ဒီနှစ်ထဲမှာ AI တွေ ကြီးမားလာတာနဲ့အမျှ Open AI, ChatGPT တို့နဲ့အတူ ဒီလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ Sam Altman ကိုလည်းလူသိများလာပါတယ်။

Sam Altmanရဲ့ ဦးဆောင်မှုနဲ့ Generative AI တွေရဲ့ ခေတ်သစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ChatGPT နာမည်ကိုမသိသူမရှိ ဖြစ်လာပါတယ်။ အခုဆို AI tool တွေများစွာပေါ်ထွန်းလာသလို အစိုးရတွေ ကျောင်းတွေ တက္ကသိုလ်တွေကပါ အရေးတယူဆောင်ရွက်ရတဲ့ အခြေအနေအထိ ဖြစ်လာနေခဲ့ပါပြီ။

ဟိုတလောကတင် Open AI Board အဖွဲ့ကနေ Sam Altman ကို ထုတ်ပယ်လိုက်တဲ့ သတင်းကြောင့် နည်းပညာနယ်ပယ်ကြီးတစ်ခုလုံး ရိုက်ခတ်သွားပါသေးတယ်။ ဒါပေမဲ့  Sam Altman ကို ပြန်မခန့်ရင် အလုပ်သမားတွေ အကုန်လုံးကပါ အလုပ်ထွက်မဲ့ပုံရှိနေလို့ သိပ်မကြာခင်ပဲ Sam Altman ကို ပြန်ခန့်လိုက်ရပါတယ်။

ဆိုတော့က Sam Altman ရဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေ Skills တွေကိုမပြောခင် အရင်ဆုံး သူ့ရဲ့ ဘဝ ကို အရင်ကြည့်လိုက်ရအောင်ပါ။

သူ့ကို ၁၉၈၅ မှာမွေးပါတယ်။ သူ့အသက် ၁၉ နှစ်၊ Stanford တက္ကသိုလ်မှာ တက်ရောက်နေတဲ့ကာလမှာပဲ  "Loopt"လို့ခေါ်တဲ့ Social Network တစ်ခုကိုဖန်တီးနိုင်ပါတယ်။ ငယ်ငယ်ကတည်းက ဇကလေးနဲ့ ဆိုသလိုပါပဲ။

‘Loopt’ ကိုတည်ထောင်ခဲ့တာကနေ သူ့အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေ အများကြီးရခဲ့သလို နောက်ပိုင်း ဆုံးဖြတ်ချက်တွေချတာမှာလည်း အများကြီးအသုံးဝင်ခဲ့တယ်လို့ဆိုပြီးတော့ သူက ဝန်ခံခဲ့ပါတယ်။ ပြီးတော့ အမြဲပြောင်းလဲနေတဲ့ နည်းပညာနယ်ပယ်မှာ ဘယ်လိုရှင်သန်ကျန်ရစ်အောင် လုပ်မလဲဆိုတာကို သင်ယူနိုင်ခဲ့တာကလည်း သူ့အတွက် အမြတ်ထွက်ခဲ့ပါတယ်။

စပြီးအပြောင်းအလဲ ဖြစ်ခဲ့တာကတော့ Startup တွေကို အရှိန်မြင့်တင်ပူးပေါင်းဆောင်ရွက်ပေးတဲ့ Y Combinator နဲ့ အဆက်သွယ်ရပြီးနောက်ပိုင်းဖြစ်ပါတယ်။ Y Combinator ကြောင့် သူ့ အတွက် အရေးပါတဲ့ အဆက်သွယ်တွေနဲ့ အတွေ့အကြုံတွေရခဲ့သလို တခြား Startup တည်ထောင်သူတွေနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။

Sam Altman ဟာ ၂၀၁၉ မှာပဲ Open AI ရဲ့ CEO ဖြစ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ChatGPT ကိုသုံးစွဲသူတွေလက်ထဲ အရောက်ပို့နိုင်ခဲ့ပြီး သူက Open AI ရဲ့ CEO နေရာနဲ့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နည်းပညာဆိုင်ရာ အမြင်ကျယ်မှုကို သက်သေပြနိုင်ခဲ့သလို AI နဲ့ပတ်သတ်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေအတွက်လည်း အတုယူစရာဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ခေါင်းဆောင်မှုမှာ ဘယ်အချက်တွေက သူ့ကို တမူထူးပြီး အောင်မြင်ခဲ့လဲဆိုတာကို သုံးသပ်ကြည့်လိုက်ရအောင်ပါ။

၁။ လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးများယူဆောင်ကာ တာဝန်ယူမှုရှိစွာဦးဆောင်ခြင်း။

  • Sam Altman က ကမ္ဘာကြီးကို ကောင်းမွန်စွာပြောင်းလဲဖို့ဆန္ဒရှိသူပါ။ ဒါကြောင့် AI ကို အသုံးချပြီးပြောင်းလဲဖို့၊ ဘေးထွက်ဆိုးကျိုးကိုလျှော့ချဖို့ သူက တာဝန်ယူမှုရှိရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ရေရှည်မှာ အကျိူးရှိစေဖို့အတွက် တခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းတာကအစ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ သူက သူ့ကုမ္ပဏီ နဲ့ အမြတ်ငွေတိုးစေရုံသာမကဘဲ ဒီထက် ပိုအမြင်ကျယ်ကြောင်းသက်သေပြနိုင်ခဲ့တာပါ။

၂။ လမ်းညွှန်သူကောင်းရှိဖို့ အရေးကြီးခြင်း

  • Sam Altman ကို အကောင်းဆုံးလမ်းညွှန်နိုင်ခဲ့တာကတော့ Y Combinator ရဲ့ တွဲဘက်တည်ထောင်သူ Paul Graham ပါ။ Paul Graham က Sam Altman ကို နည်းပညာနဲ့ပတ်သတ်တဲ့ Skills တွေသာမက နည်းပညာသုံးပြီး လူ့အဖွဲ့အစည်းကို ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကိုပါ လမ်းညွှန်နိုင်ခဲ့သူပါ။ Sam Altman ဟာ Y Combinator မှာ ရှိတဲ့ တခြား Startup လုပ်ငန်းတွေဆီက အောင်မြင်မှုတွေသာမက ကျရှုံးမှုတွေကိုပါ သင်ယူလေ့လာနိုင်ခဲ့ပါတယ်။ ဒီအတွ့အကြုံတွေကြောင့်ပဲ Altman ဟာ နည်းပညာမှာ တခြားလူတွေထက် ခေါင်းတစ်လုံးသာနေခဲ့တာပဲဖြစ်ပါတယ်။

၃။ ဆုံးဖြတ်ချက်ချနိုင်စွမ်း မြန်ဆန်မြင့်မားခြင်း

  • တခြားခေါင်းဆောင်တွေလိုပဲ Sam Altman လည်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲ ချခဲ့ရပါတယ်။ သူ့ရဲ့ကိုယ်ပိုင် Startup လုပ်ငန်းကို Y Combinator နဲ့ပေါင်းစည်းဖို့ ဆုံးဖြတ်ချက်ပါ။ စနစ်တကျတွက်ချက်သိရှိထားတဲ့ စွန့်စားမှုတွေကို ရယူပြီး အောင်မြင်တဲ့ Startup တစ်ခုအနေနဲ့ အမြတ်အစွန်းမယူတဲ့ သုတေသန အဖွဲ့နဲ့ အောင်မြင်စွာပေါင်းစည်းနိုင်ခဲ့ပါတယ်။

၄။ လူသားဆန်သောဦးဆောင်မှု

  • လူသားတစ်ယောက်အတွက် အရေးကြီးဆုံးဖြစ်တဲ့ လူသားဆန်စေဖို့ကိုလည်း Sam Altman က အလေးထားသလို အဖွဲ့ဝင်တွေကြား ကိုယ်ချင်းစာတရားနဲ့ ခိုင်မာတဲ့ဆက်ဆံမှုရှိဖို့ကိုလည်း သူက အာရုံစိုက်သူပါ။ အဖွဲ့ဝင်တွေကို အမိန့်ပေးတာမဟုတ်ဘဲ လှုံ့ဆော်ပေးတာမျိုးနဲ့ ဦးဆောင်တာကြောင့် ChatGPT ရော Open AI ရော အောင်မြင်တာဖြစ်ပါတယ်။ ဝန်ထမ်းတွေဘက်ကလည်း သူ့ကိုဆိုယုံကြည်မှု အပြည့်ရှိသလို Altman ထုတ်ခံရတုန်းက သူတို့ပါ အကုန်ထွက်မယ်အထိဖြစ်တာကသက်သေပါပဲ။

၅။ အခြားသူတွေအပေါ် ကောင်းမွန်စွာ လွှမ်းမိုးနိုင်ခြင်း

  • Sam က သူရဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက်တွေကို သူတစ်ဦးထဲသာမက တခြားအဖွဲ့ဝင်တွေရှယ်ယာရှင်တွေ အပေါ်မှာပါ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း Open AI က တခြား ကုမ္ပဏီတွေထက် ရှေ့ကိုရောက်ခဲ့တာဖြစ်ပါတယ်။

၆။ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း

  • နည်းပညာနယ်ပယ်ဟာ အမြဲပြောင်းလဲနေပြီး ပြောင်းလွယ်ပြင်လွယ်နဲ့ လိုက်လျောညီထွေရှိမှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ Sam Altman က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ပြောဆိုမှုအတွက် လမ်းကြောင်းကို အမြဲဖွင့်ထားခဲ့တာကြောင့် နောက်ဆုံးရသတင်းအချက်အလက်တွေကို အာရုံစိုက်နိုင်ခဲ့ပါတယ်။ ဒါကပဲ ဈေးကွက်ထဲမှာ Open AI ကို တခြားလုပ်ငန်းတွေထက် တပန်းသာတဲ့ အချက်ပဲဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Open AI ဟာ AI နယ်ပယ်မှာဟာဆရာတစ်ဆူ ဖြစ်ပြီးတော့ သူရဲ့ထုတ်ကုန် ChatGPT တစ်ခုတည်းနဲ့ပဲ တခြားနည်းပညာ Giant ကြီးတွေကို နောက်ကောက်ချနိုင်ခဲ့ပါပြီ။  ဒီလိုအောင်မြင်မှုတွေဟာ Sam Altman ရဲ့ ဦးဆောင်မှုသာ မရှိရင်ဖြစ်လာနိုင်ပါ့မလား။

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ မျှော်လင့်ချက်တွေရှင်သန်ပြီး အားသစ်အင်သစ်ဖြစ်ပါစေ။ လူငယ်တွေအနေနဲ့ Build-Myanmar Media ကို အားပေးပြီး ကမ္ဘာကြီးကို အမှီလိုက်ဖို့လည်း တိုက်တွန်းလိုက်ပါရစေ။

လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်စေမဲ့ အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်လျက်ရှိပါတယ်။

ကိုးကား။

**Reference Link: https://press.farm/the-leadership-style-of-sam-altman/**

Share this article
The link has been copied!