ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ကမ္ဘာကြီးမှာ အင်အားကြီးထွားလာခဲ့တဲ့ အမေရိကန်ဒေါ်လာကို နန်းချဖို့  နိုင်ငံတချို့က ပူးပေါင်းကြံစည်နေကြပါတယ်။ အဲဒီအကြံအစည်ဟာ ၂၀၂၄ ခုနှစ်မှာတော့ အတော်လေး ရုပ်လုံးပေါ်လာခဲ့ပါပြီ။

BRICS အစ

အမေရိကန်ဒေါ်လာနန်းချရေး စီစဉ်နေတဲ့အဖွဲ့ကတော့ ဘရစ် (BRICS) ပါ။ ဒီအဖွဲ့ကို ၂၀၀၆ မှာ စတင်ဖွဲ့စည်းခဲ့ပြီး မူလစတင်တဲ့နိုင်ငံတွေကတော့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ် စတဲ့ ၄ နိုင်ငံ ဖြစ်ပါတယ်။ နောက် ၂၀၁၀ ကျ တောင်အာဖရိကနိုင်ငံပါဝင်လာပြီး ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs ရဲ့ စီးပွားရေးပညာရှင် ဂျင်မ်အိုနီးလ်က တောင်အာဖရိကနိုင်ငံ အပါအဝင် စတင်တည်ထောင်တဲ့နိုင်ငံတွေရဲ့ အစအက္ခရာတွေ ( B – Brazil , R – Russia, I – India, C – China, S - South Africa = BRICS )ကို ယူပြီး အဖွဲ့နာမည်ကို ဘရစ် (BRICS) ဆိုပြီး ပေးခဲ့ပါတယ်။

BRICS စုဖွဲ့မှုနဲ့ အင်အား

BRICS အဖွဲ့ထဲကိုဝင်ဖို့ နိုင်ငံပေါင်း ၄၀ ကျော်လောက်က ဆန္ဒရှိနေပြီး အဲဒီအထဲမှာ အီရန်၊ အာဂျင်တီးနား၊ ကျူဘား၊ ကာဇက်စတန်၊ အီသီယိုးပီးယား၊ ဆော်ဒီအာရေဗျ၊ ဗင်နီဇွဲလားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တို့လို နိုင်ငံတွေပါဝင်နေပါတယ်။

BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့ဒေသတွင်းမှာတော့ အင်အားကြီးနိုင်ငံတွေ ဖြစ်ကြပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ ဒီအဖွဲ့ထဲမှာ ပါဝင်နေတာကြောင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူဦးရေ စုစုပေါင်းက ၃.၃ ဘီလီယံအထိရှိနေပါတယ်။  ဒီနိုင်ငံတွေရဲ့ စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးရဲ့ လေးပုံတစ်ပုံရှိတာကြောင့် သက်ရောက်မှုကြီးပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာတော့ သူတို့ရဲ့ မဲပေးပိုင်ခွင့်က ၁၅ ရာခိုင်နှုန်းပဲ ရှိတာဖြစ်လို့ အင်အားနည်းတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။

ဒီအဖွဲ့တည်ထောင်တဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ဘဏ်လို ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တွေလို ကမ္ဘာလုံးချီ ဘဏ္ဍာရေးအဖွဲ့အစည်းတွေမှာ စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခွင့်အရေးနဲ့ ကိုယ်စားပြုခွင့်ကို  မြှင့်တင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ BRICS အဖွဲ့ဟာ ၂၀၁၃ ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံလောက် မတည်ပြီး New Development Bank (NDB ) ကို တည်ထောင်ထားပါတယ်။ ဒီဘဏ်ကနေ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ချေးငွေတွေ ထုတ်ချေးပေးမှာဖြစ်ပါတယ်။

ဒီတော့ NDB ဘဏ်ဆိုတာကလည်း ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ပုခုံးချင်းယှဉ်ဖို့ ဖွဲ့စည်းထားတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒီဘဏ်ထဲမှာ BRICS အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) လို နိုင်ငံမျိုးလည်း ပါဝင်နေတာဖြစ်ပါတယ်။

ပထဝီဝင်နိုင်ငံရေးနဲ့ BRICS

စီးပွားရေးအရမဟုတ်ဘဲ ပထဝီနိုင်ငံရေးအရဆိုရင်တော့ ဒီ BRICS အဖွဲ့ထဲမှာ မတူညီမှုတွေ ရှိနေပါတယ်။

ဥပမာပြောရရင် ယူကရိန်းအပေါ် ရုရှားက ကျူးကျော်စစ်ဆင်နွှဲလို့ အနောက်နိုင်ငံတွေက ရုရှားကို စီးပွားရေးပိတ်ဆို့လိုက်တဲ့အခါ ရုရှားအနေနဲ့ သူရေနံတွေကို တရုတ်နဲ့ အိန္ဒိယဆီ ဈေးလျှော့ပြီး အများဆုံးရောင်းချ နေခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ BRICS ကို ခုတုံးလုပ်ပြီး ရုရှားဟာ  အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုကို ကျော်လွှားပြခဲ့ပါတယ်။

တစ်ဖက်မှာလည်း တရုတ်နဲ့ အိန္ဒိယတို့အနေနဲ့ သူတို့ရဲ့စွမ်းအင်လုံခြုံရေးအတွက် ရုရှားဆီက ရေနံတွေကို ဈေးကွက်ပေါက်ဈေးထက် နည်းတဲ့နှုန်းထားနဲ့ ရရှိပြီး အကျိုးဖြစ်ခဲ့ပါတယ်။

ပြီးတော့ ရုရှားအ‌နေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုကို ကျော်လွှားနိုင်ဖို့ BRICS ကို ထွက်ပေါက်တစ်ခုအဖြစ် ရှုမြင်နေတာ ဖြစ်သလို အနောက်အုပ်စုဆန့်ကျင်ရေးအဖွဲ့အဖြစ် BRICS ကို အသက်သွင်းဖို့ ကြိုးစားနေခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်ဆိုရင်လည်း တောင်အာဖရိကကုန်သွယ်ရေး ဈေးကွက်ကို ချဲ့ထွင်နေတာဖြစ်သလို  သူ့ရဲ့ Belt and Road Initiative ကို ဒီ BRICS ကနေတဆင့် အကောင်အထည်ဖော်မလားဆိုပြီး မျှော်လင့်နေတာပါ။

တစ်ဖက်မှာလည်း တရုတ်နဲ့ အိန္ဒိယဟာ  အာရှ-ပစိဖိတ်ဒေသတွင်းမှာလည်း အားပြိုင်နေပါတယ်။ အာရှ-ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ အင်အားကြီးထွားမှုကို အိန္ဒိယအနေနဲ့ အမေရိကန်နိုင်ငံနဲ့ပေါင်းပြီး တန်ပြန်နေတာဖြစ်ပါတယ်။ ပြီးတော့ တရုတ်နဲ့ အိန္ဒိယဟာ ရှည်လျားတဲ့ နယ်နိမိတ်ရှိပြီး သမိုင်းကြောင်းနဲ့ချီတဲ့ အငြင်းပွားမှုတွေက အခုထိတိုင် ရှိနေဆဲပါ။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေအပေါ် သဘောထားနဲ့ပတ်သက်ပြီး BRICS အဖွဲ့ဝင် နိုင်ငံတွေကြားမှာလည်း မတူညီတဲ့ အမြင်တွေရှိနေပါတယ်။

ဥပမာ ပြောရရင်  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းကတော့  တရုတ်၊ ရုရှားနဲ့ တောင်အာဖရိကတို့ပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့ကတော့ BRICS အဖွဲ့အနေနဲ့ အနောက်အုပ်စုကို ဆန့်ကျင်တဲ့အဖွဲ့ဖြစ်လာမှာကို မလိုလားကြပါဘူး။

ဒီနိုင်ငံတွေအနေနဲ့ အနောက်အုပ်စုနဲ့အားပြိုင်ခဲ့ရင် သူတို့ရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုးရိမ်စရာဖြစ်လာမှာကို မလိုလားဘူးလို့ ပထဝီနိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ဒေါ်လာတော်လှန်ရေး စဉ်းစားချက်

သိပ်မကြာခင်ကပဲ ဘရားဇီးနဲ့ ရုရှားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက BRICS အဖွဲ့ထဲက နိုင်ငံတွေကြားမှာ သုံးစွဲနိုင်တဲ့ ငွေကြေးစနစ်တစ်ရပ်ထူထောင်ဖို့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ တကယ်တော့ အဲဒီလို ဘုံငွေကြေးတစ်ရပ် ထူထောင်မဲ့ အကြံအစည်ဟာ ကမ္ဘာသုံးငွေကြေး ဒေါ်လာကို အံတုပြီး ငွေကြေးစနစ်တစ်ရပ်ထူထောင်မယ်ဆိုတဲ့  သဘောပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့ကို စတင်တည်ထောင်တဲ့  Goldman Sachs ရဲ့ စီးပွားရေးပညာရှင် ဂျင်မ်အိုနီးလ်ကတော့ ဒီကိစ္စဟာ အဓိပ္ပါယ်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ BRICS အဖွဲ့ဟာ ဘုံငွေကြေးတစ်ရပ်ကို ထူထောင်မှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကြား အမေရိကန်ဒေါ်လာသုံးစွဲမှုကို စတင်လျော့ချနေပြီလို့ ဆိုထားပါတယ်။ ရုရှားအနေနဲ့ တရုတ်နိုင်ငံနဲ့လုပ်တဲ့ ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းလောက်ကို အမေရိကန်ဒေါ်လာအစား ရုရှားပြည်တွင်းသုံး ငွေကြေး ရူဘယ် ဒါမှမဟုတ် တရုတ်ငွေကြေး ယွမ်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကလည်း ရုရှားနဲ့ အဆင်ပြေတဲ့အတွက် အမေရိကန်ဒေါ်လာအစားထိုး လုပ်ဆောင်မှုကို ကြိုဆိုကြောင်း၊ အနောက်အုပ်စုအနေနဲ့ ဒေါ်လာကို အသုံးချပြီး နိုင်ငံငယ်တွေကို ဖိနှိပ်နေတယ်ဆိုပြီး ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်မျှော်လင့်ချက်တစ်ခုကတော့ တရုတ်ယွမ်ငွေပါ။ တရုတ်ဟာ ဒေသတွင်းအင်အားကြီးမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ စူပါ ပါဝါနိုင်ငံအဖြစ်ကို ရောက်ရှိနေပါပြီ။ ဒီဘက်နှစ်တွေမှာ တရုတ်နိုင်ငံက ပေးတဲ့ဈေးကွက် အခွင့်အလမ်းကို နိုင်ငံတွေက အမိအရ ဖမ်းဆုပ်ဖို့ ကြိုးစားလာကြပါတယ်။ ဥပမာအားဖြင့် ဘရာဇီးဟာ BRICS အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် တရုတ်နိုင်ငံက ဘရာဇီးကို သူ့ရဲအထူးကုန်သွယ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ခဲ့တာမျိုးဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တရုတ်ရဲ့ စီးပွားရေးအင်အားကြောင့်ပဲ ဒီဘက်နှစ်တွေမှာ တရုတ်ယွမ်ငွေဟာ တန်ဖိုးတက်လာခဲ့ပါတယ်။ ဒီတော့ တရုတ်ပေးတဲ့ ဈေးကွက်ကို ရယူမယ်ဆိုရင် တရုတ်ယွမ်ငွေနဲ့ ငွေပေးချေမှုတွေလုပ်ဖို့က ဖြစ်လာနိုင်စရာရှိပါတယ်။ တရုတ်အင်အားကြီးလေ၊ ဒီသီအိုရီက ပိုမှန်လေဖြစ်လာပြီး နောက်ဆုံးမှာ ယွမ်ငွေကြေးဟာ အမေရိကန်ဒေါ်လာကို ယှဉ်လာနိုင်မလား စဉ်းစားစရာဖြစ်လာပါတယ်။

ဒီတော့ BRICS အဖွဲ့ရဲ့ ဘုံငွေကြေးတစ်ရပ်ထူထောင်မယ်ဆိုရင်ရော ရုရှား ရူဘယ်လ်ငွေကြေးဖြစ်လာမလား၊ တရုတ်ယွမ်ငွေဖြစ်လာမလား။

ဘယ်ငွေကြေးဖြစ်လာပါစေ ကျွမ်းကျင်သူတွေရဲ့ ခန်းမှန်းချက်အရ ကမ္ဘာသုံးငွေကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာကို  အံတုမဲ့  BRICS အဖွဲ့ရဲ့ ဘုံငွေကြေးသတ်မှတ်မဲ့ကိစ္စဟာ နောက်လာမဲ့ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်ဖို့ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြီးတော့ ယူရိုငွေကြေးလိုမျိုး အမေရိကန်ဒေါ်လာကို မကျော်လွန်နိုင်ဘဲ ဇာတ်သိမ်းသွားဖို့ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်မျိုးလည်း ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်ပိုင်းတွေမှာ ကမ္ဘာကြီးရဲ့ ချိန်ခွင်လျှာ အပြောင်းအလဲက အတက်အကျမြန်ဆန်နေတာကြောင့် အမေရိကန်ဒေါ်လာအစား ဘုံငွေကြေးတစ်ရပ်ဝင်လာမလားဆိုပြီး မျှော်ကြည့်နေသူတွေလည်း ရှိနေတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

Share this article
The link has been copied!