ဧရာမ မီးပုံးပျံကြီးတွေကို မြင်ဖူးကောင်းမြင်ဖူးနိုင်ပေမဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်က မီးပုံးပျံကြီးတွေကတော့ မြင်ဖူးတဲ့ မီးပုံးပျံတွေနဲ့ တူမှာမဟုတ်ပါဘူး။ တန်ဆောင်မုန်းလရဲ့ အေးမြတဲ့ညမှာ ရှမ်းအိုးစည်သံတွေ နားထောင်ရင်း မီးရောင်စုံတွေ ချိတ်ဆွဲအလှဆင်ထားတဲ့ ဧရာမမီးပုံးပျံကြီးတွေ ကောင်းကင်ယံပေါ် လွင့်တက်သွားတာကို ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မတူပါဘူး။

ဒီမီးပုံးပျံကြီးတွေဟာ အလှဆင်ထားတဲ့ ဧရာမ မီးပုံးပျံကြီးတွေဆိုတာထက် အများကြီး ပိုပါတယ်။ဒီမီးပုံးပျံကြီးထဲမှာ ယုံကြည်မှုတွေ မျှော်လင့်ချက်တွေ နဲ့ ခွန်အားတွေလည်း ပါနေပါတယ်။ ပြောရရင် တောင်ကြီးမီးပုံးပျံကြီးတွေဟာ အသက်ရှူနေတဲ့ သတ္တဝါဆန်းကြီးတွေလိုပါပဲ။

မီးပုံးပျံပွဲအစ ကုန်းသာကျောင်းက

အခုလို ခြိမ့်ခြိမ့်သဲသဲ လုပ်တဲ့ တောင်ကြီးမီးပုံးပျံပွဲရဲ့ အစဦးကတော့ ကုန်းသာဘုန်းကြီးကျောင်းက လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။

ရှမ်းတိုင်းရင်သားတွေဟာ မီးပုံးပျံလွှတ်ရင် ကံကောင်းတယ်၊ ကံဇာတာတက်တယ်၊ ဗျောက်အိုးဖောက်ရင် မကောင်းဆိုးဝါးတွေပြေးတယ်လို့ ထုံးတမ်းစဉ်လာအရ ယုံကြည်ထားကြပါတယ်။ ကိုလိုနီခေတ်မှာဆိုရင် မီးပုံးပျံတွေ လွှတ်ကြပြီး အိမ်တိုင်းလိုလို ဗျောက်အိုးဖောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပွဲတော်သဘောမျိုးအထိတော့ ကြီးကြီးကျယ်ကျယ် ဖြစ်မလာသေးပါဘူး။

၁၉၄၁ ခုနှစ် တန်ဆောင်မုန်းလမှာ ကုန်းသာဘုန်းကြီးကျောင်းက ဆရာတော်က ဦးစီးပြီး အချင်းပေ ၅၀ နီးပါးရှိတဲ့ မီးပုံးပျံကြီးကို လုပ်ခဲ့ပါတယ်။ မီးပုံးပျံကြီးကို ပိတ်စ နဲ့ လုပ်ပါတယ်။ ဒီအတွက် စာရေးကတော်ကြီး ဒေါ်သင့် နဲ့ အဖွဲ့က တာဝန်ယူပြီး ချုပ်ပေးပါတယ်။ မီးပုံးပျံချုပ်ချိန်ဟာ တစ်လ တိတိ ကြာခဲ့ပါတယ်။ မီးစာအတွက် သံကို သင်္ကန်းစကျစ်ပြီး ရေနံချေးနဲ့ မီးစာ လုပ်ပါတယ်။ မီးစာရဲ့ လုံးပတ်က အချင်း ၂ ပေနီးပါး ရှိပါတယ်။ ဒါက လူတစ်ပွေ့စာလောက် ရှိတာပါ။ မီးစာအမြင့်က ၁၀ ပေ ရှိပါတယ်။ မီးစာကိုတော့ ဦးလှဖေနဲ့အဖွဲ့ တာဝန်ယူပြီး လုပ်ပေးပါတယ်။ မီးပုံးပျံကြီးရဲ့ အောက်မှာလည်း လူ့အသုံးအဆောင် ပစ္စည်းအစုံကို ပံ့သကူပစ္စည်းတွေအဖြစ် ချိတ်ဆွဲပေးပါတယ်။ ဒီပစ္စည်းတွေကို ချိတ်ဖို့အတွက် အောက်ဆွဲထည်ကို ဝါးနဲ့လုပ်ပါတယ်။  

မီးပုံးပျံရော မီးစာရော အောက်ဆွဲထည်ရော ရပြီဆိုတော့မှ မီးပုံးပျံလွှတ်ဖို့ ပြင်ပါတော့တယ်။ အားလုံးစုပေါင်းလုပ်ထားတဲ့ မီးပုံးပျံကြီးကို ကုန်းသာကျောင်းရဲ့ ကုန်းပေါ်ကနေ လွှတ်တင်ခဲ့ပါတယ်။ ဒီမီးပုံးပျံကြီးဟာ တောင်ကြီးမီးပုံးပျံပွဲတော်ကြီး ဖြစ်လာဖို့ အစပျိုးခဲ့တဲ့ မီးပုံးပျံကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၁၉၄၅ ရောက်တော့ တောင်ကြီးမြို့  တန်ဆောင်တိုင်ပွဲတော်ဆိုပြီး စတင်ကျင်းပါတယ်။ ပြိုင်ပွဲရယ်လို့ မဟုတ်ဘဲ အပျော်သဘောနဲ့ ပွဲတော်မှာ မီးပုံးပျံတွေကို လွှတ်ကြပါတယ်။ အဲဒီတုန်းက ယမ်းတွေ မထည့်ကြသေးပါဘူး။ နောက်နှစ်တွေမှာလည်း ဒီအတိုင်းလုပ်ကြပါတယ်။ ရပ်ကွက်တစ်ခုနဲ့ တစ်ခု သူ့ထက်ငါ အပြိုင်အဆိုင်တွေ ဖြစ်လာပါတယ်။ မီးပုံးပျံလွှတ်ပြီဆိုရင် “ ငါတို့ရပ်ကွက် မီးကိုနိုင်ချင် ဆယ်နှစ်ဆယ်မိုး ကြိုးစားပါဦး” ဆိုတဲ့ သံချပ်တွေ အပြိုင်အဆိုင် ရွတ်ကြပါတယ်။

အဲဒီလို အပြိုင်အဆိုင် အငြင်းပွားရာကနေ မြို့မိမြို့ဖနဲ့ သမာသမတ်ရှိတဲ့ လူကြီးတွေက အကဲဖြတ်ပေးရတဲ့ ပြိုင်ပွဲ အဆင့်ကို ရောက်လာပါတယ်။ ၁၉၅၀ ကျော် မှာတော့  မီးပုံးပျံပြိုင်ပွဲမှာ မီးရှူးမီးပန်းတွေ၊ ဗျောက်အိုးတွေပါ ထည့်သွင်းပြီး မီးပုံးပျံလွှတ်လာကြပါတယ်။ သိမ်တောင်ဆရာတော်ရဲ့ မြန်မာ့နည်း မြန်မာ့ဟန် ယမ်းစပ်နည်းကိုအခြေခံပြီး တီထွင်ဆန်းသစ်လာကြပါတယ်။

အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့တဲ့ တောင်ကြီးမီးပုံးပျံပွဲတော်ရဲ့ သက်တမ်းက အခုဆိုရင်ပဲ နှစ်ပေါင်း ၇၀ ကျော် ရှိခဲ့ပါပြီ။ ၁၉၄၉ မှာ တစ်ကြိမ်၊ ၁၉၈၈ မှာတစ်ကြိမ် နဲ့ ကိုဗစ်ကာလမှာ ရပ်နားခဲ့တာကလွဲလို့ အခုထိ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ကျင်းပနေတဲ့ ရှမ်းတို့ရဲ့ အမြတ်တနိုးပွဲတော်ကြီးဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ တောင်ကြီးမီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့ရဲ့ အဝေရာကွင်းကြီးထဲမှာ ကျင်းပပြုလုပ်ပါတယ်။

ညမီးကြီး လား၊ စိန်နားပန်လား

တောင်ကြီးမီးပုံးပျံပွဲမှာ လွှတ်တင်ကြတဲ့ မီးပုံးပျံ အမျိုးအစား သုံးမျိုး ရှိပါတယ်။ နေ့ဘက်မှာ လွှတ်တင်ကြတာက အရုပ်ပုံစံမျိုးစုံ ပြုလုပ်ထားတဲ့ မီးပုံးပျံကြီးတွေပါ။ 

ညဘက်လွှတ်တင်တဲ့ထဲမှာတော့ ညမီးကြီး နဲ့ စိန်နားပန် ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ညမီးကြီးက မီးရှူးမီးပန်းတွေ ချိတ်ဆွဲပြီး လေထဲရောက်မှ ပေါက်ကွဲတဲ့ အလှပြမီးပုံးပျံပါ။ စိန်နားပန်ကတော့ မီးရှူးမီးပန်း မပါဘဲ မီးပုံးသေးသေးလေးတွေနဲ့ ပုံစံဖော်ပြီး အလှပြတဲ့ မီးပုံးပျံပါ။ ဒီသုံးမျိုးထဲမှာ ညမီးကြီးကတော့ လူကြိုက်အများဆုံး၊ အခက်ခဲဆုံး နဲ့ ပညာသားအပါဆုံး မီးပုံးပျံအမျိုးအစားပါ။

နေ့ဘက်ပွဲထက် ညဘက်ပွဲက ပိုစည်ပါတယ်။ မီးပုံးပျံပွဲရဲ့ အမှတ်အသားအားဖြင့်လည်း ညဘက်ပွဲက ပိုပြီး ထင်ရှားပါတယ်။ မီးပုံးပျံပြိုင်ပွဲကို စောင့်ကြည့်သူတစ်ယောက်ဟာ စိတ်လှုပ်ရှားမှု၊ ရင်ခုန်မှု နဲ့ ပျော်ရွှင်မှုတွေကို ပြိုင်ပွဲဝင်တွေနဲ့အတူတူ လိုက်ပါခံစားရစေပါတယ်။ မှိုင်းတိုက်တော့မှ တဖြည်းဖြည်း ရုပ်လုံးပေါ်ပြီး လှလာတဲ့ စိန်နားပန် မီးပုံးပျံကြီးကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးဖို့ ကောင်းပါတယ်။ ကောင်းကင်ပေါ်ရောက်မှ ရောင်စုံမီးရှူးမီးပန်းတွေ ဖြာထွက်ကျဆင်းလာတဲ့ ညမီးကြီးရဲ့ အလှကို ငေးမောရတာလည်း အံ့မခန်းပါပဲ။

မီးပုံးပျံတွေရဲ့ အတွင်းဝိဉာဉ်

ရိုးရာပွဲတော်တွေတိုင်းဟာ ဒြပ်မဲ့ယဉ်ကျေးမှုတွေပါ။ ထိလို့ ကိုင်လို့မရ၊ အကောင်အထည်လိုက် ပြလို့မရတဲ့ စိတ်ဝိဉာဉ်တွေ၊ ကိုးကွယ်ယုံကြည်မှုတွေနဲ့ နှလုံးသားခံယူချက်တွေ ရောယှက်ပါဝင်နေလို့ပါ။ 

တောင်ကြီးတန်ဆောင်တိုင်ပွဲရဲ့ မီးပုံးပျံတွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ မီးပုံးပျံကြီးတွေပဲဆိုတဲ့ အကောင်အထည်လိုက် မြင်ရတဲ့ ပမာဏထက် ပိုကြီးမားပြီး ပိုပြီးသိပ်သည်းတဲ့ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုတွေ ပါဝင်နေပါတယ်။

ပိုက်ဆံရှိတိုင်းလည်း ဖန်တီးယူလို့ မရပါဘူး။ သူ့နေရာနဲ့သူ စုပေါင်းပါဝင်ပြီး တာဝန်ယူမှု ရှိမှ မီးပုံးပျံတစ်ခု ဖြစ်လာတာပါ။ သာမာန် ဇွဲလုံ့လလောက်နဲ့ စွမ်းနိုင်တဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ မီးပုံးပျံတစ်လုံးရဖို့ တစ်နှစ်ပတ်လုံး အချိန်ယူရပါတယ်။

သင်္ကြန်ပြီးပြီဆိုတာနဲ့ မိုင်းကိုင်အရပ်က ထွက်တဲ့ စက္ကူ၊ ဒေသထွက် ဝါး ၊ ယမ်း စသဖြင့် ကိုယ်စီကိုယ်စီ တာဝန်ယူပြီး အားထုတ်ရပါတယ်။ မီးပုံးပျံအရုပ်ချိုးဖို့ ပညာရှင်၊ ယမ်းစပ်တဲ့ပညာရှင် နဲ့ အခြားတိုလီထွာလီကအစ ကိုယ့်နေရာကိုယ် တာဝန်အကျေဆုံးဖြစ်အောင် လုပ်ရပါတယ်။ မီးပုံးပျံတစ်လုံးအတွက် စက္ကူအချပ်ရေ တစ်ထောင်ကျော်သုံးရပါတယ်။ ဒါတွေကို စက်အကူအညီမပါဘဲ လက်နဲ့ချည်း ဖန်တီးရတာပါ၊၊ ဒီမှာတင်ပဲ ဘယ်လောက်ပင်ပန်းပြီး လူအင်အားဘယ်လောက်သုံးရမလဲ ဆိုတာ တွက်ကြည့်လို့ရပါတယ်။

အရုပ်ချိုးမယ်ဆိုရင်လည်း ကိုယ်လိုချင်တဲ့ ပုံစံအတိုင်းရဖို့ ၊ စိတ်ကူးထားတဲ့ပုံအတိုင်း ရရှိဖို့အတွက် ဦးနှောက်ရော လုပ်အားရော,၊ စိတ်ရှည်မှုရော လိုပါတယ်။ ယမ်းစပ်သူတစ်ယောက်အတွက်ဆိုလည်း ပိုလို့တောင် တာဝန်ကြီးပါသေးတယ်။ ပေါက်ကွဲအားကို ချိန်သားကိုက်ဖို့ရယ် အလေးချိန်ရယ်ကို တွက်ချက်ရတာတွေက အမှားအယွင်းခံလို့မရပါဘူး။ မီးပုံးပျံပွဲအတွက် ယမ်းစပ်ရင်း မတော်တဆဖြစ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။

အားလုံးပြီးစီးလို့ ရှမ်းအိုးစည်သံနဲ့အတူ ပြိုင်ပွဲဝင်ကွင်းထဲ ဝင်လာပြီဆိုတာနဲ့ ရှေးရှေးတုန်းက လုပ်ခဲ့တာတွေထက် ပိုကြီးတဲ့တာဝန်တွေ ရှိလာပါပြီ။

ညမီးကြီး တစ်လုံးကို လွှတ်တင်နိုင်ဖို့ လူ ၁၀၀ ဝန်းကျင်လောက် လိုပါတယ်။ မှိုင်းဝ လာတဲ့ မီးပုံးပျံကြီးကို ဝိုင်းထိန်းထားဖို့ဆိုတာ လူတိုင်းအလွယ်တကူ လုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ လေတိုက်နှုန်းကို နားလည်ရပါတယ်။ အတွေ့အကြုံရှိရပါတယ်။ လေ့ကျင့်သား ပြည့်ဝ နေရပါတယ်။

မှိုင်း ဝ အောင် မီးစာရှို့တဲ့သူကလည်း တာဝန်မသေးပါဘူး။ အန္တရာယ်တော်တော်များပါတယ်။ အခန့်မသင့်ရင် မီးလောင်တာ၊ ယမ်းပေါက်ကွဲတာမျိုး ဖြစ်သွားနိုင်ပါတယ်။ အတွေ့အကြုံရယ်၊ လေ့ကျင့်မှုရယ် ပညာရယ် လိုပါတယ်။

အေးလှတဲ့ ရှမ်းပြည်ရဲ့ ဆောင်းတွင်းကြီးမှာ မီးစာရှို့သူတွေလည်း ချွေးဒီးဒီးကျ၊ မီးပုံးပျံထိန်းသူတွေကလည်း ချွေးဒီးဒီးကျ ၊ စောင့်ကြည့်နေသူတွေကလည်း ရင်တမမနဲ့ပါ။

တဖြည်းဖြည်း မှိုင်းဝ လာတဲ့ မီးပုံးပျံကြီးရဲ့  ရုန်းကန်အားကို ထိန်းညှိရင်း ဘယ်အနေအထားဆို မှိုင်းဝပြီ ဆိုတာရယ် ဘယ်အချိန်လောက်မှာ လွှတ်ရမယ်ဆိုတာရယ်က အရေးကြီးဆုံး အဆင့်ပါပဲ။ တစ်နှစ်လုံးနီးပါး ပြင်ဆင်ထားခဲ့ရတဲ့ ကိုယ့်ရဲ့မီးပုံးပျံ အထိအခိုက်ကင်းကင်းနဲ့ ကောင်းကင်ပေါ် တက်သွားဖို့က အန္တိမပန်းတိုင် ဖြစ်လာပါတယ်။

လွှတ်တင်လိုက်တဲ့ မီးပုံးပျံကြီးဟာ ကောင်းကင်ယံပေါ် တလွင့်လွင့် တက်သွားနိုင်ပြီဆိုတာနဲ့ ပြိုင်ပွဲဝင်မဆိုထားနဲ့ ကြည့်သူတွေတောင် ပျော်မဆုံး မော်မဆုံးတော့ပါ။ ကြက်သီးမွေးညင်းထတဲ့အထိ ပျော်ဖို့ ကြည်နူးဖို့ ကောင်းပါတယ်။  ကိုယ့်အဖွဲ့ မီးပုံးပျံကြီး အထိအခိုက်ကင်းကင်းနဲ့ ကောင်းကင်ယံပေါ်တက်နိုင်သွားတယ်ဆိုတာ ပွဲတော်ရဲ့ အသက်ပါပဲ။ ပါဝင်သူအားလုံးရဲ့ ထပ်တူညီတဲ့ ဆုတောင်းပါပဲ။ ဒီအတွက် တစ်နှစ်ပတ်လုံး ပြင်ဆင်ထားခဲ့ရပါတယ်။ ဘက်စုံထောင့်စုံကနေ တွက်ချက်ပြီး အထိအခိုက် အမှားအယွင်း မရှိအောင် ပြင်ဆင်ထားခဲ့ရပါတယ်။

မအောင်မြင်ဘဲ ချွတ်ချော်ပြီး  မီးပုံးပျံဟာ မီးလောင်ပျက်စီးသွားရတယ်ဆိုရင် ဆုံးရှုံးထိခိုက်ရတာ ငွေကြေးတင် မကတော့ပါဘူး။ တစ်နှစ်ပတ်လုံး မြှုပ်နှံထားခဲ့တဲ့ စိတ်ဝိဉာဉ်တွေပါ ထိခိုက်ရပါတယ်။

ဒါကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ မီးပုံးပျံတွေဟာ သာမာန် ဧရာမ မီးပုံးပျံကြီးတွေပါပဲဆိုတဲ့ ဖြစ်တည်မှုထက် အဆပေါင်းများစွာ ပိုသာနေတာပါ။

တောင်ကြီးမီးပုံးပျံနှင့် ယူနက်စကို

တောင်ကြီးမီးပုံးပျံပွဲတော်ဓလေ့ဟာ ရိုးရာယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ပွဲတော်ဖြစ်ပြီး ပွဲတော်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ရိုးရာဟန်အတိုင်း ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

အမှတ်ပေးစနစ်မှာ မှိုင်းခံစနစ်ကို အမှတ် ၂၀ ထိ ပေးပါတယ်။ မြန်မြန်တက်နိုင်ရင် အမှတ်များများ ရပါတယ်။ တစ်မိနစ်နောက်ကျတာနဲ့ တစ်မှတ်နှုတ်ပါတယ်။

ပုံသဏ္ဍာန်ပိုင်းမှာဆိုရင် ကိုယ်ပုံဖော်ထားတဲ့ အရုပ်ပုံသဏ္ဍာန်က သဘာဝနဲ့ အနီးစပ်ဆုံး တူညီမှု ရှိမရှိကို ကြည့်ပြီး အမှတ်ပေးပါတယ်။

မီးပုံးပျံ အတက် ကောင်းမကောင်းကိုလည်းအမှတ်ပေးပါတယ်။ လေပေါ်တက်သွားချိန် တည့်တည့်တက်လား။ စောင်းသွားသလား။ အဲဒီအပေါ် မူတည်ပြီး အမှတ်ကွာခြားပါတယ်။

ကောင်းကင်စံချိန်ဆိုပြီး သတ်မှတ်ထားတာကတော့ မီပုံးပျံလေထဲမှာ ရှိတဲ့ ကြာချိန်ကို တွက်ချက်တာပါ။ မိနစ် ၄၀ ထိ ရှိနေနိုင်ရင် အမှတ်ပြည့်ရပါတယ်။

ဒါတွေကတော့ မီးပုံးပျံနဲ့ပတ်သက်ပြီး အခြေခံပေးတဲ့ အမှတ်ပေးစည်းမျဉ်းတွေပါ။ မီးပုံးပျံအမျိုးအစားအလိုက် ကြည့်ပြီး သတ်မှတ်ထားတဲ့ အမှတ်ပေးစည်းမျဉ်းတွေလည်း ရှိပါတယ်။

နေ့ဘက်လွှတ်တဲ့ အရုပ်မီးပုံးပျံတွေမှာဆို ခြေနှစ်ချောင်း၊ ခြေလေးချောင်း ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ အရုပ်ပီပြင်မှုရှိရပါတယ်။ သဘာဝအရောင်တိုင်း နီးစပ်တူညီမှု ရှိရပါတယ်။ ဦးခေါင်း၊ ခြေ၊ လက်၊ တောင်ပံ၊ အမြီး ဒီလို ခြယ်သမှုနဲ့ ပုံဖော်မှုကိုလည်း ကြည့်ပါတယ်။

ညလွှတ်မယ့် စိန်နားပန်အတွက်ဆိုရင် မီးပုံးပျံခေါင် အချင်းက ၁၈ ပေထက် မသေးရပါဘူး။ ပေ ၂၀ ထက် မကြီးရပါဘူး။ မီးပုံးတွေ ချိတ်ဆွဲခြယ်သမှု ၊ သရုပ်ဖော်စာသား၊ ပုံသဏ္ဍာန် ပီပြင်မှု၊ မီးပုံးလေးတွေ ငြိမ်း မငြိမ်း၊ ဒီချက်တွေကို ကြည့်ပြီး အမှတ်ပေးပါတယ်။

ညမီးကြီးကတော့ မီးရှူးမီးပန်း ၊ မီးကျည်အရေအတွက် အနည်းအများ၊ အရောင်စုံလင်မှု ၊ မီးရှူး စ ကျတဲ့အချိန်ကနေ ကုန်တဲ့အချိန်ထိ ကြာချိန်ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် အမှတ်ပေးပါတယ်။

မီးပုံးပျံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူအားလုံး လိုက်နာရမယ့် နောက်ထပ်စည်းမျဉ်းတစ်ခုလည်း ရှိပါသေးတယ်။ ပြိုင်ပွဲဝင်အဖွဲ့တွေဟာ ကိုယ့်အဖွဲ့လွှတ်တင်မယ့် မီးပုံးပျံနဲ့အတူ လွှတ်တင်ရမယ့် ကွင်းထဲဝင်လာပြီဆိုရင် ဆောင်းဘောက်တွေနဲ့ ဆူဆူညံညံသီချင်းသံတွေဖွင့်ပြီး ဝင်လို့မရပါဘူး။ ရိုးရာရှမ်းအိုးစည်ကိုပဲ တီးပြီး ဝင်လို့ရပါတယ်။ ပြိုင်ပွဲဝင် စည်းကမ်းတွေထဲမှာ ဒီအချက်လည်း ထည့်သွင်းထားပါတယ်။ ဒါက တော်တော်လေးကို သဘောကျစရာကောင်းတဲ့ အချက်ပါပဲ။

ဒီလိုရိုးရာစည်းမျဉ်းတွေ၊ ရိုးရာဓလေ့တွေ၊ စုပေါင်းအားနဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ညွှန်းနေတဲ့ ရှမ်းအမျိုးသားတို့ရဲ့ ယဉ်ကျေးမှုအမွေဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲကို ယူနက်စကိုမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွအနှစ်အဖြစ် စာရင်းတင်နိုင်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြိုးစားနေပါတယ်။

ဒီအတွက်ကြောင့် ပွဲတော်မှာအသုံးပြုတဲ့ ယမ်းနဲ့ မီးရှူးမီးပန်းတွေကို ပြည်ပကနေဝင်လာတဲ့ အသင့်သုံးယမ်းတွေ အသုံးပြုခွင့်ကို ၂၀၁၈ မှာ ပိတ်ပင်ခဲ့ပါတယ်။ ရိုးရာနည်းအတိုင်း လုပ်ရတဲ့ ယမ်းစပ်ပညာနဲ့ပဲ ယှဉ်ပြိုင်ခွင့်ရတော့မှာပါ။

“မီးပုံးပျံလွှတ်ခြင်းသည် အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံကို စုပေါင်းအားဖြင့် ရင်ဆိုင်အောင်ပွဲခံနိုင်သည့် အကျင့်ကို ကျင့်ခြင်းပင် ဖြစ်သည်။”

မီးပုံးပျံ ဦးကျော်ရင်က ဒီအတိုင်း ပြောခဲ့ဖူးပါတယ်။

အောင်မြင်သူတွေဟာ ပြိုင်ပွဲကွင်းထဲမှာ ပျော်ရွှင်စွာ ကခွင့်ရမှာပါ။ ကံအကြောင်းသင့်လို့ ရှုံးခဲ့ရသူတွေဟာလည်း တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်နှစ်သိမ့်ကာ နောက်တစ်နှစ်အတွက် ခွန်အားပြန်စုကြမှာပါ။ ဘေးကကြည့်သူတွေဟာလည်း ရှုံးရင်ဝမ်းနည်း၊ နိုင်ရင်ဝမ်းသာ ခံစားချက်တွေ မျှကြမှာပါ။

ကြည့်သူ၊ ရှုံးသူ၊ နိုင်သူ အားလုံးဟာ  ရှမ်းအိုးစည်သံလွှမ်းခြုံထားတဲ့ ပွဲတော်ဆိုတဲ့ ကောင်းကင်အောက်မှာ အတူတူရပ်ရင်း ရှိနေကြမှာပါ။

ဒါဟာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖြစ်ပါတယ်။ မိုးပေါ်ပျံတက်ဖို့ လှုပ်ရှားရုန်းကန်နေတဲ့ မီးပုံးပျံကြီးတွေဟာ နိုင်ငံရဲ့ အမွေအနှစ် ဖြစ်ပါတယ်။ တည်ဆောက်ဆဲ တိုင်းပြည်တစ်ခုရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဒါဟာ လူ့ဘဝဆိုတာကို ကိုယ်စားပြုနေတာလည်း ဖြစ်ပါတော့တယ် ။

နုသစ်မိုး ( Y3A )

Read More:

မြန်မာ့စီးပွားရေးလောကကို လွှမ်းမိုးခဲ့သူ - လင်ချင်းချောင်း
ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ချင်းချောင်းနန်းတော်ကြီးကို တည်ဆောက်ခဲ့တဲ့ တရုတ်စီးပွားရေးသူကြီး လင်ချင်းချောင်းအကြောင်း
အရုပ်ရေးပြရတော့မယ့် ဒေသန္တရအနုပညာ | ပုသိမ်ထီး
သီပေါမင်းသာ ပါတော်မမူခဲ့ရင် ပုသိမ်ထီးဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ပုသိမ်ထီးဆိုတဲ့ အင်မတန်ထူးခြားတဲ့ မြန်မာ့လက်မှုအနုပညာတစ်ခုက ပေါ်ထွက်လာစရာ မရှ

Build Myanmar-Media Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business. 

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Updates #Insights #Media

Share this article
The link has been copied!