အီတလီဒီဇိုင်နာ Pier Luigi Loro Piana ရဲ့ Loro Piana Lotus Flower အမှတ်တံဆိပ် ဂျက်ကက်အင်္ကျီတစ်ထည်က အမေရိကန်ဒေါ်လာ ၆,၅၀၀ တန်ကြေးရှိပါတယ်။ သာမာန်ချည်သားဂျက်ကက်တစ်ထည်လို့ထင်ရတဲ့ အဲဒီအင်္ကျီက ဘာကြောင့် ဒီလောက်ထိ ဈေးကြီးနေရတာလဲ။ ဘာတွေများ ထူးဆန်းနေလို့လဲ။

အဖြေကတော့ ကြာချည်နဲ့ရက်လုပ်ထားတဲ့ အင်္ကျီဖြစ်နေလို့ပါ။ ကြာချည်ဆိုတာ ကြာရိုးကနေ
ထုတ်လုပ်ထားတဲ့ သဘာဝချည်မျှင်ကို ဆိုလိုတာပါ။ ဒေါ်လာ ၆,၅၀၀ ပေးရတဲ့ ဒီဂျက်ကက်မှာ
သုံးထားတဲ့ ကြာချည်မျှင်တွေကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ အင်းလေးဒေသက ရက်ကန်းသည်
မိန်းကလေးတစ်ယောက်ရဲ့ လက်နဲ့ တစ်မျှင်ချင်းထုတ်ယူခဲ့ရတယ်ဆိုရင် အံ့သြမသွားပါနဲ့။
ဟုတ်ပါတယ်။ အီတလီ ဒီဇိုင်နာ Pier Luigi Loro Piano ရဲ့ ကြာချည်အဝတ်အထည်တွေအတွက် အဓိကကုန်ကြမ်းက မြန်မာနိုင်ငံက ရနေတာပါ။

သာမာန်ချည်တွေထက် ၁၀ ဆ လောက်ဈေးကြီးတဲ့ ကြာချည်က ကမ္ဘာ့တန်ဖိုးအကြီးဆုံးချည်တွေထဲမှာပါပါတယ်။ အဲဒီတန်ဖိုးကြီးချည်က မြန်မာပြည်မှာ ထွက်ပါတယ်။ မြန်မာ့သယံဇာတ
အရင်းအမြစ်တွေဟာ ကမ္ဘာမှာ အဆင့်အတန်းတစ်ခုအနေနဲ့ နာမည်ကောင်းရှိခဲ့တာကို
လူတွေသိကြတာလည်း ကြာပါပြီ။

ဒါပေမဲ့ ကြာချည်နဲ့ပတ်သက်ပြီး သိသူနည်းပါတယ်။ မြန်မာ့ကြာချည်ထုတ်လုပ်မှုသက်တမ်းဟာ
နှစ်ပေါင်း ၁၀၀ ဝန်းကျင် သက်တမ်းရှိနေပါပြီ။

မြန်မာ့ကြာချည် ဘယ်ကစ

ကြာချည်ကိုမပြောခင် ကြာပန်းနဲ့ပတ်သက်ပြီး အရင်ဆုံး ပြောလိုပါတယ်။ ကြာပန်းဟာ
မြန်မာနိုင်ငံမှာတော့ ဘာသာရေးအထိမ်းအမှတ်သဘောဆောင်တဲ့ ပန်း ပါ။
အောင်မြင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သစ်လွင်လတ်ဆတ်ခြင်း၊ ကျက်သရေရှိခြင်းနဲ့ သန့်စင်ခြင်းကို
ကိုယ်စားပြုပါတယ်။ ရေတွင်းရေကန်ဆို ကြာရှိမှ တင့်တယ်တယ်လို့ မြန်မာဆိုရိုးရှိပါတယ်။

ကြာပန်းဟာ မြန်မာတွေအတွက် တစ်ပင်လုံးအသုံးဝင်ပါတယ်။ အရိုးကို ကြာချည်ထုတ်၊ အပွင့်ကို
ဘုရားမှာလှူ၊ အရွက်ကို အစားအစာထုပ်ပိုးတဲ့နေရာနဲ့ အစားအစားပြင်ဆင်တဲ့နေရာမှာသုံးပြီး ကြာစေ့နဲ့ကြာစွယ်ကို စားကြပါတယ်။ ကြာပန်းဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ အဲဒီလို ထူးခြားစွာပါဝင်ပတ်သက်နေတဲ့ ပန်းပါ။ဒီလို တမြတ်တနိုးထားကြတဲ့ ကြာပန်းကနေ ကြာချည်ထုတ်လုပ်နိုင်ခဲ့တာလည်း စိတ်ဝင်စားစရာပါပဲ။

သမိုင်းကို ခြေရာကောက်လိုက်ရင် ကြာချည်အစ အင်းလေးကလို့တောင် ခိုင်ခိုင်မာမာပြောလို့ရပါတယ်။ အခုနောက်ပိုင်း နိုင်ငံတကာမှာ ကြာချည်ဆိုပြီး ခေတ်စားလာချိန် ကြာချည်ကို ဗီယက်နမ်ကစတယ်လို့တောင် ထင်ကြသူတွေရှိပါတယ်။အကြောင်းကတော့ ကြာပန်းဟာ ဗီယက်နမ်ရဲ့ National flower ဖြစ်တဲ့အပြင်ဗီယက်နမ်ကြာချည်တွေကလည်း နိုင်ငံတကာဈေးကွက်ထဲမှာ နေရာယူလာတာတွေကြောင့်ပါ။

တကယ်တော့ ဗီယက်နမ်ဟာ ၂၀၁၇ လောက်ကမှ ကြာချည်ထုတ်လုပ်မှုကို စတင်နိုင်ခဲ့တာပါ။
မြန်မာကတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀ (၂၀ ရာစုအစောပိုင်း)လောက်ကတည်းက
ကြာချည်ထုတ်လုပ်တာဆိုပြီး Regional Bio-trade Project က ပြုစုတဲ့ “Lotus Fiber Value Chain inMyanmar”စာတမ်းမှာ ဖော်ပြထားပါတယ်။

ကြာပင်ကနေ ကြာချည်ထုတ်လုပ်နိုင်မှုကို အစောဆုံးတွေ့ရှိခဲ့သူကတော့ အင်းလေးက ဒေါ်စာဥပါ။ ကြာချည်ကို ဦးဦးဖျားဖျား စတင်တီထွင်နိုင်ခဲ့လို့ ဒေါ်စာဥကနေ ဒေါ်ကြာဦးလို့တောင်ခေါ်ကြပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး ချည်မျှင်ဖြစ်တဲ့ ကြာချည်ကို ဒေါ်ကြာဦးတွေ့ရှိခဲ့ပုံက အင်မတန် ရိုးစင်းပါတယ်။ ရှမ်းပြည်နယ်၊ အင်းလေးက ကျိုင်းကန်ရွာသူဖြစ်တဲ့ ဒေါ်ကြာဦးဟာ တစ်နေ့မှာ ဘုရားကိုလှူဖို့ဆိုပြီးကြာပန်းတွေခူးပါတယ်။ ခူးနေရင်းနဲ့ ကြာရိုးကနေ ကြာအမျှင်တွေထွက်တာကို သတိထားမိခဲ့ပါတယ်။ ဒီကြာအမျှင်လေးတွေကို ချည်အဖြစ်ရက်လုပ်နိုင်ရင် သိပ်ကောင်းမယ်လို့ စိတ်ကူးရသွားပါတယ်။ အဲဒါနဲ့ကြာရိုးကို အရွယ်တော်လေးတွေပိုင်းပြီး ထွက်လာတဲ့ကြာမျှင်တွေကို ချည်အဖြစ်ရအောင်ကြိုးစားပါတယ်။ ရလာတဲ့ ကြာချည်တွေကို သင်္ကန်းရက်ပါတယ်။ ပထမဆုံးကြာသင်္ကန်းကိုရွှေဥဒေါင်းတောင် ဆရာတော်နဲ့ အင်းလေးဖောင်တော်ဦးဘုရားတွေကို ကပ်လှူခဲ့ပါတယ်။ ဒီလိုနဲ့ကြာချည်ထုတ်လုပ်မှုက မြန်မာမှာ စတင်ပေါက်ဖွားလာခဲ့ပါတယ်။

ကြာရိုးမှသည် ကြာချည်ဆီကြာရိုးကနေ ကြာချည်ထုတ်လုပ်တယ်ဆိုပေမဲ့ ကြာတိုင်းကနေ ကြာချည်ထုတ်လုပ်လို့မရပါဘူး။ ကြာဖြူ၊ကြာနီ၊ ကြာညို၊ ကြာကုမုဒြာ၊ ကြာပဒုမ္မာဆိုပြီး ကြာငါးမျိုးရှိတဲ့ထဲကမှ ကြာပဒုမ္မာတစ်မျိုးတည်းကနေပဲကြာချည်ထုတ်လုပ်လို့ရပါတယ်။ ကျန်တဲ့ကြာတွေက ချည်မျှင်ထုတ်လုပ်ဖို့အတွက်အရည်အသွေးပြည့်တဲ့ ကြာမျှင် မထွက်ပါဘူး။ ပန်းရောင်ရှိပြီး ပွင့်ဖတ်ကြီးတဲ့ ပဒုမ္မာကြာကသာအကောင်းဆုံးချည်မျှင် ထွက်နိုင်ပါတယ်။

ဟိုအရင်တုန်းကတော့ သဘာဝအတိုင်းပေါက်နေတဲ့ ကြာပန်းတွေကိုခူးပြီး ကြာချည်ထုတ်လုပ်ပါတယ်။အခုခေတ်မှာတော့ ကြာတွေကို လူတွေက ကိုယ်တိုင်စိုက်ပျိုးနေပါပြီ။ ဒါပေမဲ့ ကြာချည်ထုတ်လုပ်ဖို့ကအချိန်တိုင်းမှာ လွယ်လွယ်ကူကူထုတ်လုပ်လို့ရနေတာမျိုး မဟုတ်ပါဘူး။ ကြာအရည်အသွေးဆိုတာရှိပါတယ်။ ကြာအရည်အသွေးဟာ ရာသီဥတုနဲ့ ဆိုင်ပါတယ်။
မြန်မာတွေပြောလေ့ပြောထရှိတဲ့ “ရေမြင့်မှ ကြာတင့်တယ်” ဆိုတဲ့ စကားရှိပါတယ်။

ကြာချည်ထုတ်လုပ်မှုကလည်း အဲဒီဆိုရိုးအတိုင်းပါပဲ။ ရေအနက်မြင့်လေ ကြာရဲ့အရည်အသွေးကောင်းလေပါပဲ။ ရေနိမ့်သွားရင် ရွှံနွှံထူလာပြီး ကြာအရည်အသွေးကျဆင်းပါတယ်။ မိုးတွင်းကာလမှာပဲ ကြာက အကောင်းဆုံးအရည်အသွေးရှိပါတယ်။ မိုးနည်းတဲ့ဆောင်းတွင်းမှာ ကြာချည်ထုတ်လုပ်လို့ရသေးတယ်ဆိုပေမဲ့ အရည်အသွေးပိုင်းမှာတော့ မိုးတွင်းကကြာရိုးတွေလောက် မကောင်းတော့ပါဘူး။ ဒါကြောင့် ကြာချည်ထုတ်လုပ်ဖို့ အကောင်းဆုံးအချိန်ဟာမိုးရာသီတစ်ရာသီစာပဲ ရှိပါတယ်။

ကြာချည်ထုတ်လုပ်ဖို့အတွက် ကြာရိုးကို မနက် ငါးနာရီကနေ ဆယ်နာရီအတွင်း ဖြတ်ကြပါတယ်။
ကြာရိုးဖြတ်တဲ့အခါ အပွင့်ပါတဲ့ကြာရိုးကို မသုံးပါဘူး။ အရွက်နဲ့ကြာရိုးကိုသာ ဖြတ်ကြပါတယ်။ ရလာတဲ့ကြာရိုးတွေကို ထိန်းသိမ်းပုံချင်းကတော့ အနည်းငယ်ကွဲလွဲကြပါတယ်။ တချို့က ကြာရိုးတွေကိုနှစ်ညရေစိမ်ပါတယ်။ ဒါမှမဟုတ် ရေဆွတ်ထားတဲ့ သဘက်တွေနဲ့အုပ်ပြီး နှစ်ည ထားပါတယ်။ ပြီးရင်ဆယ်ရက်အတွင်း ကြာချည်ထုတ်ပါတယ်။ တစ်ချို့ကျ ၂၄ နာရီအတွင်း ကြာချည်ထုတ်ပါတယ်။လုပ်နည်းလုပ်ဟန် ကွဲပြားပေမဲ့ အဓိကတူညီချက်ကတော့ ကြာရဲ့အစိုဓာတ်ကို မလျော့သွားအောင်ထိန်းသိမ်းရတာပါပဲ။ အစိုဓာတ်ခြောက်သွားရင် အမျှင်မထွက်တော့လို့ပါ။

ကြာရိုးကနေ ကြာမျှင်ထုတ်တဲ့အခါ အသွားထက်ထက်ဘလိတ်ဓားတစ်ချောင်းနဲ့ သစ်သားပြားတစ်ခုသာလိုပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်က ပညာသားပါပါတယ်။ ကြာရိုးကို ဘလိတ်ဓားနဲ့ လေးလက်မလောက်အရွယ်တော်ပိုင်းပြီး လက်နဲ့ဆွဲကာ သစ်သားပြားပေါ်မှာ ကြာမျှင်ဆွဲရပါတယ်။ အဲဒီအခါ အောက်ခံသစ်သားပြားဟာ ရေနဲ့အစိုဓာတ်ရှိနေရပြီး လက်အချိန်အဆကလည်း မပြင်းလွန်းမပျော့လွန်းဖြစ်နေရပါမယ်။ လက်ရဲ့အချိန်အဆကို မတွက်တတ်ရင် ကြာမျှင်ကပြတ်ထွက်သွားတာမျိုး၊သစ်သားပြားပေါ်မတင်တာမျိုး ဖြစ်နိုင်ပါတယ်။ ကြာချည်ရဲ့အရည်အသွေးဟာ ကြာမျှင်ထုတ်လုပ်သူရဲ့ကျွမ်းကျင်မှုအပေါ် အများကြီး မူတည်ပါတယ်။

ဒီလိုနဲ့ ရလာတဲ့ ကြာမျှင်တွေကို ထူပြီးခိုင်ခံ့လာတဲ့အထိ ထပ်ခါထပ်ခါ ဆွဲရပါတယ်။ လိုအပ်တဲ့
အထူရလာပြီဆိုရင် လက်နဲ့လိပ်ပြီး ကြာချည်လုပ်လို့ရပါပြီ။ ရလာတဲ့ကြာချည်ကို ပိုပြီးခိုင်ခံ့အောင်သဘာဝကော်နဲ့ ဖယောင်းကို သုံးပြီး ကြာချည်ကိုပွတ်တိုက်ပေးရပါတယ်။ ပြီးရင် ရစ်ဘီးမှာရစ်ပြီးအရိပ်ထဲမှာ သဘာဝအတိုင်း အခြောက်ခံထားရပါတယ်။ အရောင်သုံးချင်ရင် သစ်သီး၊
သစ်‌ခေါက်ကရတဲ့ သဘာဝဆိုးဆေးကို သုံးရပါတယ်။ ခြောက်သွေ့သွားတဲ့ ကြာချည်တွေကို
ဗိုင်းပေါ်တင် ချည်ခင်ပြီးရင်တော့ ရက်ကန်းစင်ပေါ် တင်လို့ရပါပြီ။

ကြာချည်ကို ခက်ခက်ခဲခဲ ထုတ်လုပ်ရသလို ကြာချည်နဲ့ရက်လုပ်တဲ့ အထည်တစ်ခုရဖို့ဆိုတာလည်းလွယ်ကူလှတာတော့ မဟုတ်ပါဘူး။ လည်စည်းတစ်ထည်အတွက်ဆိုရင် ကြာရိုး ၄,၀၀၀ လောက် လိုပြီး ၊အနံ ၇ လက်မ၊ အလျား နှစ်ကိုက်ရှိတဲ့ ကြာချည်ပုဝါတစ်ထည်ရဖို့ ကြာရိုးပေါင်း ၈,၀၀၀ လောက်လိုပါတယ်။ ရက်လုပ်ရတဲ့ကြာချိန်ကတော့ အနည်းဆုံး တစ်လခွဲကြာပါတယ်။
ကြာသင်္ကန်းတစ်ထည်ရဖို့ဆိုရင်တော့ ကြာရိုးပေါင်း ၂၀၀,၀၀၀ လောက် လိုမှာပါ။

ဒီလို ခက်ခဲပြီး အနုစိပ်လှတဲ့ ကြာချည်မှာ ဘယ်ချည်နဲ့မှမတူတဲ့ ထူးခြားချက်တွေ ရှိပါသေးတယ်။
ကြာချည်ရဲ့ ဂုဏ်သတ္တိလို့ ပြောလည်း ရပါတယ်။ အဲဒါတွေကတော့ ကြာချည်ဟာလူ့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုလိုက်ပြီး ချိန်ညှိနိုင်ပါတယ်။ ရာသီဥတုအခြေအနေကိုလိုက်ပြီး ခံနိုင်ရည်ကိုပြောင်းလဲနိုင်ပါတယ်။ ကြာချည်ဟာ နွေဆိုအေးပြီး၊ ဆောင်းဆို နွေးပါတယ်။ ပေါ့ပါးပြီး ထူးကဲတဲ့နူးညံ့မှုရှိပါတယ်။ ရေစိုခံပါတယ်။ ချည်မျှင်ဟာ ကြာပန်းနံ့သင်းပါတယ်။

ဒါကြောင့် ကြာချည်ဟာ ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အရှားပါးဆုံးချည်မျှင်တွေထဲမှာ ပါဝင်နေတာပါ။

ကြာချည်နဲ့ အမျိုးသမီး

ကြာချည်အကြောင်းပြောမယ်ဆိုရင် အမျိုးသမီးပါဝင်မှုကို ထည့်ပြီးပြောဖို့ လိုပါတယ်။
ကြာချည်ထုတ်လုပ်မှုကို ပထမဦးဆုံး စတင်ခဲ့သူက အမျိုးသမီးဖြစ်ပြီး ကြာချည်ထုတ်လုပ်မှုနဲ့
ကြာချည်ရက်လုပ်တဲ့လုပ်ငန်းစဉ်တွေမှာ အဓိက ပါဝင်လှုပ်ရှားနေသူတွေကလည်း အမျိူးသမီးတွေပါပဲ။

အရင်တုန်းက ကြာချည်ထုတ်ဖို့ ကြာရိုးဖြတ်တဲ့သူဟာ အမျိုးသားတွေ ဖြစ်ရပါတယ်။
အမျိုးသမီးဆိုရင်လည်း အိမ်ထောင်မရှိသူ အပျိုဖြစ်ရပါတယ်။ အဲဒီမိန်းမပျိုဟာ ငါးပါးသီလ
ခံယူထားရပါမယ်။ ကိုယ်လက်သန့်စင်ထားရပါမယ်။ ဓမ္မတာရာသီစက်ဝန်းချိန်ဆို ကြာရိုးမဖြတ်ရပါဘူး။ ဒီစည်းမျဉ်းအတိုင်း မဖြစ်ခဲ့ရင် ကြာချည်ထုတ်လုပ်မှုမှာ အနှောင့်အယှက်ဝင်တတ်တယ်။
ကြာချည်ထွက်ရှိမှုနည်းပြီး ကြာရိုးတွေက ကျိုးလွယ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒါပေမဲခေတ်တွေစနစ်တွေ ပြောင်းလာတာနဲ့အမျှ ဒီနေ့ခေတ်မှာတော့ အိမ်ထောင်သည်အမျိုးသမီးတွေလည်းကြာချည်ဖြတ်ပြီး ကြာချည်ရက်လုပ်နေကြပါပြီ။

ကြာရိုးကနေ ကြာချည်ဖြစ်လာဖို့ အဆင့်ပေါင်း ၁၂ ဆင့်ကနေ ၁၄ ဆင့်လောက်ထိ ရှိပါတယ်။
အဲဒီလုပ်ငန်းစဉ်တလျှောက်လုံးမှာ အမျိုးသမီးပါဝင်မှုက ခန့်မှန်းခြေ ၈၀ ရာခိုင်နှုန်းအထက်ရှိပါတယ်။ ကြာချည်ဟာဒေသတွင်းအမျိုးသမီးတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတစ်ရပ်လည်းဖြစ်သလိုဒေသတွင်းအမျိုးသမီးတွေရဲ့ လက်မှုပညာ စစ်စစ်တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာ့ကြာချည် ဘယ်ခရီးဆီ

၂၀၂၂ မှာလုပ်ခဲ့တဲ့ ၇၁ ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ မြန်မာအလှမယ် ဇာလီမိုးဟာအမျိုးသားဝတ်စုံကို “Queen of Lotus” ဆိုတဲ့ ကြာပန်းဝတ်စုံဝတ်ဆင်ကာ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ဒီဝတ်စုံဟာ ပရိတ်သတ်တွေကြားထဲမှာ ‌ဝေဖန်မှုတွေနဲ့ စိတ်ဝင်စားမှုတွေ ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကြာချည်နဲ့ ဘယ်လိုဆက်နွယ်နေသလဲဆိုတာကို လူတော်တော်များများ
စိတ်ဝင်စားလာကြပါတယ်။ အလှမယ် ဇာလီမိုးရဲ့ ကြာပန်းဝတ်စုံကြောင့် အင်းလေးရဲ့ကြာချည်ထုတ်လုပ်မှုကိုလည်း ပြန်လည်စိတ်ဝင်စားလာကြပါတယ်။

အရင်ကတော့ ကြာချည်ကို အင်းလေးကပဲ အဓိကထုတ်လုပ်တာဆိုပေမဲ့ အခုတော့ စစ်ကိုင်းကစွန်ရဲအင်း၊ သဲကုန်းက အင်းမကန်၊ စလင်းက ဝက်ထီးကန် ဒေသတွေမှာလည်းကြာချည်ထုတ်လုပ်နေကြပါပြီ။ ဒါပေမဲ့ အင်းလေးတစ်ခုတည်းကသာ ကြာချည်ကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ပါသေးတယ်။ ဒါကြောင့် မြန်မာ့ကြာချည်ထုတ်ကုန်ဟာ အကန့်အသတ်နဲ့တိုးတက်မှုနှေးကွေးနေတုန်း ဖြစ်ပါတယ်။

အင်းလေးမှာ ကြာချည်နဲ့ ကြာချည်အဝတ်အထည်အသုံးအဆောင်တွေကို အဓိကထုတ်လုပ်နေတဲ့
ရွာကတော့ ကျိုင်းကန်ရွာနဲ့ အင်းပေါ်ခုံရွာပါ။ အရင်တုန်းကတော့ ကြာချည်ကို
သင်္ကန်းအဖြစ်ရက်လုပ်ထားတဲ့ ကြာသင်္ကန်းကိုသာ ထုတ်လုပ်ခဲ့ပေမဲ့ အခုတော့ ပုဝါ၊ လည်စည်း၊
လျှောစောင် တွေအဖြစ်လည်း ထုတ်လုပ်နေပါပြီ။ အဲဒါတွေအပြင် ကြာချည်နဲ့ ပိုးချည်ကို ရောပြီး
ထုတ်လုပ်တဲ့ ကုန်ချောတွေလည်း ရှိနေပါပြီ။ ဒါပေမဲ့ မြန်မာ့ကြာချည်ကုန်‌ချောတွေဟာ ကမ္ဘောဒီးယားနဲ့ဗီယက်နမ်လို ဒေသတွင်း ကြာချည်ထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေနဲ့ယှဉ်ရင် တန်ဖိုးပိုမြင့်ပြီးတိုးတက်မှုမှာတော့ နောက်ကျနေပါတယ်။

၂၀၁၇ မှာ ဗီယက်နမ်မှာ ကြာချည်ကို စတင်ထုတ်လုပ်ပါတယ်။ ပိုးထည်လုပ်ငန်းလုပ်ကိုင်သူဖြစ်တဲ့
အမျိုးသမီးကြီး Phan Thi Thuan ဟာ ဒေါ်ကြာဥလိုပဲ ကြာရိုးက ကြာမျှင်ကိုမြင်ပြီး ကြာချည်ထုတ်လုပ်ဖို့စတင်ခဲ့တဲ့သူပါ။ သူဟာ ကြာချည်ရက်လုပ်မှုကို စတင်ချိန်မှာ မြန်မာနဲ့ ကမ္ဘောဒီးယားရဲ့ကြာချည်ထုတ်လုပ်မှုကို လေ့လာခဲ့ပါတယ်။ ကြာပန်းဟာ ဗီယက်နမ်နိုင်ငံရဲ့ National Flower
ဖြစ်နေတော့ သူ့ရဲ့ ကြာချည်ထုတ်လုပ်မှုက စိတ်ဝင်စားခြင်းခံခဲ့ရပြီး အစိုးရဆီက ကြာစိုက်ပျိုးမှု နည်းပညာအပြင် အခြားဖွံ့ဖြိုးမှု အထောက်အကူတွေလည်း ရခဲ့ပါတယ်။

အခုဆို သူနေထိုင်ရာဖြစ်တဲ့ Van Phuc ရွာလေးဟာ ကြာချည်အဓိကထုတ်လုပ်ရာ ရွာလေးတစ်ရွာဖြစ်နေပါပြီ။ Thaun ဟာ ကြာချည်လုပ်ငန်းကို ဦးဆောင်စတင်သူဖြစ်လာပြီးနောက်တော့ ကြာစိုက်ပျိုးမှုနဲ့ ကြာချည်ကိုကုန်ချောအဖြစ် ထုတ်လုပ်ဖို့ကိုလည်း သူ့စိတ်ကူး သူ့အတွေးနဲ့
စတင်ခဲ့ပါတယ်။ အခုဆို Thaun ထုတ်တဲ့ ကြာချည်ထုတ်ကုန်တွေဟာ ပြင်သစ်၊ အမေရိကန်၊ အီတလီ၊ဂျပန်၊ ဆော်ဒီအာရေဗျ နဲ့ တရုတ်နိုင်ငံတွေကို ရောက်ရှိနေပါပြီ။ သီးသန့် ဝယ်ယူသူတွေဆို Thaun ဆီကြိုတင်အမှာ စနစ်နဲ့ ကိုယ်လိုချင်ရာ ကြာချည်ကုန်ချောတွေကို အပ်နှံတာလည်း ရှိပါတယ်။ ဒီလိုထုတ်လုပ်မှုတွေအပြင် Thaun ဟာ ကြာချည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း
လုပ်ဆောင်ပါသေးတယ်။ ကြာချည်ကို အနာဂတ်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းနိုင်ဖို့အတွက်
ကျောင်းတွေမှာ သင်ကြားရေးတွေ လုပ်ပါတယ်။ ကြာချည်ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်လည်းအလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ဒါကြောင့် ဗီယက်နမ်ကြာချည်က မြန်မာထက်
အများကြီးနောက်ကျခဲ့ပေမဲ့ တိုးတက်မှုမှာတော့ မြန်မာထက် အဆပေါင်းများစွာ သာနေခဲ့တာ
ဖြစ်ပါတယ်။

မြန်မာကြာချည်ကတော့ ပြည်တွင်းမှာ ရောင်းတယ်ဆိုပေမဲ့ ပြည်ပခရီးသွားတွေကို အားထားနေရတာဖြစ်ပါတယ်။ ပြည်ပကို ပို့တယ်ဆိုရာမှာလည်း ကုန်ကြမ်းအနေနဲ့ပဲ တင်ပို့နိုင်ပါသေးတယ်။စနစ်တကျသာ လုပ်ဆောင်နိုင်မယ်ဆိုရင်မြန်မာ့ကြာချည်ထုတ်လုပ်မှုဟာ ကုန်ကြမ်း၊ ကုန်ချောအဆင့်ထက် အများကြီး လုပ်နိုင်စွမ်းရှိပါတယ်။

ဥပမာပြောရရင် သဘာဝအခြေပြုလုပ်ငန်းဖြစ်တာကြောင့် Eco Tourism အနေနဲ့လည်း
လုပ်ဆောင်နိုင်ပါတယ်။ သဘာဝကုန်ကြမ်းကိုသာ အသုံးပြုပြီး ထုတ်လုပ်မှုအစကနေအဆုံး
စက်အအညီမပါဘဲ လူကိုယ်တိုင် ၁၀၀ ရာခိုင်နှုန်းနီးပါး လုပ်ဆောင်နေမှုတွေက
သဘာဝပတ်ဝန်းကျင်ဘက်က ကြည့်မယ်ဆိုရင်လည်း သဘာဝပတ်ဝန်းကျင်ကို မှီခိုနေရတဲ့
ရေရှည်တည်တံ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ကြာချည်ရက်ကန်းပညာကိုလည်း
မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေတစ်ခုအနေနဲ့ ထင်ထင်ရှားရှား ပြသနိုင်ပါတယ်။

ဒါပေမဲ့ မြန်မာမှာ ကြာချည်ကို စနစ်တကျ တင်ပို့နိုင်မှုမရှိသလိုကြာချည်လုပ်ငန်းမြှင့်တင်ဖို့အတွက်လည်း တရားဝင်အဖွဲ့အစည်းတွေ မရှိသေးပါဘူး။ ဒါကြောင့်သက်တမ်း ၁၀၀ ရှိနေပြီဖြစ်တဲ့ မြန်မာ့ကြာချည်ဟာ ကုန်ကြမ်းအဆင့်မှာသာရပ်တည်နေရသလိုဖြစ်နေပါတယ်။ အဲဒီလို တိုးတက်မှုနှေးကွေးနေဆဲ အခြေအနေမှာ အခုလိုပဋိပက္ခတွေဖြစ်လာတော့ နဂိုကတည်းက ကျဉ်းမြောင်းပြီး ရုန်းကန်နေရတဲ့ မြန်မာ့ကြာချည်ဟာနိုင်ငံရေးအခင်းအကျင်း အောက်ခံပြားပေါ်မှာ ပြတ်ထွက်မသွားအောင် ကြိုးစားနေရတဲ့ အနေအထားဖြစ်လာပါတော့တယ်။

ဒီအချိန် ကမ္ဘာ့ကြီးရဲ့ အခြားတစ်ဖက်မှာတော့ Loro Piana Lotus Flower ဆိုတဲ့ ဂျက်ကက်တွေဟာကတ္တီပါကော်ဇော်နီပေါ် ဖြတ်လျှောက်နေပါတယ်။

နုသစ်မိုး ( Y3A )

ယခုဆောင်းပါးမျိုးဖတ်ရှုရသည်ကို နှစ်သက်သည်ဆိုလျှင် အောက်ပါဆောင်းပါးများကိုလည်း ဖတ်ရှုကြည့်ရန် ကျွန်ုပ်တို့က recommend ပေးပါသည်။

ဆက်စပ်ဖတ်ရှုလိုလျှင် -

မြန်မာ့သနပ်ခါး ထိုင်းအပိုင်ဖြစ်‌တော့မှာလား
“ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လိုအသားမည်းမည်း ဝါဝါညက်ညက်ဖြူ” ဆိုတဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့ ရန်ကုန်သူသီချင်းထဲက ရွှေဘိုသနပ်ခါးဆိုတာ စစ်ကိုင်းတိ
Share this article
The link has been copied!