Apple ကုမ္ပဏီကို ကမ္ဘာ့ဈေးကွက်မှာ တန်ဖိုးအမြင့်ဆုံးကုမ္ပဏီဖြစ်လာအောင် ဦးဆောင်နိုင်ခဲ့သူ။ Apple ကုမ္ပဏီကြီး ပဲ့ကိုင်ရှင် စတိဂျော့ ကွယ်လွန်ချိန်နောက်ပိုင်း ကုမ္ပဏီကို တာဝန်ယူ၊ နည်းပညာ ထုတ်ကုန်ပေါင်းများစွာနဲ့ Apple ကို ဆက်လက်ရှင်သန်စေသူ။

သူကတော့ Apple ရဲ့ လက်ရှိအမှုဆောင်အရာရှိချုပ် တင်မ်ကွတ် ပဲဖြစ်ပါတယ်။

တင်မ်ကွတ်ရဲ့ အဖေက သင်္ဘောကျင်းလုပ်သား၊ အမေက ဆေးကုမ္ပဏီဝန်ထမ်း။ တင်မ်ကွတ်က ငယ်ဘဝကို ရိုးရှင်းစွာဖြတ်သန်းပြီး Alabama Auburn တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ကမ္ဘာကျော် IBM company  ကုမ္ပဏီမှာ  ၁၂ နှစ်ထိ လုပ်ကိုင်ခဲ့တာပါ။

အဲဒီလိုလုပ်ရင်းနဲ့ ညကျောင်းတက်ပြီး MBA ဘွဲ့ကိုလည်း  တပြိုင်တည်း ရယူနိုင်ခဲ့ပါတယ်။

စတိဂျော့တစ်ယောက် Apple မှာ တကျော့ပြန် CEO အဖြစ်ပြန်လာခဲ့ပြီး မှေးမှိန်နေတဲ့ Apple ရဲ့ပုံရိပ်ကို ပြန်လည်လင်းလက်အောင် ကြိုးပမ်းနေချိန်မှာ လူငယ်သွေးသစ်လောင်းဖို့ တင်မ်ကွတ် ကို တွေ့ခဲ့တာဖြစ်ပါတယ်။

Steve Job ရဲ့ သိမ်းသွင်းမှုကြောင့် သူဟာ ၁၉၉၈ မှာစတင်ပြီး Apple ရဲ့ World Wide Operation ဌာနမှာ အကြီးတန်း ဒုဥက္ကဌ အဖြစ်နဲ့ စတင်ဝင်ရောက်ခဲ့ပြီး ဒါက သူ့အတွက်တော့ လွယ်ကူတဲ့ဆုံးဖြတ်ချက်မဟုတ်ခဲ့ပါဘူး။

ဘာလို့လဲဆို‌တော့ အဲဒီအချိန် Apple ဟာ အကျဘက်ကိုရောက်နေတာပါ။ Dell Company တည်တောင်သူ Michael Dell ကတောင် "ငါသာ စတိဂျော့ဆိုရင် ကုမ္ပဏီကိုရောင်းလိုက်ပြီ" လို့ပြောရတဲ့အထိ အခြေအနေတွေက ဆိုးရွားနေခဲ့တာပါ။ ဒါပေမဲ့ သူက စတိဂျော့မှ မဟုတ်ဘဲ။

ဒါ့အပြင်  ၂၀၀၀ ခုနှစ်မှာ တင်မ်ကွတ် ဦးဆောင်ပြီး Apple ကနေ Power Mac G4 Cube ဆိုတဲ့ ကွန်ပျူတာ အသေးစား တစ်လုံး ကို ထုတ်လုပ်ခဲ့ပေမယ့် ဈေးကွက်မှာ မအောင်မြင်ခဲ့ပါဘူး။  တင်မ်ကွတ် ကတော့ ဒီကျရှုံးမှုကနေ အရေးကြီးတဲ့ သင်ခန်းစာတွေ ရခဲ့တယ်လို့ဆိုပါတယ်။

တင်မ်ကွတ်ကတော့ သူ့ကို စတိဂျော့က သင်ပေးခဲ့တဲ့ သင်ခန်းစာတစ်ခုကိုလည်း အခုလို ဖောက်သည်ချပါသေးတယ်။
“မှန်ထဲကိုယ့်ဟာကိုကြည့်ပြီး ငါမှားတယ်လို့ ပြောနိုင်ဖို့ပါပဲ”

တင်မ်ကွတ်က ဒီအကြောင်းကို အောက်စဖို့ဒ်တက္ကသိုလ်မှာ အရွန်းဖောက်ပြီးပြောခဲ့တာပါ။

တင်မ်ကွတ်အနေနဲ့  Apple မှာ ပထမဆုံးလုပ်တဲ့ အပြောင်းအလဲက  အင်မတန်ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါတယ်။ အဲဒါက Apple ရဲ့ ကိုယ်ပိုင် စက်ရုံတွေပိတ်သိမ်းလိုက်တာပါ။ ပြီးတော့ သူက  Apple ရဲ့ ထုတ်ကုန် အရေအတွက် အမြောက်အမြားကို Third Party ထုတ်လုပ်သူတွေကို ထုတ်လုပ်စေပါတယ်။

၂၀၀၀ ခုနှစ် မှာ တင်မ်ကွတ်ဟာ Flash Memory ထုတ်လုပ်သူတွေနဲ့ သဘောတူညီမှုရယူခဲ့ ပြီး iPhone နှင့် iPad တို့ ရဲ့ Storage ပိုင်းအတွက် အနာဂတ်အခြေခံကောင်းတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလိုသူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် Apple Company ဟာ လမ်းကြောင်းမှန်အပေါ်  ပြန်ရောက်၊ အမြတ်ငွေအများအပြားရရှိပြီး company အတွင်းမှာ နာမည်ထိုးတက်လာပါတယ်။

နာမည်ကြီးလာတာနဲ့ တပြိုင်နက် သူရဲ့ အညှာတာမဲ့မေးခွန်းထုတ်တဲ့ ပုံစံ၊ အစည်းအဝေးကို အကြာကြီး ခေါ်ဆိုမှုတွေ ၊ အချိန်မတော် email တွေပို့ပြီး ချက်ချင်းအကြောင်းပြန်ဖို့ မျှော်လင့်တာမျိုးတွေကိုလည်း လူပြောများလာပါတယ်။

ပထမဆုံး iPhone ကို မိတ်ဆက်တဲ့ ၂၀၀၇ ခုနှစ်မှာပဲ စတိဂျော့က တင်မ်ကွတ်ကို ကုမ္ပဏီရဲ့ ဒုတိယမြောက်အကြီးဆုံးရာထူးဖြစ်တဲ့ Chief Operating Officer အဖြစ်ရာထူးတိုးမြင့်ပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ စတိဂျော့ရဲ့ ကျန်းမာရေးကို ပိုပြီးဆိုးရွားလာလို့ တင်မ်ကွတ်ဟာ Apple ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ရပါတော့တယ်။

အဲဒီအချိန်မှာပဲ တင်မ်ကွတ်က စတိဂျော့ကို အံ့ဩစရာ ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပါတယ်။ တင်မ်ကွတ်နဲ့ စတိဂျော့ဟာ ရှားပါးသွေးအမျိုးအစားတွေ တူညီနေတာကြောင့် တင်မ်ကွတ်က သူ့အသည်းတစ်ခြမ်းကို စတိဂျော့ကို ပေးပြီး အစားထိုးဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ စတိဂျော့ကတော့ စတိဂျော့ပီသစွာပဲ ငြင်းပယ်ခဲ့ပါတယ်။ ကျန်းမာရေးမကောင်းလို့ စတိဂျော့ နုတ်ထွက်သွားတဲ့နောက်မှာတော့ တင်မ်ကွတ်ဟာ အမှုဆောင်အရာရှိချုပ် ရာထူးကို တရားဝင် လက်ခံခဲ့ပါတယ်။

စတိဂျော့ သေဆုံးပြီးနောက်ပိုင်းကာလတွေဟာ တင်မ်ကွတ်အတွက်တော့ ကြမ်းထော်နေတဲ့ ခယောင်းလမ်းကြီးပါ။ သူ့နင်းရမဲ့ခြေရာဟာ ဧရာမခြေရာကြီးပါ။ တော်ရုံလူမဟုတ်တဲ့ စတိဂျော့ရဲ့ ခြေရာကို နင်းရမှာပါ။

စတိဂျော့ကွယ်လွန်ပြီး Apple ရဲ့ အနာဂတ်က ဝေဝါးနေချိန် တင်မ်ကွတ်ကတော့ ကုမ္ပဏီကိုပဲ အာရုံစိုက်ကာ ဦးဆောင်ခဲ့ပါတယ်။  ၂၀၁၄ မှာတော့ Bloomberg နဲ့ အင်တာဗျူးခဲ့ပြီး သူဟာ လိင်တူချစ်သူ တစ်ဦးဖြစ်ကြောင်း တိတ်ဆိတ်မှုကို ချိုးဖျက်ခဲ့ပါတော့တယ်။

၂၀၁၅ မှာတော့ တင်မ်ကွတ်ဟာ Apple Watch ကို စတိဂျော့အလွန် ပထမဆုံးထုတ်ကုန်အဖြစ် မိတ်ဆက်နိုင်ခဲ့ပါတယ်။

ဒီနောက်မှာလည်း iPhone line up တွေကို တန်ဖိုးနည်း iPhone SE နဲ့ High-End Pro Model တွေ အထိ ချဲ့ ထွင်နိုင်ခဲ့ပါတယ်။ Subscription Service တွေ ဖြစ်တဲ့ Apple Music , Apple TV+ နှင့် Apple New+ တို့ကိုပါ ပိုမို ကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့ပါသေးတယ်။

တင်မ်ကွတ် ဦးဆောင်မှုအောက်မှ နောက်ဆုံးထွက်ရှိလာတဲ့ထုတ်ကုန်ကတော့ Vision Pro ဖြစ်ပြီး အဆင့်အမြင့်ဆုံး တစ်ကိုယ်ရည်သုံး electronics လို့ Apple ဘက်က ဆိုပါတယ်။

ပြီးခဲ့သော နှစ်တွေအတွင်းမှာတော့ Apple ကနေ အရေးကြီးပုဂ္ဂိုလ် တချို့ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့  ၂၀၁၈ ကစပြီးတွက်ရင် Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ၃ ဆ ခန့် ပိုပြီးတိုးတက်သွားသလို Apple ရဲ့ အောင်မြင်မှုက တင်မ်ကွတ်ကို ဘီလီယံနာတစ်ယောက်ဖြစ်လာစေပါတယ်။

ဒါပေမယ့် တင်မ်ကွတ်ဟာ တခြားသော ကမ္ဘာကျော် CEO တွေလို ကိုယ်ပိုင်လေယာဥ်တွေ၊ ဇိမ်ခံသင်္ဘောတွေ မပိုင်ဆိုင်ပဲ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်သူတစ်ဦးပဲ ဖြစ်ပါတော့တယ်။

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ မျှော်လင့်ချက်တွေရှင်သန်ပြီး အားသစ်အင်သစ်ဖြစ်ပါစေ။ လူငယ်တွေအနေနဲ့ Build-Myanmar Media ကို အားပေးပြီး ကမ္ဘာကြီးကို အမှီလိုက်ဖို့လည်း တိုက်တွန်းလိုက်ပါရစေ။

လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်စေမဲ့ အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်လျက်ရှိပါတယ်။

ကိုးကား။

**https://www.businessinsider.com/tim-cook**

Share this article
The link has been copied!