ကျားဖြန့်။ ဒါက တရုတ်စကားပါ။ လိမ်လည်တာ၊ ငွေကြေးလိမ်လည်တာလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ တရုတ်အပါအဝင် အရှေ့တောင်အာရှမှာ‌တော့ အင်တာနက်ကနေ လိမ်လည်တာလို့ နားလည်ထားကြပါတယ်။ 

အဲဒီ အင်တာနက်ကနေ လိမ်လည်တဲ့လုပ်ငန်းကိုလုပ်ကိုင်ဖို့ မြန်မာနိုင်ငံထဲကို နိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းတဲ့ နိုင်ငံက နိုင်ငံခြားသားတွေ ဝင်ရောက်နေခဲ့တာပါ။ ထိုင်း၊ မလေး၊ လာအိုအပြင် ယူအေအီးကနေလည်း လာရောက်ကြပါတယ်။ 

တရုတ်-မြန်မာနယ်စပ်မှာ ကျားဖြန့်လုပ်ငန်း ၃၅ ခုကျော်၊ ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာတော့ လုပ်ငန်း ၅၀ ကျော်ရှိခဲ့ပါတယ်။ စာရင်းအရတောင် ဒီလောက်ရှိတယ်ဆိုရင် မြေပြင်မှာဆို ကျားဖြန့် လုပ်ငန်းပေါင်း ၁၀၀ ဝန်းကျင်လောက်တော့ အနည်းဆုံးရှိနေမှာပါ။ 

မကြာသေးခင်ပဲ တရုတ်နယ်စပ်နဲ ထိုင်းနယ်စပ်မှာ ဖမ်းဆီးအရေးယူပြလိုက်တဲ့သတင်းတွေ တရစပ် ပေါ်ထွက်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ကျားဖြန့်က အမြစ်မပြတ်သေးပါဘူး။ ကျူပင်ကို ခုတ်ပေမယ့် ကျူငုတ်က ကျန်နေသေးတာကြောင့် အဲ့ဒီဂယက်ရဲ့ရိုက်ခတ်မှုဟာ မြန်မာနိုင်ငံထဲ နည်းလမ်းပေါင်းစုံနဲ့ တည်ရှိနေဆဲပါ။ 

ကျားဖြန့်လုပ်ငန်းတွေ အမြစ်မပြတ်တဲ့အပြင် ရန်ကုန်လိုမြို့ကြီးကိုပါ အသွင်ပြောင်းပြီး ရောက်လာခဲ့ပါပြီ။ ဒီတော့ ကျားဖြန့်လုပ်ငန်းတွေ ဘယ်လိုဘယ်ပုံ အသွင်းပြောင်းပြီး ဆက်လက်ရပ်တည်နေလဲ ကြည့်လိုက်ရအောင်ပါ။ 

ကျားဖြန့်လိမ်နည်း (၁) 

ဒါကတော့ ဈေးဝယ်ပေးရတာပါ။ 

ချောချောလှလှကောင်မလေးပုံတင်ထားတဲ့  Facebook Account နဲ့  လာ Add ပြီး ရင်းနှီးတဲ့အဆင့်ကိုရောက်ကာမှ လိမ်လည်တာမျိုးပါ။ ဒီလိုနဲ့ ခင်မင်ရင်းနှီးမှု ရရှိပြီဆိုရင် အဲ့ဒီမိန်းကလေးက “အခုလို ခက်ခဲနေတဲ့အချိန်မှာ ဘာတွေလုပ်နေသလဲ”ဆိုတာကနေစပြီး “ဒီနေ့မှာ သူ နေမကောင်းလို့ တစ်ခု ကူညီပေးပါ”လို့ အကူအညီ တောင်းလာပါလိမ့်မယ်။ 

ဖုန်းနံပါတ်နဲ့ Account တစ်ခုဖွင့်ခိုင်းလို့ ကိုယ်က အဲ့ဒီ Account ကို သူနဲ့ချိတ်ပြီး သူ့အတွက် ဈေးဝယ်ပေးတာမျိုး လုပ်လိုက်ရင် ကျားဖြန့်လိမ်နည်းက အသက်စဝင်ပါပြီ။ ဈေးဝယ်ပေးရတာက တစ်နေ့ကို အခု ၃၀ လောက် ရှိပါမယ်။ အဝယ်ပြရုံနဲ့ ကိုယ့်ဆီကို ကော်မရှင်ခတွေ ဝင်လာမှာပါ။ အဲ့ဒီမှာ Jackpot တွေ ဘာတွေ ထပွင့်ပြီဆိုရင် ကော်မရှင်ခက ၈ သိန်း ၉ သိန်းတွေအထိ ဖြစ်သွားတတ်ပါတယ်။ ဒါဆို ဘယ်နေရာမှာ ဘယ်လို လိမ်တာလဲလို့ မေးစရာရှိလာပါပြီ။

 Account ဖွင့်ပြီးရင် ဈေးဝယ်ဖို့အတွက် ငွေကျပ် ၁၁၅,၀၀၀ ကို ကိုယ့်ဘက်က စသွင်းရပါတယ်။ ပြဿနာက Jackpot တွေပါ။ အစောပိုင်းမှာ ၃ ရက် ၄ ရက်လောက်နေမှ Jackpot က တစ်ခါလောက်ပဲ ပွင့်ပါတယ်။ နောက်ပိုင်းမှာတော့ နေ့စဉ်ရက်ဆက်ဆိုသလို ပွင့်လာတော့တာပါ။ အစောပိုင်းမှာ ရှစ်သောင်းတန်၊ တစ်သိန်းတန်လောက်လေးတွေ ပွင့်ပေမယ့် နောက်ပိုင်းမှာတော့ ခြောက်သိန်းတန်၊ ရှစ်သိန်းတန်တွေ ပွင့်လာပါတော့တယ်။ အဲ့ဒီအချိန်ရောက်ရင် အဲ့ဒီပစ္စည်းတွေကို ဝယ်နိုင်ဖို့အတွက် Jackpot ဘက်က သတ်မှတ်လိုက်တဲ့ ငွေကြေးကို Account ထဲ ထပ်ဖြည့်ရပါတယ်။ ဖြည့်နိုင်လို့ ဝယ်လိုက်နိုင်ရင် ကော်မရှင်ခက အများကြီး ရရှိပါတယ်။ လူကလည်း ငွေတွေရရှိလာတဲ့အခါ လောဘဇောတက်လာပါတော့တယ်။ ဒီတော့ ပိုပြီး ကစားပါတော့ တယ်။

 အဆုံးသတ်ရောက်ရင်တော့ Jackpot က သိန်း ၅၀ တန်ကနေ သိန်း ရာနဲ့ချီတာတွေ ပွင့်လာပါတော့တယ်။ တစ်နေ့တည်းမှာ Jackpot က ၃ ကြိမ်လောက်ပွင့်လို့ ရှေ့က နှစ်ခုအတွက် ငွေဖြည့်ထားပြီးချိန် နောက်ဆုံးတစ်ခုအတွက် ငွေထပ်မဖြည့်နိုင်လို့ ရပ်လိုက်ရသူတွေ အများကြီးရှိသလို နောက်ဆုံးတစ်ခုအတွက် သိန်းရာချီ ထည့်လိုက်ပြီးမှ Account ပိတ်သိမ်းကာ ငွေပေးလိုက်ရသူတွေလည်း အများကြီးပါပဲ။ ဒါဆိုရင် အခုလို ကျားဖြန့်ရဲ့လုပ်ကွက်ကြောင့် ဘယ်သူတွေ ဘယ်လောက်နစ်နာသွားရလေမလဲဆိုတာကို လွယ်ကူစွာနဲ့ သဘောပေါက်နိုင်ပါပြီ။

ဒါကတော့ အထက်မှာပြောခဲ့တဲ့ အလိမ်ခံလိုက်ရတဲ့ မန္တလေးမြို့နေ ကိုတင်သန်းရဲ့ ဖွင့်ဟဝန်ခံချက်ပါ။ အခုတော့ ကျားဖြန့်ကြောင့် သူမှာ အကြွေးဝိုင်းနေပါပြီ။ 

“သူတို့က Facebook နဲ့ Viber ကို အဓိက ပစ်မှတ်ထားကြတယ်။ အကြီးကြီး၊ အချီကြီး လိမ်ကြတာ။ အရင်က တစ်ရက်ကို ၅ သိန်း၊ ၇ သိန်းတန် Jackpot တွေ ပွင့်တယ်။ ကိုယ်ကလည်း ဝယ်နိုင်တော့ ကော်မရှင်ခက မိနစ် ၂၀ လောက်အချိန်ပေးလိုက်တာနဲ့ တစ်သိန်း၊ တစ်သိန်းခွဲလောက်က ရနေပြီလေ။ အဲ့ဒီတော့ လောကတက်တာပေါ့” 

လောဘတက်ပြီ ငွေထည့်လာတာနဲ့အမျှ Jackpot တွေကလည်းဆက်တိုက်ပွင့်လာတော့တာပါပဲဆိုပြီး သူက ဆက်ပြောပြပါတယ်။ 

“နောက်ပိုင်း ၁၇ သိန်းတန်တွေ၊ ၂၅ သိန်းတန်တွေ ပွင့်လာတယ်။ ကိုယ်ကလည်း နေ့တိုင်း ကော်မရှင်ခ ရနေတော့ သူတို့ကို ယုံကြည်နေပြီလေ။ ဟိုကဆွဲ၊ ဒီကဆွဲတွေနဲ့ ငွေရအောင်ဖြည့်ပြီး ဝယ်တာပေါ့။ ကော်မရှင်ခကလည်း ဆယ်ဂဏန်းနီးပါး ဖြစ်လာတော့ ချေးတဲ့လူတွေကို အပိုနဲ့တောင် မိနစ်ပိုင်းအတွင်း ပြန်ဆပ်လိုက်နိုင်တယ်လေ။ ဟိုလူတွေကလည်း သဘောကျပြီး မင်းဘာလုပ်တာလဲလို့ မေးတဲ့အခါ ကိုယ်က သင်ပေးပြီး လူစုပေးသလိုတောင် ဖြစ်သွားတယ်။ နောက်ပိုင်း သိန်း ၅၀ တန်တွေ၊ ၆၀ တန်တွေ Jackpot ပွင့်လာတော့ ရွှေတွေ ရောင်းပြီး ထည့်သေးတယ်။ အဲ့ဒါထက် ဆိုးတာက သိန်းရာချီတန်တွေ တစ်နေ့တည်းမှာ သုံးကြိမ်လောက် ပွင့်လာတာပဲ။ ငွေလည်း မထည့်နိုင်တော့သလို ရှေ့မှာ ထည့်မိတာတွေလည်း ပါသွားတယ်။ ငွေရအောင်ရှာပြီး လက်ကျန်တစ်ကြိမ်ကို ထည့်လိုက်တော့ Account ကို ပိတ်သိမ်းလိုက်ပါပြီဆိုပြီး ပျောက်သွားတော့တာပဲ ”လို့ ကိုတင်သန်းက သူ့ကိုယ်တွေ့ကို ရှင်းပြပါတယ်။ 

ကျားဖြန့်လိမ်နည်း (၂)

Facebook လူမှုကွန်ရက်စာမျက်နှာထက် နောက်ထပ် တွင်ကျယ်နေတဲ့ ကျားဖြန့်လိမ်နည်းတစ်ခုကတော့ ဘယ်လောက်တန်တဲ့ပစ္စည်းကို ဘယ်နေရာမှာ ဘယ်လောက်အထိ ဈေးလျှော့ပေးထားတာတွေ့လို့ ဝယ်လာခဲ့ပြီဆိုတဲ့နည်းနဲ့ Post တွေ တင်ပြီး လိမ်တာပါပဲ။ အသေးစားလိမ်နည်းလို့ ပြောရင် ရမယ်ထင်ပါတယ်။

ဂျပန်နိုင်ငံထုတ် ဘယ်လိုပန်ကာကို၊ ဘယ်နိုင်ငံထုတ် ဘယ်လိုရေမွှေးကို ဘယ်နေရာမှာ သိန်းချီပေးပြီး ဝယ်ခဲ့တာ အခုမှ ငွေကျပ် ခြောက်သောင်းလောက်နဲ့ ရောင်းနေတာတွေ့တော့ စိတ်ထိခိုက်ရတယ် စသဖြင့် စာတွေရေးပြီး ဝယ်ချင်ရင် ဒီလင့်ခ်ကနေ မှာလိုက်ပါ ဆိုတာတွေကလည်း ကျားဖြန့်လိမ်နည်းတွေပါပဲ။ အဲဒီလိုမျိုးရေးဖို့ Content Writer တွေ၊ Content Creator တွေကိုလည်း လစာကောင်းကောင်းပေးပြီး ခေါ်ထားပါသေးတယ်။ အဲဒီလိုအရေးအသားမျိုးကို အွန်လိုင်းမှာတွေ့လို့ ယုံကြည်ပြီး သွားဝယ်ကြရင် ငွေသာဆုံးပြီး ပစ္စည်းကတော့ ရမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်တည့်မစမ်းမိဖို့ လိုပါတယ်။ 

ကျားဖြန့် လိမ်နည်း (၃)

ဒါကတော့ ရွှေကုက္ကိုလ်တို့ လောက်ကိုင်မြို့တို့မှာ အသုံးတွင်ကျယ်တဲ့နည်းပါ။ အဲဒါက သူတို့ဖွင့်ပေးတဲ့ ငယ်ငယ်ချောချောအမျိုးသမီးအကောင့်တစ်ခုနဲ့ ဥရောပ၊ အမေရိကန်က ပစ်မှတ်တွေကို ရှာရပါတယ်။ ပြီးရင် ရင်းနှီးအောင်လုပ်။ စကားတွေပုံမှန်ပြော၊ ယုံကြည်မှုရပြီဆိုရင် ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်ရပါတယ်။ ဒီလိုပြောလို့ခပ်လွယ်လွယ် ရှောင်နိုင်လိမ့်မယ် မထင်ပါနဲ့။ ဘယ်စကားကို ဘယ်လိုအချိန်မှာ ဘယ်လိုပုံစံနဲ့ ပြောရမယ်ဆိုတာမျိုးကအစ အစီအစဉ်တကျ လိမ်လည်ဖို့ ပြင်ဆင်ထားတာဖြစ်လို့ ထင်သလောက် မရိုးရှင်းပါဘူး။ 

တကယ်လို့ ကိုယ်က ရင်းနှီးမြှုပ်နှံမိပြီဆိုရင်တော့ ကိုယ်ငွေကြေးတွေ ဆုံးရှုံးသွားမှာပါ။ ပြီးရင်တော့ သူတို့က စည်တီး၊ လက်ခုပ်တွေတီးပြီး အောင်ပွဲခံကြပါလိမ့်မယ်။ 

လိမ်လည်တဲ့ဝန်ထမ်းတွေကလည်း သူတို့စကားမှားလို့ တဖက်က အယုံအကြည်မဲ့သွားရင် ၊ မသင်္ကာဖြစ်သွားရင် အသတ်ခံရတာမျိုးအထိ အန္တရာယ်ရှိနိုင်ပါတယ်။ အလိမ်ခံရမဲ့လူက ရိပ်မိသွားလို့ ဝန်ထမ်းကို သတ်ပစ်တာမျိုးအထိတောင် ရှိပါတယ်။၊ 

ကျားဖြန့်နွံထဲက တက်ခေတ်လူငယ်တွေ

ကျားဖြန့်လုပ်ငန်းရဲ့ သားကောင်က ပတ်လည်ရိုက်စနစ်လိုပြောရပါမယ်။ လိမ်လည်ခံရသူက သားကောင်ပါ။ လိမ်လည်တဲ့ လူငယ်တွေကတော့ မုဆိုးပေါ့။ ဒါပေမဲ့ အဲဒီလူငယ်မုဆိုးတွေကလည်း ကျားဖြန့်လုပ်ငန်းထဲမှာ လှောင်ပိတ်ခံထားရတဲ့ သားကောင်တွေပါပဲ။ နောက်ဆုံးမုဆိုးတွေကတော့ ကျားဖြန့်လုပ်ငန်းပိုင်ရှင် ကိုယ်တိုင်ဖြစ်ပြီး ပါတနာတွေကတော့ ဝေစားမျှစား အာဏာပိုင်တွေပဲဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ဘယ်လောက်ပဲ အရေးယူတယ်၊ ဖမ်းဆီးတယ် ပြောပါစေ၊ ကျူငုတ်က ကျန်နေသေးလို့ ကျူပင်တွေ ပြန်ဖြစ်လာပြီး ကျားဖြန့်ဟာ နောက်ထပ်ပုံစံတစ်မျိူးနဲ့ အသက်ဝင်နေဆဲပဲလို့ ပြောရတာပါ။ 

မြန်မာလူငယ်တွေဆီကို ကျားဖြန့် ရောက်ရှိနေတဲ့နည်းလမ်းက ဝန်ထမ်းခေါ်ယူတာပဲဖြစ်ပါတယ်။ မြို့နေလူထုရဲ့အကြားမှာ အသိအမြင်တွေ ရလာခဲ့ပြီဆိုပေမယ့် ရရှိတဲ့အချက်အလက်တွေ၊ သတင်းပျံ့နှံ့မှုတွေက အားနည်းလွန်းဆဲပဲဖြစ်ပါတယ်။ ပြီးတော့ မက်လုံးပေးဆွဲဆောင်ထားတဲ့ သတင်းတု၊ သတင်းယောင်တွေပေါ့။ 

ဒါကြောင့်လည်း အဖမ်းအဆီးတွေရှိစဉ်အခိုက်မှာ နည်းနည်းလောက် ငြိမ်သွားပြီး အချိန်တစ်ခုလောက် ရောက်တာနဲ့ ခေါင်းပြန်ထောင်လာတာပါ။ အခုအချိန်မှာလည်း ခေတ်ကာလရဲ့အကျပ်အတည်းတွေကြောင့် ကျားဖြန့်ဟာ ပုံစံသစ်တွေ၊ ချဉ်းကပ်မှုပုံစံအသစ်တွေနဲ့အတူ မြန်မာလူငယ်တွေဆီကို တစိမ့်စိမ့် ပြန်ရောက်လာနေမြဲပဲ ဖြစ်ပါတယ်။

“အဖမ်းအဆီးပြလို့ နည်းနည်း ငြိမ်သွားတာပါ။ အပြီးသတ် ပျောက်ကွယ်သွားတာမျိုး မဟုတ်ဘူးလေ။ မုန်တိုင်းမလာခင်မှာ လေငြိမ်သွားတဲ့သဘောလောက်ပဲ ရှိပါတယ်။ မြို့ပေါ်ကလူငယ်တွေကို အရမ်းကြီး သိမ်းသွင်းလို့ မရတော့ပေမယ့် သူတို့အတွက် သားကောင်သစ်က အဆင်သင့်ရှိနေပြီ။ အဲ့ဒါကတော့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရတဲ့ လူငယ်လေးတွေပါပဲ။ ငွေလိုအပ်ချက်ကလည်း ရှိနေတယ်၊ ဒီ(ကျားဖြန့်)အကြောင်းတွေကိုလည်း သေသေချာချာ ဂဃဏန မသိတော့ ငွေအများကြီး ရမယ်ဆိုတဲ့ တစ်ချက်တည်းနဲ့တင် သူတို့ဆီ ရောက်သွားတော့တာပဲ။ နယ်တွေရွာတွေဘက်ကဆိုတော့ ကျားဖြန့်ဆိုတာ ဘာမှန်း သူတို့ သေချာမသိကြဘူးလေ။ အဲ့ဒါကို အခွင့်ကောင်းယူပြီး ပြန်လှုပ်ရှားတာတွေရှိတယ်ဗျ”လို့ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုငွေမိုး က ပြောပြပါတယ်။

နယ်စပ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းခွင်တွေဆီကို ရောက်သွားရင်တော့ အဲ့ဒါဟာ လူငယ်တွေအတွက် ဘဝပျက်တာ၊ ငရဲကျတာနဲ့ အတူတူပါပဲ။ အဲ့ဒီက ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်တွေဆီမှာ တသက်တာ ဖျောက်ဖျက် မရတော့တဲ့ စိတ်ဒဏ်ရာတွေ၊ ထရော်မာတွေ ပါလာတတ်လေ့ရှိပါတယ်။ 

သူတို့ဟာ ခေတ်သစ်ကျွန်စနစ်ထဲ ကျရောက်သွားသူတွေလို့တောင် ပြောလို့ရပါတယ်။ ကျွန်တစ်ယောက် သဖွယ်ဆက်ဆံခံရပြီး မိန်းကလေးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခံရတာတွေတောင် ပါတယ်။ သူတို့ဆီကို ရောက်သွားတာနဲ့ တစ်ကိုယ်စာ အခန်းကျဉ်းလေးတွေထဲမှာ သတ္တဝါတွေလို ပိတ်လှောင်ခံလိုက်ရပြီး အပြင်ထွက်ခွင့်ဆိုတာလည်း မရှိတော့ပါဘူး။

ဒီလိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကတော့ လူငယ်ခြေတက်လေးတွေရောက်လာပြီဆို Facility အပြည့်အစုံပေး၊ လေ့ကျင့်ပေးပါတော့တယ်။ ပြီးရင်တော့ Account တွေ ဖွင့်ခိုင်း၊ Google Translate နဲ့ ဘာသာပြန်ခိုင်းပြီး ဖောက်သည်တွေ ရှာခိုင်းပါတော့တယ်။ 

တစ်ရက်ကို အနိမ့်ဆုံးအဖြစ် သူတို့ဆီမှာ လောင်းကစားဖို့ ဒါမှမဟုတ် သူတို့ ကျားဖြန့်ကွန်ရက်ထဲမှာ စီးမျောဖို့ ဖောက်သည် ၅ ယောက်ကနေ ၇ ယောက်အထိ ရှာပေးရတတ်ပြီး အနိမ့်ဆုံးနေ့မျိုးမှာတောင် ၃ ယောက် ရှာပေးရတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဖောက်သည် ရှာမရတော့တဲ့နေ့မျိုးမှာဆိုရင် အချိန်ပိုကို အခမဲ့အဖြစ် ၂ နာရီကနေ ၄ နာရီကြား ထပ်ဆင်းပေးရတာရှိသလို အခန့်မသင့်ရင်၊ တစ်ခုခု လွဲချော်သွားရင်တော့ ထမင်းမစားရ၊ အစားမစားရဘူးလို့ အပြစ်ပေးခံရတာတွေလည်း ရှိတတ်ပါတယ်။ 

ဖောက်သည် မရှာနိုင်တာ ရက်တွေဆက်တိုက် ဖြစ်လာပြီဆိုရင်တော့ ကြိမ်လုံးနဲ့ ရိုက်နှက်တာ၊ ခါးပတ်နဲ့ ရိုက်နှက်တာတွေ ဖြစ်လာပြီး မိန်းကလေးတွေဆိုရင်တော့ အဲ့ဒီလို အပြစ်ပေးခံရတဲ့အပြင် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတာတွေပါ ဖြစ်လာပါတော့တယ်။ ဒါကြောင့်လည်း ကျားဖြန့်ရဲ့သားကောင်ဘဝကနေ လွတ်မြောက်လာသူတိုင်းမှာ စိတ်ဒဏ်ရာတွေ အများအပြား ပါလာတတ်တာပါ။

ဒီလိုအဖြစ်အပျက်နဲ့ပတ်သက်ပြီး တိုက်နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျခဲ့ဖူးတဲ့ ဒေါက်တာ ကျော်ကို(အမည်လွှဲ)က အခုလို ပြောပြပါတယ်။

“ကျွန်တော် နယ်မှာ တာဝန်ကျတုန်းက ကျွန်တော့်ဆီကို ကျားဖြန့်လုပ်ငန်းတွေထဲ ရောက်သွားခဲ့တဲ့ မိန်းကလေး နှစ်ယောက် နယ်စပ်ကနေ ပြန်လည်လွတ်မြောက်လာချိန်မှာ ဆေးလာကုဖူးတယ်။ သူတို့ရဲ့အကြောက်တရားကို တကယ်မြင်ဖူးမှ၊ တွေ့ဖူးမှပဲ သိနိုင်လိမ့်မယ်။ သူတို့ကို စကားလေးတစ်ခွန်း ပြောဖို့အတွက်တောင် မနည်းကြီး ဖျောင်းဖြစည်းရုံးရတာပါ။ အရာရာကို ကြောက်လန့်နေတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေကလည်း ပုံမှန် မဟုတ်တော့ပါဘူး။ အသံလေးတစ်သံ ကြားလိုက်ရင်၊ မမြင်ဖူးတဲ့လူစိမ်းတစ်ယောက် သူတို့ပတ်ဝန်းကျင် ရောက်လာရင်ကို သူတို့က အထိတ်တလန့် ဖြစ်နေတာပါ။ စိတ်ရောဂါအထူးကုနဲ့ ပြသကြည့်ဖို့အထိတောင် ကျွန်တော် လွှဲခဲ့ရဖူးပါတယ်”

အသွင်ပြောင်းကျားဖြန့်များ 

အခုလည်း အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထဲမှာ ကျားဖြန့်က ပုံစံမျိုးစုံနဲ့ ကိန်းဝပ်နေဆဲပါပဲ။ 

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ လူငယ်တွေကို ဘဝပျက်တဲ့အထိ ဖျက်ဆီးနေတဲ့ ငါးပစ်ဂိမ်းတွေ၊ စလော့ဂိမ်းတွေ တွင်ကျယ်နေတုန်းပါပဲ။ ဒါကြောင့်လည်း ဒီဂိမ်းတွေနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ Account တိုင်းကို ကျားဖြန့်သံသယနဲ့ Facebook က စောင့်ကြည့်ပြီး အရေးယူမှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။ 

တချို့အကောင့်တွေကို သတိပေးတာ၊ တချို့အကောင့်တွေကို ဖြုတ်ချတာ၊ တချို့အကောင့်တွေကို အပြီးတိုင် ပိတ်သိမ်းပစ်တာ၊ ပြန်ဆယ်လို့ မရနိုင်အောင် လုပ်ပစ်လိုက်တာတွေက ဒီသံသယကြောင့်ပါပဲ။ ဒါပေမဲ့ မြန်မာလူငယ်တွေအကြားမှာ စလော့ဂိမ်းတွေက တွင်ကျယ်ကြီးစိုးနေဆဲဖြစ်သလို ဒီဂိမ်းတွေရဲ့နောက်ကွယ်မှာ ကျားဖြန့်တွေက တစ်နည်းနည်းနဲ့ ပတ်သက်ဆက်နွှယ်နေဆဲပါပဲ။

“ဘောလုံးပွဲ ဆော့တယ်။ နိုင်ရင် အဲ့ဒီငွေကို မထုတ်ကြဘူး။ တချို့က နိုင်တဲ့ငွေနဲ့ နှစ်လုံး သုံးလုံးဘက် ကူးပြီး ဆော့ကြတယ်။ တချို့ကျတော့ စလော့ဂိမ်းတွေ၊ ငါးပစ်ဂိမ်းတွေဘက် ရောက်လာကြတယ်။ ရှုံးရင်လည်း ရှုံးမဲ,မဲပြီး လိုက်ကြတယ်။ သူတို့ရှုံးလေ အေးဂျင့်က ကော်မရှင်ခ ပိုရလေပါပဲ။ စလော့ဂိမ်းတွေ၊ ငါးပစ်ဂိမ်းတွေဘက်မှာ ထိတဲ့လူက ပိုများတယ်။ ကိုယ်တွေကတော့ သူတို့ဆော့ဖြစ်အောင် ဆွယ်ရတာပေါ့လေ”လို့ အွန်လိုင်းဂိမ်း အေးဂျင့်တစ်ယောက်အဖြစ် အသက်မွေးနေသူ မသဒ္ဒါ(အမည်လွှဲ)က ပြောပြပါတယ်။

ဒီတော့ အဖမ်းအဆီးတွေ ပြလိုက်ရုံနဲ့ ကျားဖြန့် ပျောက်သွားပါသလားလို့ မေးခွန်းထုတ်စရာရှိလာပါပြီ။ ကျားဖြန့်ဟာ အခုအချိန်ထိ ပျောက်မသွားသေးပါဘူး။ အရှိန်အဟုန်တစ်ခုနဲ့အတူ ခေတ်ကျပ်ထဲမှာ အသွင်းပြောင်းကြီးထွားနေဆဲဖြစ်ပါတော့တယ်။ 

နွေဦးရွက်ဝါ ( Y3A ) 

ယခုဆောင်းပါးမျိုးဖတ်ရှုရသည်ကို နှစ်သက်သည်ဆိုလျှင် အောက်ပါဆောင်းပါးများကိုလည်း ဖတ်ရှုကြည့်ရန် ကျွန်ုပ်တိုက recommend ပေးပါသည်။

ဆက်စပ်ဖတ်ရှုရန် -

အေးဂျင့်နွံအိုင်ကြီးထဲက မြန်မာလူငယ်များ
လူငယ်တွေဟာ အနာဂတ်ကမ္ဘာကြီးကို မောင်းနှင်မဲ့ ပဲကိုင်ရှင်တွေလို့ ပြောစမှတ်ရှိပါတယ်။ ဒါပေမဲ့ မြန်မာလူငယ်တွေမှာ အဲ့ဒီအခွင့်အရေးတွေ မရှိတော့ပါဘူး။ ဖြစ်
ဧက ၁၀၀ မှာ တစ်နှစ်တာ (ကျားဖြန့် ကိုယ်တွေ့)
ကျွန်တော်ကမြေလတ်သား။ အညာသားပေါ့ခင်ဗျာ။ ကျွန်တော့်အကြောင်း ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပေမဲ့ အခုပြောမဲ့အကြောင်းအရာတွေက ယုံတမ်းစကားမဟုတ်ဘဲ ကိုယ်တွေ့ဆိုတာ သေချာစေ
ဧကတစ်ရာမှာ တစ်နှစ်တာ (ကျားဖြန့်ကိုယ်တွေ့)-(ဇာတ်သိမ်း)
ဧကတစ်ရာဆိုတာ မြန်မာပြည် ကျားဖြန့်လုပ်ငန်းမှာ ထင်ရှားပါတယ်။ အဲဒီမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက လုံခြုံရေးယူပေးထားပါတယ်။ တကယ်တမ်းကျ လက်နက်ကိုင်တွေ လုံခြုံရေ
ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း
ကျားဖြန့်ဆိုတာ ဘာလဲ။ ကျားဖြန့် ဘာတွေလုပ်လဲ။ ကျားဖြန့်က လူငယ်တွေနဲ့ ဘယ်လိုပတ်သက်လဲ ဒီလိုမေးခွန်းပေါင်းများစွာအတွက် ဒီဆောင်းပါးက အဖြေဖြစ်ပါလိမ့
Share this article
The link has been copied!