OpenAI ကနေ ChatGPT ရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံပြီး SearchGPT ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ရှာဖွေရေးအင်ဂျင် (Search Engine) ဆိုတာ Google တို့၊ Microsoft တို့က ထုတ်ထားတဲ့ Browser အခြေပြု အင်တာနက်ရှာဖွေရေး နည်းပညာတွေကို ခေါ်ဆိုတာပါ။ အသုံးပြုသူက ကိုယ်လိုချင်တာကို ရှာမယ် . . . ရှာဖွေရေးအင်ဂျင်တွေဘက်ကနေ အနီးစပ်ဆုံးဒေတာတွေကို ပြန်ထုတ်ပေးမယ် . . . ဆိုတဲ့ သဘောပေါ် အခြေခံတာပေါ့။

အခုတော့ OpenAI က GPT မော်ဒယ်တွေမှာ ထည့်ထားတဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ပေါင်းစပ်ပြီး SearchGPT လို့ နာမည်ပေးထားတဲ့ ကို ရှာဖွေရေးအင်ဂျင်တစ်ခု တည်ဆောက်နေတယ်လို့ ဆိုလာပါတယ်။ အဲဒီအင်ဂျင်မှာဆိုရင် ဝင်လိုက်တာနဲ့ 'What are you looking for?' ဆိုတဲ့ စာလေးကို ပြပြီး လိုချင်တဲ့ ဒေတာတစ်ခုခုကို ရှာမယ်ဆိုရင်တော့ အင်တာနက်ပေါ်က အချက်အလက်တွေကို စုစည်းပြီး အသုံးပြုသူအဆင်ပြေအောင် ရှင်းရှင်းလင်းလင်းပြပေးတယ်လို့ ဆိုပါတယ်။ OpenAI ပြောတာအရဆိုရင် ဥပမာ ဂီတပွဲတော်တွေအကြောင်း သိချင်လို့ ရှာရင် ပွဲတော်တွေအကြောင်း စာရင်းနဲ့ စုစုစည်းစည်းပြပေးပြီး အတိုချုပ်ရှင်းချက်လေးတွေပါ တစ်ပါတည်း ထည့်ပေးပါတယ်။ နောက်ဆက်လေ့လာနိုင်မဲ့ ရည်ညွှန်းလင့်ခ်တွေကိုလဲ ထည့်ပေးတာပါ။ အဲဒါအပြင်ကို ကိုယ်က သိချင်တာရှိသေးရင် . . . နမူနာ မိုးရာသီမှာ လုပ်လေ့ရှိတဲ့ ဂီတပွဲတော်တွေ အကြောင်း သိချင်ရင် 'Follow-up' မေးခွန်းတွေ ဆက်မေးနိုင်ပြီး ဘေးက ဘားလေးကို နှိပ်ပြီးလဲ တခြားဆက်စပ်လင့်ခ်တွေကို ကြည့်နိုင်ပါတယ်။ ပြီးရင် Visual Answers လို့ ခေါ်တဲ့ feature တစ်မျိုးလဲ ပါလာပြီး OpenAI ကတော့ ဘယ်လိုအလုပ်လုပ်လဲ မပြောထားသေးပါဘူး။

Visual Answer - OpenAI

SearchGPT ရှာဖွေရေးအင်ဂျင်က အခုမှစမ်းသပ်ဆဲ ကာလဖြစ်ပြီး GPT-4 မော်ဒယ်တွေကို အခြေခံထားတယ်လို့ သိရပါတယ်။ စစထွက်ချင်းမှာတော့ အသုံးပြုသူ တစ်သောင်းလောက်ပဲ လက်ခံအုံးမယ်လို့လဲ ဆိုထားတာပါ။ OpenAI က တခြားပြင်ပက မိတ်ဖက်တွေနဲ့လဲ ပူးပေါင်းပြီးတော့ အသုံးပြုသူက ရှာလိုက်တဲ့ ရလဒ်အပေါ် အခြေခံပြပေးတဲ့ Content Feed သဘောမျိုးလဲ ထည့်မယ်လို့ပြောပါတယ်။

Example of SearchGPT Query - OpenAI

Google အတွက်တော့ SearchGPT က တကယ့်အန္တရာယ်ဖြစ်လာပါတော့မယ်။ ပူပူနွေးနွေးကမှ Google က သူ့ရဲ့ ရှာဖွေရေးအင်ဂျင်ထဲကို အေအိုင်လုပ်ဆောင်ချက်တွေ ထည့်နေတာပါ။ အဲဒါအပြင်ကိုမှ Perplexity လို့ ခေါ်တဲ့ အေအိုင်အဖြေပေးရေးအင်ဂျင် (AI Answer Engine) ကလဲ SearchGPT ရဲ့ အကြီးမားဆုံးပြိုင်ဘက် ဖြစ်လာနိုင်ပါတယ်။ Perplexity မှာလဲ အေအိုင်နည်းပညာနဲ့ ရှာလိုက်တာတွေကို အနှစ်ချုပ်ပေးတဲ့ Feature က ထုတ်ဝေသူတွေရဲ့ စာတွေကို တည့်တည့်ကြီးကူးချနေတယ်လို့ မကြာသေးခင်ကမှ ဝေဖန်ခံနေရတာပါ။

OpenAI ကတော့ သူတို့ထုံးစံအတိုင်း အများနဲ့မတူတဲ့ ပုံစံနဲ့ ချဉ်းကပ်ဖြစ်လောက်ပါတယ်။ သူတို့တင်ထားတဲ့ ဘလော့ဂ်ပို့စ်တစ်ခုအရဆိုရင် SearchGPT က Wall Street Journal, Associated Press နဲ့ Vox Media တို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားဖို့ ရှိမှာပါ။ ဒီအဖွဲ့အစည်းတွေက ရလာတဲ့ စာတွေနဲ့ အချက်အလက်တွေကို SearchGPT ကို လေ့ကျင့်ပေးဖို့ သုံးသွားမှာဖြစ်သလို မူလနေရာတွေရဲ့ ဉာဏမူပိုင်ခွင့်ကိုလဲ မပျောက်ပျက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုထားပါတယ်။

SearchGPT ရဲ့ စမ်းသပ်ဆဲ ရှေ့ပြေးဗားရှင်းကို ထုတ်လိုက်တာက တစ်မျိုးတစ်ဖုံ ကောင်းတယ်လို့လဲ နည်းပညာနယ်ပယ် အသံတွေ ကြားရပါတယ်။ Google ရဲ့ AI Overview လိုမျိုး ပီဇာကို ကော်နဲ့ကပ်ဖို့ ပြောတာမျိုး ရှိလာရင် ရှေ့ပြေးမို့ အချိန်မီပြင်လို့ ရသေးကြောင်းလဲ ဟာသပြောနေကြတာပါ။

လာမဲ့နှစ်အစောပိုင်းမတိုင်ခင်မှာ SearchGPT ကို အကုန်လုံး အသုံးပြုနိုင်မယ်လို့ ပြောထားပေမဲ့ တိတိကျကျဘယ်အချိန်မှာ ထွက်လာမလဲဆိုတာတော့ မသိရသေးပါဘူး။

Reference - Robison, K. (2024, July 25). OpenAI announces SearchGPT, its AI-powered search engine. The Verge. https://www.theverge.com/2024/7/25/24205701/openai-searchgpt-ai-search-engine-google-perplexity-rival


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!