သီပေါမင်းသာ ပါတော်မမူခဲ့ရင် ပုသိမ်ထီးဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ပုသိမ်ထီးဆိုတဲ့ အင်မတန်ထူးခြားတဲ့ မြန်မာ့လက်မှုအနုပညာတစ်ခုက ပေါ်ထွက်လာစရာ မရှိတော့တဲ့အတွက် မြန်မာတွေအနေနဲ့ ဂုဏ်ယူစရာအမွေအနှစ်တစ်ခုကို ပိုင်ဆိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ နိုင်ငံရဲ့သမိုင်းနဲ့ ပုသိမ်ထီးရဲ့သမိုင်းနဲ့က ချိတ်ဆက်နေပါတယ်။ ဒီလိုဆိုရင် မေးစရာမေးခွန်းတွေ ရှိလာပါပြီ။

ပုသိမ်ထီးဆိုတာ ဘာလဲ၊ ဘာကြောင့် ပုသိမ်ထီးလို့ ခေါ်ခဲ့တာလဲ။ ပုသိမ်ထီးကို ဘယ်သူက စပြီး တီထွင်ခဲ့တာလဲ။ ပုသိမ်ထီးက သီပေါမင်းနဲ့ ဘယ်လိုများ ဆက်စပ်ခဲ့တာလဲ။ 

အရပ်သားတွေကို ငြင်းပယ်ထားခဲ့တဲ့ မြန်မာ့ထီးဓလေ့

တကယ်တော့ သီပေါမင်းလက်ထက်အထိ မြန်မာအရပ်သားတွေက ထီးဆောင်းခွင့် မရှိခဲ့ပါဘူး။ ဒါကိုရှင်းလင်းဖို့ဆိုရင် မြန်မာ့ရိုးရာထီးဓလေ့ကို ဦးစွာသဘောပေါက်ဖို့လိုပါတယ်။ 

မြန်မာ့ရှေးရိုးရာယုံကြည်မှုမှာ ထီးဆိုတာ အပူဇော်ခံထိုက်ခြင်းနဲ့ ဘုန်းတန်ခိုးအာဏာကိုပြတဲ့ အထိမ်းအမှတ်ဖြစ်လို မြင့်မြတ်တဲ့ အဆောင်အယောင်ကို ဖော်ကျူးပါတယ်။ ထီးကိုစောင့်ရှောက်တဲ့ ထီးချက်စောင့်နတ်သမီးရှိတယ်လို့လည်း ယုံကြည်ထားကြပါသေးတယ်။ ဒါကြောင့် ထီးဟာ သာမန်လူသုံးကုန် မဟုတ်ဘူးလို့ သတ်မှတ်ထားခဲ့ကြပါတယ်။

ပုဂံခေတ်ကစလို့ ကုန်းဘောင်ခေတ်အထိ ပဒေသရာဇ်ခေတ်တလျှောက်လုံး ထီးကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား၊ နန်းတွင်းအရာရှိတွေ၊ ဘုရင်ရဲ့ သူကောင်းပြုခံရသူတွေ နဲ့ ရဟန်းတော်တွေပဲ ထီးဆောင်းခွင့်ရှိပါတယ်။ ဥပမာပြောရရင် ဘုရင်တွေထိုင်တဲ့ ပလ္လင်နောက်မှာ ထီးဖြူမိုးကြသလို၊ ရဟန်းတွေပျံလွန်တော်မူရင် ထီးဖြူဆောင်းပေးကြသလိုမျိုးပါ။ 

သာမန်အရပ်သူ၊ အရပ်သားတစ်ယောက်အနေနဲ့ကတော့ ထီးဆောင်းခွင့်မရှိပါဘူး။ ထီးဆိုတာ သာမာန်ပြည်သူအတွက် မလျော်ကန်ဘူး ၊ မအပ်စပ်ဘူး၊ မထိုက်တန်ဘူးလို့ ယူဆကြပါတယ်။ ထီးဆောင်းခွင့်မရတဲ့ သာမာန်အရပ်သားတွေဟာ မှိုင်းခံစက္ကူနဲ့လုပ်တဲ့ ခမောက်တွေကိုပဲ သုံးခဲ့ကြရတာပါ။

ဒီလိုအစဉ်အလာကြီးခဲ့တဲ့ မြန်မာ့ထီးဆောင်းဓလေ့ဟာ မြန်မာနန်းဆက်ပြတ်တော့ သူလည်းပဲ ပျက်စီးခဲ့ရပါတယ်။ အကြောင်းကတော့ ဒီလိုပါ။ ၁၈၈၅ မှာ သီပေါမင်းပါတော်မူသွားတော့ နန်းတွင်းထဲက လက်မှုပညာသည်တွေလည်း နန်းတွင်းထဲကနေ ထွက်ခွာလာခဲ့ရပါတယ်။ နန်းတော်ပြင်ပရောက်ပြီး အသက်မွေးဝမ်းကြောင်းကိစ္စရှိလာပြန်တော့ နန်းတွင်းမှာလုပ်ခဲ့တဲ့ လက်မှုပညာနဲ့ပဲ အသက်မွေးကြရပါတယ်။

အဲဒီလက်မှုပညာသည်တွေထဲမှာ နန်းတွင်းထီးပညာရှင်တွေလည်း ပါဝင်ပါတယ်။ သူတို့တွေလည်း နန်းတွင်းမှာလုပ်ခဲ့တဲ့ ထီးလုပ်ငန်းနဲ့ပဲ အသက်မွေးခဲ့ကြရပါတယ်။

သီပေါမင်းပါတော်မူပြီး ဆယ်နှစ်အကြာမှာ အိမ်တော်ရာထီး ပေါ်လာပါတယ်။ နန်းတွင်းထီးပညာရှင်ကြီး ဦးချက်က စခဲ့တာပါ။ မန္တလေးက အိမ်တော်ရာစေတီနားမှာ လုပ်ခဲ့လို့ ဒေသစွဲနဲ့ အိမ်တော်ရာထီးလို့ ခေါ်ခဲ့ကြတာပါ။ အိမ်တော်ရာထီးဟာ အရပ်သူအရပ်သားတွေ ပထဆုံး စဆောင်းခွင့်ရတဲ့ ထီးပါပဲ။ သက္ကရာဇ် ၁၉၀၀ ကျော်လောက်ရောက်မှ ပုသိမ်ထီးဆိုတာ ပေါ်လာခဲ့တာပါ။ 

ပုသိမ်ထီးအစ ဘယ်ကလဲ

သီပေါမင်းပါတော်မူပြီး နန်းတွင်းထဲကနေ ထွက်လာခဲ့ကြရတဲ့ နန်းတွင်းလက်မှုပညာသည်တွေထဲမှာ တချို့က မန္တလေးမှာပဲ နေရစ်ခဲ့ကြပြီး တစ်ချို့က အောက်ပြည်ဘက် ဆင်းကြပါတယ်။

အောက်ပြည်ဘက် ဆင်းကြသူတွေထဲမှာ နန်းတွင်းထီးပညာရှင် ဦးရွှေစာလည်း ပါပါတယ်။ ၁၉၁၄ မှာ ဦးရွှေစာအပါအဝင် လူသုံးဆယ်လောက်က ပုသိမ်ကိုရောက်လာပါတယ်။ သူတို့လာကြတဲ့ အကြောင်းအရင်းက ရတနာဂီရိမှာ အကျဉ်းကျနေတဲ့ သီပေါမင်းဆီ သွားရောက်ဖို့ပါ။ ဒါကို အင်္ဂလိပ်တွေကသိတော့ သီပေါမင်းဆီသွားမယ့် အစီအစဉ်ကိုဖျက်ဖို့ ကြိုးစားကြပါတယ်။ ဦးရွှေစာတို့ကို ပုသိမ်မှာနေထိုင်ဖို့အတွက် ပုသိမ်မြို့ရဲ့ မြို့မကျောင်းလမ်းမှာ မြေနေရာတွေ ထောက်ပံ့ပေးပါတယ်။ ထီးလုပ်ချင်တယ်ဆိုရင်လည်း လုပ်ကိုင်ဖို့ ထီးရုံတွေကို ဖွင့်ခွင့်ပေးပါတယ်။ 

အဲဒီအချိန်က အထက်မြန်မာပြည်မှာ ထီးလုပ်ငန်းပေါ်နေပေမဲ့ အောက်မြန်မာပြည်မှာတော့ ထီးလုပ်ငန်းရယ်လို့ ရှိကြောင်း မှတ်တမ်းမတွေ့ပါဘူး။ အဲဒီလိုနဲ့ ပုသိမ်မှာ အခြေချနိုင်ဖို့ သွေးဆောင်တဲ့အခါ ဦးရွှေစာတို့လည်း သီပေါမင်းဆီသွားမဲ့ အစီအစဉ်ပျက်သွားပြီး ပုသိမ်မှာပဲ အခြေချနေထိုင်ဖြစ်သွားပါတယ်။ အသက်မွေးဝမ်းကြောင်းအတွက်လည်း ထီးလုပ်ငန်းကိုပဲ လုပ်ကိုင်ခဲ့ကြပါတယ်။

အဲဒီလိုကနေ ပုသိမ်ထီး စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ နန်းတွင်းထီးပညာရှင်ကြီး ဦးရွှေစာ က စတင်လုပ်ကိုင်ခဲ့ပေမဲ့ အိမ်တော်ရာထီးလိုပဲ ထွက်ရှိရာဒေသကိုအစွဲပြုပြီး ပုသိမ်ထီးရယ်လို့ ခေါ်ခဲ့ကြတာ ဒီနေ့ထိပါပဲ။

ပုသိမ်ထီးတစ်လက်ရဖို့ ဘာတွေလိုလဲ

ပုသိမ်ထီးရဲ့ သူမတူတဲ့ ထူးခြားချက်က စ လယ် ဆုံး စက်အကူအညီမပါဘဲ လက်နဲ့ပဲ ဖန်တီးရတဲ့ မြန်မာ့လက်မှုအနုပညာ စစ်စစ် ဖြစ်နေတာပါ။ ပုသိမ်ထီးတစ်လက်ဖြစ်ဖို့ အဆင့်ပေါင်းများစွာ ဖြတ်သန်းရပါတယ်။ အဲဒီအဆင့်တိုင်းကိုလည်း လွန်ခဲ့တဲ့နှစ်တစ်ရာဝန်းကျင်က လုပ်ခဲ့တဲ့ နန်းတွင်းထီးလုပ်ငန်းစဉ်အတိုင်း စက်အကူအညီမယူဘဲ လက်နဲ့ပဲ ဖန်တီးပါတယ်။

ပုသိမ်ထီးရဲ့ အဓိက ကုန်ကြမ်းကတော့ သစ် နဲ့ ဝါး ပါ။ ပုသိမ်ထီးရဲ့ ထီးကိုင်းတွေအတွက် ဒေသထွက်ဖြစ်တဲ့ သရကူဝါးကို သုံးပါတယ်။ ဒါပေမဲ့ သရကူဝါးဖြစ်ရုံနဲ့ ပြီးမသွားသေးပါဘူး။ သက်တမ်းအနုအရင့်ကို ကြည့်ရပါသေးတယ်။ ဝါးသက်တမ်းနုရင် ပိုးစားတတ်ပါတယ်။ သက်တမ်း ၉ နှစ် ရှိတဲ့ ဝါးက ထီးကိုင်းလုပ်ဖို့ အကောင်းဆုံးအနေအထားပါပဲ။

ထီးခေါင်းနဲ့ ထီးလက်ကိုင်ရိုးအတွက်တော့ မအူရွှေဝါသစ် ကို သုံးပါတယ်။ ထီးရွက်တွေကိုတော့ ချည်သား၊ ပိုးသား၊ ပိတ်သား သုံးပါတယ်။ ထီးရွက်တွေကို ကပ်ဖို့အတွက်တော့ ပလောပီနံဥကို အမှုန့်ကြိတ်၊ ရေနဲ့ဖျော်ပြီး ကော်အဖြစ် သုံးပါတယ်။

ထီးကိုင်းတွေပေါ် ထီးရွက်ကပ်ပြီးသွားရင်တော့ ထီးခရိုင်နဲ့ ထီးအုံမြဲနေအောင် ချည်ကြိုး၊ သိုးမွှေးကြိုးတွေနဲ့ ယက်ပြီး ချည်ပေးရပါတယ်။ ထီးအဖွင့်အပိတ်ခလုတ်ကိုလည်း သံ၊ စပရိန် မပါဘဲ သစ်သားနဲ့ပဲ လုပ်ပါတယ်။ ထီးကိုယ်ထည်ပြီးသွားလို့ ထီးရွက်တွေပေါ်မှာ ပန်းချီရေးပြီးရင်တော့ ပုသိမ်ထီးတစ်လက် ရပါပြီ။

ဒါတွေကတော့ ပုသိမ်ထီးတစ်လက်ရလာဖို့အတွက် အခြေခံကြမ်းခင်းအဆင့်တွေပါ။ ဒီဖြစ်စဉ်ထဲမှာ အသေးစိတ်လုပ်ရတဲ့ လုပ်ငန်းစဉ်အဆင့်တွေ အများကြီး ပါဝင်ပါသေးတယ်။

အရင်တုန်းကတော့ ပုသိမ်ထီးကို နွေနဲ့ဆောင်းမှာပဲ သုံးလို့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ မိုးတွင်းမှာပါ သုံးလို့ရအောင် ရေစိုခံနည်းတွေကို အသုံးပြုနေပါပြီ။ ရေစိုခံဖို့အတွက်ဆိုရင်တော့ ထီးရွက်တွေကို တည်သီးကရတဲ့ သစ်စေးနဲ့ နှမ်းဆီးကို သုတ်လိမ်းပေးရပါတယ်။

ပုသိမ်ထီးရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပါဝင်ကုန်ကြမ်းတွေကိုကြည့်ရင် သဘာဝပစ္စည်းတွေကိုပဲ သုံးထားတာကို တွေ့ရမှာပါ။ ဝါးနဲ့သစ်ကို အခြေခံထားတာကြောင့် အေးတဲအခါ ထီးရွက်တွေက အနည်းငယ်ကွေးသွားပြီး ပူလာတဲ့အခါ ထီးရွက်တွေပြန့်ပြီး ဝိုင်းဝိုင်းကလေးဖြစ်နေတတ်တာ ပုသိမ်ထီးရဲ့ ထူးခြားချက်နောက်တစ်ခုပါပဲ။

 

လက်ရှိ ပုသိမ်ထီးအခြေအနေ

ပုသိမ်ထီးဟာ တစ်ချိန်တုန်းကတော့ မြန်မာအမျိုးသမီးတွေကြားမှာ ရေပန်းစားပြီး ဖက်ရှင်ကျတဲ့ အဆင်တန်ဆာတစ်မျိုး ဖြစ်ခဲ့တာပါ။ တေးသီချင်းတွေထဲမှာတောင် ပုသိမ်ထီးအကြောင်း ရေးဖွဲ့စပ်ဆိုကြပါတယ်။ 

နောက်ပိုင်း နိုင်ငံခြားဖြစ် သံကိုင်းတပ် ပိုးထီး၊ ဖဲထီးတွေ ဝင်လာချိန်မှာတော့ ပုသိမ်ထီးက မှေးမှိန်လာပါတယ်။ အလွယ်တကူ ခေါက်သိမ်းလို့ မရတာ။ ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့မရတာတွေက နိုင်ငံခြားဖြစ်ထီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ အားနည်းချက်တွေ ဖြစ်လာပါတယ်။ ဒီနေ့ခေတ်မှာတော့ ပုသိမ်ထီးဆောင်းတဲ့ဓလေ့ကို အလှူလှည့်နဲ့ ဘုရားပွဲတွေလောက်မှာပဲ တွေ့ရပါတော့တယ်။

ဒါတွေကတော့ သုံးစွဲသူတွေဘက်က ဖြစ်လာတဲ့ ပုသိမ်ထီးရဲ့အခြေအနေပါ။ ထုတ်လုပ်မှုပိုင်းမှာဆိုလည်း အခက်အခဲတွေ ရှိနေပါတယ်။

ပထမအချက်က ကုန်ကြမ်းပြဿနာပါ။ မြစ်ဝကျွန်းပေါ်ဒေသမှာ ဝါးတောတွေရှိပေမဲ့ ပုသိမ်တဝိုက်မှာသာပေါက်တဲ့ သရကူဝါးကသာ ပုသိမ်ထီးအတွက် အကောင်းဆုံးဝါးဖြစ်နေတာက ကုန်ကြမ်းပြဿနာ ဖြစ်လာစေပါတယ်။ လက်ရှိမှာ သရကူဝါးတောပြုန်းတီးလာမှုက စိတ်ပူရမယ့်အနေအထားကို ရောက်နေပါပြီ။ ဒီအတွက် ရေရှည်တည်တံ့မယ့်စိုက်ပျိုးရေးနည်းစနစ်လည်း မရှိသလို ကုန်ကြမ်းထိန်းသိမ်းမှု နည်းစနစ်တွေလည်း ရှိမနေပါဘူး။

ဒုတိယအချက်ကတော့ ပုသိမ်ထီးပြုလုပ်မယ့် ပညာရှင်နဲ့ ပုသိမ်ထီးလုပ်သား ရှားပါးလာခြင်းပါ။ လက်ဆင့်ကမ်းပြီး သယ်ဆောင်သွားရမယ့် အမွေအနှစ်ပညာရပ်ဟာ အမွေဆက်ခံမယ့် မျိုးဆက် ပြတ်လုနီးပါး ဖြစ်နေပါပြီ။ ပုသိမ်ထီးပြုလုပ်ခြင်း ပညာရပ်ဟာ အနုစိပ်ပြီး လက်ဝင်ပါတယ်။ ကျွမ်းကျင်စွာတတ်မြောက်ဖို့ အချိန်တော်တော်ယူရပါတယ်။ အဲဒါကြောင့် ရေတိုသင်ကြားပြီး ဝင်ငွေမြန်မြန်ရမယ့် ပညာရပ်တွေနဲ့ယှဉ်လိုက်တဲ့အခါ နောက်ကျကျန်ခဲ့သလို ဖြစ်နေပါတယ်။  ပုသိမ်ထီးလုပ်ငန်းကနေ ရရှိမယ့်ဝင်ငွေထက် အခြားသောလုပ်ငန်းများနဲ့ အသက်မွေးမှုက ပိုပြီးအဆင်ပြေချောမွေ့တာကလည်း ပညာအမွေဆက်ခံမယ့်မျိုးဆက် ရှားပါးလာရခြင်း အကြောင်းပါပဲ။

နောက်ဆုံးအချက်ကတော့ ဈေးကွက်ပါ။ ကိုဗစ်မတိုင်ခင် ကာလတွေတုန်းက ပုသိမ်ထီးဈေးကွက်ဟာ တော်တော်လေးကို အရှိန်ကောင်းနေခဲ့ပါတယ်။ အများသုံးထီးတွေလို အစဉ်အမြဲသုံးတာမျိုး မဟုတ်ပေမဲ့ အလှူမင်္ဂလာပွဲတွေ၊ ဘာသာရေးပွဲတော်တွေနဲ့ ဒေသန္တရပွဲတော်တွေအတွက် ပြည်တွင်းဝယ်ယူမှုနှုန်းက မြင့်ပါတယ်။ ပုသိမ်ထီးကို အလှဆင်ဖို့အတွက်ပါ သုံးကြတာဖြစ်လို့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေ နဲ့ ကုမ္ပဏီတွေကလည်း အဝယ်လိုက်ပါတယ်။

ခရီးသွားဧည့်သည်တွေရဲ့ အိမ်အပြန်လက်ဆောင်ဝယ်ယူမှုကလည်း အားကောင်းသလို ပုသိမ်ထီးလုပ်ငန်းစဉ်ကို လေ့လာတဲ့ခရီးသွားအစီအစဉ်တွေလည်း ရှိခဲ့ပါတယ်။ မြန်မာ့ပုသိမ်ထီးတွေဟာ အခြားသောနိုင်ငံတွေရဲ့ ရိုးရာထီးတွေထက် အကြမ်းခံနိုင်တဲ့အတွက် ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိပါ ရောင်းအားကောင်းပါတယ်။

ကိုဗစ်ဖြစ်သွားချိန် ခရီးသွားကဏ္ဍတွေ ကျဆင်းလာတဲ့အခါ လုပ်ငန်းနှောင့်နှေးတာမျိုး ရှိခဲ့ပေမဲ့ ဈေးကွက်ပျက်လောက်တဲ့အထိ မဖြစ်ခဲ့ပါဘူး။ ၂၀၂၀ လောက်အထိ အဆင်ပြေတဲ့လုပ်ငန်းလည်ပတ်မှုမျိုး ရှိခဲ့တယ်လို့ ပုသိမ်ထီးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အာဏာသိမ်းမှုအလွန်မှာတော့ ကုန်ကြမ်းရှားပါးလာတာ၊ ခရီးသွားဂဏ္ဍ ရပ်တန့်သွားတာ၊ အရင်က ဝယ်ယူနေကျဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ ညောင်ဦး ဒေသတွေနဲ့ ပြည်ပဝယ်လိုအားက လုံးဝဝယ်ယူမှု မရှိတော့တာကြောင့် ပုသိမ်ထီးဈေးကွက်ဟာ ပျက်လုနီးပါးအခြေအနေကို ဆိုက်ရောက်နေပါပြီ။

ပုသိမ်ထီးဈေးကွက်ဟာ လုံးဝပြိုကျလုနီးနီး ဖြစ်လာတော့ ပုသိမ်ထီးလုပ်ငန်းရဲ့ အဓိကကျတဲ့ ပုသိမ်ထီးရက်လုပ်သူ ပညာရှင်တွေ၊ ထီးအကြမ်းထည်လုပ်သားတွေ၊ ပုသိမ်ထီးပန်းချီပညာရှင်တွေ နဲ့ သရကူဝါးစိုက်ပျိုးထုတ်လုပ်သူတွေကိုပါ ရေရှည်ရပ်တည်ဖို့အတွက် အခက်အခဲတွေ ဖြစ်လာစေပါတယ်။

အခုဆို ရွှေစာပုသိမ်ထီးလုပ်ငန်းလို လုပ်ငန်းကြီးတွေလောက်သာ တောင့်ခံနိုင်သလို ဖြစ်နေပြီး တစ်ပိုင်တစ်နိုင် ထုတ်လုပ်သူတွေအနေနဲ့ကတော့ ပုသိမ်ထီးလုပ်ငန်းကို ရပ်နားပြီး အခြားလုပ်ငန်းကို ကူးပြောင်းနေကြပါပြီ။ 

လက်ရှိ လုပ်ကိုင်နေသူတွေကလည်း ရိုးရာအမွေကို မပျောက်ပျက်အောင် ထိန်းသိမ်းလိုစိတ်ရှိတဲ့အပြင် လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ ရိုးရာလုပ်ငန်းဖြစ်တာကြောင့် ကြုံလာသမျှကို ကျားကန်ထားပြီး ကြိုးစားရပ်တည်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။

၂၀၂၁ နောက်ပိုင်းမှာတော့ နိုင်ငံတော်က ဒေသထွက်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့ အကြိမ်ကြိမ်ပြောဆိုနေပေမဲ့ လက်တွေ့ အကူအညီနဲ့ အထောက်အပံ့တွေကိုတော့ မတွေ့ရသေးပါဘူး။

မြန်မာ့အမွေအနှစ် လက်မှုအနုပညာဖြစ်တဲ့ ပုသိမ်ထီးတို့ အဓိကထွက်ရှိရာ ရေသောက်မြစ်ဖြစ်တဲ့ ပုသိမ်မြို့ရဲ့ တောရကျောင်းလမ်းရပ်ကွက်လေးဟာ ကယ်သူမဲ့နေပြီး အသက်ကို မျှင်းရှူနေရသလို ဖြစ်နေရှာပါတယ်။ ရပ်နားလိုက်ရတဲ့ ပုသိမ်ထီးအလုပ်ရုံလေးတွေကြားမှာ နေပူလှမ်းထားတဲ့ ရောင်စုံပုသိမ်ထီးလေးတွေဟာ ဟိုတစ်ကွက် ဒီတစ်ကွက်သာ ကျိုးတို့ကျဲတဲ ရှိနေပါတော့တယ်။ ဒါက ပုသိမ်ထီးရဲ့ နောက်ဆုံးထွက်သက်များ ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာဦးမှာပဲ ဖြစ်ပါတော့တယ်။ 

နုသစ်မိုး(Y3A)

လှေထိုးသားဘဝမှသည် ပထမဆုံး မြန်မာတိုင်းရင်းသား ဘဏ်လုပ်ငန်းရှင်ဖြစ်လာသူ
မြန်မာတိုင်းရင်းသားပိုင်တဲ့ ပထမဆုံးဘဏ်လုပ်ငန်းကို တည်ထောင်ခဲ့သူဟာ မြန်မာနိုင်ငံမှာ မွေးဖွားသူ မဟုတ်ဘူးလို့ပြောရင် ယုံဖို့ခက်ပါတယ်။ ဒါပေမဲ့လည်း အဲဒါက
ရွှေပြည်သာဟာ နိုင်ငံတကာအမှိုက်ပုံလား
ရွှေပြည်သာမှာနေထိုင်တဲ့ လက်လုပ်လက်စားလူတစ်ယောက်အနေနဲ့ အင်္ဂလန်လိုနိုင်ငံကို သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲနိုင်ပေမဲ့ အင်္ဂလန်က

Build Myanmar-Media Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!