“ကမ္ဘာကြီးကိုပြောင်းလဲဖို့ ဝါသနာပါတဲ့ အလုပ်ကို လုပ်ပါ။ ပျော်တဲ့အလုပ်ကိုလုပ်ပါ။ ပျော်ရွှင်တာနဲ့အောင်မြင်မှုက တိုက်ရိုက်အချိုးကျတယ်”

ဒါမျိုးကို နားနဲ့မဆန့်အောင် ကြားဖူးပါလိမ့်မယ်။ ပျော်ရွှင်တာနဲ့အောင်မြင်မှုက တိုက်ရိုက်အချိုးကျတယ်ဆိုတာ တကယ်ရော ဟုတ်ပါ့မလား။

ထောင်နဲ့ချီတဲ့လုပ်ငန်းခေါင်းဆောင်တွေ၊ အောင်မြင်တဲ့သူတွေနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ ပျော်ရွှင်နေရဖို့နဲ့ ပျော်တဲ့အလုပ်ကိုလုပ်ဖို့က လူသားတွေအတွက် အဓိကမဟုတ်ပါဘူးဆိုတာ သိလာရပါတယ်။

ပျော်ရွှင်နေဖို့ကိုပဲ အမြဲကြိုးစားနေမယ်ဆိုရင် နောက်ဆုံးကျ အဲဒါကပဲ ကိုယ့်ကိုစိတ်ပျက်စေမှာဖြစ်သလို သုတေသနတွေအရလည်း ဘဝမှာပျော်ရွှင်ဖို့ကိုပဲ ဦးစားပေးနေမယ်ဆိုရင် မပျော်ရွှင်ရတဲ့လမ်းကြောင်းဆီကိုပဲ ရောက်သွားပါလိမ့်မယ်တဲ့။

ဆိုလိုတာကတော့ ဘဝမှာ ပျော်ပျော်နေရဖို့ ဘာမဟုတ်တဲ့အပျော်အပါးတွေနဲ့ အချိန်ကုန်မယ်ဆို နောက်ဆုံးကျ မပျော်ရွှင်တဲ့ဘဝနဲ့ အဆုံးသတ်သွားမယ်ပေါ့လေ။

လူတစ်ယောက်ရဲ့ Character ဆိုတာက အခက်အခဲတွေတွေကိုကြုံတွေ့ပြီးမှ တည်ဆောက်ရတာဖြစ်ပါတယ်။ ပြီးတော့ ဘဝကြိုးဝိုင်းထဲက အခက်အခဲတွေကို ကြုံတွေ့တဲ့အခါ ပျော်ရွှင်မှုနောက်ကိုပဲ လိုက်နေမယ်ဆိုရင် ဘာကိုမှဖြစ်မြောက်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။

ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ ကျော်လွှားပြီးမှ ကိုယ်နဲ့ထိုက်တန်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ပြီလို့ သတ်မှတ်နိုင်မှာပါ။ အခုခေတ် ကမ္ဘာကြီးမှာ အလိုအလျောက်လုပ်နိုင်တဲ့စက်တွေက စီးပွားရေးလုပ်ငန်းတွေမှာ ပိုပြီးနေရာယူလာချိန် လူသားရဲ့ဖြစ်တည်မှုပျောက်မသွားဖို့ အရည်အချင်းက အရေးကြီးလာပါတယ်။

ဆိုကြပါစို့။ လူတစ်ဦးဟာ သူ့မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်။ အဲဒီရည်ရွယ်ချက်ဆီသွားဖို့ တွန်းအားလည်းရှိနေပြီဆိုရင် သူဟာ ပိုပြီးအသက်ရှည်ဖို့၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။

ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုကိုရရှိဖို့ဆိုရင် ကိုယ်သွားရမဲ့ခရီးလမ်းကြောင်းကို သေချာသိဖို့လိုသလို ဆုံးခန်းတိုင်အောင်လျှောက်ဖို့ လိုအပ်တဲ့အရည်အချင်းလည်း ရှိရပါမယ်။ ဒီလိုရည်ရွယ်ချက်ကို လျှောက်တဲ့လမ်းဟာ ဝါသနာပါတဲ့အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ဥပမာ လူငယ်တစ်ယောက်ဟာ ပြိုကျလုနီး နိုင်ငံကြီးကို ပြန်လည်တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီဆိုရင် သူလုပ်ရမဲ့အလုပ်တွေက သူဝါသနာပါတဲ့အလုပ်တွေ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ အေးအေးဆေးဆေး စာလေးဖတ်၊ ကော်ဖီလေးနဲ့နှပ်နေမယ်ချည်း ဆိုတာမျိုးတော့ မရဘူးပေါ့လေ။ စာဖတ်ချိန်ဖတ်၊ မြေပြင်ဆင်းချိန်ဆင်းရမှာပေါ့။  အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ၊ အခက်အခဲတွေပတ်လည်ဝိုင်းနေတဲ့နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ ရည်မှန်းထားတယ်ဆိုရင် ပိုလို့တောင် ခက်ခဲမှာပါပဲ။

ဒါကြောင့် တစ်ခါတလေကျတော့လည်း ရည်ရွယ်ချက်နဲ့ ဝါသနာနဲ့ ထပ်တူမကျတဲ့အခါ ဝါသနာကို စွန့်လွှတ်ပြီး ရည်ရွယ်ချက်ကို ရှေ့တန်းတင်ဖို့လိုတာပေါ့။

ဥပမာ လွတ်လပ်ပြီးခေတ်က မြန်မာ့ပထမဆုံးဝန်ကြီးချုပ်ဦးနုဆိုရင်လည်း စာလေးဖတ်၊ စာလေးရေးပြီးပဲ နေချင်တာ။ ဗိုလ်ချုပ်အောင်ဆန်းမဖြစ်သေးတဲ့ သခင်အောင်ဆန်းက သူ့ကိုဆွဲခေါ်လို့ နိုင်ငံရေးထဲက မထွက်နိုင်ဘူးဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားတဲ့နောက် သမိုင်းက သူ့ပခုံးပေါ်ပစ်တင်လိုက်တဲ့ ဝန်ထုပ်ဝန်ပိုးကြီး သယ်ပိုးပြီး ခရီးဆက်ရတာပဲ။ ဗိုလ်ချုပ်မရှိတဲ့နိုင်ငံကို သူဦးဆောင်ပြီး လွတ်လပ်ရေးအရယူခဲ့ရတာပဲမလား။

ဒီတော့ Build-Myanmar Media ပရိသတ် လူငယ်တွေလည်း ကိုယ်က တစ်ခုခုကိုစွမ်းဆောင်ဖို့ မွေးဖွားလာတာလို့ ခံစားရတဲ့အထိ ရည်မှန်းချက်တစ်ခုရှိပါလိမ့်မယ်။ တကယ်လို့မရှိသေးရင်လည်း တစ်နေ့တွေ့မှာပါ။ အဲဒီအချိန်ကျ ရည်မှန်းချက်နဲ့ဝါသနာ ဘာကို ရွေးသင့်လဲဆိုတာ ဒီဆောင်းပါးလေးကို သတိရလိုက်ပါ။

ဒီလောက်ဆိုရင် ရည်မှန်းချက်နဲ့ဝါသနာ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ ဆုံးဖြတ်နိုင်ကောင်းပြီထင်ပါရဲ့။

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ မျှော်လင့်ချက်တွေရှင်သန်ပြီး အားသစ်အင်သစ်ဖြစ်ပါစေ။ လူငယ်တွေအနေနဲ့ Build-Myanmar Media ကို အားပေးပြီး ကမ္ဘာကြီးကို အမှီလိုက်ဖို့လည်း တိုက်တွန်းလိုက်ပါရစေ။

လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်စေမဲ့ အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်လျက်ရှိပါတယ်။

ကိုးကား။

Reference Link:

https://hbr.org/2019/10/why-purpose-not-passion-should-guide-young-professionals**

Share this article
The link has been copied!