ခင်မာဝေရေ ..... ဆိုတဲ့ အသံဝါကြီးနဲ့ သံရှည်အော်လိုက်သံရဲ့နောက်မှာ အိမ်ကလေးဟာ ရေစီးထဲမှာ မျောပါသွားပါတော့တယ်။ 

အရှိန်ပြင်းထန်လွန်းတဲ့ ရေစီးထဲမှာ နေအိမ်တစ်လုံးဟာ တရွေ့ရွေ့နဲ့စီးမျောပြီး တရွတ်တိုက်ပါသွားချိန်မှာတော့ အဲဒီလို အိမ်ကလေးမျောသွားတာကို ဘာမှမလုပ်နိုင်ဘဲ လက်မှိုင်ချကြည့်နေရသူတွေရဲ့ မချိတင့်ကဲအသံတွေပဲ ကျန်ရစ်ခဲ့ပါတော့တယ်။ 

ရုပ်သံမှတ်တမ်းက ဒီလောက်ပဲပြထားပေမဲ့ မျောပါသွားတဲ့ အိမ်လေးထဲက ခင်မာဝေဆိုတဲ့ အမျိုးသမီး ဒါမှမဟုတ် ခင်မာဝေနဲ့မိသားစုက ဘယ်ပုံဘယ်နည်း ဖြစ်ပျက်သွားမလဲဆိုတဲ့ ရုပ်သံမှတ်တမ်းရဲ့အလွန်ကတော့ လူတိုင်းအတွက်အဖြေကို မစဉ်းစားချင်တော့တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ ပလူပျံအောင်တက်လာတဲ့ ရေဘေးရုပ်သံမှတ်တမ်းတွေက မခင်မာဝေရဲ့အိမ်လေးပဲ မဟုတ်ပါဘူး။ သစ်ပင်ထိပ်ဖျားပေါ်မှာ၊ အိမ်ခေါင်မိုးပေါ်မှာ ကယ်ပါယူပါ တစာစာအော်ဟစ်နေတဲ့ ပုံရိပ်တွေဟာ စက်တင်ဘာ ၁၁ ရက် နဲ့ ၁၂ ရက်အတွင်းမှာပဲ ကြည့်လို့မနိုင်အောင် များခဲ့ပါတယ်။ လူမှုကွန်ရက်က ရုပ်သံမှတ်တမ်းတွေမှာဆိုရင် အချိန်တိုအတွင်းမှာပဲ ရွာတွေထဲကို ရေတွေ ဒလေဟောဝင်လာတာကို တွေ့ရပါတယ်။ ရေစီးဟာ အရှိန်ပြင်းသလို ရေမြင့်တက်လာမှုကလည်း တော်တော်လေးကို မြန်ပါတယ်။ ရေစီးထဲ မျောပါသွားတဲ့လူတွေ၊ ကျွဲ ၊နွား ၊ တိရစ္ဆာန်တွေ၊ အဆောက်အအုံတွေဟာ တခဏချင်းမှာပဲ ရေစီးထဲနစ်မြှုပ်ပျောက်ကွယ် သွားပါတော့တယ်။

ကယ်သူလည်း မလာနိုင်၊ လွတ်အောင်လည်းမပြေးနိုင်တဲ့ အဖြစ်တွေဟာ ရုပ်ရှင်မဟုတ်ခဲ့ပါဘူး။ နဂိုကမှ အသက်ရှူမဝဖြစ်နေတဲ့ မြန်မာပြည်သူတွေအဖို့တော့ ဒီမြင်ကွင်းတွေနဲ့ ဒီအဖြစ်တွေဟာ ဘူးလေးရာ ဖရုံဆင့်သလို ညွှတ်ယိုင်လဲမတတ် ပင်ပန်းစေခဲ့ပါတယ်။

ရာဂီတိုင်ဖွန်းမှသည်

ဗီယက်နမ်ကို ဝင်တိုက်ခဲ့တဲ့ ရာဂီစူပါတိုင်ဖွန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို အဖျားခတ်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၁ ရက် က စပြီး မြန်မာနိုင်ငံအနှံ့မှာ မိုးကြီးခဲ့တဲ့အပြင် မြစ်၊ ချောင်း တော်တော်များများကလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်လာခဲ့ပါတယ်။ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မွန်၊ ကရင်၊ ရှမ်းတောင်၊ ရှမ်းအရှေ့ နဲ့ ကယား(ကရင်နီ) မှာ ရေကြီးခဲ့ပြီး အထူးသဖြင့် ကုန်းတွင်းပိုင်းကျတဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းမြို့တွေမှာ မကြုံစဖူးရေကြီးမှုတွေ ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနယ်မြေလို့ ခေါ်ဆိုကြတဲ့ နေပြည်တော်လိုနေရာမှာ‌တောင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၂ ဦးအထိရှိလာပါတယ်။ ကံဆိုးမှုဟာ အဖော်အပေါင်းနဲ့ ဆိုသလိုပါပဲ။ ရေကြီးမှုဟာ သူ့ချည်းသက်သက်မဟုတ်ဘဲ မြေပြိုမှုတွေပါ ဆက်တိုက်ဖြစ်လာပါတယ်။

ရမည်းသင်းက မိုးထိမိုးမိရွှေလုပ်ကွက်အနားမှာရှိတဲ့ ရွာပေါင်း ခြောက်ရွာ မှာ ရေကြီးမှုနှင့်အတူ မြေပြိုကျခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မြေကြီးထဲ နစ်မြှုပ်သွားတာတွေ ဖြစ်ခဲ့ပြီး အသေအပျောက် စာရင်းကလည်း ခန့်မှန်းခြေ ရာဂဏန်းလောက်ထိ ရှိလာပါတယ်။

ပုဂံမှာလည်း မိုးသည်းခဲ့တာကြောင့် နှစ်ပေါင်း ထောင်ချီရှိလာခဲ့တဲ့ ဆင်က ဘုရားအပါအဝင် ရှေးဘုရားအချို့ရဲ့ တံတိုင်းအစိတ်အပိုင်းတွေ အုပ်ချုပ်ကွာတာ၊ ပြုတ်ကျတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုပဲ ရှမ်းပြည်နယ်၊ အင်းလေးမှာ ရွာပေါင်း ၄၄၅ ရွာရှိတဲ့အနက် ကျေးရွာပေါင်း ၁၀၀ ကျော်က စက်တင်ဘာလ ၁၂ ရက်မှာ ရေနစ်မြုပ်နေခဲ့ပါတယ်။ 

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော် မြင့်တဲ့ ကလောမြို့ရဲ့ ဖြစ်ရပ်ကတော့ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ ကလောမှာ ရေကြီးမြေပြိုလို့ သေဆုံး အယောက် ၁၀၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့သလို လူ ၂၀၀ ကျော်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်က မယ်ဆိုင်ချောင်းရေ မြင့်တက်လာလို့ တာချီလိတ်မှာ သေဆုံးသူ ၁၁ ဦးအထိရှိလာနေပါတယ်။ ဒီလိုပဲ ကျိုင်းတုံမှာလည်း ရေကြီးမှု ၊ မြေပြိုမှုတွေ ဖြစ်လာပါတယ်။ ကရင်၊ မွန်၊ မြဝတီ၊ ဘားအံ၊ ကော့ကရိတ်ဘက်မှာလည်း ရေကြီးမှုတွေ ဖြစ်လာပါတယ်။ ကရင်နီပြည်နယ်ဘက်မှာလည်း ရေကြီးပြီး မြေပြိုမှုကြောင့် တောင်ကျချောင်းရေထဲ လူပေါင်း ဆယ်နဲ့ချီပြီး မျောပါသေဆုံးသွားမှုတွေ ရှိလာပါတယ်။

၂၀၂၄ စက်တင်ဘာလမတိုင်ခင်တုန်းကလည်း မြန်မာနိုင်ငံမှာ ၂ ကြိမ်တိတိ ရေကြီးခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက် တုန်းက ဧရာဝတီမြစ်ရေတိုးမှုကြောင့် မြစ်ကြီးနား၊ ချီဖွေ၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး လူတစ်သောင်းထက်မနည်း ရေဘေးသင့်ခဲ့ရပါတယ်။ ဇူလိုင် နောက်ဆုံးပတ်မှာကျ ပဲခူးမှာ ရေကြီးပြန်ပါတယ်။ စစ်တောင်းမြစ်နဲ့ ပဲခူးမြစ်ရေတက်လာမှုကြောင့် ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး လူ ရှစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း နှစ်သောင်းကျော် ရေဘေးရှောင်ခဲ့ရပါတယ်။ ပဲခူးရေကြီးမှုဟာ လေးရက်ဆက်တိုက် ရေကျဆင်းမှုမရှိတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရေဘေးသင့်သူအရေအတွက်က တော်တော်လေး များခဲ့ပါတယ်။

ဩဂုတ်လအတွင်းမှာပဲ ရခိုင်ပြည်နယ်နဲ့ တနင်္ဿာရီတိုင်းမှာလည်း ရေကြီးမှုတွေ ရှိခဲ့ပါသေးတယ်။ မြစ်ကြီးနားနဲ့ ပဲခူးလောက် မဆိုးရွားခဲ့ပါဘူး။ အခုတော့ စက်တင်ဘာ ရေကြီးခန်းကို ရောက်လာပြီး လူအသေအပျောက်ကလည်း ထင်ထားတာထက် ပိုပြီးများလာနေပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်အရတော့ ရေကြီးမှုနဲ့မြေပြိုမှုကြောင့် တစ်နိုင်ငံလုံး သေဆုံးသူ ၃၃ ဦး ရှိပြီး ပြောင်းရွှေ့ပေးရတဲ့ အိမ်ခြေပေါင်း ၄ သောင်းကျော် ရှိတယ်လို့ တွေ့ရပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြထားမှုနဲ့ နှိုင်းယှဉ်ကြည့်ရင် သေဆုံးအရေအတွက်နဲ့ အိမ်ထောင်စုအရေအတွက်ဟာ အဆမတန်ကွာခြားနေပါတယ်။ 

ဘာပဲဖြစ်ဖြစ် စက်တင်ဘာလအတွင်း ရေကြီးမှုကတော့ ၂၀၂၄ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုတွေထဲမှာ အဆိုးရွားဆုံးရေကြီးမှုပါပဲ။

ဘာကြောင့်ရေကြီးတာလဲ

သဘာဝရေစီးကြောင်းတွေက ပိုလျှံနေတဲ့ ရေတွေကို သယ်ဆောင်နိုင်စွမ်းမရှိတဲ့အခါ ရေကြီးမှု ဖြစ်လာပါတယ်။ အပူပိုင်းဆိုင်ကလုန်း၊ ဆိုင်ကလုန်း၊ ဆူနာမီ၊ ဒီရေတက်တာတွေနဲ့ ဆက်စပ်ပြီးလည်း ရေလျှံမှု၊ ရေကြီးမှုတွေ ဖြစ်လာစေပါတယ်။ ရေကြီးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဆိုပေမဲ့ အပူဒဏ်တွေကြောင့် ရာသီဥတုပြောင်းလဲဖြစ်ပေါ်ပြီး မိုးရွာသွန်းမှုတွေ ပိုဖြစ်လာပြီး ရေကြီးမှုနှုန်းများလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အစွန်းရောက်သဘာဝဘေးအန္တရာယ်တွေထဲက အလွန်အမင်း ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ် တစ်ခုဖြစ်တဲ့ အယ်လ်နီညို ကလည်း ရေကြီးရေလျှံမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် သမုဒ္ဒရာရေ ပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမယ်။ ပင်လယ်ရေမြင့်တက်လာမှုကြောင့် မုန်တိုင်းနဲ့ ဒီရေလှိုင်းတွေဖြစ်လာပြီး ပင်လယ်ကမ်းရိုးတန်းတလျှောက် ရေလွှမ်းမိုးမှုတွေ ဖြစ်လာနိုင်ပါတယ်။

အယ်လ်နီညိုအားကောင်းလာရင် တချို့ဒေသတွေမှာ အပူချိန်လွန်ကဲမယ်၊ တောမီးလောင်မယ်၊ မိုးခေါင်မယ်၊ သောက်သုံးရေရှားပါးမယ်။ တချို့ဒေသတွေမှာတော့ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာမယ်။ ရေကြီးရေလျှံမှုတွေ ဖြစ်လာမယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ၊ မေလ က ရခိုင်မှာဖြစ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းက အယ်လ်နီညိုရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုပါပဲ။ မိုခါမုန်တိုင်းကြောင့် လူဦးရေ ၅ ဒသမ ၄ သန်းလောက် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

မိုခါမုန်တိုင်းအပြီး ငါးလအကြာ ၂၀၂၃ အောက်တိုဘာက စပြီး မြန်မာနိုင်ငံမှာ အယ်လ်နီညို ဖြစ်စဉ် စခဲ့တာပါ။ အယ်လ်နီညိုနှောင်းပိုင်းကာလဖြစ်တဲ့ ၂၀၂၄ ဧပြီလ အတွင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ ချောက်မြို့ဟာ အပူချိန် ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးဒေသအဖြစ် စံချိန်တင်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီလို ပူပြင်းခြောက်သွေ့ခဲ့ပြီး နှစ်လအကြာ ဇူလိုင်က စပြီး မြန်မာနိုင်ငံမှာ ရေကြီးမှုတွေ စတင်လာ ခဲ့ပါတော့တယ်။

ရေကြီးတာကို ဘယ်လိုတုံ့ပြန်ကြလဲ

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၂၄ ဇွန်လကုန်ပိုင်းကနေ ဩဂုတ်လဆန်းပိုင်းအထိ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့ပါတယ်။ ဒါကတော့ စစ်ကောင်စီရဲ့ စာရင်းဖြစ်ပြီး မြေပြင်မှာတော့ အခုထက် အဆပေါင်းများစွာ ပိုများပါလိမ့်မယ်။ 

ဒီဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ၂၀၂၄ ဇွန်လကနေ စက်တင်ဘာထိ လေးလတာကာလအတွင်း ဆိုးဆိုးရွားရွားရေကြီးမှု သုံးကြိမ်ဖြစ်ခဲ့ပြီး သာမန်ရေကြီးမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

စက်တင်ဘာလထဲမှာ ဖြစ်ခဲ့တဲ့ နိုင်ငံအနှံ့ရေကြီးမှုကတော့ လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအများဆုံး ရေကြီးမှု ဖြစ်လာခဲ့ပါတယ်။ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နဲ့ မိုင် ၃၀ ကနေ မိုင် ၇၀ ကြားသာ ဝေးတဲ့ တပ်ကုန်း၊ ပျဉ်းမနား၊ ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့တွေမှာ ရေကြီးပြီးတစ်ရက်အတွင်း လူ ၂၀ ကျော် သေဆုံးခဲ့မှုက သဘာဝဘေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အဆိုးထဲက အကောင်းကတော့ ဒီလောက်ဆိုးရွားတဲ့ သဘာဝဘေး ရေကြီးမှုကိုကြုံတွေနေရတာတောင် မြန်မာပြည်သူတွေဟာ ဘယ်သူ့အားကိုမှ အားမကိုးဘဲ တတ်နိုင်သလောက် အစွမ်းကုန် တုံ့ပြန်နေကြတာပါပဲ။ အသိအမှတ်ပြုချီးကျူးရမဲ့ လူတွေ၊ လုပ်ရပ်တွေ အများကြီးရှိပေမဲ့ တချို့ကို ဥပမာထုတ်ပြပါမယ်။ 

အကျပ်အတည်းကြုံနေရတဲ့ မြန်မာပြည်သူတွေဟာ ရေကြီးတယ်လို့ ကြားကတည်းက ကူနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ နီးစပ်ရာကို သွားရောက်ကူညီကြတယ်။ ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းဆိုလည်း သူ့ရဲ့ ချန်ပီယံခါးပတ်ကို လေလံတင်ပြီး ရေဘေးလှူပါတယ်။ ပန်းချီဆရာ၊ ကာတွန်းဆရာတွေက သူတို့ပန်းချီ၊ ကာတွန်းတွေကို လေလံတင်တာ ဒါမှမဟုတ် ရောင်းချပြီး ရေဘေးကို ငွေအားကူကြပါတယ်။ တချို့က ခင်ရာမင်ရာ တတ်နိုင်သမျှ အလှူငွေလေးတွေစုပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီမဲ့သူတွေဆီ လှူဒါန်းလိုက်ကြပါတယ်။ နီးစပ်ရာမှာ ကယ်ဖို့ လူမကျန်တော့တဲ့အခါ တချို့လည်း လှေလေးတစ်စီးနဲ့ ခွေးလေးတွေလိုက်ကယ်တာမျိုး တွေ့ရပြန်တယ်။ 

ဒီလိုပဲ အိမ်နီးချင်း ထိုင်းနိုင်ငံ မယ်ဆိုင်မှာ ရေကြီးတော့လည်း ထိုင်းလေတပ်က လေယာဉ်တွေသုံးပြီး ရိက္ခာတွေဝေပေးတာကို အားကျကျပြန်တယ်။ ဒီလိုနဲ့ ပြည်သူ့မှာ ပြည်သူပဲရှိတယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး ကူကြကယ်ပြန်ပါတယ်။

ရေကျသွားတာနဲ့ လျှပ်စစ်မီးပြတ်တောက်တာ၊ ဆက်သွယ်ရေးပြတ်တောက်တာ၊ သောက်သုံးရေပြဿနာ၊ မိလ္လာပြဿနာနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်တွေကို နောက်ဆက်တွဲအနေနဲ့ ကာလရှည်ကြာ ဆက်ပြီးခံစားရမှာပါ။ ဒါ့အပြင် ရေနဲ့အတူ မျောပါလာတဲ့ မြွေနဲ့ အခြားအဆိပ်ရှိ သတ္တဝါတွေရဲ့ အန္တရာယ်လည်း ကြုံရနိုင်သလို ကမ်းပြိုတာ၊ မြေပြိုတာ၊ တောင်ပြိုတာတွေရဲ့ ဘေးအန္တရာယ်ကလည်း ရှောင်လွှဲလို့မ ရပါသေးပါဘူး။ သောက်သုံးရေနဲ့ မိလ္လာပြဿနာတွေကြောင့် အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ၊ ကာလဝမ်း၊ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေး စတဲ့ ရောဂါတွေကို ခံစားရလာနိုင်ပါတယ်။

မြန်မာပြည်သူတွေကတော့ အရေးပေါ်ကယ်ဆယ်ရေးအတွက်တင်မဟုတ်ပါဘူး။ အဲဒီလို ပြန်လည်ထူထောင်ရေးအတွက် တချို့လည်း ကြိုတင်စဉ်းစားပြီး လုပ်ဆောင်နေကြပါပြီ။ အဲဒါလည်း ပြည်သူတွေပဲ ဖြစ်ပါတယ်။  

 

ရေကြီးမှုကို ကာကွယ်နိုင်လား

ရေကြီးမှုဟာ သဘာဝဘေးဖြစ်ပေမဲ့ လူလုပ်တဲ့ သဘာဝဘေးဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ နည်းလမ်းတွေ ရှိပါတယ်။ ရာနှုန်းပြည့်မဟုတ်တောင် လူ့အသက်ကို ကယ်ဆယ်နိုင်လောက်တဲ့အထိတော့ ကြိုတင်တွက်ဆပြင်ကာကွယ်နိုင်ပါတယ်။ 

ကိုယ့်နေထိုင်ရာဒေသမှာ ပုံမှန်ထက်ပိုပြီး မိုးများလာပြီဆိုရင် ဒေသရဲ့ ပထဝီဝင်အနေအထားကို ကြည့်ပြီး ပြေးလမ်းကြောင်းရှာထားလို့ ရပါတယ်။ ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကိုစီးဆင်းတဲ့သဘောရှိတဲ့အတွက် ကြိုတင်ရှောင်တိမ်းလို့ရမယ့်နေရာတွေကို တွက်ချက်ပြင်ဆင်ထားလို့ရပါတယ်။

ရှောင်တိမ်းတဲ့အခါ ကိုယ်နဲ့မကွာ သယ်ဆောင်ရမယ့် အရာတွေကိုလည်း ရေစိုခံ၊ ရေလုံပြီးခိုင်ခန့်စိတ်ချရတဲ့ ထုပ်ပိုးမှုတွေနဲ့ ကြိုတင်ရွှေ့ပြောင်းထားလို့ရပါတယ်။ အထပ်မြင့်နဲ့နေသူတွေဆိုရင်တော့ အမြင့်ဆုံးအဆောက်အဦးနေရာကို ခပ်မြန်မြန် ရှောင်တိမ်းလို့ ရပါတယ်။ သစ်ပင်အမြင့်နဲ့ ကုန်းမြင့်ပိုင်းတွေဘက်ကလည်း ရှောင်တိမ်းလို့ရတဲ့နေရာထဲ ပါပါတယ်။

ဒါ့အပြင် ရေသန့်ဘူး၊ ဖော့ပုံး၊ ပလတ်စတစ်ပုံး၊ ကာတာယာကျွတ်လို ရေပေါ်ပေါ်နိုင်တဲ့ ပစ္စည်းမျိုးကိုလည်း ဆောင်ထားလို့ရပါတယ်။ ကယ်ဆယ်ရေးလာချိန် အသံပြုလို့ရမယ့် ဝစီလိုမျိုး၊ ရောင်ပြန်အလင်းပြားလိုမျိုးလည်း ဆောင်ထားလို့ရပါတယ်။ ရေဘေးရှောင်ရင်း မိသားစုနဲ့ ကွဲကွာသွားမယ်ဆိုရင်လည်း ဆုံရပ်ကို ကြိုတင်တိုင်ပင်ထားတာမျိုးလည်း လုပ်လို့ရပါတယ်။

အဓိကကတော့ အစိုးရရဲ့ ရေဘေးသတိပေးချက်နဲ့ ထုတ်ပြန်ချက်တွေကို မပြတ်နားစွင့်ထားဖို့လိုပါတယ်။ ဒါပေမဲ့  ပြည်သူချည်းပဲ ရေဘေးကာကွယ်ဖို့ လုပ်ပါဆိုရင်တော့လည်း တရားမျှတမှာမဟုတ်ပါဘူး။ အစိုးရတွေအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့ တာဝန်ရှိတဲ့အလျောက် တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ဖို့ လိုပါတယ်။ 

ဥပမာ  အစိုးရအနေနဲ့ကလည်း ရေဘေးသတိပေးချက်တွေထုတ်ပြန်တာမျိုး မပြတ်တမ်း လုပ်ဖို့လိုပါတယ်။ ရေဘေးရှောင်ဖို့အတွက် နေရာထိုင်ခင်း ကြိုတင်စီစဉ်ပေးတာတွေ လုပ်ပေးရပါမယ်။ ရိက္ခာအတွက် ကြိုတင်ပြင်ဆင်ရပါမယ်။ အရေးပေါ်ကယ်ဆယ်ရေးအတွက် လိုအပ်တာတွေ ပြင်ဆင်ထားရပါမယ်။ ပြန်လည်ထူထောင်ရေးအတွက်လည်း ပြင်ဆင်ရပါမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး သတင်းရယူတာ၊ ပူးပေါင်းကယ်ဆယ်ရေးလုပ်တာတွေ လုပ်ဆောင်သင့်ပါတယ်။ 

 

မြန်မာ့ရေဘေး ဘာတွေဖြစ်နေလဲ

ဒီနည်းလမ်းတွေက တကယ်ပဲ အလုပ်ဖြစ်ရဲ့လားလို့ မေးစရာရှိလာပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေက ရေဘေးအန္တရာယ်ကို အများဆုံး အထောက်အပံ့ပေးနိုင်တဲ့ နည်းလမ်းတွေပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ကြည့်မယ်ဆိုရင် ဒီနည်းလမ်းတွေက အထောက်အကူမဖြစ်ပါဘူး။

ဒီနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဖြစ်စဉ်တွေကိုကြည့်ရင် ကယ်ဆယ်ရေးနဲ့ ကြိုတင်ပြင်ဆင်မှု ဘာဆိုဘာမှ မရှိခဲ့တာကို တွေ့နိုင်ပါတယ်။ မြစ်ကြီးနားရေကြီးမှုဆိုရင်လည်း ဒေသတွင်းတည်ငြိမ်မှုမရှိတဲအပြင် စစ်ရေးတင်းမာမှုဖြစ်နေချိန် သဘာဝဘေးကြုံခဲ့ရတာဖြစ်လို့ ပြည်သူတွေဟာ သတိပေးကြေညာချက်ကိုလည်း ထိထိရောက်ရောက် မရရှိခဲ့သလို ကြိုတင်ပြင်ဆင်မှုဆိုတာကိုလည်း ဘာဆိုဘာမှ လုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။

ပဲခူးရေကြီးမှုဆိုလည်း စစ်ရေးပဋိပက္ခမရှိပေမဲ့ ကယ်ဆယ်ရေးနဲ့ စီမံခန့်ခွဲမှု တော်တော်လေး အားနည်းခဲ့တာကို တွေ့ပါတယ်။ ရေဘေးကူညီကယ်ဆယ်မှုအများစုကတော့ ကိုယ်ထူကိုယ်ထနည်းနဲ့ ထောက်ကူခဲ့တာတွေ များပါတယ်။ ကိုယ်ထူကိုယ်ထဖြစ်တဲ့အတွက် မဟာဗျူဟာချမရလို့ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ ကြယ်ငါးကောက်သလို ဖြစ်နေခဲ့ပါတယ်။ 

စက်တင်ဘာလအတွင်း ဖြစ်လာခဲ့တဲ့ ရေကြီးမှုကတော့ အဆိုးဆုံးအခြေအနေထိ ဆိုက်ရောက်သွားသလို ဖြစ်ခဲ့ပါတယ်။ တစ်ရက်အတွင်း လူ ၂၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေ၊ ရွာလုံးကျွတ် မြေပြိုမှုထဲ ပါဝင်သွားခဲ့တာတွေ၊ အိမ်ခေါင်မိုးပေါ်မှာ ရက်နဲ့ချီသောင်တင်နေရတာတွေက အရေးတကြီးကယ်ဆယ်ဖို့ လိုနေတဲ့ အခြေအနေဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက အချိန်မီမရောက်ခဲ့ပါဘူး။

အခုဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်မြို့နယ်တွေကိုကြည့်မယ်ဆိုရင် စစ်ရေးအရ တိုက်ပွဲဖြစ်ပွားမှုတွေ အရှိန်မြင့်နေတဲ့ နေရာတွေပါ။ ဒီတော့ ပြည်သူတွေအနေနဲ့ နီးရာဓားကို ကြောက်နေရချိန်မို့ မမြင်ရတဲ့ သဘာဝဘေးဆိုတာကို ထည့်စဉ်းစားဖို့ အချိန်မရှိခဲ့ပါဘူး။ ကြိုတင်ပြင်ဆင်မထားလို့ ဖြစ်ခဲ့တာဆိုတဲ့ လက်ညှိုးထိုးမှုဟာ နစ်နာသူတွေကို တစ်ဖက်သက်စွပ်စွဲပြစ်တင်ခြင်းပါပဲ။

ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေသူတွေမှာလည်း လုပ်နိုင်စွမ်းတွေက အကန့်အသတ် ရှိပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကို တားမြစ်ကန့်သတ်တာတွေ၊ မြေပြိုမှုကြောင့် တံတားကျိုးတာတွေ၊ ရေစီးအရှိန်ပြင်းထန်လွန်းတာတွေက လိုရာခရီးကို ရောက်နိုင်ဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ဒီအတွက် အကောင်းဆုံးကတော့ ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ရေးလုပ်ပေးတာပါပဲ။

ဒါပေမဲ့ ရဟတ်ယာဉ်ဆိုတာကလည်း မြန်မာနိုင်ငံမှာ စစ်ဘက်အသုံးအဆောင် ဖြစ်နေပါတယ်။ စစ်ဘက်ဆိုင်ရာက ခွင့်ပြုမှ သုံးလို့ရတာမျိုးပါ။ ဒီနှစ်အတွင်း အကြီးအကျယ်ဆိုးရွားခဲ့တဲ့ ရေဘေးတွေမှာ ရဟတ်ယာဉ်သုံးပြီး ကယ်တင်ခဲ့တာမျိုး တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ စစ်ဘက်ရဟတ်ယာဉ်တွေ ဘယ်နေရာမှာ အသုံးပြုနေသလဲဆိုတာကိုတော့ ထည့်သွင်းပြောပြဖို့ လိုမယ်မထင်တော့ပါဘူး။

အယ်လ်နီညိုကြောင့် သမုဒ္ဒရာပူနွေးလာပြီး မုန်တိုင်းဖြစ်တယ်။ အချိန်အခါမဟုတ် မိုးရွာတယ်။ မိုးများလို့ မြစ်ချောင်းတွေ စိုးရိမ်ရေမှတ်ကျော်လွန်လာတယ်။ ဆည်ရေတွေမြင့်တက်လာတယ်။ လက်ခံပမာဏထက် ကျော်လွန်သွားတဲ့ရေတွေက မြို့ရွာတွေထဲ စီးဝင်ပြီး ရေကြီးလာတယ်။ ရေကြီးတော့ ရေတိုက်စားပြီး မြေပြိုမှုတွေ ဆက်ဖြစ်လာတယ်။

ဘာကြောင့် အယ်လ်နီညိုဖြစ်လာတာလဲဆိုတော့ သစ်ပင်သစ်တောပြုန်းတီးမှုကြောင့် ဖြစ်လာတယ်။ သဘာဝသယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေတယ်။ ဒီတော့ သဘာဝဘေးအန္တရာယ်ဆိုတာ ဂျာအေးသူ့အမေရိုက်သလို သံသရာလည်နေတဲ့ ကိစ္စဖြစ်လာပါတယ်။

ဒါပေမဲ့ တကယ်တမ်း သဘာဝဘေးအန္တရာယ်ဖြစ်လာခဲ့ရင်တော့ ဘာဆိုဘာမှ အကျိုးအမြတ်ယူမထားတဲ့ ပြည်သူတွေခမျာ ရေစီးထဲ မျောသူမျော၊ မိသားစုဆုံးရှုံးသူတွေ ဆုံးရှုံး၊ သစ်ပင်ပေါ်ရောက်သူရောက်၊ မှီရာမြက်ကို တွယ်သူကတွယ်၊ အိမ်ခေါင်မိုးပေါ်ထိုင်ရင်း ကိုယ့်နွားကလေး မျောသွားတာကို ရင်နာနာနဲ့ ကြည့်သူက ကြည့်။ အဆိုးဆုံးကတော့ ဘယ်တော့များ ကယ်သူရောက်လာမလဲဆိုတဲ့ မျှော်ငင့်စိတ်ကြီးကို ထမ်းပြီး ရေထဲလေထဲ  ခိုက်ခိုက်တုန်အောင် စောင့်ဆိုင်းနေရတာပါပဲ။

မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံးသဘာဝဘေးကြီးဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဖြစ်စဉ်တုန်းက မိသားစုတွေ အကုန်ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်က ပြောခဲ့ဖူးပါတယ်။

“ကျမက ကံဆိုးလွန်းလို့ အသက်ရှင်ကျန်နေခဲ့တာပါ” တဲ့။

အခုလည်း အိမ်ခေါင်မိုးပေါ်ကလူတွေ ဘယ်လိုများ တွေးနေကြလိမ့်မလဲ။  

နုသစ်မိုး ( Y3A ) 

Share this article
The link has been copied!