ကမ္ဘာ့နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ မြန်မာ့နိုင်ငံရေးမှာပဲဖြစ်ဖြစ် ပြန်ပြောင်းကြည့်ကြတဲ့အခါ ရာထူးနဲ့ အာဏာဆိုတာ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်ပါတယ်။ ရာထူးနဲ့အာဏာကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့စစ်ပွဲတွေ၊ လူတွေသေကြေပျက်စီးမှုတွေဆိုတာ သမိုင်းမှာ အထင်အရှားရှိပါတယ်။ 

ဒီနေ့ခေတ်မှာ သမ္မတရာထူးကို မပြောနဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ဖို့လောက်ကို သိန်းရာချီ အကုန်ခံနေကြရတာပါ။ ဒါပေမဲ့ အဲဒီလို ရာထူးနဲ့ အာဏာကို မက်မောကြသူတွေရှိကြပေမဲ့ လူတိုင်းတော့လည်း မဟုတ်ပြန်ပါဘူး။ ရာထူးနဲ့အာဏာကို မမက်မောဘဲ ငြင်းပယ်ခဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီနေ့ခေတ်မှာ ရွေးကောက်ပွဲတွေကနေ သမ္မတဖြစ်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပေမဲ့ မြန်မာ့သမိုင်းမှာ လွတ်လပ်ပြီးစ မြန်မာ့နိုင်ငံရဲ့ ပထမဆုံးသမ္မတရာထူးကို ငြင်းပယ်ခဲ့သူတစ်ယောက်ရှိခဲ့တယ်ဆိုတာက တကယ်ပဲ အံ့ဩစရာဖြစ်ပါတယ်။ 

၁၉၄၇ တုန်းက လွတ်လပ်ရေးရပြီးရင် မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ သမ္မတတစ်ယောက်ကို တင်မြှောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ်ခဲ့သူတစ်ဦး ရှိခဲ့ပါတယ်။ သူကတော့ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ပဲ ဖြစ်ပါတယ်။ 

ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်းပန်စိန်ဆိုတာ ဘယ်သူပါလဲ။ သမိုင်းမှန်ကူကွက်ထဲမှာ သူက ဘယ်လိုပါဝင်လာတာလဲ။ ဗိုလ်ချုပ်အောင်ဆန်းကရော သူ့ကို ဘာလို့ သမ္မတအဖြစ် တင်မြှောက်ဖို့ ရွေးချယ်ရတာလဲ။ ဒါကပဲ မြန်မာ့သမိုင်းမှာ လူသိနည်းတဲ့ စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် ဇာတ်ကြောင်းတစ်ခုဖြစ်လာပါတယ်။

စဝ်ခွန်ပန်းစိန်ဟူသည်

တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ဆိုတာ ရှမ်းလူမျိုးမဟုတ်ပါဘူး။ ပလောင်လူမျိုးဖြစ်ပါတယ်။ ပလောင်တွေကို တအောင်းလို့လည်း ခေါ်ကြပါတယ်။ ပလောင်တွေဟာ မွန်-ဗမာအုပ်စုနွယ်ဝင်လူမျိုးတွေပါ။ ပလောင်လူမျိုးတွေဟာ ဘီစီ ၁၀၀ လောက်ကတည်းက မြန်မာနိုင်ငံထဲကို လမ်းကြောင်း ၃ သွယ်ကနေ ဝင်ရောက်လာခဲ့ကြတယ်လို့ သမိုင်းပညာရှင်တွေက ယူဆထားပါတယ်။ 

၁၈၆၇ မှာ ပလောင်စော်ဘွားကြီး ခွန်မိန်းက နမ့်ဆန်မြို့ကို တည်ထောင်ပါတယ်။ စော်ဘွားကြီးခွန်မိန်းကနေ စော်ဘွားကြီး စဝ်ခွန်ပန်းစိန်အထိ ပလောင်စော်ဘွား ၇ ဆက်ရှိခဲ့ပါတယ်။ 

စော်ဘွားကြီး စဝ်ခွန်ပန်းကို နမ့်ဆန်မြို့မှာ ဖခင် တောင်ပိုင်စော်ဘွားကြီး  စဝ်ခွန်ဆိုင်အွမ်၊ အမိ ဟန်ဆိုင်တို့ကနေ မွေးဖွားပါတယ်။ အရွယ်ရောက်တဲ့အခါ တောင်ကြီးမြို့က အခု  အထက ၂ ကျောင်းမှာ တက်ပါတယ်။ ၁၉၁၆ ခု ၊ အသက် ၂၂ ရောက်တဲ့အခါ တောင်ပိုင်နယ် ကျမိုင်းဖြစ်လာပါတယ်။ ကျမိုင်းဆိုတာ စော်ဘွားအရိုက်အရာကို ဆက်ခံရမဲ့ အိမ်ရှေ့စံကို ပြောတာပါ။ ကျမိုင်းဖြစ်လာချိန်မှာ သူ့အဖေ တောင်ပိုင်စော်ဘွားကြီးရဲ့ အုပ်ချုပ်ရေးကိစ္စတွေမှာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ 

ကျမိုင်းဘဝနဲ့ ၁၀ နှစ်နေပြီး သူ့အသက် ၃၂ နှစ်ရောက်တဲ့အခါ သူ့ဖခင်တောင်ပိုင်စော်ဘွားကြီး  စဝ်ခွန်ဆိုင်အွမ်ကွယ်လွန်သွားသွားပါတယ်။ အဲဒီအချိန်က ရှမ်းပြည်နယ်မှာ အစဉ်အလာအရရော၊ အရည်အချင်းအရပါ လူထုက ယုံကြည်ရတဲ့ တောင်ပိုင်ကျမိုင်း စဝ်ခွန်းပန်းစိန်ဟာ ဖခင်ရဲ့အရိုက်အရာကို ဆက်ခံပြီး တောင်ပိုင်စော်ဘွားကြီး ဖြစ်လာပါတယ်။

တောင်ပိုင်စော်ဘွားကြီးစဝ်ခွန်ပန်းစိန်ဟာ ခန့်ညားတဲ့ရုပ်ရည်ရှိပါတယ်။ ဒေသခံလူထုက လေးစားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မျိုးရိုးအားဖြင့်လည်း ရှမ်းပြည်နယ်မှာ အစဉ်အလာအုပ်ချုပ်သူတွေဖြစ်တဲ့ စော်ဘွားမျိုးရိုးက ဆင်းသက်လာသူဖြစ်သလို ပညာတတ်တစ်ဦးလည်းဖြစ်ပါတယ်။ အများနဲ့သင့်တင့်သလို ပြည်နယ်အကျိုးအတွက်လည်း ဦးစီးဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ချိန်မှာတော့ စော်ဘွားတွေဟာ အင်္ဂလိပ်လက်အောက်ကနေ ကိုယ့်နယ်ပယ်ကို အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ဂျပန်ခေတ် ၁၉၄၂ မှာ ဂျပန်တွေက တောင်ပိုင်နယ်ကို အုပ်ချုပ်ဖို့ စော်ဘွားကြီးစဝ်ခွန်ပန်းစိန်ကိုပဲ တာဝန်ပေးခဲ့ပါတယ်။ စော်ဘွားကြီးစဝ်ခွန်ပန်းစိန်ဟာ ဂျပန်ခေတ် ၁၉၄၄ မှာတော့ ကမ္ဘောဇတိုင်း(ရှမ်းပြည်) ကိုယ်စားလှယ် အတိုင်ပင်ခံလွှတ်တော်အမတ်ဖြစ်လာပါတယ်။ 

ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့ ၁၉၄၅ မှာတော့ ကမ္ဘာ့အရေးတွေ ပြောင်းလဲကုန်သလို မြန်မာမှာလည်း နိုင်ငံရေး အခြေအနေတွေက ပြောင်းလဲကုန်ပါတယ်။ မြန်မာတွေဟာ လွတ်လပ်ရေးရဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေ ချိန်ဖြစ်ပါတယ်။  ၁၉၄၅၊ နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ တောင်ပိုင်စော်ဘွားကြီးစဝ်ခွန်ပန်းစိန်နဲ့ မိုးမိတ်စော်ဘွား စဝ်ခွန်ချိုတို့ဟာ ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ ဗြိတိသျှတွေဆီကနေ တောင်းဆိုခဲ့ပါတယ်။ ၁၉၄၆ ဇန်နဝါရီလ ၁ ရက်မှာလည်း ရှမ်းပြည်အနာဂတ်အရေးအတွက် အစီအမံတွေချမှတ်ဖို့ တိုင်ပင်ဆွေးနွေးခဲ့ ကြပါသေးတယ်။ ၁၉၄၇ ဖေဖော်ဝါရီလကျ ပင်လုံညီလာခံကို ပင်လုံမြို့မှာ လုပ်တဲ့အခါ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်လည်း တက်ရောက်နေခဲ့ပါတယ်။

ဗိုလ်ချုပ် စိတ်ကူး

၁၉၄၇-၄၈ ကာလတွေမှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်ကနေ လွတ်မြောက်ဖို့ အားတက်သရော ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။ လွတ်လပ်ရေး ရောင်နီသန်းနေတဲ့ အချိန်ဆိုလည်း မမှားပါဘူး။ 

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ ပင်လုံညီလာခံကျင်းပဖို့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ရှမ်းပြည်နယ်၊ ပင်လုံမြို့ကို ရောက်ရှိလာကြပါတယ်။ နောက်တစ်ရက် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံမှာ မိန့်ခွန်းပြောပါတယ်။ အဲဒီနေ့ အစည်းအဝေးအပြီးမှာ ဗိုလ်ချုပ်က “ပထမဆုံး သမ္မတအဖြစ် ရှမ်းအမျိုးသားတစ်ဦးကို ပေးရင် မကောင်းဘူးလား။ ခင်ဗျားဘယ်လို သဘောရလဲ”ဆိုပြီး ဦးဖေခင်ကို မေးပါတယ်။ 

ဦးဖေခင်ဆိုတာက ရှမ်းပြည်လူထုကိုယ်စားလှယ်ဖြစ်ပြီး နောင်အခါကျ သံအမတ်ကြီးဖြစ်လာသူပါ။ ဦးဖေခင်ကလည်း တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ဟာ သမ္မတဖြစ်ဖို့အတွက် သင့်လျော်တဲ့သူ ဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ကိုပြောပါတယ်။ ဗိုလ်ချုပ်ကလည်း တောင်ပိုင်စော်ဘွားကြီးကို တီးခေါက်ကြည့်ဖို့ပြောပါတယ်။ သူကိုယ်တိုင်လည်း အကဲခတ်ချင်တဲ့ပုံရှိပါတယ်။ ဒါကြောင့် ဦးဖေခင်ကလည်း တောင်ပိုင်စော်ဘွားကြီးကို ထမင်းဖိတ်ကျွေးဖို့ အကြံပြုတဲ့အခါ ဗိုလ်ချုပ်ကလည်း သဘောတူခဲ့ပါတယ်။ 

သမ္မတရာထူးကို ငြင်းပယ်ခြင်း

ဦးဖေခင်လည်း ထမင်းစားဖိတ်ဖို့အတွက် တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ဆီ ထွက်လာခဲ့ပါတယ်။ ရောက်တဲ့အခါ စော်ဘွားကြီးနဲ့ နှစ်ယောက်ချင်းတွေ့ပြီး သမ္မတခန့်ရေးကိစ္စကို တီးခေါက်ကြည့်ပါတော့တယ်။ 

တောင်ပိုင်စော်ဘွားကြီးက “မလုပ်ပါနဲ့ ကိုဖေခင်ရာ။ သမ္မတအိမ်တော်ထဲမှာ ကျွန်တော်ထောင်ကျနေတာနဲ့ တူနေပါဦးမယ်”ဆိုပြီး ရယ်ကာမောကာ တုံ့ပြန်ပါတယ်။ ဒါ့အပြင် သူ့ထက်ဝါရင့်တဲ့ စော်ဘွားတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဗိုလ်ချုပ်အောင်ဆန်းကသာ ရှမ်းလူမျိုးတစ်ဦးကို သမ္မတအဖြစ် တင်မြှောက်ချင်တယ်ဆိုရင် ရှမ်းစော်ဘွားတွေ အချင်းချင်းညှိနှိုင်းပြီး သင့်လျော်တဲ့လူကို အများသဘောနဲ့ ရွေးချယ်ပေးတာက ပိုအဆင်ပြေမယ်လို့ စော်ဘွားကြီးက ဆိုပါတယ်။ 

ထမင်းစားဖိတ်တဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ဗိုလ်ချုပ်တို့ဟာ ရှမ်းပြည်ကို ရောက်နေတာဖြစ်တဲ့အတွက် သူတို့ကအိမ်ရှင်ဖြစ်လို့ အိမ်ရှင်ကပဲ ထမင်းစား ဖိတ်ပါရစေဆိုပြီး ဗိုလ်ချုပ်နဲ့ဦးဖေခင်ကို ထမင်းစားကြွဖို့ ပြန်ဖိတ်လိုက်ပါတယ်။

နောက်နေ့ နေ့လယ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဖေခင်တို့လည်း တောင်ပိုင်စော်ဘွားကြီးဆီ ထမင်းစားဖို့ထွက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်တို့ရောက်တဲ့အခါမှာ တောင်ပိုင်စော်ဘွားကြီးရဲ့အိမ်မှာ သိန္နီစော်ဘွားကြီးလည်း ရောက်နေတာ တွေ့ရပါတယ်။ ရှမ်းလူမျိုးတစ်ဦးကို သမ္မတအဖြစ် တင်မြှောက်လိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆန္ဒကိုလည်း တောင်ပိုင်စော်ဘွားကြီးက သိန္နီစော်ဘွားကြီးကို ပြောထားနှင့်တာကို တွေ့ရပါတယ်။ 

သမ္မတရွေးချယ်ရေးကိစ္စနဲ့ပတ်သက်ပြီး စော်ဘွားကြီးနှစ်ဦးစလုံးက ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ သမ္မတအဖြစ် ဘယ်သူ့ကိုပဲရွေးရွေး၊ ရွေးချယ်ပေးလိုက်တဲ့လူဟာ အများသဘောနဲ့ ရွေးချယ်ပေးလိုက်သူသာ ဖြစ်သင့်တယ်ဆိုပြီး သူတို့ရဲ့ သဘောထားကို ဗိုလ်ချုပ်ကို တင်ပြကြပါတယ်။ စော်ဘွားကြီးနှစ်ယောက်စလုံးက ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို သမ္မတအဖြစ်တင်မြှောက်လိုတဲ့ သဘောထားကိုလည်း တွေ့ခဲ့ရပါတယ်။ 

ဒီလိုနဲ့ပင်လုံညီလာခံကို ဆက်လက်ကျင်းပကြပါတယ်။ ပင်လုံညီလာခံကျင်းပနေစဉ်အတွင်းမှာပဲ ရှမ်းပြည်စော်ဘွားတွေဟာ အင်္ဂလိပ်ရဲ့ ဩဇာခံဖြစ်နေရတဲ့ ရှမ်းပြည်ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီကိစ္စကို တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အင်္ဂလိပ်ဆီကို ကြေးနန်းပို့ခဲ့ပါတယ်။ ပြီးတော့ ပြည်မနဲ့အတူ လွတ်လပ်ရေးယူမယ်ဆိုပြီး  မြန်မာပြည်အသံ လွှင့်ဌာနကို သတင်းပေးပို့ပြီး ညတွင်းချင်းအသံလွှင့်စေခဲ့ပါတယ်။ ဒါဟာ အုပ်ချုပ်သူအင်္ဂလိပ်ရဲ့ ဩဇာကို အတိအလင်း လွန်ဆန်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ (ဖေဖော်ဝါရီလ ၇ ရက်)ဟာ အခုကျ ရှမ်းအမျိုးသားနေ့ ဖြစ်လာပါတယ်။ 

၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်ရောက်တဲ့အခါမှာ ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုကြပါတယ်။ အဲဒီပင်လုံစာချုပ်မှာ တောင်ပိုင်းစော်ဘွားကြီးစဝ်ခွန်ပန်းစိန်လည်း လက်မှတ်ရေးထိုး ပါတယ်။ 

ပင်လုံညီလာခံအပြီး ရန်ကုန်က ဗိုလ်ချုပ်အိမ်မှာ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက် (မြန်မာ့ပထမဆုံး သမ္မတဖြစ်လာသူ)နဲ့ ဦးထွန်းမြင့်(တောင်ကြီး) တို့ရောက်လာချိန်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းက ''စော်ဘွားကြီး ကျွန်တော်တို့ လွတ်လပ်တဲ့မြန်မာနိုင်ငံရဲ့ ပထမသမ္မတကို ရှမ်းအမျိုးသားပဲလုပ် ဖို့ စဉ်းစားထားတယ်။ အဲဒါ တောင်ပိုင်စော်ဘွား(စဝ်ခွန်ပန်းစိန်) နဲ့ဆို ဘယ့်နှယ့်နေမလဲ '' ဆိုပြီး မေးမြန်းခဲ့ပါတယ်။

ဒီအချက်ကိုကြည့်မယ်ဆိုရင် တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်းပန်းစိန်က သမ္မတမလုပ်လိုဘူးဆိုတာတောင် ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ စော်ဘွားကြီးကို လက်မလွှတ်ချင်သေးဘူးဆိုတာ သိသာပါတယ်။ 

နောက်ဆက်တွဲကန့်လန်ကာများ

၁၉၄၇ ဇူလိုင်လ ၁၉ ရက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကြီးတွေ လုပ်ကြံခံလိုက်ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့ ဖဆပလ အဖွဲ့ကြီးကို ဦးနုက ဦးဆောင်ပါတယ်။ 

ဗိုလ်ချုပ်တို့ကျဆုံးသွားပြီးနောက်ပိုင်း တောင်ပိုင်စော်ဘွားကြီးကို သမ္မတအဖြစ် ရွေးချယ်ဖို့ကိစ္စဟာ ပြောင်းလဲသွားခဲ့ပါတယ်။ တောင်ပိုင်စော်ဘွားကြီးရဲ့ တတိယမြောက်မဟာဒေဝီ ဒေါ်ခင်မေမေဟာ ဥရောပသွေးစပ်တဲ့ ကပြားအမျိုးသမီးဖြစ်နေလို့ သမ္မတရွေးချယ်ရေးမှာ ချန်လှပ်ထားခဲ့လိုက်တာဖြစ်ပါတယ်။ 

ဒီနေရာမှာ စဉ်းစားစရာရှိတာက အဲဒီခေတ်ကာလအချိန်မှာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကြီးဟာ ကိုလိုနီစနစ်နဲ့ ဖက်ဆစ်စနစ်တို့ အားပြိုင်နေချိန်ဖြစ်ပါတယ်။ နှစ်ပေါင်းရာနဲ့ချီ ကိုလိုနီပြုခံထားရတဲ့ သိမ်းပိုက်ခံ နိုင်ငံငယ်လေးတွေရဲ့ ပြည်သူတွေဟာ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်တွေ အားကောင်းမောင်းသန် ဖြစ်နေချိန် ဖြစ်ပါတယ်။ 

ဒီလိုနဲ့ တောင်ပိုင်စော်ဘွားကြီးအစား ရှမ်းအမျိုးသားတွေထဲက အများသဘောကျတဲ့လူကို ရွေးချယ်ခဲ့ရာမှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က သမ္မတဖြစ်လာခဲ့ပါတယ်။ ညောင်ရွှေစော်ဘွားကြီးကို တိုင်းပြည်ပြုလွှတ်တော်ကနေ ၁၉၄၇ စက်တင်ဘာလ ၂၅ ရက်မှာ သမ္မတအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ 

တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ကတော့ သမ္မတမဖြစ်ပေမဲ့ တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် အရွေးခံရပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းကျင်းပတဲ့ ၁၉၅၂ ၊ ၁၉၅၆ ၊ ၁၉၆၀ ရွေးကောက်ပွဲတွေမှာလည်းလူမျိုးစုလွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံရပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် သန့်ရှင်း-တည်မြဲ ဖဆပလ နှစ်ခြမ်းကွဲတော့ စော်ဘွားကြီးဟာ တည်မြဲ ဖဆပလကို ထောက်ခံပါတယ်။ ၁၉၅၉ ကျ တခြားသော စော်ဘွားတွေနဲ့အတူ စော်ဘွားအာဏာကို စွန့်လွှတ်ပါတယ်။ 

အဲဒီနောက်ပိုင်းမှာတော့ စော်ဘွားကြီးဟာ နမ္မတူမိုင်း ဘားမားကော်ပိုရေးရှင်းမှာ အစိုးရကိုယ်စားလှယ် ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စု စက်မှုလက်မှုလုပ်ငန်း လက်ဖက်ခြောက်ထုတ်လုပ်ရေး အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ပါတယ်။ နိုင်ငံအတွက် စွမ်းစွမ်းတမံလုပ်ခဲ့လို့ ၁၉၅၈ ခုနှစ်လွတ်လပ်ရေးနေ့မှာ တောင်ပိုင်း စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ကို နိုင်ငံတော်က “မဟာသရေစည်သူ”ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ 

ဒီလိုနဲ့ မြန်မာ့ပထမဆုံးသမ္မတရာထူးကို ငြင်းဆန်ခဲ့တဲ့ တောင်ပိုင်စော်ဘွားကြီးဟာ ၁၉၇၅ ခုနှစ် အသက် ၈၁ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

စော်ဘွားကြီးစဝ်ခွန်းပန်းစိန်ကွယ်လွန်သွားပေမဲ့ အာဏာကို မမက်မော၊ စွန့်လွှတ်ရဲပြီး ဒီမိုကရေစီစနစ်ကို လေးစားတဲ့ သူ့ရဲ့သမိုင်းက မှေးမှိန်ပျောက်ကွယ်သွားခြင်းမရှိခဲ့ပါဘူး။ ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရယူတဲ့၊ အများဆန္ဒကို လေးစားတဲ့ စော်ဘွားကြီးရဲ့ စိတ်ထားဟာ အတုယူစရာကောင်းတာ အမှန်ပဲဖြစ်ပါတော့တယ်။ 

ဟန်သစ်အိမ် (Y3A)

Read More:

မြန်မာ့လွတ်လပ်ရေးအတွက် ရပ်တည်ခဲ့သော တရုတ်စီးပွားရေးသမား - ဦးစပ်စု
ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ ထင်ရှားခဲ့တဲ့ တရုတ်လူမျိုး စီးပွားရေးသမား ဦးစပ်စု (အော်ခေးချောင်း)ရဲ့ ဘဝဇာတ်ကြောင်း။
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရပ်တည်ခဲ့သူ - ဦးသန့်၏ဘဝခရီး
ပန်းတနော်မြို့သား ဦးသန့်၏ ကျောင်းဆရာဘဝမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာပုံနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများကို လေ့လာမိတ်ဆက်

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!