Look Up Space အမည်ရတဲ့ အာကာသစူးစမ်းလေ့လာရေး ကုမ္ပဏီတစ်ခုရဲ့ ပြောကြားချက်အရ ကမ္ဘာကို လှည့်ပတ်နေတဲ့ လူလုပ်ဂြိုဟ်တုအလုံးရေဟာ တစ်သောင်းကျော်သွားပြီလို့ ဆိုပါတယ်။ အဲဒီအလုံးရေတစ်သောင်းထဲက သုံးပုံနှစ်ပုံက SpaceX ကုမ္ပဏီက စတားလင့်ခ်ဂြိုဟ်တုတွေ ဖြစ်တယ်လို့လဲ သိရတာပါ။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မှတ်တမ်းအရ ကမ္ဘာကို ဗဟိုပြုပြီး လှည့်ပတ်နေတဲ့ ဂြိုဟ်တုစုစုပေါင်း ၁၀၀၁၉ လုံးရှိတဲ့ထဲက အလုံးရေ ၆၆၀၀ ကျော်က စတားလင့်ခ်ဂြိုဟ်တုတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက လုပ်ငန်းသုံးဂြိုဟ်တုပမာဏက တစ်နှစ်ကို ၃၀ ရာခိုင်နှုန်းနဲ့ တရိပ်ရိပ်တက်နေတာပါ။ ဆက်သွယ်ရေးနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကပါ လုပ်ငန်းသုံးဂြိုဟ်တုတွေ ခပ်စိတ်စိတ်လွှတ်တင်လာကြလို့ အခုလိုများပြားလာတာလဲ ဖြစ်ပါတယ်။ SpaceX, OneWeb နဲ့ အမေဇုန်ရဲ့ Project Kuiper တို့လို လုပ်ငန်းတွေကနေလဲ လာမဲ့နှစ်တွေထဲ ဂြိုဟ်တုထောင်ချီ ဆက်လွှတ်ဖို့ ရှိတာပါ။

လူလုပ်ဂြိုဟ်တုအများစုကို ဆက်သွယ်ရေးအတွက် အဓိက အသုံးပြုကြပါတယ်။ နောက်၊ မြေကမ္ဘာကို စူးစမ်းလေ့လာဖို့နဲ့ ပထဝီဝင်အနေအထားတွေကို မှတ်တမ်းတင်ရိုက်ကူးဖို့လဲ အလုံးရေထောင်ဂဏန်း သုံးကြပါတယ်။ သိပ္ပံသုတေသနနဲ့ အာကာသမစ်ရှင်တွေအတွက်လဲ အလုံးရေတစ်ရာကျော် လွှင့်တင်ထားတာပါ။ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလို ဆက်သွယ်ရေးနဲ့ အင်တာနက်အတွက် သီးသန့်သုံးကြတဲ့ ဂြိုဟ်တုအသေးလေးတွေက ကမ္ဘာ့ပတ်လမ်းအများစုမှာ စိုးမိုးနေရာယူထားကြပါတယ်။ အစိုးရအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကလဲ ဂြိုဟ်တုအကြီးကြီးတွေ လွှတ်တင်မဲ့အစား အလုံးသေးလေးတွေကိုပဲ ပမာဏများများလွှတ်ပြီး မစ်ရှင်တွေ ဆောင်ရွက်လာကြတာပါ။

European Space Agency

အဲဒီလိုဂြိုဟ်တုအသေးလေးတွေ များလာတာက အာကာသအမှိုက် ပြဿနာကိုလဲ တစ်စတစ်စ ဆိုးရွားလာစေပါတယ်။ ဒုံးပျံတွေလွှတ်တင်ရင် အဆင့်ဆင့်ဖြုတ်ချခဲ့တဲ့ ယာဉ်အပိုင်းအစတွေနဲ့ ပျက်စီးသွားတဲ့ ဂြိုဟ်တုတွေက လက်ရှိအချိန်ထိ ကမ္ဘာ့ပတ်လမ်းထဲမှာ ရှိနေဆဲမို့ ပမာဏများလာတဲ့ ဂြိုဟ်တုတွေနဲ့ မကြာခဏဝင်တိုက်တာတွေ ဖြစ်လာနေတာပါ။ ဘယ်လောက်ပဲသေးတဲ့ အမှိုက်အပိုင်းအစ ဖြစ်ပါစေ၊ လှည့်ပတ်နေတဲ့ ဂြိုဟ်တုတွေနဲ့ ဝင်ထိမိ/ခိုက်မိရင် အဆုံးအရှုံးက အတော်များပါတယ်။ ဂြိုဟ်တုတွေနဲ့ အာကာသအမှိုက်တွေက ကမ္ဘာ့ပတ်လမ်းထဲမှာ အစဉ်အမြဲ ယှဉ်တွဲတည်ရှိနေရမှာမို့ နောက်လွှတ်မဲ့ဂြိုဟ်တုတွေထဲ ပိုကောင်းတဲ့ ပတ်လမ်းစနစ်တွေနဲ့ အဆင့်မြင့်ထောက်လှမ်းရေးကိရိယာတွေ ထည့်ပေးဖို့ လိုနေပါပြီ။


Reference - Team, P. (2024, July 24). 10,000 satellites now orbit Earth. Perplexity AI. https://www.perplexity.ai/page/10k-satellites-now-orbit-earth-VD8pBLg9QQaYemz251eMVg

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!