ကချင်ပြည်နယ် ပန်ဝါ၊ ဆော့လော်၊ ချီဖွေ ဘက်ကိုများ ရောက်ခဲ့ရင် အင်မတန်ကြီးမားတဲ့ ဒယ်အိုးပုံ မြေကျင်းကြီးတွေကို တာလပတ်စတွေခင်းပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေကို တွေ့ရမှာပါ။ အဲဒီလုပ်ငန်းခွင်တွေဟာ ဒီနေ့ခေတ်သစ်ကမ္ဘာရဲ့ မရှိမဖြစ် အသုံးအဆောင်တွေဖြစ်တဲ့ ဖုန်းတွေ၊ လက်ပ်တော့တွေနဲ့ ဆက်စပ်နေတယ်ဆိုရင် ယုံနိုင်မယ်တောင် မထင်ပါဘူး။ တကယ်တော့ အဲဒါက အမှန်ပါ။
ဘာကြောင့်လဲဆိုတော့ ကချင်ပြည်နယ်က ဒယ်အိုးပုံ မြေကျင်းကြီးတွေက မြေရှားသတ္ထု ထုတ်လုပ်နေကြတဲ့ လုပ်ငန်းခွင်ဖြစ်ပြီး အဲဒီက ရရှိလာတဲ့ မြေရှားသတ္ထုကိုတော့ ဖုန်းတွေ၊ လပ်ပ်တော့တွေမှာ သုံးနေတာဖြစ်ပါတယ်။
ဒီနေ့ ကမ္ဘာကြီးမှာ မြေရှားသတ္တုလုပွဲကြီးဖြစ်နေပါတယ်။ တစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာ မြေရှားသတ္တုကို အလုံးအရင်းနဲ့ ထုတ်လုပ်နေပါတယ်။ Global Witness ရဲ့ ၂၀၂၄ ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေရှားသတ္ထုထုတ်လုပ်မှုဟာ ၄၀ ရာခိုင်နှုန်းလောက် တိုးမြင့်လာနေပါတယ်လို့ ဆိုပါတယ်။
ဒီတော့ မြေရှားသတ္ထုဆိုတာ ဘာလဲ။ ဘယ်မှာထုတ်နေလဲ။ ဘယ်သူတွေက ထုတ်လုပ်နေလဲ။ ဘာအတွက်ကြောင့် အပြိုင်အဆိုင် ထုတ်လုပ်နေကြတာလဲ။ ကမ္ဘာ့ဈေးကွက်အခြေအနေကရော၊ ပြီးတော့ ဆိုးကျိုးက ဘာတွေလဲဆိုတာကို ကြည့်ရအောင်ပါ။
မြေရှားသတ္ထုဆိုတာ ဘာလဲ
မြေရှားသတ္ထုကို အင်္ဂလိပ်လို Rare Earth လို့ခေါ်ပါတယ်။ မြေရှားသတ္ထုအုပ်စုဝင် ဒြပ်စင် ၁၇ မျိုးရှိပြီး အဲဒါတွေ အကုန်လုံးကို မြေရှားသတ္ထုလို့ခေါ်ကြပါတယ်။ အဲဒီအထဲမှာမှ Dysprosium (ဒိုင်ပိုဆီယမ်)၊ Terbium (ထွာဘီယံ) ဆိုတဲ့ မြေရှားဒြပ်စင်တွေက လူသုံးများပါတယ်။
မြန်မာနိုင်ငံမှာတော့ မြေရှားသတ္ထုကို ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ အများဆုံးထုတ်လုပ်နေ ပါတယ်။ ပန်ဝါဒေသဟာ အထူးဒေသ(၁) ဖြစ်ပြီး ပြည်သူ့စစ်တွေ ချုပ်ကိုင်ထားတဲ့နယ်မြေပါ။ အဲဒီမှာ မြေရှားသတ္ထုလုပ်ငန်းခွင်တွေ အများအပြားရှိတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဘက်မှာလည်း အများအပြားရှိပါတယ်။ ရှမ်းမြောက်၊ မုံရွာ၊ ကောလင်း၊ ဝန်းသိုဘက်တွေမှာလည်း မြေရှားသတ္ထုအများ အပြားရှိနေပါတယ်။
တကယ်ကျ မြေရှားသတ္ထုဆိုတာ ကမ္ဘာ့အပေါ်ယံမြေလွှာထဲမှာ အများအပြားရှိနေတာပါ။ မြန်မာနိုင်ငံမှာပဲ ရှိနေတာမျိုးလည်း မဟုတ်ပါဘူး။ မြေရှားသတ္ထု(မြေရှားဒြပ်စင်) ရဲ့သဘောက သူချည်းရှိနေတာမဟုတ်ဘဲ တခြားဒြပ်စင်တွေနဲ့ ရောနှောနေလို့ ပြန်လည် ခွဲထုတ်ရပါတယ်။ ဒီလိုခွဲထုတ်ရတဲ့အခါ အကုန်အကျ အင်မတန်ကြီးလွန်းပါတယ်။ ငွေကြေးအကုန်ကျ အသက်သာဆုံးနည်းလမ်းကတော့ In-Situ Leaching ဆိုတဲ့နည်းပါပဲ။
မြေရှားသတ္ထု ဘယ်လိုထုတ်လဲ
မြေရှားသတ္ထုထုတ်လုပ်တဲ့အခါ အဓိကလိုအပ်တဲ့ ဓာတုပစ္စည်းတချို့ရှိပါတယ်။ အဲဒါက အမိုနီယမ် ဆာလဖိတ်နဲ့ အော့ဆဲလစ်အက်ဆစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက မြေရှားသတ္ထုထုတ်လုပ်သူတွေဟာ အမိုနီယမ် ဆာလဖိတ်နဲ့ အော့ဆဲလစ် အက်ဆစ်တွေကို တရုတ်နိုင်ငံကနေ အဓိက တင်သွင်းနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နီးပါး အချိန်အတွင်း မြေရှားသတ္ထုထုတ်လုပ်ရာမှာ သုံးစွဲတဲ့ ဓာတုပစ္စည်းတင်သွင်းမှုက အဆပေါင်းများစွာမြင့်တက်လာပါတယ်။ ဥပမာပြောရရင် ၂၀၁၅ တုန်းက အမိုနီယီဆာလဖိတ် တင်သွင်းတာ တန်ချိန် ၉ သောင်းကျော်ပဲ ရှိပေမဲ့ ၂၀၂၃ ကျ တန်ချိန် ၁ ဒသမ ၅ သန်းအထိ ဖြစ်လာပါတယ်။ ဒီလိုပဲ အော့ဆဲလစ်အက်ဆစ် တင်သွင်းမှုကို ကြည့်ရင်လည်း ၂၀၁၅ မှာ ၃၄၂ တန်ပဲ တင်သွင်းခဲ့ရာကနေ ၂၀၂၃ မှာတော့ တန်ချိန် ၁၇၄,၀၀၀ အထိ ရှိခဲ့ပါတယ်။
တကယ်တော့ မြေရှားသတ္ထုထုတ်လုပ်တယ်ဆိုတာ အဲဒီလို အဆိပ်သင့်နိုင်တဲ့ ဓာတုပစ္စည်းတွေကို သုံးပြီး ထုတ်လုပ်ကြရတာဖြစ်ပါတယ်။ ဒါဖြင့် မြေရှားသတ္ထုကို ဘယ်လိုထုတ်လုပ်နိုင်ပါသလဲ။
မြေရှားသတ္ထုထုတ်လုပ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဓိကတော့ ဘူမိဗေဒနည်းလမ်းနဲ့ ထုတ်လုပ်ကြတာပါ။ ကနဦးမှာတော့ မြေရှားသတ္ထုရှိမရှိ လေ့လာဆန်းစစ်တာတွေကို လုပ်ကြရပါတယ်။ ကျောက်နမူနာ၊ မြေဆီလွှာနမူနာယူပြီး အနည်အနှစ်တွေကို စမ်းသပ်စစ်ဆေးတာမျိုးလုပ်ကြရပါတယ်။ ပြီးရင်တော့ ဘူမိဗေဒနည်းနဲ့ မြေပုံထုတ်တာ၊ ကျောက်အမျိုးအစားတွေခွဲတာမျိုး လုပ်ရပါသေးတယ်။ အခုကတော့ ယေယုယျခြုံပြီးရေးပြတာဖြစ်ပြီး ကျွမ်းကျင်ပညာရှင်တွေမှပဲ လုပ်ငန်းစဉ်ကို အသေးစိတ် တိတိကျကျ သိရှိနိုင်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ In-Situ Leaching ဆိုတဲ့နည်းကတော့ မြေရှားသတ္ထုထုတ်လုပ်သမျှ နည်းတွေထဲမှာ အကုန်အကျအသက်သာဆုံး နည်းလမ်းလို့ဆိုကြပါတယ်။ သူ့နည်းလမ်းက တောင်တွေကို ဖောက်ပြီး ထုတ်လုပ်တာပါ။ အရင်ဆုံးတော့ တောင်တွေမှာ သစ်တော၊ သစ်ပင်တွေရှိရင် ခုတ်လှဲရပါတယ်။ ပြီးရင်တော့ တောင်တွေကို တွင်းတူပြီး အဲဒီအထဲကို အမိုနီယမ်ဆာလဖိတ်တွေ ထည့်ရပါတယ်။ မြေကြီးနဲ့ ဓာတ်ပြုပြီး ထွက်ရှိလာတဲ့ အရည်တွေကို တောင်အောက်မှာ တာလပတ်စခင်းထားတဲ့ ကျင်းကြီးတွေဆီ ပိုက်လုံးနဲ့ သွယ်တန်းယူရပါတယ်။ ပြီးရင်တော့ မြေရှားဒြပ်စင်တွေကို စစ်ယူကြပါတယ်။
In-Situ Leaching နည်းလမ်းဟာ တရုတ်ပြည်မှာ ၁၉၈၀ လောက်ကတည်းက သုံးစွဲကြတဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းကြောင့် လယ်တွေယာတွေပျက်စီးသလို၊ အက်ဆစ်ရည်တွေ အဆိပ်သင့်ဓာတုအကြွင်းအကျန်တွေက ချောင်းမြောင်းထဲဝင်ရောက်လာလို့ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားပျက်စီးပါတယ်။ အခုတော့ ဒီနည်းလမ်းကို တရုတ်ပြည်မှာ ခွဲတမ်းသတ်မှတ်ချက်နဲ့ပဲ ထုတ်ခွင့်ပေးပါတယ်။ အက်ဆစ်ယိုစိမ့်မှုစံနှုန်း အပါအဝင် တင်းကြပ်တဲ့စည်းမျဉ်းတွေ ချမှတ်ထားပြီးမှ လုပ်ကိုင်ခွင့်ရရှိကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်တွေက သူတို့နိုင်ငံမှာ တင်းကြပ်တဲ့နည်းလမ်းတွေနဲ့ ထုတ်လုပ်ရတဲ့ မြေရှားသတ္ထုကို
မြန်မာနိုင်ငံထဲမှာတော့ စည်းမျဉ်းဥပဒေမရှိ ထုတ်ခွင့်ရနေကြတာဖြစ်ပါတယ်။ ဒါတွေအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဥပဒေအသက်ဝင်အောင် လုပ်ဆောင်မှုကို မေးခွန်းထုတ်ကြရမှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် မြေရှားသတ္ထုထုတ်လုပ်ရာ ပတ်ဝန်းကျင်မှာနေထိုင်ကြရတဲ့ ဆင်းရဲတဲ့ ဒေသခံတွေဟာ ဒီအကျိုးဆက်တွေကို ခံစားနေကြရပါတယ်။ ချောင်းဆိုးတာ၊ ရင်ကြပ်တာတွေကနေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို အများစုက ခံစားနေကြရပါတယ်။
အာဏာသိမ်းမှုအလွန်
တကယ်တော့ မြန်မာပြည်၊ ကချင်ပြည်နယ်မှာ မြေရှားသတ္ထုထုတ်တဲ့လုပ်ငန်းတွေဟာ တရုတ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ မြေရှားသတ္ထုတူးဖော်မှုတွေကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် တရုတ်လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ရပါသေးတယ်။
ဒါပေမဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မြေရှားသတ္ထုထုတ်လုပ်မှုဟာ တိုးလာပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဆီကို မြေရှားသတ္ထု တန်ချိန် ၁၉,၅၀၀ တင်ပို့ခဲ့ပြီး ၂၀၂၃ ရောက်တဲ့အခါ မြေရှားသတ္ထု တန်ချိန် ၄၁,၇၀၀ တင်ပို့ခဲ့ပါတယ်။ ၂၀၂၃ မြေရှားသတ္ထုတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးအထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ဒီလုပ်ငန်းဟာ တခြားသော မူးယစ်ဆေးဝါးနဲ့ လက်နက်ကုန်သွယ်မှုလိုပဲ အကျိုးအမြတ်များများ ရှိနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၁ ပန်ဝါမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း မြေရှားသတ္ထုထုတ်လုပ်မှုဟာ အကြီးအကျယ်များပြားလာတယ်ဆိုပြီး Global Witness အစီရင်ခံစာက ဖော်ပြထားပါတယ်။ ၂၀၂၁ နဲ့ ၂၀၂၃ ခုနှစ်အကြား မြေရှားသတ္ထုတူးဖော်မှုက ၄၀ ရာခိုင်နှုန်းမြင့်တက်လာသလို လုပ်ငန်းခွင်ပေါင်း ၃၀၀ လောက်ရှိတယ်လို့လည်း အဲဒီအစီရင်ခံစာက ဖော်ပြပါတယ်။
ဒီတော့ အဲဒီ လုပ်ငန်းခွင်ပေါင်း ၃၀၀ လောက်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ လူမှုဘဝတွေကို ဘယ်သူတွေက တာဝန်ယူမှာလဲဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ Global Witness ရဲ့ တွေ့ဆုံမှုအရဆိုရင် သတ္ထုတူးဖော်တဲ့ဒေသတစ်ခုလုံးက အလုပ်သမားတွေဟာ ချောင်းဆိုးတာ၊ ထုံကျင်တာ၊ အရေပြားနဲ့ ကျောက်ကပ်ပြဿနာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှုဟာ ကချင်အထူးဒေသ ၁ ပန်ဝါကနေ ချီဖွေမြို့နယ်ဘက်အထိ တဖြည်းဖြည်း တိုးပွားလာနေတာဟာ အခုဆိုရင် ချီဖွေမြို့ရဲ့တောင်ဘက် မိုးမောက်မြို့နယ်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါတယ်။
မြေရှားသတ္ထု ကမ္ဘာ့လားရာ
ဒီနေ့ကမ္ဘာဟာ မြေရှားသတ္ထုတွေကို အကြီးအကျယ်သုံးစွဲနေကြရပါတယ်။ အထူးသဖြင့် ခေတ်သစ်လူ့ဘောင်အတွက် မရှိမဖြစ်ပစ္စည်းတွေလို့ တင်စားရမဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ၊ လျှပ်စစ်ကားမှာသုံးတဲ့ ပြန်လည်အားသွင်းနိုင်တဲ့ ဘတ္ထရီတွေမှာ မြေရှားသတ္ထုကို သုံးနေကြရပါတယ်။ ပြီးတော့ ရေနံသန့်စင်တဲ့လုပ်ငန်းတွေ၊ CD Scan ၊ ကာကွယ်ရေးနဲ့ စစ်ရေးတွေ၊ ပင်လယ်အောက်ရှာဖွေရေးတွေ၊ ထောက်လှမ်းရေးကိစ္စတွေနဲ့ ရေဒါအတွက်လည်း မြေရှားသတ္ထုကို သုံးစွဲကြပါတယ်။ တခြား လျှပ်စစ်ပစ္စည်းထုတ်လုပ်တာတွေ၊ ဖန်ထည်မှန်ထည် လုပ်ငန်းတွေမှာလည်း သုံးကြပါသေးတယ်။
မြေရှားသတ္ထုဟာ မြန်မာနိုင်ငံမှာပဲ ထွက်ရှိတာမဟုတ်ပါဘူး။ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ တခြားနိုင်ငံတွေမှာလည်း အများအပြားထွက်ရှိပါတယ်။
ဆင်းရဲတဲ့ မြန်မာလိုနိုင်ငံတွေက မြေရှားသတ္ထုကို နှစ်စဉ်တန်ချိန်ပေါင်းများစွာ ထုတ်လုပ်နေပေမဲ့ ငွေကြေးကြွယ်ဝတဲ့နိုင်ငံတွေကတော့ သူတို့နိုင်ငံတွင်းက မြေရှားသတ္ထုတွေကို မထုတ်လုပ်ဘဲ သိုမှီးထားကြပါတယ်။ ဒါက အနာဂတ်အတွက် မရှိမဖြစ် အရေးပါလာမဲ့အရေးကို ကြိုတွေပြီး သူတို့ရဲ့ သယံဇာတသိုက်ကို မထိပါးဘဲ ထားတာဆိုရင် ပိုမှန်ပါတယ်။
ဥပမာပြောရင် တရုတ်လို ငွေကြေးတောင့်တင်းတဲ့နိုင်ငံကတော့ ကိုယ်နိုင်ငံမှာရှိတဲ့ မြေရှားသတ္ထုကို တန်ချိန်အများကြီး မထုတ်လုပ်ဘဲ အရေးပေါ်လိုအပ်ချက်တွေ ထားရှိပြီး တခြားနိုင်ငံတွေဆီက ဝယ်သုံးပါတယ်။ ဘရာဇီးနဲ့ အိန္ဒိယမှာဆိုရင် မြေရှားသတ္ထု တန်ချိန်ပေါင်း သိန်းနဲ့ချီ ရှိပါတယ်။ ဒါပေမယ့်သူတို့ကတော့ တစ်နှစ်ကို တန်ချိန် ၁၀၀၀-၂၀၀၀ ပဲ ထုတ်ယူပါတယ်။
ဒီနေ့ကမ္ဘာမှာ မြန်မာနိုင်ငံဆီကနေ မြေရှားသတ္ထုကို အများဆုံးဝယ်ယူသူက တရုတ်ပါ။ အားလုံးလည်း သိကြမှာပါ။ အမေရိကန် ဘူမိလေ့လာရေးအသင်း USGS အဆိုအရဆိုရင် ၂၀၁၈ တစ်နှစ်တည်းမှာ မြန်မာနိုင်ငံက မြေရှားသတ္ထု တန်ချိန် ၅,၀၀၀ လောက်ကို တရုတ်ကို ပို့ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကပဲ ဝယ်တာမဟုတ်၊ လာအိုနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဆီကလည်း မြေရှားသတ္ထုကို ဝယ်ယူပါသေးတယ်။
မထိုက်တန်သော သယံဇာတ
မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝတယ်ဆိုပြီး အစဉ်အဆက်က ပြောဆိုခဲ့ကြတာ တကယ်တမ်းလည်း မှန်ပါတယ်။ ဒါပေမဲ့ အဲဒီသယံဇာတတွေက နိုင်ငံအတွက် ဒါမှမဟုတ် နိုင်ငံသားတွေအတွက် အကျိုးခံစားခွင့် ရလားဆိုရင်တော့ ပြန်ဖြေဖို့ အတော်ဝမ်းနည်းစရာကိစ္စပါ။
မိုးကုတ်ရတနာမြေ၊ မြန်မာကျွန်းသစ်အပါအဝင် သစ်မာမျိုးစုံ၊ ကမ်းလွန်သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး ဖြစ်ထွန်းပြီး မြေဆီဩဇာဆီအပြည့်နဲ့ကျယ်ပြန့်တဲ့ မြစ်ဝှမ်းလွင်ပြင် ဒီလို သယံဇာတတွေက မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ စီမံအုပ်ချုပ်မှုညံ့ဖျင်းမှုနဲ့ အမြော်အမြင်နည်းတွေက အဲဒီသယံဇာတကို ထုတ်ယူခံစားနိုင်ဖို့ အဟန့်အတား ဖြစ်နေရပါတယ်။ ဒါကို သယံဇာတကျိန်စာလို့လည်း ဆိုကြပါတယ်။
ဒီနေ့တော့ မြေရှားသတ္ထုဆိုတာလည်း အဲဒီလို သယံဇာတကျိန်စာသင့်နေတဲ့ ဘုရားပေးတဲ့လက်ဆောင်လို့ ဆိုရတော့မှာပါ။ အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ ကချင်ပြည်နယ်နဲ့ တနင်္သာရီက မြေရှားသတ္ထုတွေကို စိတ်တိုင်းကျ တူးဖော်ပြီး အကျိုးခံစားခွင့်တွေရနေချိန်မှာ နိုင်ငံသား မြန်မာတွေကတော့ သိပ်မကြာတဲ့ ကာလမှာ အဲဒီအတွက် ကြီးကြီးမားမား ပြန်လည်ပေးဆပ်ရဖို့ ရှိနေပါတော့တယ်။
ဟန်သစ်အိမ် (Y3A)
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media