မြန်မာနိုင်ငံမှာ အခုတော့လည်း VPN သုံးနေရတာက အသားကျသလိုတောင် ရှိလာနေပါတယ်။ VPN တစ်ခုမရ၊ နောက်တစ်ခုပြောင်းသုံးလိုက်၊ အဲဒီတစ်ခုမရ နောက်တစ်ခုပြောင်းသုံးလိုက်နဲ့ လုံးချာလည်တဲ့ လိုက်အသားကျမှုမျိုးနဲ့ပေါ့။ အဆင်ပြေနေတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ 

မြန်မာနိုင်ငံဟာလည်း လတ်တလောမှာ VPN ကို အသုံးပြုနေရပါတယ်။ အထူးသဖြင့် လူကြည့်များတဲ့ သတင်းဝက်ဆိုက်ဘ်တွေ၊ လူမှုကွန်ရက်စာမျက်နှာတွေကို VPN မသုံးဘဲနဲ့ ဝင်ကြည့်လို့ မရတော့ပါဘူး။ 

ဒီတော့ VPN သုံးတာက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာစေသလဲ။

မကြာသေးခင်ကပဲ မြန်မာဟာ တရုတ်ဘက်က နည်းပညာအကူအညီတွေကို ရယူပြီး VPN ကို တိုးမြှင့်ကန့်သတ်တာတွေ ဆက်တိုက် ဆောင်ရွက်လိုက်ပါတယ်။ တရုတ်နည်းပညာရှင်တွေ၊ တရုတ်နည်းပညာကုမ္ပဏီတွေအထောက်အကူပြုပေးမှုနဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာလို့လည်း သိရပါတယ်။ 

ပိတ်ဆို့မှုအစ အစောပိုင်းက Facebook လို လူမှုကွန်ရက်စာမျက်နှာတွေကို အဆင်ပြေတဲ့ VPN နဲ့ ဝင်ကြည့်လို့ ရနေသေးပေမယ့် လတ်တလောမှာတော့ အဲ့ဒီလောက် အဆင်မပြေတော့ပါဘူး။ ဒီမှာတင် တွေးဆစရာတွေ ရှိလာပါပြီ။ VPN တွေကို မြန်မာဘက်မှာ ဒီလောက်အထိ ထိန်းချုပ်နိုင်အောင် တရုတ်က ဘယ်လိုတွေ လုပ်လိုက်သလဲ၊ ဘယ်လိုနည်းလမ်းနဲ့ ကူညီထားသလဲဆိုတာပါပဲ။ 

တကယ်လို့ ကိုယ်ဟာ VPN သုံးပြီး လူမှုကွန်ရက်စာမျက်နှာတွေကို ဝင်ကြည့်နေရပြီဆိုရင် ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက် ဘယ်လောက်များများဟာ တရုတ်ဆီကို ရောက်ရှိနေပြီလဲလို့ တွေးစရာရှိပါတယ်။ နည်းပညာနဲ့ပတ်သက်ရင် အမေရိကန်လို စူပါပါဝါနိုင်ငံကြီးတောင် တရုတ်ကို မျက်ခြေပြတ်မခံဘဲ သတိထားနေရတာပါ။ ပြီးတော့ မြန်မာထက်စောပြီး တရုတ်နိုင်ငံမှာလည်း VPN ကို တရားမဝင်တဲ့သုံးစွဲမှုအဖြစ် သတ်မှတ်ထားပါတယ်။ 

ဒီမှာတင် တရုတ်နဲ့ VPN အချိတ်အဆက်တွေကို နားလည်နိုင်ဖို့ လိုအပ်လာပါပြီ။ တရုတ်ဟာ ကြီးမားလှတဲ့ အတားအဆီး၊ အကန့်အသတ်တွေနဲ့ VPN ကို ကန့်သတ်ထားတာပါပဲ။ ပြင်းပြင်းထန်ထန်ကို တားဆီးကန့်သတ်ထားတယ်လို့တောင် ပြောနိုင်ပါတယ်။ 

ဒါဆိုရင် တရုတ်မှာ VPN သုံးလို့ မရဘူးလားလို့ မေးစရာရှိလို့နေပါပြီ။ သုံးလို့ ရပါတယ်။ တရားမဝင် သတ်မှတ်ထားတာကို ဘယ်လို သုံးလို့ရသလဲဆိုတော့ VPN ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ တည်ထောင်ခွင့်ပေးထားလို့ပါပဲ။ အဲ့ဒီ VPN ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေဟာ ပြည်နယ်အစိုးရတွေနဲ့ပူး ပေါင်းပြီး အလုပ်,လုပ်ကြရပါတယ်။ 

ဒီလုပ်ငန်းတွေဟာ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေသရွေ့ လုပ်ငန်းလုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီတော့ အဲဒီ VPN ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေကို တရုတ်အစိုးရဘက်က သူတို့အစီအစဉ်တွေနဲ့ တရားဝင်ခွင့်ပြုထားပါတယ်။ ရှင်းလင်းအောင် ပြောရရင်တော့ တရုတ်အစိုးရ စီစဉ်ထားတဲ့အတိုင်း လိုက်လုပ်ရင် VPN ကုမ္ပဏီတွေဟာ လုပ်ငန်းလုပ်ကိုင်ခွင့်ရမှာဖြစ်ပြီး မလုပ်ဘူးဆိုရင်တော့ လုပ်ကိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ 

ဒီတော့ VPN သုံးလိုက်ပြီဆိုတာ ပထမဆုံး ဆုံးရှုံးရမှာက ဘာတွေလဲ။ ကိုယ်ရေးအချက်အလက်တွေပါပဲ။ ကိုယ်သုံးသမျှ အချက်အလက်တွေဟာ တရုတ်ပြည်နယ်အစိုးရနဲ့ တရုတ်အစိုးရဆီကို စီးဆင်းရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ အဲ့ဒီလိုနည်းလမ်းနဲ့လည်း တခြားတစ်ဖက်ကနေ တရုတ်အစိုးရက VPN ကို ထိန်းချုပ်ထားတာပါ။

တရုတ်အစိုးရဟာ VPN ကိုတင် မကပါဘူး။ အင်တာနက်စီးဆင်းမှုကိုပါ ကန့်သတ်ထိန်းချုပ်ထားတာပါ။ အင်တာနက်စီးဆင်းမှုကို ထိန်းချုပ်ဖို့အတွက် တရုတ်တည်ဆောက်ထားတာက Great Firewall ပါပဲ။ တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက အင်တာနက်အသွားအလာကို ထိန်းညှိပေးဖို့အတွက် တရုတ်က Great Firewall ကို တည်ဆောက်ထားတာဖြစ်ပါတယ်။ လူကြိုက်များတဲ့ ဝက်ဘ်ဆိုက်တွေ၊ လူမှုကွန်ရက်စာမျက်နှာတွေကို ဝင်မကြည့်နိုင်အောင် ပိတ်ဆို့ထားတဲ့နည်းလမ်းကို တရုတ်က အသုံးပြုပါတယ်၊ ရှာဖွေရေး Search Engine တွေကနေပြီး တချို့စာလုံးတွေကို စစ်ထုတ်တဲ့နည်းလမ်းနဲ့ ဖယ်ရှားရှင်းလင်းတာမျိုးတွေလည်း တရုတ်က ဆောင်ရွက်ထားပါသေးတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံရဲ့အင်တာနက်သုံးစွဲမှုမှာ VPN က အရေးပါတဲ့အခန်းကဏ္ဍဆီကို ရောက်လာခဲ့တာပါ။

တရုတ်အစိုးရဟာ နာမည်ကြီးတဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့တားဆီးထားပါတယ်။ ထင်သာမြင်သာရှိအောင် ပြောပြရမယ်ဆိုရင် Wikipedia, Google Suite, Instagram, Facebook, Messenger, Gmail, OneDrive, Pinterest, Twitter, CNN, BBC, Youtube, WhatApps နဲ့ SnapChat တို့ကို တရုတ်မှာ အသုံးပြုလို့ မရပါဘူး။ အခုအချိန်မှာ အရမ်းကို နာမည်ကြီးနေတဲ့ ChatGPT ကိုလည်း တရုတ်က သုံးခွင့်ပေးမထားတာ တွေ့ရပါတယ်။ ဒါတွေကိုသုံးမယ်ဆိုရင် VPN သုံးဖို့ လိုအပ်လာပါပြီ။ ဒါကြောင့်လည်း ဒီဝက်ဘ်ဆိုက်တွေကို မဖြစ်မနေသုံးဖို့ လိုအပ်သူတွေဟာ VPN ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေနဲ့ ချိတ်ဆက်ရတော့တာပါ။ အဲ့ဒီလို ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေနဲ့ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေက ကျိုးပေါက်သွားပြီပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ တရုတ်အစိုးရဘက်ကနေ ခွင့်ပြုထားတဲ့ VPN နဲ့ ခွင့်မပြုတဲ့ VPN လို့ နှစ်ပိုင်းရှိပါတယ်။ အစိုးရဘက်က ခွင့်မပြုတဲ့ VPN တွေကို သုံးစွဲရင်လည်း ခဏလောက်သာ အဆင်ပြေပြီး ရေရှည်မှာ အဲ့ဒီ VPN တွေက အလုပ်မဖြစ်တော့တာ၊ လိုင်းချိတ်ဆက်ဖို့ ခက်တာတွေ ဖြစ်သွားတတ်လေ့ရှိပါတယ်။ 

ခွင့်ပြုချက်ပေးမထားတဲ့ VPN တွေကို ရောင်းချတာတွေ ဒါမှမဟုတ် ဖန်တီးတာတွေကို တွေ့ရှိမယ်ဆိုရင်တော့ တရုတ်အစိုးရက ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ အရေးယူလေ့ရှိပါတယ်။ ထောင်ဒဏ်ဆိုရင် ပြစ်မှုအကြီးအသေးအပေါ်မူတည်ပြီး ထောင်ဒဏ် ၃ ရက်ကနေ ၅ နှစ်အထိ အပြစ်ပေးနိုင်တာမျိုးရှိတယ်လို့ သိရပါတယ်။ 

VPN တွေက တရုတ်နိုင်ငံမှာ ထိထိရောက်ရောက် အလုပ်မလုပ်ပါဘူး။ အထူးသဖြင့် Free ရတဲ့အခမဲ့ VPN တွေက တရုတ်နိုင်ငံမှာ အလုပ်မဖြစ်တာကို မြင်တွေ့ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ အခမဲ့ Free VPN တွေဟာ သူတို့ရဲ့ဆာဗာ IP လိပ်စာတွေကို မကြာခဏဆိုသလိုပဲ ပြုပြင်မွမ်းမံကြရပါတယ်။ ဒီတော့ တရုတ်ရဲ့အင်တာနက်ဆင်ဆာဖြတ်တောက်မှုကို ရှောင်လွှဲဖို့ မလွယ်နိုင်တော့ပါဘူး။ တရုတ်အစိုးရဟာ သူတို့တည်ဆောက်ထားတဲ့ Great Firewall စနစ်ကနေ အခမဲ့ Free VPN တွေကို လွယ်လင့်တကူနဲ့ ခြေရာခံနိုင်ပြီး ခြေရာခံလို့ရတာနဲ့ ပိတ်ဆို့ဟန့်တားပစ်လိုက်ပါတယ်။ လက်ရှိမှာလည်း တရုတ်နည်းပညာအကူအညီ ရယူထားတဲ့ မြန်မာနိုင်ငံမှာ VPN နဲ့ပတ်သက်ရင် အဲ့ဒီလို အတားအဆီးတွေ ရှိလာနေပြီဆိုတာကို လွယ်လင့်တကူပဲ သိနိုင်ပါတယ်။

“တရုတ်နိုင်ငံဆီကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားဧည့်သည်တွေအနေနဲ့ VPN ကို သုံးလို့ ရတာတွေ ရှိနေတာပဲ”ဆိုတဲ့စကားကိုလည်း အခုရက်ပိုင်းမှာ ကြားသိလာရပါတယ်။ ဟုတ်ပါတယ်။ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်သူတွေဟာ VPN ကို သုံးလို့ ရနေပါတယ်။ အစစ်အဆေး အမေးအမြန်းထူတဲ့ ဒေသတွေဆီကို ရောက်မသွားသေးသရွေ့အထိတော့ VPN ဟာ တရုတ်နိုင်ငံဆီ အလည်အပတ်ရောက်သွားတဲ့ နိုင်ငံခြားသားဧည့်သည်တွေအတွက် လုံးဝကို အဆင်ပြေပြေပါပဲ။ 

ဒါပေမဲ့ တချို့ဒေသတွေမှာ တရုတ်ရဲတွေက နိုင်ငံခြားသားဧည့်သည်တွေရဲ့ဖုန်းတွေကို ရှောင်တခင်ယူပြီး စစ်ဆေးတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီအချိန်မှာ ဖုန်းတွေထဲ VPN ဆော့ဖ်ဝဲလ်ရှိနေတာကို တွေ့လိုက်ရရင်တော့ တရုတ်ရဲတွေက ချက်ချင်းပဲ ဖျက်ခိုင်းတတ်လေ့ရှိပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသဆီက ရှင်ကျန်းကို သွားရောက်လည်ပတ်သူတွေကဆိုရင် သူတို့ရဲ့ဖုန်းတွေထဲကို တရုတ်အစိုးရအာဏာပိုင်တွေဘက်က စောင့်ကြည့်ရေး Apps တွေ ထည့်သွင်းထားတာမျိုးတောင် ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုဖူးပါတယ်။

အခမဲ့ Free VPN တွေဟာ တရုတ်နိုင်ငံမှာ အသုံးပြုနေတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်စေဖို့အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုနေရပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့က အမျိုးမျိုး အဖုံဖုံ နည်းပညာတွေ၊ Code ဝှက်တဲ့လုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် သုံးနေဖို့လိုကြောင်း နိုင်ငံတကာနည်းပညာရှင်တွေက အသိပေးထားပါတယ်။ 

အခမဲ့ VPN တွေရဲ့အားနည်းချက်က တရုတ်ကန့်သတ်ထားတဲ့ နည်းပညာအတားအဆီးတွေကို ကျော်ဖြတ်ဖို့အတွက် Code ဝှက်တဲ့လုပ်ငန်းစဉ်တွေကို အဆက်မပြတ် မသုံးနိုင်တာ၊ နည်းပညာချင်းယှဉ်ပြီး ကျော်လွှားဖို့ နေ့စဉ်ရက်ဆက် အားထုတ်မှုကင်းမဲ့နေတာပါပဲ။ ဒါကြောင့်လည်း တရုတ်ရဲ့အင်တာနက်ရဲတပ်ဖွဲ့က ခြေရာခံလို့ ရသွားပြီဆိုတာနဲ့ အခမဲ့ VPN တွေဟာ သုံးစွဲလို့ အဆင်မပြေတဲ့အဆင့်ဆီ ရောက်သွားရတာပဲ ဖြစ်ပါတယ်။ တရုတ်အင်တာနက်ရဲတပ်ဖွဲ့ဟာ အခမဲ့ VPN တွေရဲ့အခြေခံ Code ဝှက်နည်းတွေ၊ ချိတ်ဆက်အသုံးပြုမှုလုပ်ငန်းစဉ်တွေကို ရှာဖွေတွေ့ရှိသွားတာနဲ့တပြိုင်နက် အဲ့ဒီ VPN တွေကို တားဆီးကန့်သတ်ပစ်နိုင်စွမ်းရှိပါတယ်။

အခမဲ့ Free VPN တွေရဲ့အကြီးမားဆုံးပြဿနာက ယုံကြည်စိတ်ချရမှု လုံးဝ(လုံးဝ)မရှိတာပါပဲ။ 

အင်တာနက်ကွန်ရက်နဲ့ စဉ်ဆက်မပြတ် ချိတ်ဆက်မှုမရှိတာ၊ မကြာခဏ လိုင်းကျသွားတတ်တာတွေက အခမဲ့ Free VPN သုံးစွဲသူတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံဆုံနေရတဲ့ အခက်အခဲတွေပဲဖြစ်ပါတယ်။ ထိပ်တန်းအဆင့်လို့ သတ်မှတ်ခံထားရတဲ့ VPN တွေကတော့ အဲ့ဒီဘက်မှာ စိတ်ချရပါတယ်။ လုံခြုံရေးကျိုးပေါက်မှု မဖြစ်စေရအောင်အထိကို ငွေကြေးအတော်များများပေးချေသုံးစွဲရတဲ့ ထိပ်တန်းအဆင့် VPN တွေက အာမခံချက်ရှိပါတယ်။ သူတို့မှာ ပါရှိတဲ့ kill-switch လုပ်ဆောင်ချက်က လိုင်းနဲ့ အဆက်မပြတ် အချိတ်အဆက်မိနေအောင်၊ သုံးစွဲသူရဲ့ကိုယ်ရေးအချက်အလက်တွေ မကျိုးပေါက်စေရအောင် အကာအကွယ်ပေးနိုင်ပါတယ်။ 

ဒါပေမဲ့ တရုတ်ဘက်က VPN တားဆီးကန့်သတ်တဲ့နည်းပညာကို အဆက်မပြတ် အဆင့်မြှင့်တင်လို့ ကိုယ့်ရဲ့အချက်အလက်စီးဆင်းမှုဟာ VPN ဆီကတဆင့် တရုတ်ဆီကို အဆက်မပြတ် ရောက်ရှိနေမှာပါပဲ။ ဒါကြောင့်လည်း VPN  ကို အသုံးပြုပြီး အင်တာနက် သုံးစွဲနေရပြီဆိုတာနဲ့ ကိုယ့်အတွက် ဘေးကင်းတယ်ဆိုတာဟာ ဘာတစ်ခုမှကို ရှိမနေတော့ဘူး။ Free VPN တွေကဆိုရင် အင်တာနက်လိုင်းတွေကိုတောင် နှေးကွေးသွားစေလို့ လိုင်းအသုံးပြုတဲ့ဘက်မှာ အခက်အခဲကြုံရတာတွေတောင် ဖြစ်လာတတ်လေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်းမှာ တိုင်းရင်းသားဒေသတွေကို နှစ်နဲ့ချီပြီး အင်တာနက်ဖြတ်တောက်တာမျိုးလုပ်ခဲ့ပါတယ်။ အခုတော့ VPN နဲ့ပါ ကန့်သတ်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံစာရင်းမှာ တရုတ်နဲ့ မြန်မာနောက်မှာ အီရန်ပဲ ရှိပါတော့တယ်။ 

မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့် ဘယ်လောက်ဆိုးရွားသွားလဲဆိုရင် VPN သုံးစွဲမှုတွေကို တရုတ်နည်းပညာအကူအညီနဲ့ ထိန်းကွပ်လိုက်ပြီးတဲ့နောက်မှာ အရာအားလုံးက ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ရပါတယ်။ မြန်မာနိုင်ငံသားအများစုဟာ အခမဲ့ရရှိတဲ့ Free VPN တွေကို သုံးစွဲနေကြတာပါ။ အခုဆိုရင် ဒီနေ့မှာ သုံးလို့ရနေတဲ့ Free VPN က နောက်တစ်နေ့ဆိုရင် သုံးမရတော့တာ၊ သုံးရက်လောက် သုံးလို့ရလိုက်တဲ့ Free VPN ဟာ လေးရက်မြောက်ကိုရောက်ရင် အဆင်မပြေတော့တာ၊ VPN ဖွင့်ပြီး လိုင်းသုံးမယ်ဆိုရင် အင်တာနက်နှေးသွားတာတွေကို လူတိုင်း ကြုံတွေ့ခံစားနေရပါပြီ။ အခမဲ့ VPN တွေရဲ့အားနည်းချက်အတိုင်းပဲ Code ဝှက်တဲ့လုပ်ငန်းစဉ်တွေကို အဆက်မပြတ် မဆောင်ရွက်နိုင်တာ၊ နည်းပညာချင်းယှဉ်ပြီး ကျော်လွှားဖို့ နေ့စဉ်ရက်ဆက် အားမထုတ်နိုင်တာတွေကြောင့် သုံးလို့ အဆင်ပြေနေပါလျက်ကနေ လုံးဝ သုံးစားမရတဲ့ VPN ရှိလာတာကိုလည်း မျက်ဝါးထင်ထင် မြင်နေကြရပါပြီ။ 

ဒီလိုဆိုရင် တရုတ်ရဲ့နည်းပညာပိုင်းဆိုင်ရာဟာ VPN အပေါ် ဘယ်လောက်အထိ သက်ရောက်မှုကြီးမားပြီး ဘယ်လောက်အတိုင်းအတာ ကန့်သတ်နိုင်စွမ်း ရှိသလဲဆိုတာ သဘောပေါက်နိုင်လောက်ပြီပဲဖြစ်ပါတယ်။

ဒါဖြင့် မြန်မာနိုင်ငံမှာရော။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ VPN တွေကလည်း တရုတ်နည်းနာနဲ့ မြန်မာဟန်ပေါင်းစပ်ပြီး ကန့်သတ်ထားတာပါ။ အဲဒါက မြန်မာနိုင်ငံမှာ ဘယ်လောက်အထိ အလုပ်ဖြစ်နေလေပြီလဲဆိုတာကတော့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတာတွေက သက်သေလို့သာ ဆိုရဖို့ပဲ ရှိပါတော့တယ်။

နွေဦးရွက်ဝါ(Y3A) 

Share this article
The link has been copied!