖြစ်ပါတယ်။ 

အခုဆို ဖေ့ဘုတ်က Threads ကို မိတ်ဆက်ထားပါပြီ။ နိုင်ငံတကာမှာ Threads ကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာပေမယ့် မြန်မာနိုင်ငံမှာ Threads ကိုသုံးစွဲသူက လူနည်းစုပါပဲ။ Facebook, Instagram, YouTube, TikTok, Linkedin, Threads, VK, Telegram, Viber စတဲ့ များပြားလှတဲ့ ဆိုရှယ်ပလက်ဖောင်းတွေကြားထဲ မြန်မာမှာတော့ Facebook က စင်ပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။ 

သတင်းအချက်အလက်

“အရင်ကလို Facebook ဘာညာ ဝင်မကြည့်နိုင်တော့ဘူးပေါ့။ သတင်းအချက်အလက်တွေ အဆက်ပြတ်သွားတယ်။ ဘာမှမသိရတော့သလို ဖြစ်သွားတယ်”ဆိုပြီး ပြောလာသူက ရခိုင်ပြည်နယ်က ဦးကျော်ဇံ(အမည်လွှဲပါ)။ 

သူနေထိုင်တဲ့မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သတင်းအချက်အလက်က သူတို့အတွက် အသုံးဝင်ပါတယ်။ သူတို့အနေနဲ့ သတင်းအချက်အလက်ကို ဖေ့ဘုတ်ကနေ အဓိကရယူတာဖြစ်လို့ VPN ပိတ်လိုက်တဲ့အခါ ဖေ့ဘုတ်ကိုလည်း သုံးစွဲဖို့ အခက်တွေ့သွားပါတယ်။ 

အရင်ကတော့ ဦးကျော်ဇံအပါအဝင် မြန်မာနိုင်ငံက လူတွေဟာ VPN ခံပြီး Facebook ကို သုံးစွဲနေရတာပါ။ 

VPN ကြောင့် ဖေ့ဘုတ်သုံးဖို့ အခက်အခဲဖြစ်သွားတဲ့အတွက် သတင်းအဆက်ပြတ်သွားသူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုလို့ပိုလို့ များလာခဲ့ပါတယ်။

တကယ်တော့ ဦးကျော်ဇံမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက လူတော်တော်များများဟာ သတင်းအချက် အလက်တွေကို ဖေ့ဘုတ်ကနေပဲ ရယူကြတာပါ။ ဖေ့ဘုတ်ဟာ မြန်မာပြည်မှာတော့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သလို လူတိုင်းလက်လှမ်းမီတဲ့ ဆိုရှယ်ပလက်ဖောင်းဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဖေ့ဘုတ်ဆိုတဲ့ ဝဲဩဃကို VPN နဲ့ထိန်းချုပ်ကန့်သတ်လိုက်လို့ ဝင်မရ၊ ပြုမရခက်သွားတဲ့အခါ လူ ၁၀၀ မှာ ၇၀ ယောက်လောက်က ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း VPN ရောင်းတဲ့ဈေးကွက်၊ VPN ရောင်းပြီး လိမ်တဲ့ဈေးကွက်က အချိန်အခါကိုက် ထွက်ပေါ်လာတာပါ။

“အခုက VPN ဝယ်သုံးပြီး လိုင်းဖွင့်ကြည့်နေရတာပါပဲ။ ဖေ့ဘုတ်မှာ အလုပ်,လုပ်တော့ ဝယ်မသုံးလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့လည်း VPN ကြောင့် ဖေ့ဘုတ်သုံးတဲ့သူတွေ နည်းသွားတော့ တခြားနည်းလမ်း စဉ်းစားရမှာတွေလည်း ရှိလာပြီ။ VPN သုံးရင် စစ်ဆေးတယ်လို့ ကြားနေရတဲ့အတွက် လွယ်တာတော့ မလွယ်ဘူးပေါ့။ Website ရှိပေမယ့် မြန်မာနိုင်ငံကလူတွေက Website ကြည့်တဲ့အကျင့်မှ မရှိတာ”လို့ မန္တလေးမှာမြို့မှာနေတဲ့ ကိုထွန်း(အမည်လွှဲ)က ပြောပြပါတယ်။

အောက်ခြေက ခြစားမှု

အခုတော့ ဖေ့ဘုတ်မှာ သုံးဖို့ VPN ကို ပိတ်ဆို့လိုက်တဲ့အတွက် လူမှုရေး၊ စီးပွားရေး ပြောဆိုဆက်သွယ်ရာမှာ ကသောင်းကနင်းဖြစ်ကုန်တယ်ဆိုတာ သဘာဝကျတဲ့ ကိစ္စတစ်ရပ်ပါ။ 

ဒါပေမဲ့လည်း လူတွေဟာ ပိတ်ဆို့လိုက်တဲ့ VPN တစ်ခု သုံးမရရင် နောက်တစ်ခုပြောင်းသုံးခဲ့ကြပါတယ်။ ဒါပေမဲ့ တချို့ မြို့နယ်တွေမှာတော့ VPN သုံးတာကို စစ်ဆေးတာမျိုးတွေ လုပ်လာပါတယ်။

“မင်းတို့ရဲ့ဖုန်းတွေကို ပြစမ်း။ စစ်ကြည့်ရမယ်လို့ ပြောတယ်။ ပြီးတော့ VPN တွေ ဘာလို့ထည့်ထားတာလဲ။ မသုံးရဘူးဆိုတာ မသိဘူးလား။ ဖုန်းတွေ သိမ်းကွာလို့ ဘေးကတစ်ယောက်က ဝင်ပြောတယ်။ ဖုန်း ၃ လုံးမှာ ၂ လုံး အသိမ်းခံလိုက်ရတယ်”

ဒီအကြောင်းကို ပြန်လည်ပြောပြသူက ရန်ကင်းမြို့နယ်က ကိုသူရဇော်(အမည်လွှဲ)ပါ။ အခုရက်ပိုင်း နယ်မြို့တွေမှာ လမ်းမှာ စစ်ဆေးရေးတာဝန်ကျတဲ့ စစ်သားတွေက VPN ထည့်ထားတဲ့ဖုန်းတွေကို တွေ့ရင် သိမ်းယူတာတွေ ရှိနေပါတယ်။ 

ရဲနဲ့ စစ်သားမှာ ရဲတွေက အကျိုးအကြောင်းပြောပြရင် နားလည်သေးပေမယ့် စစ်သားတွေကတော့ ရှင်းပြလို့မရဘူးလို့ ကိုသူရဇော်(အမည်လွှဲ)က ဆိုပါတယ်။

VPN သုံးတာကို အကြောင်းပြပြီး အခုလို စစ်ဆေးနေတာတွေဟာ အထက်အဆင့်ဆင့်က ညွှန်ကြားချက်ထုတ်ပြီး စစ်ဆေးခိုင်းတာမျိုး မဟုတ်ပေမဲ့ တရားဥပဒေ မစိုးမိုးတဲ့အချိန်မှာ အောက်ခြေကတော့ ငွေရပေါက်ရှာပြီး စစ်ဆေးမှုတွေ ရှိလာတာဖြစ်ပါတယ်။ 

အလိမ်အညာဈေးကွက်

ဒီလိုတွေ ကန့်သတ်ပိတ်ဆို့လိုက်တဲ့အခါ လူတွေကြားထဲမှာ ဖေ့ဘုတ်သုံးတဲ့လူဦးရေက နည်းသွားတာကတော့ အမှန်ပဲဖြစ်ပါတယ်။ မသုံးချင်လို့ မဟုတ်ဘဲ သုံးမရလို့ မသုံးရတာဆို ပိုမှန်ပါလိမ့်မယ်။ 

ဘာပဲဖြစ်ဖြစ် လူတွေကတော့ ဖေ့ဘုတ်သုံးဖို့ VPN တွေကို ရှာဖွေနေဆဲပါ။ သုံးလည်း သုံးနေကြဆဲပါ။ အချင်းချင်းလည်း ဘယ် VPN ကောင်းလဲဆိုပြီး တိုးတိုးတိတ်တိတ်မေးနေကြသလို ပေါ်ပေါ်ထင်ထင် မျှဝေတာတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ 

အဲဒီတော့ ဈေးကွက်မှာ VPN အလိမ်အညာ ဈေးကွက်ဆိုတာကြီးလည်း ပေါ်ထွက်လာပါတော့တယ်။ တချို့လူတွေက VPN တွေကို Facebook မှာ ရောင်းချလာတာပါ။ တစ်လ၊ သုံးလ၊ ခြောက်လ ၊ တစ်နှစ်ဆိုတဲ့ ဈေးနှုန်းအစားစားနဲ့ပါ။ 

ရောင်းချတဲ့နေရာမှာ မှန်မှန်ကန်ကန် ရောင်းချပေးသူတွေရှိသလို တချို့ကျတော့လည်း ရောင်းပေးတဲ့ တစ်နေ့လောက်ပဲ သုံးလို့ရပြီး နောက်နေ့ဆို အဆင်မပြေဖြစ်တာမျိုးရှိပါတယ်။ ပြန်ဆက်သွယ်တဲ့အခါ လုံးဝ အဆက်အသွယ်မရတော့ဘဲ လိမ်သွားတာတွေ ရှိနေပါတယ်။ 

ဒီလို လိမ်ညာသူတွေဟာ အခုလိုအကျပ်အတည်းကာလကြီးထဲ လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတဲ့ သဘောနဲ့ မိုးဦးကျမှိုတွေလို အလျှိုလျှို ပေါ်ထွက်လာခဲ့ပါတယ်။ 

“VPN က ဝယ်သုံးမှ အဆင်ပြေမယ်ပြောတော့ ဝယ်လိုက်တယ်လေ။ ဒါပေမဲ့ တစ်ရက်လောက်ပဲ သုံးလိုက်ရတယ်။ အစတုန်းက တစ်လစာကို ၉,၀၀၀ လောက် တောင်းတာ။ အခုရောင်းတဲ့သူတွေများလာတော့မှပဲ တစ်လစာကို ၃,၀၀၀ ဖြစ်သွားတယ်။ ဈေးသာ လျော့သွားတာ။ လိမ်တဲ့သူတွေက ပေါလာတယ်”ဆိုပြီး ဖွင့်ဟလာသူက  မန္တလေးမြို့မှာ နေထိုင်တဲ့ ကိုဘို(အမည်လွှဲ)ပါ။ 

သူက သူ့အတွေ့အကြုံတွေကို အခုလိုဆက်ပြီး ရှင်းပြပါသေးတယ်။

“သူတို့က Post တွေ တင်ပြီး ရောင်းတယ်။ ကောင်းတယ်၊ ဈေးချိုလိုက်တာ၊ စိတ်ချရတယ် ဝင်ပြီး Comment ရေးနေသူတွေက သူ့လူတွေ၊ သူ့အကောင့်တုတွေချည်းပဲ။ ဝယ်လိုက်ရင် တစ်ရက်လောက် သုံးလို့ရမယ်။ ပြီးရင် ပျက်သွားမယ်။ အဲ့ဒီအချိန်မှာ ဆက်သွယ်ရင် ဆက်သွယ်လို့ မရတော့ဘူး။ မဖြေရှင်းပေးတော့ဘူး။ အဲ့ဒီလို လိမ်စားနေတာတွေ အဖွဲ့နဲ့ကို အွန်လိုင်းမှာ ရှိနေတယ်။ သတိထားကြပါ”လို့ သူက ဆိုပါတယ်။ 

မြန်မာပြည် VPN ဂယက် 

မြန်မာပြည် VPN ဂယက်ဟာ ကြီးလားလို့ မေးရင် ကြီးတယ်လို့ပဲ ပြောရပါမယ်။ အရင်က Facebook ကိုပိတ်တယ်။ လူတွေက VPN နဲ့ ကျော်တယ်။ အခု VPN ပါပိတ်တော့ ပိုပြီး ချာလည်လည်ဖြစ်ကုန်တယ်။

VPN မရတော့ သတင်းအချက်အလက်တွေ အဆက်ပြတ်ကုန်တယ်။ လုပ်ငန်းတွေက Facebook ကို စွန့်ပြီး တခြား ဆိုရှယ်မီဒီယာပလက်ဖောင်းပြောင်းဖို့ ကြိုးစားလာကြတယ်။ တခြားဆိုရှယ်ပလက်ဖောင်းမှာ အခြေချဖို့ သင်တန်းတွေဖွင့်တာရှိလာတယ်။ Digital Marketing သမားတွေအနေနဲ့ ခေါင်းအကိုက်ရဆုံး ကာလတောင်ဖြစ်မယ်ထင်ပါတယ်။

ဒီလိုပဲ မကောင်းတဲ့သက်ရောက်မှုတွေလည်း ပေါ်ထွက်လာတယ်။ VPN အလိမ်အညာဈေးကွက်တွေ ပေါ်လာသလို VPN အကြောင်းပြ ငွေညှစ်တဲ့ကိစ္စတွေလည်း ပေါ်ထွက်လာပါတယ်။ 

ဒါဟာ ဆင်းရဲတဲ့ မြန်မာပြည်သူတွေအတွက် နောက်ဆုံးပေါ် ဒုက္ခအသစ်တွေပဲ ဖြစ်ပါတော့တယ်။ 

နွေဦးရွက်ဝါ(Y3A)

ယခုဆောင်းပါးမျိုးဖတ်ရှုရသည်ကို နှစ်သက်သည်ဆိုလျှင် အောက်ပါဆောင်းပါးများကိုလည်း ဖတ်ရှုကြည့်ရန် ကျွန်ုပ်တို့က recommend ပေးပါသည်။

တိုက်ပွဲတွေက တွန်းပို့လိုက်တဲ့ ကေတီဗီမယ်ဘဝ
သူမရဲ့နာမည်ရင်းက ယဉ်ယဉ်နှောင်း။ ဒါပေမဲ့ ဒီနေရာကို ရောက်လာပြီးတဲ့နောက် အားလုံး သိကြတဲ့နာမည်က ကေသရီ။ အခု ကေသရီက ဧည့်သည်တစ်ယောက်ကို မျှော်နေပါတယ်။ ဒီဈေ
ဧက ၁၀၀ မှာ တစ်နှစ်တာ (ကျားဖြန့် ကိုယ်တွေ့)
ကျွန်တော်ကမြေလတ်သား။ အညာသားပေါ့ခင်ဗျာ။ ကျွန်တော့်အကြောင်း ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပေမဲ့ အခုပြောမဲ့အကြောင်းအရာတွေက ယုံတမ်းစကားမဟုတ်ဘဲ ကိုယ်တွေ့ဆိုတာ သေချာစေ
ဧကတစ်ရာမှာ တစ်နှစ်တာ (ကျားဖြန့်ကိုယ်တွေ့)-(ဇာတ်သိမ်း)
ဧကတစ်ရာဆိုတာ မြန်မာပြည် ကျားဖြန့်လုပ်ငန်းမှာ ထင်ရှားပါတယ်။ အဲဒီမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက လုံခြုံရေးယူပေးထားပါတယ်။ တကယ်တမ်းကျ လက်နက်ကိုင်တွေ လုံခြုံရေ
ရန်ကုန်မြို့အထိ ရောက်လာတဲ့ အသွင်ပြောင်း ကျားဖြန့်
ကျားဖြန့်။ ဒါက တရုတ်စကားပါ။ လိမ်လည်တာ၊ ငွေကြေးလိမ်လည်တာလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ တရုတ်အပါအဝင် အရှေ့တောင်အာရှမှာ‌တော့ အင်တာနက်ကနေ လိမ်လည်တာလို့ နာ
Share this article
The link has been copied!