မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း တခြားသော နယ်ပယ်တွေလိုပဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ အရှိန်အဟုန်ကောင်းကောင်းနဲ့လည်ပတ်ခဲ့တဲ့ စီမံကိန်းတွေရပ်တန့်ကုန်တာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ကုန်တာနဲ့ စီးပွားရေးအရ ယုံကြည်စိတ်ချရမှု
မရှိတာတွေကြောင့် အခုလို အကျပ်အတည်းတွေ ကြုံနေရတာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ရှိပြီးသားလုပ်ငန်းတွေ အရှိန်မပြတ် ဆက်လက်လည်ပတ်နိုင်ရေး ရုန်းကန်နေရတဲ့ အခက်အခဲ ဖြစ်ပါတယ်။
ဒီတော့ ဒါတွေဘာကြောင့်ဖြစ်နေတာလဲ။ ဘယ်လိုဘယ်ပုံဖြစ်နေတာလဲ။ အလားအလာကောင်းတွေရော ရှိသေးရဲ့လား စိစစ်ကြည့်ရအောင်ပါ။
လျှပ်စစ်
မြန်မာနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်ရောက်ရင် တစ်နိုင်ငံလုံးမီးလင်းရေး မဟာဗျူဟာရည်မှန်းချက် ချမှတ်ထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားရရှိမှုကိုကြည့်ရင် ရေအားလျှပ်စစ်စက်ရုံ ၆၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂၀ ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတစ်ရုံအပါအဝင် ဓာတ်အားပေးစက်ရုံ ၈၃ ရုံကနေ ရရှိနေတာဖြစ်ပါတယ်။
အဲဒီလို ရည်မှန်ချက်ချမှတ်ထားပေမဲ့ လက်ရှိအခြေအနေမှာတော့ နိုင်ငံ့ လူဦးရေ ထက်ဝက်လောက်ကပဲ အမျိုးသားဓာတ်အားလိုင်း(National Grid) နဲ့ချိတ်ဆက်ပြီး ဓာတ်အားရနေကြတာပါ။ ကျန်တဲ့တစ်ဝက်လောက်ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် မီးလင်းရေးကိုပဲ အားပြုနေရပါတယ်။ ဒီလိုပဲ ကျေးလက်နေပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းကလည်း လျှပ်စစ်မီးမရသေးပါဘူး။ အဲဒီလို လိုအပ်ချက်တွေ ရှိနေဆဲမှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်သုံးစွဲမှုကတော့ နှစ်စဉ်မြင့်တက်နေပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (MOEP) အဆိုအရဆိုရင် မြန်မာနိုင်ငံမှာ ဓာတ်အားသုံးစွဲမှု လိုအပ်ချက်က နှစ်စဉ် ၁၅ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနေပါတယ်။လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ မဂ္ဂါဝပ် ၃,၆၀၀ ပဲ ထုတ်လုပ်နိုင်ပါသေးတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ လျှပ်စစ်မဂ္ဂါဝပ်စုစုပေါင်း ၈၆၀၀ ထုတ်လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ၂၀၃၀ မှာဆိုရင်တော့ ၁၂,၆၀၀ မဂ္ဂါဝပ် အထိ တိုးထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအပ်ချက်ကို ဖြည့်တင်းဖို့ အစိုးရအဆက်ဆက်က ကြိုးစားခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းတွေအရ NLD အစိုးရလက်ထက် ၅ နှစ်မှာလျှပ်စစ်ဓာတ်အားထောက်ပံ့မှုစီမံကိန်း ၂၀ ကို ခွင့်ပြုခဲ့ပါတယ်။ အဲဒီစီမံကိန်းတွေကနေ လျှပ်စစ်မဂ္ဂါဝပ် ၂,၄၇၇ ထွက်ရှိဖို့ မျှော်မှန်းခဲ့တာဖြစ်ပါတယ်။ ခွင့်ပြုခဲ့တဲ့ စီမံကိန်း ၃၀ ထဲက ၈ ခုကတော့ တရုတ်စီမံကိန်းတွေပါ။ အဲဒီစီမံကိန်း ၈ ခုကနေ မဂ္ဂါဝပ် ၁,၃၅၀ ထွက်ရှိဖို့ မျှော်မှန်းခဲ့တာဖြစ်ပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် (NEP) ကို ရေးဆွဲထားပြီး အဲဒီ စီမံကိန်းပြီးမြောက်ဖို့အတွက်ဆိုရင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ လိုအပ်မှာဖြစ်ပါတယ်။ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းမှာတော့ ဒေါ်လာ ၄၀ ဘီလီယံလောက် လိုအပ်လာမှာပါ။
၂၀၂၁ ခုနှစ်နောက်မှာတော့ လျှပ်စစ်ဓာတ်အားစီမံကိန်းတွေဟာ တခြားလုပ်ငန်းတွေလိုပဲ ကမောက်ကမ ဖြစ်ကုန်ပါတော့တယ်။
ပစ္စက္ခအခြေအနေ
မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိပစ္စက္ခအခြေအနေအထိ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီတော့ လက်ရှိအခြေမှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ရအောင်ပါ။
လက်ရှိမှာတော့ ရန်ကုန်မြို့က CNTIC VPower ရဲ့ LNG ဓာတ်အားပေးစက်ရုံတွေကို ရပ်ဆိုင်းထားလိုက်ရပါပြီ။ ဘီလူးချောင်းရေအားလျှပ်စစ် စက်ရုံတွေနဲ့ ဆက်သွယ်ထားတဲ့ လိုင်းတွေကလည်း ပျက်စီးချွတ်ယွင်းမှုတွေ မကြာခဏဖြစ်နေပါတယ်။ ဒီနှစ်မိုးရာသီမှာ ရေကြီးမှုတွေ ရှိနေပေမဲ့ နွေရာသီရောက်ရင်တော့ ရေလှောင်ကန်တွေမှာ ရေလျော့နည်းလာလို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့ကျခဲ့သလို ဝန်ကြီးဌာနတွေ အပေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကြောင့် လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးတာတွေကိုလည်း ကြုံတွေ့နေရပါတယ်။
တချိန်တည်းမှာပဲ ကမ္ဘာ့ရေနံနဲ့ လောင်စာဆီဈေးတွေက မြင့်တက်လာနေပါတယ်။ ဒါကြောင့် အရပ်သားအစိုး ရလက်ထက်မှာ သဘာဝဓာတ်ငွေ့အရည် (LNG) ဝယ်သုံးပြီး လျှပ်စစ်မီးပေးနိုင်ခဲ့ပေမဲ့ အခုတော့ အဲဒီလိုလုပ်ဖို့က အတော်လေးခက်ခဲနေတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ပြည်တွင်းကျပ်ငွေ တန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးမြင့်တက်မှု၊ ပြည်တွင်းမှာ ဒေါ်လာပြတ်လပ်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နောက်ပြန်လှည့်သွားတာတွေကြောင့်လည်း စွမ်းအင်ကဏ္ဍကို နှေးကွေးစေခဲ့ပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၃၁ ခုနှစ်အတွင်း ဆောက်လုပ်မဲ့ ဓာတ်အားပေးစက်ရုံ ၄၁ ခုအတွက် အလားအလာရှိတဲ့ တည်နေရာတွေကို မြေပုံတွေ ရေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် မတိုင်ခင်က အတည်ပြုခဲ့တဲ့ စွမ်းအင်စီမံကိန်းအများအပြားကလည်း အခုတော့ ရပ်ဆိုင်းထားရတာကြောင့် ပိုပြီး အခက်တွေ့လာခဲ့ရပါတယ်။
အလားအလာများ
တကယ်တော့ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ လျှပ်စစ်ထုတ်လုပ်ဖို့ အလားအလာရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကတောင် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေ နှစ်စဉ်တင်ပို့နေရတာကိုကြည့်ရင် ဒါက ထင်သာတဲ့ အချက်လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာရှတိုက်မှာရှိတဲ့ ရေအရင်းအမြစ် ၇.၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာပါ။ မြန်မာနိုင်ငံမှာ ရရှိနေတဲ့ ဓာတ်အား ၆၂ ရာခိုင်နှုန်းဟာ ရေအားလျှပ်စစ်ဓာတ်အားကနေ ထုတ်ယူရရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၇ ရုံရှိပြီး စက်ရုံ ၈ ရုံ ဆက်လက်တည်ဆောက်နေပါတယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်ယူဖို့ မြစ်တွေချောင်းတွေပေါများပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ဟာ ရေအားလျှပ်စစ်ထုတ်ယူဖို့ အလားအလာရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် ADB အဆိုအရ မြန်မာနိုင်ငံမှာရေအား လျှပ်စစ်ဟာ သိသာထင်ရှားတဲ့အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပြီး မဂ္ဂါဝပ် တစ်သိန်းအထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ရေအားလျှပ်စစ် ဆိုတာကလည်း ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမှာကတော့ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်ခြေရှိမှုကို လျှော့ချဖို့နဲ့ ဒေသခံတွေ သဘောတူမှုကို ကြည်ကြည်ဖြူဖြူရယူနိုင်ဖို့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒါတွေမလုပ်နိုင်ရင်တော့ ရေအားလျှပ်စစ်တွေ ထုတ်ယူနိုင်ဖို့က အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကို လူထုကိုအသိပေးပြီး ညှိညှိနှိုင်းနှိုင်းဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ရေအားလျှပ်စစ်ဟာ အနာဂတ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ ရွေးချယ်စရာ နည်းလမ်းကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။
နောက်ထပ်အလားအလာတစ်ခုကတော့ ဆိုလာစီမံကိန်းတွေပဲ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ပြီးမြောက်နေတဲ့ တစ်ခုတည်းသော ဆိုလာစီမံကိန်းကတော့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ထဲက ၁၇၀ မဂ္ဂါဝပ်ထွက်ရှိတဲ့ မင်းဘူးဆိုလာစီမံကိန်းဖြစ်ပါတယ်။ NLD အစိုးရ လက်ထက်မှာတော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မူဝါဒကို ရေးဆွဲထားနိုင်ခဲ့ပါတယ်။ ပြီးတော့ ၁ မဂ္ဂါဝပ်ထွက်ရှိတဲ့ ဆိုလာစီမံကိန်း ၂၉ ခုကိုတင်ဒါခေါ်ခဲ့ပြီး တရုတ်ကုမ္ပဏီတွေက ၂၈ ခု တင်ဒါအောင်ခဲ့ပါတယ်။ အကြီးမားဆုံး တင်ဒါအောင်မြင်သူ တစ်ဦးဖြစ်တဲ့ တရုတ် Sungrow ကုမ္ပဏီကတော့ သူ့ရဲ့ ၂၀၂၀ ခုနှစ် တင်ဒါအောင်မြင်မှုပရောဂျက်ကို ၂၀၂၂ ဧပြီလမှာ ဖျက်သိမ်းတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
၂၀၂၁ ဇွန်လမှာလည်း စစ်ကောင်စီအနေနဲ့ ၁ မဂ္ဂါဝပ်ဆိုလာစီမံကိန်းတွေအတွက် တင်ဒါခေါ်ယူခဲ့ပါသေးတယ်။ ဒါပေမဲ့ လအနည်းငယ်ကြာတဲ့အထိ လာလျှောက်သူမရှိလို့ တင်ဒါတင်သွင်းရမဲ့ရက်ကို နောက်ဆုတ်ခဲ့ရပါတယ်။
နစက ကတော့ ၄၀ မဂ္ဂါဝပ်ထွက်ရှိမဲ့ လက်ပံလှ ဆိုလာစီမံကိန်းနဲ့ ၃၀ မဂ္ဂါဝပ်ထွက်ရှိမဲ့ ညောင်ပင်ကြီး ဆိုလာစီမံကိန်းတို့ဟာ တစ်ဝက်ကျော်ပြီးစီးနေပြီလို့ ဆိုထားပါတယ်။ ဒါကတော့ မြန်မာနိုင်ငံရဲ့ ဆိုလာစီမံကိန်းတွေနဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ဆိုလာစီမံကိန်းတွေကို ရင်းနှီးမြှုပ်နှံသူတွေ ဖော်ဆောင်ဖို့ နစက ကိုယ်တိုင်က ဆန္ဒရှိနေတယ်ဆိုတာ သိသာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဟာ ကျယ်ပြန့်ပြီး ခြောက်သွေ့တဲ့ဒေသဖြစ်လို့ နေရောင်ခြည်စွမ်းအင် (ဝါ)ဆိုလာ သုံးပြီး လျှပ်စစ်ထုတ်ဖို့ အလားအလာကောင်းတဲ့ ဒေသဖြစ်ပါတယ်။
MIMU မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရဆိုရင် ကျေးလက်က ရွာပေါင်း ၃၀,၀၀၀ လောက်ဟာ မဟာဓာတ်အားလိုင်းနဲ့ မချိတ်နိုင်ကြပါဘူး။ ဒါ့ကြောင့် လျှပ်စစ်ဓာတ်အားအကြီးအကျယ် လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီကျေးရွာတွေအတွက် နေရောင်ခြည်စွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အား ရနိုင်မလားဆိုတာကလည်း စဉ်းစားစရာဖြစ်လာပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ဖို့ အခက်အခဲများ
မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အဲဒါတွေအားလုံးပေါင်းစပ်တဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ကိုလည်း ရေးဆွဲထားပါတယ်။ အထက်မှာပြောခဲ့သလို အဲဒီစီမံကိန်းအပေါ်အခြေခံပြီး ၂၀၃၀ မှာ တစ်နိုင်ငံလုံး မီးလင်းရေး အိပ်မက်ကိုလည်း အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ဒီအတွက် အထူးလိုအပ်တာကတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေဘက်က ကြည့်မယ်ဆိုရင်လည်း မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အခက်အခဲများစွာ ရှိနေပါတယ်။
အကြောင်းအရင်းများစွာထဲက တစ်ခုကတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုထပ်မဝင်သလို ယခင်က ရှိနှင့်ခဲ့ပြီးသား ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေတောင် ပြန်လည်ထွက်ခွာနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဘဏ်စနစ်ဆိုင်ရာ အတားအဆီးတွေလည်း ရှိနှင့်နေပါတယ်။
ဒီလိုအချက်တွေအပြင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံဖို့ လက်ရှိအစိုးရဆီကနေ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေရရှိဖို့ ခက်ခဲနေတဲ့ကိစ္စတွေကလည်း ရှိနေပါသေးတယ်။ ခြစားမှုနဲ့ စီးပွားရေးလုပ်ကိုင်ဖို့ ဗျူရိုကရေစီယန္တရား လုပ်ထုံးလုပ်နည်းတွေ များပြားနေတာကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။
အဓိကတော့ ပြည်တွင်းမှာ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမရှိတာ၊ တိုက်ပွဲတွေဖြစ်ပွားနေတာ၊ တရားဥပဒေစိုးမိုးမှု အားနည်းနေတာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြိုးနီစနစ်များပြားတာနဲ့ မူဝါဒဆိုင်ရာ အသေဖက်တွယ်မှုတွေက မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံ့မှု လျော့ကျစေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အားလည်း လိုအပ်နေတယ်။ လျှပ်စစ်ဓာတ်အားထုတ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေလည်း ထိုက်သင့်သလောက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်ယူခွင့်လည်း ခွင့်ပြုထားပြီး ဖြစ်တယ်။ ဒါပေမဲ့ မရေရာမှုတွေနဲ့ အလားအလာကောင်းတွေ ရောပြွမ်းနေတဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့
ပြည်ပရင်းနှီးမြှုပ်နှံသူတွေကတော့ တွေဝေနေဆဲပါ။
ထို့အတူ မြန်မာပြည်သူတွေကလည်း အမှောင်ထဲမှာ ဆက်လက်ရှင်သန်နေရဦးမှာတော့ မလွဲမသွေပဲ ဖြစ်ပါတယ်။
ဟန်သစ်အိမ် (Y3A)
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media