သူမရဲ့နာမည်ရင်းက ယဉ်ယဉ်နှောင်း။ ဒါပေမဲ့ ဒီနေရာကို ရောက်လာပြီးတဲ့နောက် အားလုံး သိကြတဲ့နာမည်က ကေသရီ။ အခု ကေသရီက ဧည့်သည်တစ်ယောက်ကို မျှော်နေပါတယ်။ ဒီဈေးကွက်၊ ဒီနေရာရဲ့စကားနဲ့ ပြောရရင် By Name ဧည့်သည်ပါ။ ဟုတ်ပါတယ်။ ကေသရီက ကေတီဗီမှာ ဝင်ရောက် အလုပ် လုပ်ကိုင်နေတဲ့ ကေတီဗီမယ်လေးတစ်ယောက်ပါပဲ။

ကေတီဗီမယ်ဆိုတာကတော့ ဧည့်သည်လာရင် ဧည့်ဝတ်ပြု၊ ဝန်ဆောင်မှုပေးရတာပါ။ အထူးသဖြင့် အမျိုးသားဧည့်သည်တွေဟာ သီချင်းဆိုမယ်၊ သောက်မယ်စားမယ်ဆိုပြီး ကေတီဗီကို ရောက်လာကြပါတယ်။ အခန်းထဲရောက်တဲ့အခါ ကေတီဗီမယ်လေးတွေက အရက်၊ဘီယာ ငှဲ့ပေးတာ၊ သီချင်းရွေးပေးတာကအစ အဖော်ပြုပေးရတာပါ။ ကေတီဗီမယ်တိုင်းမဟုတ်ပေမဲ့ တချို့ကျတော့လည်း အခန်းထဲကနေပြီး ဧည့်သည်နဲ့ အချိတ်အဆက်တွေရ ပြင်ပမှာ ချိန်းဆိုပြီး လိင်မှုဆိုင်ရာ ဖျော်ဖြေပေးဖို့ ဖြစ်လာကြရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံအနှံ့မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒါကြောင့် နယ်ဘက်ကျေးဘက်က ထွက်ပြေးလာသူ တချို့မိသားစုတွေက ရန်ကုန်မှာ ပြောင်းရွေ့အခြေချလာကြပါတယ်။ တချို့တွေလည်း ရရာအလုပ်တွေ ဝင်ရောက်လုပ်ကိုင်နေကြသလို အချိတ်အဆက် မရှိသူတွေအတွက်ကျတော့လည်း အခုလိုကေတီဗီမယ်မရောက်ချင်ဘဲ ရောက်သွားတော့တာပါပဲ။

ရန်ကုန်ကို ရောက်ပြီးတဲ့နောက် တချို့မိန်းကလေးတွေက မြို့ပြဆီ ထွက်ပြေးစွန့်ခွာလာသူတွေချင်း တိုက်ခန်းငှားပြီး စုပေါင်းနေထိုင်ကြပါတယ်။ တချို့ကျတော့လည်း မိသားစုနဲ့ နေထိုင်တာ၊ အဆောင်ငှားပြီး နေထိုင်တာတွေ ရှိပါတယ်။ စစ်ဘေးရှောင်တွေထဲက တချို့လူငယ်တွေဟာ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့ဆီကို စွန့်စားပြီး ထွက်ပြေးတိမ်းရှောင်လာတာတွေ ရှိပြီး အဲဒီအထဲက ရုပ်ရည်ရှိတဲ့ မိန်းကလေးတွေဟာ ကေတီဗီတွေနဲ့ ဇိမ်ခန်းတွေရဲ့သားကောင်တွေ ဖြစ်လာတော့တာပါပဲ။

ကေသရီ ကတော့ သူမ လုပ်ကိုင်နေတဲ့ ကေတီဗီက နေစားစရိတ်ငြိမ်း စီစဉ်ပေးထားလို့ နေထိုင်ဖို့အတွက် ငွေကုန်ကြေးကျမရှိဘဲ ရှာလို့ရသမျှက သူမအတွက် အသားတင်ဖြစ်တယ်လို့ ပြောပါတယ်။

နယ်ကနေ ရန်ကုန်ကို ရောက်လာကြသူတို့အတွက် အဓိက အခက်အခဲက နေထိုင်စရာရှိဖို့နဲ့ အရာရာကြီးမြင့်တဲ့ကုန်ဈေးနှုန်းဒဏ်ကို အံတုဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအံတုနိုင်ဖို့အတွက် အလုပ်အကိုင်ရှိဖို့က အရေးအကြီးဆုံးပါ။ ဒီလိုနဲ့အလုပ်ရှာရင်း ကေတီဗီတွေနဲ့ ချိတ်ဆက်မိကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ရန်ကုန်ကိုရောက်လာတဲ့ ကေသရီက အခုလို ပြောပြပါတယ်။

“ကိုယ့်နေရာမှာ ရှာဖွေစားသောက်ဖို့က ခက်သွားပြီလေ။ ရန်ကုန်ရောက်လာတော့ ငွေက လိုလာတယ်။ ကိုယ့် ရထားတဲ့ဘွဲ့နဲ့ လျှောက်တဲ့အလုပ်တွေက အဆင်မပြေသလို လုပ်ခလစာကလည်း အရမ်းနည်းတယ်လေ။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်ကနေ ချိတ်ဆက်ပေးမှုနဲ့ ဒီကိုရောက်လာတာပါ။ ကိုယ့်ရဲ့အပြောအဆို၊ ကိုယ့်ရုပ်ရည်နဲ့က By Name ဧည့်သည်တွေ ရလာတော့ တစ်လကို ၇ သိန်း၊ ၈ သိန်းလောက် ရပါတယ်”လို့ သူမက ရင်ဖွင့်ပါတယ်။

တိုက်ပွဲတွေကြောင့် နယ်ဘက်ကျေးဘက်က မိန်းကလေးတွေ ရန်ကုန်၊ မန္တလေးလိုနေရာကို ရောက်လာတာဟာ ကေတီဗီတွေနဲ့ ဇိမ်ခန်းတွေအတွက်ကတော့ လုပ်အားခသက်သက်သာသာနဲ့ သူတို့လိုချင်တဲ့ ဝန်ထမ်းကို ရရှိသွားတာဖြစ်ပါတယ်။ နေစားစရိတ်ငြိမ်း စီစဉ်ပေးပြီးရင် အဲ့ဒီလို စစ်ဘေးရှောင်လာလို့ အလုပ်လိုအပ်နေသူ မိန်းကလေးတွေကို တစ်လလုပ်ခ ၂ သိန်းနဲ့ ၂ သိန်းခွဲကြား ပေးလိုက်ရင်ကို အဆင်ပြေနေပြီလို့ ကေတီဗီတွေနဲ့ နီးနီးစပ်စပ်ရှိသူတစ်ယောက်က ပြန်လည်ဖောက်သည်ချပါတယ်။

“ဒီမှာက အခြေခံလစာအရတော့ နည်းတယ်။ ဒါပေမဲ့ ဧည့်သည်ကခေါ်လို့ ဆက်ရှင်တွေ များများရတယ်ဆိုရင် အဆင်ပြေတယ်လေ။ ကိုယ့်အခန်းကို ကိုယ်ဝင်ပြီးတဲ့နောက် ဟင်းပွဲအကြီးကြီးတွေ မှာပေးနိုင်တယ်ဆိုရင်လည်း အဲ့ဒီကနေ ရာခိုင်နှုန်းနဲ့ ရတယ်။ အချိုရည်ဗူးတွေ၊ အဖျော်ရည်တွေ၊ သောက်စရာတွေ မှာရင်လည်း ရာခိုင်နှုန်း ရတယ်လေ။ ဆက်ရှင်ဝင်ကြေးအပြင် ဧည့်သည်တွေက မုန့်ဖိုးပေးရင်လည်း ကိုယ်က ရတယ်ပေါ့နော်။ ဒါကြောင့် လက်ကြီးသမားဖြစ်တဲ့ By Name ဧည့်သည့်ရထားသူတွေဆိုရင် ဝင်ငွေ ပိုကောင်းကြတယ်။ တချို့ဆို တစ်လမှာ ၁၀ သိန်းအထက် ရတာတွေ ရှိတယ်”လို့ ကေတီဗီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပိုးလေးက ရှင်းပြပါတယ်။

သူမကိုယ်တိုင်လည်း အခုအချိန်မှာ နေထိုင်စားသောက်ဖို့နဲ့ ရပ်တည်ရှင်သန်ဖို့ အသုံးစရိတ်လိုတာကြောင့် ဒီအလုပ်ကိုငြင်းပယ်နိုင်စွမ်း မရှိလှဘူးလို့ ကေတီဗီမှာ ပိုးလေး လို့ နာမည်ရနေသူ ပိုးရတနာဇော် က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပေမယ့် ကလပ်တွေ၊ ဘားတွေနဲ့ ကေတီဗီတွေကတော့ မနက်မိုးလင်းအထိတိုင် ဖွင့်နေဆဲပါပဲ။ တချို့ကေတီဗီတွေဆိုရင် သူတို့ဆီက ပြန်လာပါတယ် ပြောလိုက်ရုံနဲ့ အဆင်ပြေပြေဖြစ်အောင်အထိ အပြန်လမ်းကြောင်းအတွက် အာဏာရှိသူတွေနဲ့ပေါင်းပြီး လမ်းကြောင်းခင်းထားပါတယ်။

တချို့ စစ်ဘေးရှောင်မိန်းကလေးတွေကဆိုရင် ရန်ကုန်၊ မန္တလေးဆီကို ရောက်လာတဲ့အခါ နေရေး၊စာရေးအပြင် လုံခြုံရေးအရ စိတ်ချရတယ်ဆိုတဲ့မက်လုံးတွေနဲ့ ကေတီဗီတွေဆီကို မလည်မဝယ်နဲ့ ရောက်လာခဲ့ကြတာဖြစ်တယ်လို့ အဲဒီဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။

“ဒီမှာက တိုက်ပွဲဖြစ်လာတဲ့နေရာက မိန်းကလေးတွေ များတယ်။ အားလုံးက အခက်အခဲတွေကြားကနေ စွန့်စားပြီး ရောက်လာကြတဲ့သူတွေတော့ ပိုပြီး ရင်းနှီးကြတာ ရှိတယ်။ တစ်ယောက်ကို တစ်ယောက် ပိုနားလည်ကြသလို တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးဖေးမဖြစ်ကြတယ်။ စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ချင်း၊ ရှမ်းနဲ့ ကယားဘက်ကနေ ပြောင်းလာပြီးတဲ့နောက် ကေတီဗီတွေထဲဝင်ပြီး အလုပ်,လုပ်နေတဲ့ မိန်းကလေးတွေ အများကြီးပါပဲ"

"၅ မျဉ်းစောင်းဆိုရင် ဘယ်လိုဘာညာဆိုပြီး ပြောနေလို့ ကြောက်လန့်ပြီး ကေတီဗီမှာဆိုရင် ဘာမှမဖြစ်ဘူးဆိုတဲ့စကားနဲ့ အလုပ်သွင်းပေးလိုက်လို့ ဘာမှန်းမသိဘဲ ဒီကို ရောက်နေသူတွေလည်း ရှိတယ်”လို့ ကေတီဗီဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ မူယာက ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေတွေဟာ မြန်မာလူငယ်တွေရဲ့ဘဝအရွေ့ကို လုံးဝ နောက်ကြောင်းပြန်သွားစေခဲ့ပါတယ်။ နိုင်ငံရပ်ခြား မထွက်နိုင်တဲ့ လူငယ်ပေါင်းများစွာဟာ ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကြောင်းတစ်ခုကို ပြည်တွင်းမှာ ခက်ခက်ခဲခဲ ရွေးချယ်နေကြရပါတယ်။

အထူးသဖြင့် ပညာတတ် မိန်းကလေးတချို့ဟာ နည်းပါးလှတဲ့လုပ်ခလစာနဲ့ ပြည်တွင်းမှာ ရရာအလုပ်တွေ ဝင်လုပ်နေကြရသလို အခုလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာခဲ့ရသူတွေ၊ စက်ရုံ(အထူးသဖြင့် အထည်ချုပ်စက်ရုံ ပိတ်သွားလို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရသူ)မိန်းကလေးတွေဟာ ဒီနွံထဲဆီ မဆင်းသက်ချင်ဘဲ ဆင်းသက်လာခဲ့ကြရပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် နယ်မြေစွန့်ခွာလာတဲ့မိန်းကလေးတွေ များနေတာကြောင့် ကေတီဗီတွေမှာလည်း သုံးလ တစ်ကြိမ်၊ ခြောက်လ တစ်ကြိမ်ဆိုသလို အပြောင်းအလဲတွေ ရှိနေပါတယ်။ By Name တပ် ဧည့်သည်များများ ရှာပေးနိုင်တဲ့ မိန်းကလေးတွေသာ မြို့ကြီးက ဆိုင်ခွဲတွေဆီ ကျန်နေရစ်ခဲ့ရပြီး တချို့တွေကတော့ နယ်မြို့က ဆိုင်ခွဲတွေ၊ တခြားဆိုင်တွေဆီ ပြောင်းရွှေ့လုပ်ကိုင်ရတာတွေ အများကြီးဖြစ်နေပြီလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ရှိနေသရွေ့၊ အခြေအနေတွေ မငြိမ်သက်သရွေ့ မိန်းကလေးအတော်များများက ကေတီဗီဈေးကွက်ထဲဆီ ပုံစံအမျိုးမျိုးနဲ့ ရောက်ရှိနေဦးမှာပါပဲ။

ပြီးတော့ ဒီလုပ်ငန်းလုပ်ကြတဲ့ မိန်းကလေးတွေအပေါ် ပတ်ဝန်းကျင်က မလိုလားတဲ့အသွင် ဆက်ဆံကြတာတွေလည်း ရှိနေပါတယ်။

“ဒီက ညီမလေး ၅ ယောက်လောက်က ဒီမှာ မနေချင်တော့ လွတ်လွတ်လပ်လပ်ဖြစ်အောင် ၅ ယောက်စုပြီး တိုက်ခန်းငှားနေကြတာ ရှိတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က သူတို့ကို ကေတီဗီကဆိုတာ သိသွားကတည်းက နေရထိုင်ရတာ ခက်လာတယ်လို့ ပြောကြတယ်။ မိုးလင်းချိန်လောက်မှ အိမ်ကို ၅ ယောက်စုပြီးပြန်ဖြစ်တော့ လှေကားတွေက ဖိနပ်သံတွေ ကြားရင် ဘယ်သူတွေလဲလို့ တံခါးဖွင့်ကြည့်တာ၊ ကိုယ့်အခန်း ပြန်ရောက်လို့ စကားတွေ ဘာတွေ ပြောတာ၊ စားဖို့သောက်ဖို့ စီမံတာတွေကနေ အသံထွက်တာတွေရှိလာရင် တခြားအခန်းတွေက မကြည်တာ၊ မနက်ရောက်ရင် ခေါ်ပြောတာတွေရှိတယ်လို့ ပြန်ပြောကြတယ်။ ဘယ်သူကတော့ ဒီအလုပ်ထဲ ရေရှည်နေချင်မှာလဲ။ ခေတ်အခြေအနေအရ မတတ်သာလွန်းလို့သာ နေကြရတယ်လေ။ ငွေလိုအပ်ချက်ကလည်း တစ်ရက်ထက်တစ်ရက် များလာတာကိုး”လို့ ယမင်းက ဆိုပါတယ်။

ကုန်ဈေးနှုန်း မြင့်တက်မှု၊ ဘဝအခက်အခဲ၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှု၊ နေရေးထိုင်ရေးအတွက် ငွေလိုအပ်ချက် မြင့်တင်လာမှု စတာတွေကြောင့် မရောက်ချင်ပေမယ့် ကေတီဗီလောကထဲဆီ ဝင်လာသူ မိန်းကလေးတွေက ဒုနဲ့ဒေးဆိုသလို ရှိနေဦးမှာပဲလို့ ယမင်းက ရင်ဖွင့်ပါတယ်။

စိန်ခေါ်မှုတွေ များလွန်းလှတဲ့ ခေတ်ရေစီးကြောင်းအရွေ့ထဲမှာ မြန်မာလူငယ်မိန်းကလေးတွေရဲ့ရပ်တည်ရမှုက ခက်ခဲလွန်းခြင်းမက ခက်ခဲလို့လာနေပြီပဲဖြစ်ပါတယ်။ တိုက်ပွဲရှောင်ရင်း နေရပ်စွန့်ခွာ လက်ပြနှုတ်ဆက်ကာ ရေကြည်ရာ မြက်နုရာဆီ ပြောင်းရွှေ့လာကြတဲ့ မိန်းကလေးတွေအတွက်က တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတာထက် သေချင်တဲ့ကျား တောပြောင်းရတဲ့လမ်းထဲဆီ တိုးဝင်နေရသလိုပါပဲ။

“ အဆင်မပြေတဲ့ ဆွေမျိုးတွေကိုလည်း ရတဲ့ငွေလေးနဲ့ တတ်နိုင်သလောက် ထောက်ပံ့တယ်ပေါ့လေ။ တစ်နေ့နေ့ရောက်ရင် ဒီနွံထဲကနေ ရုန်းထွက်မှာပါ။ အရင်တုန်းက ငွေစုပြီး အချိန်တစ်ခုမှာ ရုန်းထွက်သွားဖို့ လွယ်ပေမယ့် အခုကတော့ အဲ့ဒီလောက် မလွယ်တော့ဘူး။ ကုန်ဈေးနှုန်း၊ နေစရိတ်နဲ့ ငွေလိုအပ်ချက်တွေက များလာပြီလေ။ ဒါပေမဲ့ အိမ်ပြန်ဖို့၊ ကိုယ့်နေရပ်ဆီကိုပြန်ဖို့တော့ တွေးထားတုန်းပါပဲ”ဆိုတာက မယမင်းရဲ့စကားသံတွေပဲ ဖြစ်ပါတယ်။

တဖျတ်ဖျတ် လင်းလက်နေတဲ့ မီးရောင်တွေကြားမှာ ပျော်ရွှင်စရာသီချင်းသံတွေ ပျံ့နှံ့လို့နေပါတယ်။ ပျော်ရွှင်စရာသီချင်းသံတွေ ကြားထဲမှာ မပျော်ရွှင်နိုင်တဲ့ဘဝတွေ ရှိနေတယ်၊ မရွှင်ပျော်နိုင်တဲ့ ဘဝအမောတွေ ရှိနေတယ်ဆိုတာက လူအများ သိနိုင်ပါလေစဆိုပြီး ယမင်းတစ်ယောက် တွေးနေမိတာပါ။

“အဆင်ပြေရင်တော့ တစ်နေ့နေ့မှာ အိမ်ရှိရာဆီ ပြန်ချင်တယ်၊ ကိုယ်နေထိုင်တဲ့မြို့လေးဆီ ရွာလေးဆီပဲ ပြန်နေချင်တယ်” သူက တိုးတိုးလေး ရေရွတ်လိုက်ပါတော့တယ်။

နွေဦးရွက်ဝါ(Y3A)

ဆက်စပ်ဖတ်ရှုလိုလျှင် -

အေးဂျင့်နွံအိုင်ကြီးထဲက မြန်မာလူငယ်များ
လူငယ်တွေဟာ အနာဂတ်ကမ္ဘာကြီးကို မောင်းနှင်မဲ့ ပဲကိုင်ရှင်တွေလို့ ပြောစမှတ်ရှိပါတယ်။ ဒါပေမဲ့ မြန်မာလူငယ်တွေမှာ အဲ့ဒီအခွင့်အရေးတွေ မရှိတော့ပါဘူး။ ဖြစ်
အိပ်မက်တိမ်တို့ ငွေ့ရည်ပျံချိန်
″ ဒီကိုပဲ လာခဲ့လိုက်တော့။ အတူတူရှိနေတာပဲ ကောင်းတယ်။ တကွဲတပြားဖြစ်နေတော့ ဘာဖြစ်မယ်မှန်းမသိ နေ့တိုင်း စိတ်ပူနေရတာ” ဒီရက်ပိုင်းတွေထဲ သူ အများဆုံးကြားရတဲ့စကာ
Share this article
The link has been copied!