"အိမ်ပြန်ရောက်ရင်တော့ လုပ်စရာတွေ တစ်ပုံတစ်ပင် ပြန်ရှိလာမှာပေမဲ့ ဒီကနေ ကြည့်တော့လဲ ကမ္ဘာကြီးက တယ်ပြီးပြည့်စုံလှပါလား . . ."
ဂျာရက် အိုင်ဇက်မန်း
စက်တင်ဘာ ၁၂ ရက်နေ့၊ ဓူဝံဆည်းဆာမစ်ရှင်။

SpaceX ရဲ့ ဓူဝံ (Polaris) အာကာသစူးစမ်းလေ့လာရေး ပရိုဂရမ်က လုပ်တဲ့ ဓူဝံဆည်းဆာမစ်ရှင်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာပဲ ကမ္ဘာ့ပထမဆုံး ပရိုက်ဗိတ်အာကာသလမ်းလျှောက်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဘယ်အစိုးရရဲ့ ပရိုဂရမ်မှ မဟုတ်၊ နာရီထောင်ချီပြီး မြေမဲ့ဇုန်တွေမှာ လေ့ကျင့်ထားတဲ့ အာကာသယာဉ်မှူးတွေလဲ မဟုတ်ဘဲ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အိတ်စိုက်ပြီး အာကာသထဲ လမ်းလျှောက်ဖို့ဆိုတာ အိပ်မက်တစ်ခုထက် မပိုခဲ့ပါဘူး။ ပိုက်ဆံဘယ်လောက် ချမ်းသာသာ အန္တရာယ်များတာကြောင့်ရော စွန့်စားရာကျလွန်းတာကြောင့်ပါ။ ဒါပေမဲ့ စိတ်ကူးဉာဏ် အင်မတန်ကွန့်မြူးပြီး အသက် ၄၀ အရွယ်မှာတင် ဘီလျံနာဖြစ်လာတဲ့ ဂျာရက် အိုင်ဇက်မန်းအတွက်ကတော့ အာကာသခရီးတွေ၊ ကမ္ဘာပြင်ပ နယ်ချဲ့ရတာတွေက သူပိုင်ဆိုင်သမျှတွေကို ဖြုန်းတီးပစ်ချင်တဲ့ နေရာတွေ ဖြစ်နေခဲ့ပါတယ်။

နာဆာရဲ့ ကနေဒီ အာကာသစင်တာကနေ စက်တင်ဘာလ ဆယ်ရက်နေ့က ထွက်ခွာလာကြတဲ့ ဒီဓူဝံဆည်းဆာမစ်ရှင် အဖွဲ့သားတွေဟာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင််အထက် မိုင် ၈၇၀ အမြင့်ကို ရောက်ရှိနိုင်ခဲ့ပါတယ်။ အပိုလိုပရိုဂရမ်အပြီးမှာ လူသားတွေ လိုက်ပါစီးနင်းတဲ့ မစ်ရှင်တွေထဲ ဒီလောက်အမြင့်ပေကို ရောက်နိုင်တာက စံချိန်သစ်တင်တာပါ။ ပြီးခဲ့တဲ့ စံချိန်ကတော့ နာဆာက လုပ်တဲ့ Gemini 11 မစ်ရှင်ဖြစ်ပါတယ်။ ဓူဝံဆည်းဆာမစ်ရှင်ယာဉ်က အဲဒီအမြင့် မိုင် ၈၇၀ ကနေ ၄၅၈ မိုင်ကို ပြန်ဆင်းပြီးချိန်မှာတော့ ဘီလျံနာ ဂျာရက် အိုင်ဇက်မန်းနဲ့ SpaceX အာကာသယာဉ်မှူး ဆာရာဂီလီတို့ သမိုင်းဝင်တဲ့ အာကာသလမ်းလျှောက်မှုကို ဆောင်ရွက်ကြပါတော့မယ်။

ဂျာရက်ဦးဆောင်တဲ့ ဓူဝံဆည်းဆာအဖွဲ့သားတွေဟာ သူတို့လိုက်ပါစီးနင်းလာတဲ့ ဒရာဂွန်ယာဉ်ရဲ့ ပရက်ရှာတံခါးကို ဖွင့်လိုက်ချိန်မှာပဲ အာကာသဟင်းလင်းပြင်နဲ့ တံခါးမရှိ ဓားမရှိ ထိတွေ့ခွင့် ရသွားကြပါတယ်။ အဲဒီနောက် ဂျာရက်နဲ့ ဂီလီတို့က SpaceX က နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ အာကာသဝတ်စုံသစ်ကို ဝတ်ဆင်ရင်း အချုပ်အနှောင်ကင်းမဲ့တဲ့ အာကာသထဲ ၁ နာရီနဲ့ ၄၆ မိနစ်ကြာအောင် လမ်းလျှောက်ကြပါတော့တယ်။ သမရိုးကျအာကာသဝတ်စုံတွေထက် ပေါ့ပါးပြီး ကြံ့ခိုင်တဲ့ ဒီအာကာသဝတ်စုံတွေက SpaceX ရဲ့ အနာဂတ် မားစ်ဂြိုဟ်လေ့လာရေးအတွက်လဲ အသုံးဝင်လာနိုင်တာပါ။ လမ်းလျှောက်တဲ့ တစ်ချိန်လုံးကို Live လွှင့်ခဲ့ပြီး ဝတ်စုံသစ်နဲ့အတူ မြေမဲ့ဒေသမှာ ခြေတွေလက်တွေ ရွေ့လျားတာနဲ့ ကိုယ်ခန္ဓာလှုပ်ရှားနိုင်မှုကို စမ်းသပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဒီမစ်ရှင်ထဲမှာ သိပ္ပံစမ်းသပ်ချက်ပေါင်း ၃၆ ခုကိုလဲ ဆောင်ရွက်နိုင်ခဲ့ကြတာပါ။ အာကာသယာဉ်တွေက လူသားတွေရဲ့ ခန္ဓာကိုယ်ကို ဘယ်နည်းဘယ်ဖုံ သက်ရောက်မှုရှိစေလဲ၊ ပြောင်းလဲစေလဲဆိုတာကို နားလည်နိုင်ဖို့ စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသုတေသနတွေနဲ့အတူ အနာဂတ်မှာ အာကာသနယ်ချဲ့ရေးကို ဆက်လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရတာပါ။ ဒီက ရလာတဲ့ အချက်အလက်တွေကိုလဲ နာဆာရဲ့ လူသားသုတေသနပရိုဂရမ်ကို ပြန်လည်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ အဲဒါအပြင် SpaceX ရဲ့ စတားလင့်ခ်ဂြိုဟ်တုတွေက တစ်ဆင့်လဲ အာကာသဆက်သွယ်ရေး နည်းစနစ်တစ်ရပ် စမ်းသပ်နိုင်ခဲ့တာပါ။

အာကာသမစ်ရှင်တွေထဲမှာ အာကာသဟင်းလင်းပြင်ထဲ လမ်းဆင်းလျှောက်ရတဲ့ မစ်ရှင်မျိုးက အင်မတန်ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်လဲ အတော်များပါတယ်။ ဒါပေမဲ့ ဒီလို မစ်ရှင်မျိုးကို အစိုးရရဲ့ ထောက်ပံ့မှု မပါဝင်ဘဲ ပုဂ္ဂလိကဆောင်ရွက်နိုင်ခဲ့တာက ကမ္ဘာ့ပထမဆုံး ဖြစ်သလို လမ်းလျှောက်တဲ့ ကမ္ဘာ့မြေပြင်အထက် ၄၅၈ မိုင်ဆိုတာလဲ အာကာသလမ်းလျှောက်မှုတွေ လုပ်ခဲ့သမျှထဲ ကမ္ဘာနဲ့အဝေးဆုံးအဖြစ် စံချိန်တင်ခဲ့တာပါ။

References: Tingley, B. (2024, September 12). SpaceX Polaris Dawn astronauts perform historic 1st private spacewalk in orbit (video). Space.com. https://www.space.com/spacex-polaris-dawn-first-private-spacewalk

ကမ္ဘာကိုပတ်နေတဲ့ ဂြိုဟ်တု အလုံး တစ်သောင်းကျော်ပြီ . . .
Look Up Space အမည်ရတဲ့ အာကာသစူးစမ်းလေ့လာရေး ကုမ္ပဏီတစ်ခုရဲ့ ပြောကြားချက်အရ ကမ္ဘာကို လှည့်ပတ်နေတဲ့ လူလုပ်ဂြိုဟ်တုအလုံးရေဟာ တစ်သောင်းကျော်သွားပြီလို့ ဆိုပါတယ်

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!