မဝတီက ထောက်ကြန့်မှာမွေး၊ ထောက်ကြန့်မှာနေတဲ့ ထောက်ကြန့်သူလို့ ပြောရမယ်။ သူတို့နေတဲ့အရပ်မှာ လူတစ်ရပ်ထက်မြင့်တဲ့ ပိုက်လိုင်းကြီးက မြေမှာလဲလျောင်းပြီး တည်ရှိနေခဲ့တာ သူတို့အဘိုးအဘွားတွေ လက်ထက်ကတည်းကပေါ့။ 

မဝတီအနေနဲ့ ဂျိုးဖြူရေပိုက်လုံးကြီးကို မွေးကတည်းက မြင်ဖူးနေပေမဲ့ ဒီပိုက်လုံးကြီး ဘယ်ကနေ စပြီး ဘယ်မှာဆုံးလဲဆိုတာ မသိပါဘူး။ သူ့လိုပဲ သူ့ပတ်ဝန်းကျင်လူတွေကလည်း ဒါကို ဘယ်သူမှ အထူးတလည် လုပ်မနေကြပါဘူး။ 

ပိုက်လုံးကြီးကနေ ရေတွေရနေတယ်။ ရေတွကလည်း အရင်ကထက်စာရင် အခုနောက်ပိုင်း အနည်များလာတယ်ဆိုတာလောက်ပဲ သတိထားမိခဲ့တာပါ။ ဒီပိုက်လုံးကြီး ဘယ်အချိန်ကတည်းက ရှိခဲ့တယ်၊ ဘယ်သူတွေလုပ်ခဲ့တယ်။ ဘယ်လိုတွေအရေးပါတယ်ဆိုတာ သူတို့တွေ မသိခဲ့ပါဘူး။

တကယ်တော့ ဒီပိုက်လုံးကြီးက ရန်ကုန်ရဲ့အသက်သွေးကြောလို့ ပြောရင် ရပါတယ်။ ရန်ကုန်မြို့နေ လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့  လူ ၄ သန်းခွဲအတွက် ဒီပိုက်လုံးကြီးတွေကနေပဲ ရေတွေပေးနေတာပါ။ ဒါဆို ဒီပိုက်လုံးကြီးက ဘယ်အချိန်ကတည်းက ရှိနေခဲ့တာလဲ။

ရန်ကုန်မြို့တော်စည်ပင်ရဲ့ မှတ်တမ်းမှာတော့ ရန်ကုန်မြို့ ရေပေးဝေမှုကို ၁၈၄၂ ခုနှစ်မှာ ရန်ကုန်မှာရှိတဲ့ ရေတွင်းကြီး တွင်း ၃၀ ကနေ စခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၅၃ မှာ ဗြိတိသျှအစိုးရက ရန်ကုန်ကို ပြန်ပြီးတည်ထောင်ခဲ့ပါတယ်။ မြန်မာဘုရင်တွေဆောက်ခဲ့တဲ့ တပ်မြို့ဟောင်းကို ဖျက်ပြီး ဖြောင့်တန်းတဲ့လမ်းမကြီးတွေနဲ့ ခေတ်မီမြို့သစ်ပုံစံ ပြောင်းလဲခဲ့ပါတယ်။

မြို့သစ်တည်တော့ ရေက အရေးပါလာပါပြီ။ ရေတွင်းကြီး ၃၀ က မြို့အတွက် လုံလောက်တဲ့ပမာဏ မရတော့ပါဘူး။ အဲဒါကြောင့် ၁၈၇၉ မှာ ကန်တော်ကြီးကန်က ရေကို သုံးပါတယ်။ ၁၈၈၄ မှာ အင်လျားကန်က ရေကိုယူပါတယ်။ ရန်ကုန်ဟာ တဖြည်းဖြည်းဖွံ့ဖြိုးလာပြီး လူနေထူထပ်လာတာနဲ့အမျှ ရေပေးဝေမှုတွေကလည်း ပြောင်းလဲလာရပါတယ်။

၁၉၀၀ မှာ ရန်ကုန်ရဲ့ရေပေးဝေရေးစနစ်ကို တိုးချဲ့ဖို့အတွက် လှော်ကားရေလှောင်ကန်ကို စပြီး ဆောက်ပါတယ်။ ၁၉၀၄ မှာ ရေပေးဝေမှု စ နိုင်ခဲ့ပါတယ်။ လှော်ကားရေလှောင်ကန်ကို ဆောက်တော့ လူဦးရေ ၆၅၀,၀၀၀ စာ ခန့်မှန်းပြီး တွက်ချက်တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ လုံလောက်အောင်ပေးဝေနိုင်မှု မရှိခဲ့ပါဘူး။

အဲဒါကြောင့်  ၁၉၃၆ မှာ ဂျိုးဖြူရေလှောင်ကန်ကို တိုက်ကြီးမြို့နယ်မှာ ဆောက်ပါတယ်။ ၁၉၄၀ မှာ ပြီးပါတယ်။ အဲဒီအချိန်ကာလပေါက်ဈေးနဲ့ဆို မြန်မာငွေ ၁၇၅ သိန်း ကုန်ကျခဲ့ပါတယ်။ ဆောက်ထားတဲ့ ဂျိုးဖြူရေလှောင်ကန်ကနေ ရန်ကုန်မြို့တွင်းကို ရေပေးနိုင်ဖို့အတွက် ပိုက်လိုင်းလိုပါတယ်။ အဲဒီလိုနဲ့ တိုက်ကြီး ဂျိုးဖြူရေလှောင်ကန်ကနေ ကုက္ကိုင်းရေလှောင်ကန်အထိ ရေသွယ်ယူမယ့် ပိုက်လိုင်းတည်ဆောက်ပါတယ်။ အင်္ဂလိပ်အင်ဂျင်နီယာနှစ်ဦးက ဒီဇိုင်းပြုလုပ်ပြီး သုံးမယ့်ပိုက်ကိုတော့ အမေရိကန်နိုင်ငံထုတ် သံမဏိပိုက်တွေကို သုံးပါတယ်။ အချင်း ၅၆ လက်မ၊ အမြင့် ၇ ပေ နီးပါးရှိပြီး ၄၃ မိုင်ရှည်တဲ့ ဒီပိုက်လိုင်းကြီးဟာ အခု မဝတီတို့ သိထားတဲ့ ဂျိုးဖြူရေပိုက်လုံးကြီးပါပဲ။

ရေမြေသဘာဝအတိုင်း တွက်ချက်ပြီး တည်ဆောက်ထားခဲ့တဲ့ အချက်ကလည်း ဒီပိုက်လိုင်းကြီးရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်ပါပဲ။ ရေဟာ မြင့်ရာကနေ နိမ့်ရာကိုစီးတဲ့ သဘာဝရှိပါတယ်။ အဲဒါဟာ ကမ္ဘာမြေဆွဲအားကြောင့်ပါ။ အင်္ဂလိပ်ပညာရှင်တွေဟာ အဲဒီကမ္ဘာမြေဆွဲအားအတိုင်း ဂျိုးဖြူရေလှောင်ကန်က ရေတွေကို လျှပ်စစ်မော်တာမလို၊ ရေတွန်းစက်အကူအညီမလိုဘဲ ကုက္ကိုင်းရေလှောင်ကန်ထဲကို သဘာဝအတိုင်း စီးဝင်စေခဲ့ပါတယ်။ ကုက္ကိုင်းရေလှောင်ကန်ထဲကနေမှ ရန်ကုန်မြို့ရဲ့  Downtown Area ကို ရေပေးဝေပါတယ်။ 

၁၉၉၀ နောက်ပိုင်းရောက်တော့ ရန်ကုန်မှာ လူနေထူထပ်လာတာရယ်၊ ပိုက်လုံးကြီးတလျှောက်မှာရှိတဲ့ မြို့နယ်တွေက ပိုက်လုံးကြီးကနေ ရေတွေဖောက်ယူလာတာကြောင့် downtown area ထဲကို ရေတွေက လုံလုံလောက်လောက် မရောက်တော့ပါဘူး။ ဒီတော့ သဘာဝအတိုင်းစီးဝင်တဲ့ စနစ်ဟာ ပျောက်ကွယ်သွားရပြီး ရေတွန်းစက်အကူအညီယူလာရပါတယ်။ 

ဂျိုးဖြူရေပေးတယ်ဆိုတာလည်း လူတိုင်း အလကားရတာမျိုး မဟုတ်ပါဘူး။ စည်ပင်မှာ သုံးစွဲခွင့်လျှောက်ပြီးမှ ဂျိုးဖြူရေကို ရတာပါ။ သုံးစွဲခွင့်ကျရင် လတိုင်း ရေခွန်ဆောင်ပြီး သုံးလို့ရပါပြီ။ ဒီတော့ ပိုက်လုံးကြီးနားနေတယ်ဆိုတိုင်း ဂျိုးဖြူရေကို သုံးခွင့်မရှိပါဘူး။ တကယ်တော့ ရန်ကုန်ကို ရေပေးပို့နေတာက ဂျိုးဖြူအပြင် နောက်ထပ် ရေအရင်းအမြစ်လေးခု ရှိနေပေမဲ့ ရန်ကုန်ကလူတွေကတော့ ဒီပိုက်လုံးကြီးကို အစွဲပြုပြီး စည်ပင်ရေမှန်သမျှကို ဂျိုးဖြူရေလို့သာ ခေါ်ကြပါတယ်။ 

တိုက်ကြီးကနေ ကုက္ကိုင်းရေလှောင်ကန်အထိ သွယ်တန်းထားတဲ့ ဒီဂျိုးဖြူပိုက်လုံးကြီးရဲ့ သက်တမ်းက အခုဆို နှစ်ပေါင်း ၈၀ ကျော်လာခဲ့ပါပြီ။ တစ်ကြိမ်တစ်ခါမှ ကျိုးတာ ၊ ပျက်စီးတာမျိုး မရှိခဲ့ဘူးလို့ မှတ်တမ်းတွေက ပြောပါတယ်။ မဝတီ မှတ်မိသလောက်လည်း ဒီပိုက်လုံးကြီး ထိခိုက်ပျက်စီးတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။

ပိုက်လုံးကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းကလည်း ဗုံးဒဏ်၊ စစ်ဒဏ်ကို အံတုခံနိုင်ခဲ့တယ်။ ပြည်တွင်းသောင်းကျန်းမှု ကာလတွေတုန်းကလည်း လေးကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်။ နောက်ဆုံးထိခိုက်မှုလို့ ပြောလို့ရတဲ့ ၂၀၁၇ မှာ ဖြစ်ခဲ့တဲ့ ပြင်းအား ၅.၈ အဆင့်ရှိတဲ့ တိုက်ကြီးငလျင် လှုပ်တဲ့အချိန်တုန်းကလည်း ပျက်စီးခြင်း မရှိခဲ့ဘူး။ ဒါဟာ ပိုက်လုံးကြီးရဲ့ အရည်အသွေးကြောင့်လည်း ဖြစ်နိုင်သလို ပျက်စီးဖို့ ကံအကြောင်းတရားမပါသေးလို့လည်း ဖြစ်နိုင်တယ်လို့ မဝတီကတော့ ထင်နေပါတယ်။

“ကျမတို့ ငယ်ငယ်ကတည်းက ဒီပေါ် တက်ဆော့လာကြတာပဲ။ ပိုက်လုံးပေါ် တက်လိုက်ဆင်းလိုက်လုပ်တယ်။ လမ်းလျှောက်တယ်။ ဟိုဘက်ဒီဘက် ကူးတယ်။ အမြဲလိုလိုမြင်နေရတော့ ဒါကို ထူးဆန်းတယ်လို့ မထင်ပါဘူး။ သူ့တန်ဖိုးကိုလည်း မသိဘူးပေါ့။ အခုတော့ စိတ်ဝင်စားလာပြီ။ ဒါဟာ တန်ဖိုးရှိတယ်လေ”

သမိုင်းကြောင်းအရကြည့်ရင် ရှေးဟောင်းအမွေတစ်ခုလို တန်ဖိုးရှိနေတဲ့ ဒီပိုက်လုံးကြီးက လူမှုဘဝတွေနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါသေးတယ်။ ၄၃ မိုင်ရှည်တဲ့ ဒီပိုက်လုံးကြီးဟာ တိုက်ကြီးမှာရှိတဲ့ ဂျိုးဖြူရေလှောင်ကန်ကနေ ရန်ကုန်မြို့ပြင်က ဆင်ခြေဖုံးရပ်ကွက်တွေကို ဖြတ်ပြီး ကုက္ကိုင်းရေလှောင်ကန်မှာ အဆုံးသတ်ထားပါတယ်။ ဒီတော့ ပိုက်လုံးကြီးဟာ သူဖြတ်သန်းရာ ရပ်ကွက်တွေထဲမှာ ဧရာမမြွေကြီးတစ်ကောင်လို လဲလျောင်းပြီး ရှိနေခဲ့တာပါ။  

ဒါကြောင့် မဝတီတို့လို ပိုက်လိုင်းကြီးနားမှာ နေထိုင်ကြသူတွေရဲ့ နေ့စဉ်ဘဝမှာ ပိုက်လုံးကြီးက အရေးပါတဲ့ နေရာကနေ ပါနေပါတယ်။ ပိုက်လိုင်းကြီးတလျှောက်မှာ နေထိုင်သူတွေအကုန်လုံး ပိုက်လုံးကြီးရေကို သုံးသူရှိသလို ၊ မသုံးသူတွေလည်း ရှိပါတယ်။ သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ပိုက်လုံးကြီးကပေးတဲ့ အငွေ့အသက်ကိုတော့ လူတိုင်းရခဲ့ကြပါတယ်။ 

ပိုက်လုံးကြီးကို လူသွားလမ်းလို အသုံးပြုတယ်။ တချို့နေရာတွေမှာဆို သွားရလာရ ပိုလွယ်အောင် ပိုက်လုံးပေါ် တံတားထိုးထားတာလည်း ရှိတယ်။ လူငယ်တွေက ပိုက်လုံးကြီးပေါ်စုထိုင်ပြီး ဂီတာတီးတာမျိုးလုပ်တယ်။ ညနေခင်းတွေဆိုရင် ပိုက်လုံးကြီးပေါ်မှာ စကားထိုင်ပြောသူတွေနဲ့ ပိုက်လုံးကြီးဘေးမှာ ခြင်းခပ်နေသူတွေရှိတတ်တယ်။ တချို့ သမီးရည်းစားတွေဆိုလည်း ပိုက်လုံးကြီးက အချိန်းအချက်နေရာဖြစ်နေပြန်တယ်။

ပိုက်လုံးဘေးမှာ စိုက်ခင်းတွေလုပ်ပြီး နေကြသူတွေလည်းရှိသေးတယ်။ စိုက်ခင်းတွေကလည်း အစုံပါပဲ။ သီးပင်စားပင်ကစလို့ ပန်းတွေအထိ စိုက်ကြတာရှိတယ်။ ပိုက်လုံးကြီးဘေးမှာ လက်ဖက်ရည်ဆိုင်လို ၊ ဘီယာဆိုင်လို ဆိုင်လေးတွေကိုလည်း တွေ့နိုင်ပါတယ်။ ကလေးတွေအတွက်ကတော့ ပိုက်လုံးကြီးက ကစားကွင်းပါပဲ။

ဒီလိုအလေ့အထဟာ မဝတီတို့ ရပ်ကွက်တစ်ခုတည်း လုပ်နေတဲ့ အမူအကျင့်မျိုးမဟုတ်ပါဘူး။ ပိုက်လုံးကြီးတလျှောက်မှာနေထိုင်တဲ့ လူတွေအကုန်လုံးမှာ ရှိနေတဲ့ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတာပါ။ ပိုက်လုံးမြေနေရာမှာ ကျူးကျော်တဲထိုးနေတဲ့ လူတွေဆို ပိုက်လုံးနဲ့သူတို့ရဲ့ ဆက်နွယ်မှုက ပိုလို့တောင် ကြီးပါသေးတယ်။

“အစကတော့ ဒီလို လုပ်တာ ငါတို့ပဲ ရှိတယ်လို့ထင်နေတာ။ တကယ်တော့ မဟုတ်ဘူး။ ပိုက်လုံးဘေးနေသူတွေအကုန် အဲဒီလိုအမူအကျင့်တွေရှိတယ်။ ပိုက်လုံးယဉ်ကျေးမှုလို့ ခေါ်ရမလား မသိဘူး”ဆိုပြီး မဝတီက ပြောပါတယ်။

နှစ်ပေါင်း ၈၀ ကျော်နေတဲ့ ပိုက်လုံးကြီးပေါ် လမ်းလျှောက်တယ်ဆိုတာ မဝတီတို့လို လူတွေအတွက် ပုံမှန်လို ဖြစ်နေပေမဲ့ လူတိုင်းမလုပ်ဖူးကြပါဘူး။ အဲဒီကွက်လပ်ကို မြင်ခဲ့သူကတော့ Uncharted Horizons Myanmar ခရီးသွားလုပ်ငန်းကို တည်ထောင်ထားသူဖြစ်တဲ့ Jochen Meissner ပါပဲ။

ကမ္ဘာ့ကိုဗစ်ကပ်ရောဂါ ကာလဖြစ်တဲ့ ၂၀၁၉ မှာ လူတွေဟာ လနဲ့ချီကြာအောင် အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ နေခဲ့ရပါတယ်။ ကိုဗစ်အလွန်ကာလမှာ လူတိုင်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ပြန်ပြီး ထိတွေ့ဖို့၊ လေကောင်းလေသန့်ရဖို့ နဲ့ စွန့်စားမှုအသစ်တွေ လိုချင်လာကြပါတယ်။ ဒီတော့ Jochen Meissner တို့အဖွဲ့ထဲက တစ်ယောက်ဟာ ပိုက်လုံးကြီးပေါ်လမ်းလျှောက်သွားဖို့ စိတ်ကူးရခဲ့ပါတယ်။ တကယ်တော့ ပိုက်လုံးကြီးက ဘယ်ကနေ စပြီး ဘယ်မှာဆုံးလဲ ဆိုတာ သူတို့လည်း မသိကြပါဘူး။ အဲဒါကြောင့် ပိုက်လုံးကြီးပေါ် လမ်းလျှောက်ပြီး ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဂျိုးဖြူပိုက်လုံးကြီးပေါ် လမ်းလျှောက်တဲ့ သူတို့ရဲ့ခရီးဟာ မထင်မှတ်ဘဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်လာပါတယ်။ ပိုက်လုံးကြီးပေါ် လမ်းလျှောက်ရင်း ပိုက်လုံးကြီးဘေးမှာ နေကြတဲ့ လူနေရပ်ကွက်တွေနဲ့ လူမှုဘဝဝန်းကျင်တွေကိုပါ လေ့လာခွင့်ရတယ်။ လမ်းလျှောက်ရင်း တချို့နေရာတွေမှာ ရေပန်းထွက်နေတဲ့ ရေထိန်းပိုက်ခေါင်းတွေ၊ ပိုက်လုံးပေါ်ဖြတ်ထိုးထားတဲ့ တံတားတွေ၊ မီတာအနည်းငယ်နက်တဲ့ ရေမြောင်းကြီးတွေကို ဖြတ်ရတာမျိုးလည်း ရှိတာကြောင့် စိတ်လှုပ်ရှားစရာကောင်းတယ်။

အဲဒါနဲ့ပဲ ပိုက်လုံးပေါ်လမ်းလျှောက်ထွက်တဲ့ ခရီးစဉ်ကို သူတို့ စီစဉ်ပါတော့တယ်။

ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ရန်ကုန်ကို လာလည်တဲ့အခါ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား ၊ ပြည်သူ့ရင်ပြင်၊ ဗိုလ်ချုပ်ဈေးတို့လို ပုံမှန်နေရာတွေနေရာတွေထက် ဂျိုးဖြူပိုက်လုံးပေါ် လမ်းလျှောက်တဲ့အစီအစဉ်က ထူးခြားတဲ့ အတွေ့အကြုံနဲ့ခံစားမှုကို ဖြစ်စေမယ်လို့ သူတို့ တထစ်ချယုံကြည်ခဲ့ကြတယ်။  ကမ္ဘာလှည့်ခရီးသွားတွေအတွက် ရည်ရွယ်ခဲ့တဲ့ ခရီးစဉ်ဟာ မထင်မှတ်ဘဲနဲ့ ပြည်တွင်းခရီးသွားတွေကိုပါ ဆွဲဆောင်လာပါတယ်။

အဲဒီလိုနဲ့ အရင်က ဘယ်သူမှ စိတ်ဝင်တစားမရှိခဲ့တဲ့ ပိုက်လုံးကြီးဟာ နေ့ချင်းညချင်း နာမည်ကြီးလာပါတော့တယ်။ ပိုက်လုံးကြီးရဲ့သမိုင်းကြောင်းနဲ့ သက်တမ်းကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးစဉ်တစ်ခု ဆိုပြီး ခရီးသွားတွေဆီကနေ တုန့်ပြန်မှုကောင်းတွေ ရလာပါတယ်။ ဒါဟာ မဝတီအတွက်လည်း အံ့ဩစရာကောင်းတဲ့ ကိစ္စဖြစ်လာပါတယ်။

“ပိုက်လုံးပေါ် လမ်းလျှောက်တာက ခရီးသွားအစီအစဉ်ဖြစ်လာမယ်လို့ တစ်ခါမှ မစဉ်းစားမိဘူးလေ။ ဒါမျိုးကနေ ပိုက်ဆံရှာလို့ရတယ်ဆိုတာ တကယ် မသိခဲ့ဘူး။ ကောင်းတယ်လေ စိတ်ကူးက။ ကျမတောင် သူတို့လို လိုက်လျှောက်ကြည့်ချင်စိတ်ဖြစ်တယ်”

၂၀၁၉ ဟာ ဂျိုးဖြူပိုက်လုံးကြီးရဲ့ နှစ် လို့တောင် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့  Jochen Meissner လိုပဲ ပိုက်လုံးကြီးကို စိတ်ဝင်စားသူ နောက်တစ်ယောက်လည်း ပေါ်ထွက်လာခဲ့ပါတယ်။ 

သူကတော့ ရန်ကုန်အခြေစိုက် ဗိသုကာကုမ္ပဏီ Blue Temple က ပြင်သစ်ဗိသုကာပညာရှင် Raphael Monnier ပါ။ သူက ပိုက်လုံးကြီးဘေးမှာ နေခဲ့ဖူးပါတယ်။ ဒီတော့ ပိုက်လုံးကြီးနဲ့ လူမှုဘဝတွေရဲ့ ထိတွေ့ပတ်သက်နေမှုကို သတိထားမိခဲ့တယ်။ သူ့စိတ်ကူးကတော့ ခရီးသွားအစီအစဉ်မျိုး မဟုတ်ဘဲ ပိုက်လုံးကြီးကို အများပြည်သူအပန်းဖြေနေရာတစ်ခု ဖြစ်လာစေချင်တာပါ။ ရန်ကုန်မှာ စိမ်းလန်းစိုပြေပြီး အများပြည်သူအပန်းဖြေနိုင်မယ့် ပန်းခြံတွေတွေ သိပ်မရှိတာကြောင့် ပိုက်လုံးကြီးကို အများပြည်သူ အပန်းဖြေနေရာဖြစ်လာဖို့ သူက ရည်ရွယ်ထားပါတယ်။ တနည်းပြောရရင် သူက ပိုက်လုံးကြီးကို အသွင်သစ်ပုံစံမျိုး ပြောင်းလိုက်ချင်တာပါ။

အဲဒါနဲ့ ပိုက်လုံးကြီးနဲ့ပတ်သက်တဲ့ စီမံကိန်းကို ၂၀၁၉ မှာ စခဲ့ပါတယ်။ သူ့စီမံကိန်းကတော့ ဂျိုးဖြူပိုက်လုံးကြီးတလျှောက်မှာ အရိပ်ရသစ်ပင်တွေစိုက်ပြီး ဝါးကိုအဓိကအသုံးပြုမယ့် အပန်းဖြေဥယျာဉ်ပုံစံတွေ တည်ဆောက်မယ့် စီမံကိန်းပါ။

ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ရန်ကုန် နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် နဲ့ STI Myanmar တက္ကသိုလ်တို့က ဗိသုကာကျောင်းသားတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ ပိုက်လိုင်းတလျှောက်မှာ အရိပ်ရနေရာတွေ ဖန်တီးပေးဖို့၊ ကလေးတွေ ကစားနိုင်တဲ့နေရာတွေ ဖန်တီးပေးဖို့ ဒီဇိုင်းတွေကို အဲဒီအလုပ်ရုံကနေ ရေးဆွဲခဲ့ပါတယ်။ ဒီအတွက်လည်း ဟောင်ကောင်အခြေစိုက် ဗိသုကာ ကုမ္ပဏီနှစ်ခုနဲ့ ရန်ကုန်က NGOs တချို့ က ပူးပေါင်းပေးခဲ့ပါတယ်။

ဒီစီမံကိန်းကြောင့် ပိုက်လုံးကြီးကို လူတွေပိုပြီးစိတ်ဝင်စားမှု ရှိလာပါတယ်။ လွှတ်တော်ထဲမှာလည်း ပိုက်လုံးကြီးရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြောဆိုတာတွေ ရှိလာပါတယ်။ လူနေထူထပ်တာနဲ့ ပိုက်လုံးကြီးဘေး အမှိုက်စွန့်ပစ်မှုတွေ များလာတာကြောင့် ပိုက်လုံးကြီးဆီ အောက်ဆီဂျင်ရောက်မှု နည်းလာတာတွေ၊ ပိုက်လုံးအောက်ခြေမှာ သံချေးတက်လာတာတွေအတွက်လည်း ပြုပြင်ဆောင်ရွက်မှုတွေ ရှိလာပါတယ်။

ဒီစီမံကိန်းဟာ မဝတီတို့လို ပိုက်လုံးကြီးဘေးမှာ နေထိုင်သူတွေအတွက်တော့ သတင်းထူးပါပဲ။ ပိုက်လုံးကြီးက အပန်းဖြေနေရာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ မဝတီအနေနဲ့ တစ်ခါမှ မစဉ်းစားမိခဲ့ပါဘူး။

“အဲဒီ စီမံကိန်းအကြောင်းသိတော့ စိတ်ဝင်စားတယ်။ ဒါမျိုး လုပ်လို့ရမယ်လို့ တစ်ခါမှ မစဉ်းစားကြည့်မိဘူးလေ။ ပိုက်လုံးကြီးက ဒီလိုတွေ စိတ်ဝင်စားမှုပေးနိုင်ပါလားဆိုပြီး နည်းနည်းတောင် ဂုဏ်ယူချင်သွားတယ်။ ဒီပိုက်လုံးကြီးကို ဂရုစိုက်ရမယ်ဆိုတဲ့အသိတော့ ဖြစ်လာတာပေါ့။  စီမံကိန်းနဲ့ ခရီးသွားအစီအစဉ် အောင်မြင်သွားရင်တော့ ကျမတို့လို ပိုက်လုံးဘေး နေသူတွေအတွက်လည်း အခွင့်အလမ်းအသစ်တွေ ဖြစ်ချင်ဖြစ်လာမှာပေါ့။ မပြောတတ်ဘူးလေ”

ဒါပေမဲ့ မဝတီမျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ပိုက်လုံးကြီးရဲ့ ခရီးသွားအစီအစဉ်နဲ့ အပန်းဖြေစီမံကိန်းဟာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ရပ်နောက်ပိုင်းမှာ နိုင်ငံရေးအခြေအနေတွေကြောင့် တစ်ခန်းရပ်သွားပါတော့တယ်။ တိုင်းပြည်အခြေအနေတွေကြားမှာ ပိုက်လုံးယဉ်ကျေးမှုကလည်း ပြောင်းလဲလာရပါတယ်။

ပိုက်လုံးကြီးက အရင်လို လုံခြုံမှုမျိုး မပေးနိုင်တော့ပါဘူး။ ညနေခင်းတွေကလည်း အရင်လို မစည်ကားတော့ပါဘူး။ ပိုက်လုံးကြီးဆီ ဂစ်တာလာတီးနေကျ လူငယ်တွေကလည်း အရပ်တစ်ပါးကို အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာသွားနေကြပါပြီ။ ပိုက်လုံးကြီးကို လူသွားလမ်းလို သုံးနေကြသူတွေကလည်း မှောင်ရိပ်သန်းလာတာနဲ့ မဖြတ်ရဲကြတော့ပါဘူး။

အရင်လို အရိပ်အငွေ့တွေ မရှိတော့တဲ့ ပိုက်လုံးကြီးအတွက် မဝတီလည်း စိတ်မကောင်းဖြစ်ပေမဲ့ သူကိုယ်တိုင်လည်း ခေတ်ရဲ့ကျပ်တည်းမှုကနေ မလွတ်ကင်းနိုင်သေးပါဘူး။

“ကျမတောင် ပိုက်လုံးဘက် လမ်းလျှောက်မထွက်ဖြစ်တော့ဘူး။ ပိုက်လုံးဘေး ဗုံးတွေတယ်ဆိုတာတွေက ဟုတ် ဟုတ် မဟုတ်ဟုတ် ကြားနေရတာလေ။ မိဘတွေကလည်း ကလေးတွေကို အဲဒီဘက် သိပ်မလွှတ်တော့ဘူး။ ဘာရယ်မဟုတ်ပါဘူး။ မလုံခြုံဘူးလို့ ခံစားလာရတယ်လေ”

အခုတော့ ဂျိုးဖြူပိုက်လုံးကြီးဟာ သူ့ရဲ့နေမြဲအတိုင်း ၈၈ နှစ် ကျော် ဆွေးဆွေးမြေ့မြေ့ လဲလျောင်းနေရပါတယ်။ ပိုက်လုံးကြီးဟာ ပုံစံသစ်အငွေ့အသက်တွေကို မခံစားရတဲ့အပြင် အရင်ရနေကျ ပုံမှန်သက်ဝင်မှုတွေကိုတောင် လက်လွှတ်လိုက်ရပါတယ်။ ဒါပေမဲ့ ၈၈ နှစ်ကျော် မပျက်မကွက်တာဝန်ထမ်းဆောင်ပေးခဲ့တဲ့အတိုင်း အခုထိတိုင်လည်း ရန်ကုန်လူထုအတွက် ရေတွေကို ပေးပို့ပေးနေတုန်းပါပဲ။

ရန်ကုန်လူထုအကျိုးအတွက် မြေမှာလဲလျောင်းရင်း တာဝန်ထမ်းဆောင်နေတဲ့ ဂျိုးဖြူရေပိုက်လိုင်းကြီးရဲ့ အနာဂတ်ဟာ ဘယ်လိုများရှိလာလိမ့်မလဲဆိုတာ ပိုက်လိုင်းကြီးကိုယ်တိုင်လည်းမသိသလို မဝတီလည်းမခန့်မှန်းတတ်တော့ပါဘူး။ 

နုသစ်မိုး ( Y3A )

Share this article
The link has been copied!