အခုတော့ ONE ပြိုင်ပွဲတွေဟာ မြန်မာဖိုက်တာတွေရဲ့ အိပ်မက်မြို့တော်ဖြစ်လာခဲ့ပါပြီ။
တိုက်ခိုက်ရေးပွဲတွေဆီ သွားမယ်။ အကောင်းဆုံး တိုက်ကွက်တွေနဲ့ ပြိုင်ဘက်ကို အလဲထိုးဖို့ ကြိုးစားမယ်။ ပရိသတ်လက်ခုပ်သံတွေ ရယူမယ်။ ဆုကြေးငွေတွေ သိမ်းပိုက်မယ်။ နိမ့်ကျတဲ့ ဘဝတွေကို ပြောင်းလဲပစ်မယ်။ ဒါဟာ မြန်မာဖိုက်တာတွေ အတွက် မျှော်လင့်ချင်စရာကောင်းတဲ့ အိပ်မက်ပါပဲ။
တကယ်တော့ တစ်ချိန်တုန်းက One Championship ပြိုင်ပွဲတွေကို မြန်မာနိုင်ငံမှာ ခြိမ့်ခြိမ့်သဲကျင်းပခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးပါတယ်။ အချိန်ကာလအနေနဲ့ပြောရမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတိုင်ခင်ကပါပဲ။ အဲ့ဒီတုန်းက မြန်မာဘက်မှာ မြန်မာကိုကိုယ်စားပြုပြီးထိုးတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်း လို ပုံရိပ်မြင့်ကစားသမားတစ်ယောက်ရှိနေခဲ့လို့ ဈေးကွက်ထဲမှာ အရမ်းကိုပဲ ဘောင်ဝင်တန်းဝင်ဖြစ်ခဲ့ပါတယ်။ အောင်လအန်ဆန်းပွဲကြည့်ရင်း လဲကျအသက်ဆုံးပါးသွားခဲ့ရတဲ့ အဘိုးအိုတစ်ဦးတောင် ရှိခဲ့ဖူးပါတယ်။ အောင်လကို မြန်မာတွေ ဘယ်လောက်များ အားပေးလဲဆိုတာ အဲဒါက သက်သေပြနေတာပါ။
ဒီလို ကစားသမားရှိတာကြောင့်လည်း ပွင့်လင်းမြင်သာမှုနဲ့အတူ ကိုယ့်မြေကိုယ့်ရေမှာ ပြိုင်ပွဲတွေကို ဆက်တိုက် ကျင်းပခွင့်ရခဲ့ပြီး မြန်မာဖိုက်တာအများစုဟာလည်း နိုင်ငံတကာဆီ ထိုးဖောက်နိုင်ဖို့ လမ်းပွင့်လာခဲ့ပါတယ်။
အခုတော့ အကြောင်းကြောင်းသောအခြေအနေတွေကြောင့် မြန်မာဖိုက်တာတွေဟာ ထိုင်းနိုင်ငံက ကျင်းပတဲ့ ONE ပြိုင်ပွဲတွေဆီကို သွားထိုးနေကြရပါပြီ။ မြန်မာဖိုက်တာတွေနဲ့ မြန်မာပရိသတ်တွေအကြားကို ONE Fights စိမ့်ဝင်နေခဲ့တာဟာ ၂၀၂၂ ခုနှစ်လောက်ကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့ အရှိန်အဟုန်တစ်ခု စတင်ကောင်းမွန် လာခဲ့တာကတော့ ၂၀၂၃ ခုနှစ်ပါပဲ။ လက်ရှိ ၂၀၂၄ ခုနှစ်မှာတော့ မြန်မာပရိသတ်တွေနဲ့ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတဲ့ ONE Fights ပွဲတွေက ဆွေသားတော်ရင်း၊ မိတ်ဖက်ရင်းအဆင့်ရောက်တဲ့အထိကို အားကောင်းမောင်းသန်ဖြစ်လို့ သွားခဲ့ပါတယ်။
မြန်မာဖိုက်တာတွေဟာ ထိုင်းနိုင်ငံက ONE ပြိုင်ပွဲတွေထဲမှာ တဖြည်းဖြည်းချင်း ပုံရိပ်တစ်ခု၊ နေရာတစ်ခုကို ရယူလာနိုင်တာ မြင်နေကြရပါတယ်။ ဒါကြောင့်လည်း ရှေ့လာမယ့်ပြိုင်ပွဲတွေကိုရောက်ရင် မြန်မာဖိုက်တာတွေကို ONE ပြိုင်ပွဲတွေမှာ ပိုပြီးမြင်တွေ့လာရလေမလားလို့ မျှော်လင့်တာတွေလည်း ရှိနေကြပြီဖြစ်ပါတယ်။
၂၁ ရာစုထဲမှာ အားကစားက စီးပွားရေးနဲ့ ဆက်နွှယ်လာပါတယ်။ ပြိုင်ပွဲတစ်ခု ကျင်းပပြီဆိုရင် ပွဲပြီးတာနဲ့ ငွေကြေးအရ အမြတ်ထွက်သလား၊ ပုံရိပ်အရ အမြတ်ထွက်သလား၊ ရှေ့အလားအလာအတွက် အကျိုးပေးနိုင်မယ့် ဘယ်သူ့ကို ဒီပြိုင်ပွဲမှာ မွေးထုတ်နိုင်ခဲ့သလဲဆိုတာကို တာဝန်ရှိသူတွေက တွက်ဆကြလေ့ရှိပါတယ်။ ဒီနေရာမှာ ဈေးကွက်ဆိုတာကို အလေးထားပြီး တွေးကြရပါလိမ့်မယ်။
မြန်မာဖိုက်တာတွေဟာ ဈေးကွက်အရ အံမဝင်နိုင်လောက်ဘူးဆိုရင် သူတို့ဟာ ONE Fights ဆီ ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဈေးကွက်အတွက် အလုပ်ဖြစ်နိုင်ချေရှိမှ ဒီကစားသမားကို ပွဲစီစဉ်သူတွေဘက်က လမ်းဖွင့်ပေးပြီး အဲဒီလို လမ်းဖွင့်ပေးမှပဲ ကစားသမားတွေအနေနဲ့လည်း "ONE မှာ ထိုးခွင့်ရပါပြီ"လို့ ကြွေးကြော်နိုင်တာပါ။
ဒီနေရာမှာ မြန်မာဖိုက်တာတွေကို ONE Fights တွေဆီ တစ်ဆင့်ချင်းအလိုက် ပွဲသွင်းပေးနေသူတွေထဲမှာ နာမည်ကောင်းတစ်ခုရရှိနေတာက ကိုစောဖြိုးဝေ ပါပဲ။ လက်ရှိမှာ သူ တင်သွင်းသူတွေထဲက စိုးလင်းဦးနဲ့ သန့်ဇင်တို့ဆိုရင် ရှေ့ဆုံးနားကျကျကို ရောက်ရှိလို့နေပြီဖြစ်ပါတယ်။ လက်ရှိအနေအထားတွေအရ မြန်မာဖိုက်တာတွေအတွက် ကိုစောဖြိုးဝေ ဟာ ONE Fights ဒွန်ကင်း ဆိုရင် မမှားပါဘူး။ နောက်ထပ်လည်း ကိုစောဖြိုးဝေစီစဉ်မဲ့ ကစားသမားတွေ ထပ်ပေါ်ထွက်လာဖို့ ရှိနေပါသေးတယ်။ ဒါကြောင့် ပွဲစီစဉ်သူတွေဟာ အင်မတန်အရေးကြီးပါတယ်။
တချို့ဆို နာမည်ဘယ်လောက်ရှိရှိ၊ နာမည်ဘယ်လောက်ကြီးကြီး ဈေးကွက်အရ အလုပ်မဖြစ်နိုင်လို့ ONE ဘက်က မကမ်းလှမ်းသူတွေဟာ ဒီကနေ့ထိတိုင် ဒုနဲ့ဒေး ရှိနေဆဲပါပဲ။ ဒါကြောင့်လည်း ဖိုက်တာတစ်ယောက်အတွက် ကိုယ့်ကို ပွဲထိုးခွင့်ရအောင် ချိတ်ဆက်ပေးမယ့် အေးဂျင့်က အရေးကြီးသလို တစ်ဖက်က ဈေးကွက်ရေးရာအကဲဖြတ်တွေရဲ့မျက်စိကျမှုကို ခံရဖို့ကလည်း အရမ်းအရမ်းကို လိုအပ်ပါတယ်။
ဈေးကွက်ရေးရာအကဲဖြတ်တွေရဲ့မျက်စိကျမှုကို ခံရဖို့ ဘာကြောင့်လိုအပ်သလဲဆိုတော့ ထိုင်းနိုင်ငံကို ရောက်ရှိနေသူ မြန်မာနိုင်ငံသားတွေထဲက လက်မှတ်ဝယ်ယူပြီး ပြိုင်ပွဲကျင်းပတဲ့ကွင်းကြီးထဲကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးမှုတွေ၊ မီဒီယာတွေရဲ့စိတ်ဝင်စားမှုတွေ၊ အွန်လိုင်းကွန်ရက်ပြသမှုက တဆင့် ဝင်ငွေရရှိမှုတွေဟာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး အားကောင်းလာလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ONE Fights 76 မှာဆိုရင် မြန်မာဖိုက်တာ ၅ ယောက်အထိတောင် ထည့်သွင်းနေရာပေးခံလိုက်ရတာပါ။
မြန်မာဖိုက်တာတွေထဲက စိုးလင်းဦး၊ အဲမွီ၊ သန့်ဇင်၊ သွေးလင်းထက်၊ စောစံမြား၊ ထွန်းမင်းနိုင်နဲ့ စူပါရေချမ်း တို့ဟာ ONE ဆီကို ထိုးဖောက်ဝင်ရောက်နေကြသူတွေပဲဖြစ်ပါတယ်။ စူပါရေချမ်း ဆိုရင် ONE အဖွင့်ပွဲမှာ အရှုံးရလဒ်နဲ့ကြုံခဲ့ရသည့်တိုင် အမှတ်ပေးဒိုင်တွေရဲ့ဘက်လိုက်လွန်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် အရှုံးပေးခံခဲ့ရသူလို့ ထင်မြင်ခံထားရပြီး စွမ်းဆောင်အရ ချီးကျူးခံထားရတဲ့ မြန်မာဖိုက်တာဖြစ်ပါတယ်။ စောစံမြားဆိုရင်လည်း ONE တာအထွက်မှာ အဖွင့်မလှခဲ့သည့်တိုင် ထိုးသတ်ပုံတွေအရ အသိအမှတ်ပြုခံထားရပါတယ်။ ထိပ်ဆုံးက ပြေးနေသူ နှစ်ယောက်ကတော့ စိုးလင်းဦးနဲ့ သန့်ဇင်တို့ပါပဲ။
အခုဆိုရင်လည်း လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာဖိုက်တာ ၂ ယောက်က ONE Friday Fights 81 ပြိုင်ပွဲကို ဝင်ရောက်ကစားရဖို့ ရှိနေပါတယ်။ အစောပိုင်းက ဒီပြိုင်ပွဲမှာ မြန်မာဖိုက်တာတွေထဲက စိုးလင်းဦးတစ်ယောက်ပဲ ပါဝင်နေခဲ့တာပါ။ စိုးလင်းဦးက ထိုင်း-အယ်လ်ဂျီးရီးယားနွယ်ဖွား နာဘီးလ်နဲ့ ထိုးရမှာဖြစ်ပါတယ်။ မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ ထိုင်းဖိုက်တာ နာဘီးလ်တို့ရဲ့ ပွဲက Pay Per View လို့ခေါ်တဲ့ PPV စနစ်ထဲဆီ ရောက်သွားနိုင်တယ်လို့တောင် အသံတွေထွက်နေပါတယ်။ တကယ်တမ်းသာ အဲ့ဒီလိုဖြစ်လာခဲ့ရင် ဒါဟာ ပွဲစီစဉ်သူတွေအတွက် အမြတ်ထွက်တာပါပဲ။
ပြိုင်ပွဲစတင်ဖို့ ၂၁ ရက်အလို စက်တင်ဘာလ ၆ ရက်နေ့မှာတော့ မြန်မာဖိုက်တာ နောက်ထပ်တစ်ယောက်က ONE Friday Fights 81 ထဲကို မထင်မှတ်ဘဲ ရောက်ရှိလာခဲ့ပါတော့တယ်။ အဲ့ဒီ နောက်ထပ်တစ်ယောက်ကတော့ သန့်ဇင် ပါပဲ။
သန့်ဇင်ဟာ ဘလက်ပန်သာ အမည်ရ ဖိုက်တာတစ်ယောက်ရဲ့နေရာကို Short Notice နဲ့ အစားဝင်ရောက်ပြီး ပြိုင်ပွဲဝင်ထိုးရဖို့ အကြောင်းဖန်သွားခဲ့တာပါ။ ဘလက်ပန်သာ ဟာ ပြိုင်ပွဲအတွက် လေ့ကျင့်နေရင်း ထိခိုက်ဒဏ်ရာရသွားတာကြောင့် ပွဲစီစဉ်သူတွေက သူ့နေရာအတွက် အစားထိုးဖိုက်တာအဖြစ် သန့်ဇင်ကို ချက်ချင်းဆိုသလိုပဲ ရွေးချယ်လိုက်တာဖြစ်ပါတယ်။
သန့်ဇင်ဟာ One Friday Fights 81 မှာ ဂျပန်နာမည်ကျော်ဖိုက်တာ တာကေးရုနဲ့ ယှဉ်ပြိုင်ရမှာပါ။ သန့်ဇင်ဟာ အခုမတိုင်ခင် နှစ်ပွဲကို မွေထိုင်းနည်းနဲ့ ထိုးခဲ့ရတာဖြစ်ပါတယ်။ အခု Short Notice နဲ့ အစားဝင်ထိုးရတဲ့ပွဲကို သန့်ဇင်က ကစ်ဘောက်ဆင်နည်းလမ်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါဟာ မြန်မာဖိုက်တာတစ်ယောက်အတွက် စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။
ပွဲစီစဉ်သူတွေဟာ ရွေးစရာဖိုက်တာတွေ အများကြီးရှိတဲ့အထဲကမှ ဘာကြောင့်များ သန့်ဇင်ကို မျက်စိကျခဲ့တာပါလဲ။ သန့်ဇင်ဟာ သူရဲ့ ဒုတိယပွဲမှာ ထိုင်းဖိုက်တာ တိုင်ဆော်ဂျော်ကို ပထမပွဲချီမှာတင် အလဲထိုးလိုက်တုန်းက ဘောနပ်စ်မရတာနဲ့ပတ်သက်လို့ ပရိသတ်တွေက ခံပြင်းခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း ဘလက်ပန်သာ က ပွဲထိုးဖို့ အဆင်မပြေနိုင်ဖြစ်သွားချိန်မှာ တာကေးရုရဲ့ ပြိုင်ဘက်အဖြစ် သန့်ဇင်ကိုသာ ရွေးချယ်လိုက်မယ်ဆိုရင် သူ့အတွက် ခံပြင်းနေတဲ့ပရိသတ်အင်အားစုရဲ့အာရုံစိုက်မှုက ပြိုင်ပွဲဆီကို ချက်ချင်းရောက်ရှိလာလိမ့်မယ်ဆိုတာ သေချာနေလို့ သန့်ဇင်ကို အစားထိုးဖိုက်တာအဖြစ် ချက်ချင်းနေရာပေးလိုက်တာလို့တောင် တွက်ဆစရာရှိနေပါတယ်။
နောက်တစ်ချက်ကတော့ သန့်ဇင်ဟာ လတ်တလောမှာ ဈေးကွက်ပုံရိပ်ကိုမြှင့်တင်ပေးနိုင်စွမ်း ရှိနေသလို သူ့ကို ပွဲသွင်းလိုက်တာနဲ့ မြန်မာပရိသတ်တွေရဲ့ ပြိုင်ပွဲအပေါ်စိတ်ဝင်စားမှုက မြင့်တက်သွားမှာ သေချာနေလို့ပါပဲ။ တကယ်လို့ သန့်ဇင်သာ အနိုင်ရလဒ်ကို ရယူပြနိုင်ခဲ့ရင် သူတို့အတွက်က သားရွှေအိုးထမ်းကိန်းဆိုက်မယ်လို့ကို ပွဲစီစဉ်သူတွေကို ယုံကြည်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သန့်ဇင်ကို အားပေးတဲ့ ပရိသတ်အင်အားစုက ပိုပြီး ကြီးထွားသွားမှာဖြစ်သလို နောက်တစ်ပွဲမှာ သန့်ဇင်ကို ထိပ်တန်းပြိုင်ဘက်တစ်ယောက်နဲ့ ပွဲတည်ပေးလိုက်မယ်ဆိုရင် အဲ့ဒီပရိသတ်အင်အားစုက သူတို့အတွက် “ငွေတွင်းတွေ”ဖြစ်လာတော့မှာကြောင့်ပဲ ဖြစ်ပါတယ်။
စိုးလင်းဦးနဲ့ သန့်ဇင်တို့ဟာ ONE Fights ထဲကို ဝင်ရောက်ချိန်ကစလို့ အခုအထိ ရှုံးပွဲလုံးဝမရှိသေးသူတွေပါ။ ထိုးတဲ့ပွဲအားလုံးကို အနိုင်ရလဒ်တွေချည်း ရယူပြထားသူတွေဖြစ်ပါတယ်။ ဒီတော့ မြန်မာဖိုက်တာ နှစ်ယောက်သာ နိုင်ပွဲဆက်ခဲ့ရင် ဒါမှမဟုတ် ရှေ့ကပွဲတွေမှာလို ပြိုင်ဘက်ကို အလဲထိုးပြနိုင်ခဲ့ရင် သူတို့နှစ်ယောက်နဲ့ထိုးဖို့ကို ထိပ်တန်းအဆင့်ဖိုက်တာတွေက စိတ်ဝင်စားလာတော့မှာပါပဲ။ အဲ့ဒီလိုဖြစ်လာခဲ့ရင် ပထမဆုံး အမြတ်ထွက်မှာက ပွဲစီစဉ်သူတွေပဲဖြစ်ပါတယ်။ နောက်ပြီးအမြတ်ထွက်လာမှာက ကစားသမားကိုယ်တိုင်ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကျင်းပခဲ့တဲ့ One Friday Fights 80 ပွဲစဉ်တွေမှာဆိုရင်လည်း မြန်မာဖိုက်တာ သွေးသစ်ဝင်းလှိုင် ဝင်ထိုးသွားခဲ့ပါတယ်။ သွေးသစ်ဝင်းလှိုင်ဟာ သူ့အတွက် ဒုတိယမြောက် ONE Fights ပွဲကိုထိုးဖို့ အခွင့်အရေးရရှိတာဖြစ်ပေမယ့် အရှုံးနဲ့ပဲ ကြုံသွားခဲ့ရပါတယ်။ သွေးသစ်ဝင်းလှိုင်ဟာ ပထမပွဲတုန်းက ခွန်ဆုကို အမှတ်နဲ့အရေးနိမ့်ခဲ့ရသလို အခူပွဲမှာလည်း ဥဇဘက်ကစ္စတန်ဖိုက်တာ ခါခိုရော့ဗ်ကို အမှတ်နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဒါပေမဲ့ ဗရော်နီကာ၊ ဂျိူရှူအာဗန်၊ တီရယ်လ်ထန် စတဲ့ဖိုက်တာတွေကတော့ သက်ဆိုင်ရာပြိုင်ပွဲတွေမှာ မြန်မာပြည်ဖွားတွေအဖြစ် အစွမ်းပြနေကြသူတွေ ဖြစ်ပါတယ်။
ဒီဘက်နှစ်တွေထဲမှာ ပြည်ပဆီ ထွက်ထိုးတဲ့မြန်မာဖိုက်တာတွေ များသထက် များလာနေသလို အားရစရာကောင်းလှတဲ့အောင်မြင်မှုတွေကို ဆွတ်ခူးရယူနေနိုင်တာကလည်း ချီးကျူးစရာပါပဲ။ စိုးလင်းဦးဆိုရင် ONE နဲ့ စာချုပ်,ချုပ်ဆိုခွင့် ရထားပြီဖြစ်သလို သန့်ဇင်ဆိုရင် အခုထိုးရမယ့်ပွဲမှာ အစွမ်းထပ်ပြနိုင်ခဲ့ရင် အလားအလာကောင်းတွေ ရှိလို့နေပါပြီ။ နော်ဥမ္မာစိုး၊ မွန်ဂျစ်(ခ)နီဂရိုး(ခ)လင်းထွန်း စတဲ့ကစားသမားတွေ ထိုင်းကကျင်းပတဲ့ပြိုင်ပွဲတွေမှာ ထည့်သွင်းနေရာပေးခံလာရတာကလည်း အလားအလာကောင်းမွန်မှုတွေပါပဲ။
လာမယ့် ၂၇ ရက်မှာတော့ မြန်မာဖိုက်တာတွေ ဝင်ရောက်ထိုးသတ်မဲ့ပွဲတွေက စိတ်လှုပ်ရှားမှုတွေနဲ့ စောင့်ကြိုနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ရေဘေးကြောင့် စိတ်နှလုံး ညှိုးနွမ်းနေရပါတယ်။ မြန်မာဖိုက်တာတွေဟာ ရေဘေးကိုလည်း လှစ်လျူရှုမနေပါဘူး။ သူတို့အောင်မြင်မှုသို့မဟုတ် သူတို့ရရှိခဲ့တဲ့ အသိအမှတ်ပြုမှုတွေထဲကနေ တန်ဖိုးထားအပ်တဲ့ ပစ္စည်းတွေကို လေလံတင်ပြီး ရေဘေးလှူဖို့ လုပ်ဆောင်နေကြပါတယ်။
သန့်ဇင်ရဲ့အစ်ကို ကိုထွန်းလွင်မိုးက ချန်ပီယံရွှေခါးပတ်၊ မြန်မာ့လက်ဝှေ့ကျော်ထွန်းထွန်းမင်းကလည်း သူ့ရဲ့ ချန်ပီယံခါးပတ်၊ သန့်ဇင်ကလည်း ONE မှာ သူ ပထမဆုံးနိုင်ပွဲရရှိခဲ့တုန်းက ဝတ်ဆင်ခဲ့တဲ့ လက်အိတ် ဒါတွေကို လေလံတင်ပြီး ဝိုင်းကူနေကြပါပြီ။ တခြားဖိုက်တာတွေလည်း အများကြီးလုပ်နေကြတာရှိပါတယ်။
တကယ်လို့များ ၂၇ ရက်နေ့ပွဲတွေမှာသာ မြန်မာဖိုက်တာတွေသာ အနိုင်ရလာခဲ့ရင်…။ တကယ်လို့များပေါ့လေ သူတို့သာအနိုင်ရလာခဲ့ရင် ရေဘေးကြောင့် ညှိုးနွမ်းနေတဲ့ ပြည်သူတွေရဲ့ စိတ်နှလုံးကို ခေတ္တအပန်းဖြေနိုင်မှာပါ။ ဒီအတွက်လည်း မြန်မာဖိုက်တာတွေကအစွမ်းကုန် ကြိုးစားနေကြပါတယ်။
တကယ်တော့ မြန်မာဖိုက်တာတွေဟာ တခြားနိုင်ငံက ဖိုက်တာတွေနဲ့ယှဉ်ရင် အင်မတန်ဆင်းရဲပါတယ်။ အထောက်အပံ့ရတာလည်း နည်းပါတယ်။ ဒါကြောင့် မြန်မာဖိုက်တာတွေဟာ ONE ကို သူ့တို့ဘဝ ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးမဲ့ ပြိုင်ပွဲအဖြစ် သဘောထားယှဉ်ပြိုင်နေကြပါတယ်။ ဒါကြောင့်လည်းပဲ သန့်ဇင်က ပြိုင်ပွဲမထိုးခင်မှာ ရင်နင့်စရာစကားတစ်ခွန်းကို ထုတ်ပြောခဲ့တာပါ။
“တာကေးရုရဲ့ ကြုံးဝါးသံတွေကို ဆန်အိုးထဲမှာ ဆန်မရှိတာလောက် ကျွန်တော်တို့ ကြောက်မနေပါဘူး”။ ဒီစကားက မြန်မာဖိုက်တာတွေရဲ့ ခံယူချက်နဲ့ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။
ONE ဟာ လက်ရှိမှာတော့ မြန်မာဖိုက်တာတွေအတွက် မျှော်လင့်စရာလမ်းသစ်တစ်ခု ဖြစ်လို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲထိုးကြေးက မြန်မာဖိုက်တာတွေအတွက် အစွမ်းပြနိုင်ခဲ့ရင် ပြနိုင်သလောက် အကျိုးဖြစ်ထွန်းစရာရှိနေလို့ပါပဲ။
မြန်မာနိုင်ငံက လက်ရည်ကောင်းတဲ့ဖိုက်တာတွေကိုလည်း ONE ဘက်က ဈေးကွက်မြှင့်တင်ရေးအတွက် စောင့်မျှော်နေတာဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ပေါင်းစည်းမှုလို့ ပြောရင်လည်း မမှားလောက်ပါဘူး။
မြန်မာဖိုက်တာတွေကို ONE က စောင့်ကြိုနေပါတယ်။ အိပ်မက်မြို့တော်ဆီ ဘယ်လိုများခရီးနှင်မှာလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်ပါ။
နွေဦးရွက်ဝါ(Y3A)
Read More:
`Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media