ရုပ်ကြွင်းလောင်စာတွေ နေရာမှာ သန့်စင်စွမ်းအင်တွေကို တဖြည်းဖြည်းနဲ့ အစားထိုးဖို့ ကြိုးစားလာကြချိန်မှာ နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ အခန်းကဏ္ဍကလဲ တစ်စတစ်စ အရေးပါလာနေပါတယ်။ သမရိုးကျ ဓာတ်ပေါင်းဖိုတွေက အရွယ်အစားအားဖြင့် ကြီးမားတယ်၊ နေရာယူတယ်၊ လုံခြုံရေးပြဿနာရှိလို့ အင်မတန်ဂရုစိုက်ရတယ် ဆိုပေသိ Deep Fission အမည်ရ Startup တစ်ခုကတော့ အဲဒီအတွေးအခေါ်ကို အမြစ်ကနေ လှန်မှောက်ဖို့ ကြိုးစားနေပါပြီ။

မြေအောက် နျူကလီးယား ဓာတ်ပေါင်းဖိုတွေ . . . ဘယ်သူမှ တစ်ခါမှ မတွေးလောက်ဖူးတဲ့ အိုင်ဒီယာမျိုးကို Deep Fission က မိတ်ဆက်ထားပါတယ်။ ပင်လယ်ရေမျက်နှာပြင်ရဲ့ အောက်ဘက် တစ်မိုင်အကွာဝန်းကျင်မှာ ဓာတ်ပေါင်းဖိုသေးသေးလေးတွေကို ကျင်းတူးမြှုပ်နှံပြီး ပေါင်းဖိုငယ်လေးတွေ တည်ကြမှာပါ။ ဒီမြေအောက် နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ အဓိကအားသာချက်က သမရိုးကျ ဓာတ်ပေါင်းဖိုတွေထက် လုံခြုံရေးပိုင်း ပိုအားကောင်းပြီး အန္တရာယ်လဲ ကင်းပါတယ်။

မြေကြီးထဲမှာမို့ ကမ္ဘာကြီးက ဒီဓာတ်ပေါင်းဖိုတွေရဲ့ သဘာဝအကာအရံသဘော ဖြစ်သွားပြီး ကွန်ကရစ်ထူကြီးတွေနဲ့ စတီးကာတွေ ခံဖို့ မလိုတော့ပါဘူး။ ပြီးရင် မြေအောက်မှာ ရှိနေတာမို့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်တွေ၊ မတော်တဆမှုတွေနဲ့ စစ်ဘေးအန္တရာယ်တွေကနေလဲ ထပ်ဆောင်းကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ တကယ်လို့ အခြေအနေမဟန်တော့ဘူး၊ ထိခိုက်မှု ရှိပြီဆိုရင်လဲ ဥမင်ဝင်ပေါက်ကို အလုံပိတ်ချလိုက်လို့ ရလို့ အပြင်ဘက်ကို နျူကလီးယားလောင်စာတွေက တစ်ဆင့် ရေဒီယိုသတ္တိကြွအဆိပ်သင့်တဲ့ ပြဿနာကို အထိုက်အလျောက် အဆင်ပြေစေပါတယ်။

လုံခြုံရေးအပိုင်းပြီလို့ တည်ဆောက်ဖို့ ကုန်ကျစရိတ်ဘက်ကို ပြန်လှည့်ရင်လဲ ကမ္ဘာ့မြေနံရံတွေကို အကာအကွယ်တစ်ရပ်သဖွယ် သဘောထားပြီး ပေါင်းဖိုတည်မှာမို့ အကာအရံ အဆောက်အအုံဖိုးတွေ အတော်သက်သာနိုင်ပါတယ်။ ဓာတ်ပေါင်းဖိုရဲ့ ဒီဇိုင်းပိုင်းကလဲ ရိုးရိုးရှင်းရှင်းနဲ့ တကယ်ထိရောက်တဲ့ လုံခြုံရေးစနစ်တွေ သုံးမှာဖြစ်လို့ အကုန်အကျပိုသက်သာဖို့ပဲ ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဘက်က ပြန်ပြောင်းတွေးကြည့်ရင်လဲ ပတ်ပတ်လည်မှာ ရှိနေတဲ့ ကျောက်နံရံတွေက ရေဒီယိုသတ္တိကြွပစ္စည်းတွေ စိမ့်ထွက်ရာကနေ ကာကွယ်ပေးနိုင်တာပါ။

ဒါပေမဲ့ ဒီလိုမြေအောက်နျူပေါင်းဖိုတွေ တည်မဲ့ကိစ္စမှာ ကြုံလာရမဲ့ အခက်အခဲတွေလဲ ဒုနဲ့ဒေးပါ။ ပေါင်းဖိုကို တာဝန်ယူ တည်မဲ့ အင်ဂျင်နီယာတွေအနေနဲ့ တည်မဲ့ နေရာရဲ့ ပထဝီဝင်မြေပြင်အနေအထားတွေနဲ့ ငလျင်လို အခြေအနေမျိုးတွေ၊ ပတ်လည်ဝိုင်းထားတဲ့ ကမ္ဘာ့မြေမျက်နှာပြင်တွေရဲ့ ဖိအားဒဏ်တွေကို သေချာပေါက် ထည့်တွက်ဖို့ လိုလာပါပြီ။ ဒီလိုကနေ တစ်ခါ ပေါင်းဖိုတည်တဲ့ ကိစ္စက ပိုရှုပ်ပြီး ကုန်ကျစရိတ်လဲ ပိုများလာနိုင်တာပေါ့။ ဓာတ်ပေါင်းဖိုတွေမှာ မရှိမဖြစ် လိုအပ်တဲ့ အအေးခံစနစ်အတွက်လဲ ရေတွေ ပေးပို့ဖို့ လိုတာမို့ မြေအောက်မှာသာ တည်ထားရင် သဘာဝရေအရင်းအမြစ်ကို ပို့ပေးနိုင်ဖို့ ခဲယဉ်းပါပြီ။ Deep Fission ကတော့ မဟာပိုက်လိုင်းကြီးတွေ မြေအောက်ထဲကို သွယ်ပြီး ဒြပ်ဆွဲအားအကူအညီနဲ့ ရေပေးပို့မယ် ဆိုပါတယ်။

နောက်၊ ဒီပေါင်းဖိုထဲမှာ အလုပ်လုပ်မဲ့ ဝန်ထမ်းတွေအဖို့လဲ အရေးပေါ်အခြေအနေတွေ ကြုံတဲ့အချိန်မှာ ထွက်ရပြုရ ခက်တာမျိုး၊ ကယ်ထုတ်ရာမှာ ခဲယဉ်းတာမျိုးနဲ့ တခြားအန္တရာယ်တွေလဲ အမြောက်အမြားပါပဲ။ ဒါကြောင့် ဝန်ထမ်းအရေအတွက်ကို တတ်နိုင်သလောက် လျှော့ပြီး ရှိတဲ့ ဝန်ထမ်းတွေကိုလဲ အရေးပေါ်အခြေအနေမှာ မည်သို့မည်ဖုံ ကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ လေ့ကျင့်ရေးတွေ အများကြီးပေးရမှာပါ။ ပြီးရင် တည်မဲ့ နေရာက အစိုးရရဲ့ ခွင့်ပြုချက်ကလဲ လိုသေးတာမို့ ဒီလိုဆန်းသစ်တဲ့ ဒီဇိုင်းမျိုးနဲ့ လုပ်နေကျမဟုတ်၊ အချိန်ကုန်ပြီး ငွေပြုန်းမှာမျိုးကိုရော ဆောက်လုပ်ခွင့် ပေးပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်နေပါတယ်။

အနှစ်ချုပ်ရရင်တော့ မြေအောက်နျူကလီးယားဓာတ်ပေါင်းဖိုတွေက သမရိုးကျ ဓာတ်ပေါင်းဖိုတွေနဲ့ ကွဲထွက်ပြီး ပိုဆန်းသစ်တဲ့၊ အန္တရာယ်ကင်းတဲ့၊ သန့်စင်စွမ်းအင်ကို တွင်တွင်ကျယ်ကျယ်အသုံးချရာကျတဲ့ နည်းလမ်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုကိစ္စမဆို အားသာချက် အားနည်းချက်တွေနဲ့ အခက်အခဲတွေက ရှိမှာမို့ ဒီမြေအောက်စီမံကိန်းတွေမှာလဲ ဆောက်လုပ်ရေး စတာကနေ ပေါင်းဖိုတည်တာ အလယ် လုံခြုံရေးစနစ် အတည်ပြုချက် ကျဖို့ အရေး အတော်လေးတော့ လုံးပန်းရမှာပေါ့။ ဒါပေမဲ့ Deep Fission သာ သူတို့ရဲ့ စိတ်ကူးတွေကို လက်တွေ့အဖြစ် စနစ်တကျ၊ အတိမ်းအစောင်းမရှိဘဲ ခန့်မှန်းထားသလို အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ နျူကလီးယားစွမ်းအင်ဟာ တစ်ခေတ်ဆန်းဖို့ ရှိတာပါ။

Reference: The future of underground nuclear reactors. (n.d.). Perplexity AI. https://www.perplexity.ai/page/the-future-of-underground-nucl-opxNhF2_ScG.qImzGZ9bdw


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!