နည်းပညာကဏ္ဍနဲ့ အေအိုင်နယ်ပယ်မှာ အသုံးပြုဖို့ လျာထားတဲ့ ဘတ်ဂျပ်တွေကို ထက်ဝက်နီးပါး လျှော့ချလိုက်လို့ ယူကေအစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ ယူကေနိုင်ငံအတွင်းမှာ နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်စေဖို့ လိုအပ်တဲ့ သုတေသနတွေ၊ နည်းပညာကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဉာဏ်ရည်တု တွင်ကျယ်ရေးအတွက် သုံးဖို့ ရည်ရွယ်ထားတဲ့ ဒေါ်လာ ၁.၃ ဘီလျံကို ထက်ဝက်ကျော် လျှော့ချလိုက်တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ နည်းပညာလုပ်ငန်းတစ်ခုရဲ့ တည်ထောင်သူ ဘာနေ ဟက်ဆေး ရီယို ဆိုသူက

‘အခုလိုသာ ဆက်လုပ်နေရင် ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံး အမေရိကားကို ရောက်သွားတော့မယ်’

လို့ ပြောပါတယ်။ တခြားလုပ်ငန်းရှင်တွေကလဲ ယူကေအစိုးရက အရူးကွက်နင်းနေတာလို့ ထုတ်ဖော်ပြောကြားလာကြတဲ့ အထိပါပဲ။ နာမည်ကြီး techUK ကုမ္ပဏီဆိုရင် ယူကေအစိုးရသာ ဒီနည်းပညာကဏ္ဍအတွက် ဆက်လုပ်မဲ့ အစီအစဉ်တွေကို မြန်မြန်မဆွဲဘူးဆိုရင် တခြားနိုင်ငံတွေနောက် အများကြီး နောက်ကောက်ကျကျန်ခဲ့တော့မယ်လို့ ပြောပါတယ်။

တစ်ဖက်က ယူကေရဲ့ သိပ္ပံ၊ ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာ ဝန်ကြီးဌာန (DIST) ကတော့ အစိုးရအနေနဲ့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပြန်တည်ငြိမ်အောင် လုပ်နေရဆဲမို့ အခုလို လျှော့ချလိုက်တာ ဖြစ်ကြောင်း ပြောလာတာပါ။ နောက်ပြီး နည်းပညာနဲ့ ပတ်သက်တာတွေ ဆက်မလုပ်ခင်မှာ ကနဦးလိုအပ်တဲ့ အဆောက်အအုံတွေကိုလဲ ဆောက်လုပ်ရအုံးမှာမို့ ဘတ်ဂျပ်ကို ခြွေတာရမယ် ဆိုပါတယ်။

အီဒင်ဘာ့ဂ် မဟာစူပါကွန်ပြူတာ စီမံကိန်း (Edinburgh Exascale Supercomputer Project) ကရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတဲ့ မေးခွန်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာနေပါတယ်။ အီဒင်ဘာ့ဂ် တက္ကသိုလ်က ဒေါ်လာ ၃၁ သန်း ရင်းနှီးမြှုပ်နှံထားတဲ့အပြင် လူသားရင်းမြစ်ပါ ထောက်ပံ့ထားတဲ့ ပရော့ဂျက် ဖြစ်တာမို့ တက္ကသိုလ်ဘက်ကနေ နိုင်ငံခြားရေးဝန်ကြီး ပီတာကိုင်လီ (Peter Kyle) ကို ခေါ်ပြီး အသေးစိတ် ပြန်ညှိနှိုင်းနေတယ်လို့ သိရတာပါ။ အဲဒီစူပါကွန်ပြူတာသာ ဆောက်လုပ်ပြီးစီးခဲ့မယ်ဆိုရင်တော့ လက်ရှိယူကေမှာ ရှိတဲ့ ကွန်ပြူတာအားလုံးထက် အဆ ၅၀ ပိုမိုမြန်ဆန်တဲ့ ကွန်ပြူတာ ဖြစ်လာပါလိမ့်မယ်။ ဒီကွန်ပြူတာ ဆောက်လုပ်ဖို့ ဒေါ်လာသန်း ၈၀၀ နဲ့ ဉာဏ်ရည်တုနည်းပညာ သုတေသနအတွက် ဒေါ်လာသန်း ၃၀၀ လျာထားတာကို အခုမှ ထက်ဝက်လျှော့ချဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

ယူကေက နည်းပညာပိုင်းမှာ အနည်းငယ် နောက်ကောက်ကျနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာမို့ လုပ်ငန်းရှင်တွေဟာ တခြားနိုင်ငံတွေနဲ့ တန်းတူ နည်းပညာက တစ်ဆင့် စီးပွားရေးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ‘ဆော်ဩ’ နေတာ ကြာပါပြီ။ နိုင်ငံတွင်းမှာ ရှိတဲ့ လုပ်ငန်းတွေကလဲ အစိုးရကို လိုအပ်တဲ့ အထောက်အပံ့ပေးဖို့ ရှိနေပေမဲ့ ယူကေအစိုးရကိုယ်တိုင်က ကိုဗစ်-၁၉ နောက်ပိုင်းမှာ စီးပွားရေးအရ ဦးပြန်မော့နိုင်ဖို့ မနည်းကြိုးစားနေရပါတယ်။

Reference: Kleinman, Z. (2024, August 2). Government shelves £1.3bn UK tech and AI plans. https://www.bbc.com/news/articles/cyx5x44vnyeo

ဒီသတင်းတွေကို ဆက်ဖတ်ဖို့ အကြံပြုပါတယ်။

အီလွန်မက်စ်ရဲ့ Optimus စက်ရုပ်ကို တည့်ဖိုက်လိုက်တဲ့ Figure 02
၂၀၂၃ ခုနှစ်တုန်းက ရေပန်းစားခဲ့တဲ့ လူဆန်တဲ့ Figure 01 ဉာဏ်ရည်တုစက်ရုပ်ကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ အခုတော့ Figure ကုမ္ပဏီကနေ 02 ကို စတင်မိတ်ဆက်လိုက်ပါပြ
X ကုမ္ပဏီ ဆန်ဖရန်စစ်စကို,ကို တကယ်နှုတ်ဆက်ပြီ
ပြီးခဲ့တဲ့ နှစ်ပတ်က Build Myanmar Media မှာ ဖော်ပြခဲ့တဲ့ ‘အသိုက်ပြောင်းတော့မဲ့ အီလွန်မက်စ်ခ်’ အမည်ရ သတင်းကို စာဖတ်သူတို့ တွေ့မိကြမယ်ထင်ပါတယ်။ အီလွန်မက်စ် ပိုင်တဲ

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!