မြို့သစ်လေးမှာ အခြေချတဲ့ ကိုဇော်မင်းတို့လင်မယားနှစ်ယောက်က ပိုင်ဆိုင်တဲ့ ၁၀ ပေ ၊ ၆၀ ပေ အိမ်လေးကို ရောင်းလိုက်ပြီး အနာဂတ်အတွက် ပိုကောင်းမယ်ထင်တဲ့ ခိုနားရာအိပ်မက်လေးတစ်ခု မက်လိုက်ကြပါတယ်။ သူတို့စိတ်ကူးက ရောင်းလို့ရတဲ့ငွေလေးကို လက်ထဲရှိတဲ့ ငွေလေးနဲ့ပေါင်းပြီး ပေ ၂၀၊ ပေ ၆၀ ခြံလေးဝယ်မယ်ဆိုတဲ့စိတ်ကူးပါ။ အဲဒါက ၂၀၂၃ ခုနှစ် ဇွန်လလောက်ကပါ။
တစ်ခါတလေကျ ဘဝဆိုတာ ဘယ်လောက်ပဲ အစီအစဉ်တွေဆွဲဆွဲ၊ ဘယ်လောက်ပဲ Risks Management တွေ ချချ စာရင်းထဲမပါတဲ့ အခက်အခဲတွေက ပေါ်ထွက်လာတတ်တာမလား။
အိမ်ရောင်းပြီး နှစ်ပတ်လောက်အကြာမှာတော့ ကျပ် ၂၀၀၀၀ တန် ထွက်မဲ့သတင်းတွေက တမုဟုတ်ချည်း ထွက်ပေါ်လာပါတော့တယ်။ ဒီလိုနဲ့ အိမ်ကွက်လေးတွေလိုက်စုံစမ်း၊ အခြေအနေစောင့်ကြည့်ချိန်မှာပဲ အွန်လိုင်းငွေလိမ် ကျားဖြန့်တွေကို နယ်စပ်ဘက်မှာ တရုတ်နိုင်ငံ စီမံချက်နဲ့ အလုံးအရင်းနဲ့ ဝင်ဖမ်းပါတော့တယ်။
ဒီတော့ အဲဒီလပိုင်းအတွင်းမှာပဲ အိမ်ဈေးတွေဟာ နှစ်ဆကျော်လောက် ထိုးတက်သွားပါတယ်။ဒီတော့ သူတို့စိတ်ကူးထားတဲ့ အိပ်မက်လေးဟာ လေထဲတိုက်အိမ်ဆောက်သလို ဖြစ်သွားခဲ့ရပါတော့တယ်။
ဒါကတော့ မြန်မာအိမ်ခြံမြေ ဝဲဂယက်ထဲက ဖြစ်ရပ်မှန်ပေါင်းများစွာထဲက အဖြစ်မှန်တစ်ခုပါ။ ဒီလိုဖြစ်ရပ်တွေကို ကိုဇော်မင်းတို့ ဇနီးမောင်နှံပဲ ကြုံရတာ မဟုတ်ပါဘူး။
ကိုဟိန်းဆိုတဲ့ ဝန်ထမ်းတစ်ယောက် ၂၀၁၂ လောက်ကတည်းက အလုပ်စလုပ်ပါတယ်။ လုပ်ငန်းခွင်မှာ သူက ကြိုးစားလို့ အဲဒီအချိန်ကတည်းက လစာကောင်းတယ်လို့ ပြောရပါမယ်။ နောက်ပိုင်းကျ သူ့လစာက ဆယ်ဂဏန်း ဝန်းကျင်ဖြစ်လာတယ်။ ငါးနှစ်လောက်အလုပ်လုပ်ပြီးတဲ့အခါ ဆင်ခြေဖုံးမြို့နယ်လေးတစ်ခုက ရပ်ကွက်အတွင်းပိုင်းမှာ အိမ်လေးတစ်လုံးဝယ်နိုင်ခဲ့တယ်။ အဲဒီအချိန် သူနေတဲ့အိမ်ရဲ့ နောက်ဘက် နေရာအချက်အချာကောင်းတဲ့ လမ်းမတန်းကြီးမှာ သူ့မိတ်ဆွေရဲ့ အိမ်လေးတစ်လုံးရှိပါတယ်။ သူ့မိတ်ဆွေက အလုပ်မလုပ်ပါဘူး။ အဲဒီအချိန်က သူ့မိတ်ဆွေရဲ့အိမ်နဲ့ သူဝယ်လိုက်တဲ့အိမ်ဈေးဟာ နှစ်ဆပဲ ကွာပါတယ်။ သူက ဝယ်လိုက်တဲ့အိမ်လေးမှာ သွားမနေဘဲ အငှားချထားလိုက်တယ်။ အလုပ်ကိုလည်း ဆက်လုပ်နေခဲ့တယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ သူ့မိတ်ဆွေအိမ်က ပေ ၂၀ ၊ ပေ ၆၀ တစ်ကွက်ကို သိန်း ၆၀၀၀ လောက်ဖြစ်သွားပြီး သူဝယ်ထားတဲ့ အိမ်လေးကတော့ သိန်း ၁၅၀၀ လောက်ပဲ ဈေးရပါတယ်။ အရင်တုန်းက နှစ်ဆလောက်ပဲ ဈေးကွာပေမဲ့ အခုတော့ ဈေးက လေးဆလောက်ကွာသွားခဲ့ပါပြီ။
သူ အိမ်ဝယ်လိုက်တဲ့ ၂၀၁၅ ကနေ အခု ၂၀၂၄ အထိ စုစုပေါင်း ၉ နှစ်။ ကိုဗစ်ကာလကို တစ်နှစ်ခွဲ၊ အာဏာသိမ်းလို့ အလုပ်မလုပ်ရတာက တစ်နှစ်ခွဲ။ စုစုပေါင်း ၃ နှစ်လောက်ကို နုတ်လောက်ရင် ၆ နှစ်ကျန်ပါမယ်။ အဲဒီ ၆ နှစ် ကာလ တစ်လကို ၁၀ သိန်း စုမိတယ်ပဲ အကြမ်းဖျဉ်းဆိုကြပါစို့။ တစ်နှစ် သိန်း ၁၂၀။ ၆ နှစ် သိန်း ၇၂၀ ပဲ ရမှာပါ။
သူ့အိမ်လေးရဲ့ပေါက်ဈေး သိန်း ၁၅၀၀ နဲ့ စုငွေ သိန်း ၇၂၀ ကိုပေါင်းမှ သိန်း ၂၂၀၀ ကျော်ပဲရှိပါသေးတယ်။ အဲဒီအချိန်မှာ အလုပ်မလုပ်ဘဲ ၉ နှစ်လောက်ထိုင်နေတဲ့ သူ့မိတ်ဆွေက သူ့ထက်ပိုပြီး ပိုင်ဆိုင်မှုရှိတယ်လို့ ပြောလို့ရနေပါပြီ။ ဘာလို့ဆို သူ့မိတ်ဆွေအိမ်က သိန်း ၆၀၀၀ လောက် တန်နေတာဖြစ်လို့ပါ။
ဒါက နေရာကောင်း၊ အကွက်ကောင်းမှာ အိမ်တစ်လုံးပိုင်ဆိုင်သူက အလုပ်မလုပ်ဘဲနေရင်တောင် အလုပ်လုပ်သူထက် ပိုပြီး ပိုင်ဆိုင်မှုရနိုင်သလို ဖြစ်နေတဲ့ သဘောမျိုးပါ။
ဒီအခြေအနေက ဈေးကွက်ကမောက်ကမဖြစ်မှုကို ဖော်ပြနေပါတယ်။ နောက်ဆုံးကတော့ မြန်မာနိုင်ငံမှာ ကိုယ့်ခွန်ကိုယ့်အားနဲ့ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ပုံမှန်နည်းလမ်းနဲ့ ကြိုးစားနေသူတွေရဲ့ မျှော်လင့်ချက်အိပ်မက်ဟာ ဘယ်လောက်ခက်ခဲနေလဲဆိုတာကို ဖော်ပြနေပါတယ်။
ဒီတော့ အခြေခံပြည်သူတွေအတွက် ဒီနိုင်ငံမှာ ကျောခင်းစရာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ဘယ်လောက်တောင် ခက်ခဲနေပါသလဲ။ ဘာကြောင့် ခက်ခဲနေတာပါလဲ။ အိမ်ခြံမြေဈေးကွက်ကရော ဘာတွေဖြစ်နေတာပါလဲ။ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အထိ လေးနှစ်တာ ကာလအတွင်း အိမ်ခြံမြေအပေါ် သက်ရောက်ခဲ့တဲ့ လှိုင်းလုံးတွေကို ကြည့်လိုက်ရအောင်ပါ။
အာဏာသိမ်းမှုလှိုင်း
ပထမဆုံးလှိုင်းလုံးကတော့ အိမ်ခြံမြေထဲစုဝင်တိုးကြတဲ့ ငွေကြေးတွေပါ။ အာဏာသိမ်းကာလအစမှာ လူတွေဟာ ဘဏ်တွေအပေါ်ယုံကြည်မှုကင်းမဲ့ပြီး ငွေတွေပြန်ထုတ်ကြတယ်။ ဒီတော့ လူတွေလက်ထဲ ငွေတွေ ပြန်ရောက်လာကြပါတယ်။
အာဏာသိမ်းစအချိန်ဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးမှာတောင် ဓားပြမှုတွေမကြာခဏဖြစ်နေတာပါ။ မြို့လယ်က ဘဏ်တွေ၊ စိန်ရွှေရတနာဆိုင်တွေဟာ မကြာခဏဓားပြတိုက်ခံရပါတယ်။ ဒါကြောင့် လူတွေဟာ လက်ထဲမှာ ငွေတွေ မထားချင်ပါဘူး။ ဒါဖြင့် ဘယ်နေရာမှာ မြှုပ်နှံကြမလဲ။ ဒါပေမဲ့ အဲဒီအချိန် ရွှေ၊ ဒေါ်လာနဲ့ မော်တော်ကားဈေးကွက်ကလည်း ပျက်လုလုဖြစ်နေတဲ့အချိန်ဖြစ်တယ်။ လူတွေဟာ ရွှေဝယ်ထားဖို့၊ ဒေါ်လာကိုင်ထားဖို့၊ ကားဝယ်ထားဖို့ ဒီလိုကိစ္စတွေကို အာဏာသိမ်းစတုန်းက ရှောင်ကြပါတယ်။
ဒါကြောင့် တည်ငြိမ်တဲ့ အိမ်ခြံမြေဝယ်ထားဖို့ပဲ ဝယ်ထားမယ်ဆိုပြီး လူတွေက တွေးပြီး လိုက်ဝယ်ကြပါတယ်။ တန်ဖိုးမြင့်တိုက်ခန်း၊ ကွန်ဒိုတွေကတော့ နိုင်ငံမတည်ငြိမ်တဲ့ကာလဖြစ်လို့ သိပ်ပြီး အရောင်းအဝယ်မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အနိမ့်ပိုင်း အိမ်ခြံမြေတွေကို ငွေကြေးတတ်နိုင်သူတွေကိုယ်တိုင် ဆင်ခြေဖုံးမြို့နယ်တွေအထိ လိုက်ဝယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်ခြေဖုံးမြို့နယ်တွေထဲက အိမ်ခြံမြေဈေးတွေက ထိုးတက်ကုန်ပါတယ်။
ကျားဖြန့်လှိုင်း
၂၀၂၃ မတ်လမှာတော့ မမျှော်လင့်တဲ့ နောက်တစ်လှိုင်း ရောက်လာပါတယ်။ အဲဒါကတော့ တရုတ်-မြန်မာ နယ်စပ်ဘက်မှာ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ မြန်မာပေါင်းပြီး စီမံချက်နဲ့ ဝင်ဖမ်းပါတယ်။ မူဆယ်၊ လားရှိုး၊ လောက်ကိုင်က ကျားဖြန့်လုပ်ငန်းကြီးငယ်ပေါင်းများစွာ အဖမ်းခံလိုက်ရပါတယ်။ အဲဒီနောက် လအတော်ကြာတဲ့အခါ တချို့လုပ်ငန်းတွေက ကရင်ပြည်နယ် ရွှေကုက္ကိုလ်ဘက်ကို ပြောင်းရွေ့အခြေစိုက်သလို တချို့လည်း ရန်ကုန်လို့မြို့ကြီးဘက်ကို လူမသိသူမသိရွေ့ပြောင်းလာကြပါတယ်။ ဒီလိုနည်းနဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက်ထဲ ကျားဖြန့်ငွေကြေးတွေက အလုံးအရင်းနဲ့ဝင်လာကြပါတယ်။ ဈေးကွက်ထဲငွေကြေးတွေ လှိမ့်ဝင်လာကြတဲ့အခါ ဈေးတက်တယ်ဆိုတာက ရောင်းလိုအားဝယ်လိုအားသဘောအရ သဘာဝပဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီကာလမှာလည်း အိမ်ခြံမြေဈေးတွေ မြင့်တက်လာပါတော့တယ်။
ဒီတစ်ခေါက် ကျားဖြန့်လှိုင်းမှာတော့ အနိမ့်ပိုင်း အိမ်ခြံမြေတွေတင်မက ကွန်ဒိုတွေနဲ့ တိုက်ခန်းတွေလည်း အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေကြေးက လှိုင်းအသွင် ဈေးကွက်ထဲ ကြီးကြီးမားမား စီးဆင်းခဲ့လို့ပါ။ ဒါကြောင့်ပဲ အိမ်ခြံမြေဈေးတွေတင်မကဘဲ တိုက်ခန်း၊ ကွန်ဒို အငှားဈေးကွက် ဈေးနှုန်းတွေလည်း ပျမ်းမျှ တစ်ဆခွဲလောက် မြင့်တက်သွားခဲ့ပါတယ်။
ကျပ် ၂၀၀၀၀ တန် လှိုင်း
ကျားဖြန့်လှိုင်း အရှိန်မတန့်သေးခင်မှာပဲ ၂၀၂၃ ခုနှစ် ဇွန်လလယ်လောက်ကျ စစ်ကောင်စီက ကျပ် ၂၀၀၀၀ တန်တွေ ထုတ်မယ်ဆိုတဲ့ သတင်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းတွေကြောင့်ပဲ အိမ်ခြံမြေဈေးကွက်အပေါ် ရိုက်ခတ်မှုတွေ ကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။ ပထမတစ်ချက်က အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်သွားခဲ့တာပါ။ နောက်တစ်ချက်ကတော့ အိမ်ခြံမြေဈေးတွေ လိုက်ပါမြင့်တက်ကုန်တာ ဖြစ်ပါတယ်။
“အဲဒီတုန်းက ဘယ်လောက်ဈေးတက်လဲဆိုတာ ကိုယ်တွေ့တစ်ခုပြောပြမယ်။ ကျွန်တော် ငွေထုပ်ကိုင်ပြီး ရပ်ကွက်တွေထဲ အိမ်လိုက်ရှာတာ။ ထောင့်ကွက်တစ်ကွက်တွေ့တယ်။ အရောင်းဆိုင်းဘုတ်တင်ထားတာ ဖုန်းနံပါတ်လည်းပါလို့ ဖုန်းဆက်မေးတယ်။ အဲဒီပိုင်ရှင်အစ်မက ဘာပြောလဲဆိုတော့ ရောင်းဖို့စီစဉ်ထားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုတော့ ကျပ် နှစ်သောင်းတန်ထွက်မယ်ဆိုတော့ မရောင်းတော့ပါဘူး။ ၂၀၀၀၀ တန်ထွက်လာရင် မြေက တန်ဖိုးရှိလာမှာမို့ပါ မောင်လေးရေ ဆိုပြီး ပြောတယ်”လို့ ကိုဇော်မင်းက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။
အဲဒီအချိန်မှာ မြေဈေးတွေဟာ အဆမတန်မြင့်တက်သွားပြီး ငွေကတန်ကြေးမရှိသလိုဖြစ်သွားတာလို့လည်း သူက ဆက်ပြောပါတယ်။ “အဲဒါကြောင့် ခြံပိုင်ရှင်တွေဟာ အဲဒီအချိန်တုန်းက သူတို့ခြံမြေတွေကို မရောင်းကြတော့ဘဲ အရောင်းပိတ်လိုက်ကြတာပေါ့”ဆိုပြီး ကိုဇော်မင်းက ပြောပါတယ်။
ဒါဟာ ၂၀၁၀ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ပိတ်သွားတဲ့ တစ်ခုတည်းသော ကာလပါ။ တော်တော်များများကို ကျပ်ငွေတန်ဖိုးကျဆင်းမယ်လို့ မျှော်ကိုးပြီး အိမ်ဈေးတွေကို မြှင့်တင်လိုက်ကြပါတယ်။ ပြီးတော့ တော်တော်များများလည်း အရောင်းပိတ်လိုက်ကြပါတယ်။
ကျပ် ၂၀၀၀၀ တန်ထွက်မယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်လာပြီး တစ်လခွဲအကြာ ၂၀၂၃ ဇူလိုင်လ ၃၁ ရက်မှာတော့ ကောလာဟလထွက်ခဲ့သလိုပဲ စစ်ကောင်စီက ကျပ် ၂၀၀၀၀ တန်ကို အကန့်အသတ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ အဲဒီလို ထုတ်ဝေခဲ့တဲ့နောက်ပိုင်း ဆွဲတင်ထားလို့ မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးတွေဟာ ပြန်လည်ကျဆင်းခြင်း မရှိတော့ဘဲ အမြင့်ဈေးမှာပဲ ရှိနေခဲ့ပါတော့တယ်။ ဒါ့ကြောင့်လည်း အများစုသော လူတွေအတွက် အိမ်ပိုင်ဖြစ်ရေး အိပ်မက်ဟာ ပိုပြီး အလှမ်းဝေးသွားခဲ့ပါတယ်။
သွင်းကုန်လှိုင်း
သွင်းကုန်ုတွေနဲ့ ပြည်တွင်းက အိမ်ခြံမြေဈေး ဆက်စပ်တယ်ဆိုတဲ့အခါ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး သံသယရှိနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ကုန်ပစ္စည်းမျိုးစုံ ဈေးတက်တဲ့ အထဲမှာ သွင်းကုန်ဈေးနှုန်းတွေက အဆိုးဆုံးဖြစ်ပါတယ်။ သွင်းကုန်တွေဟာ နိုင်ငံခြားငွေနဲ့ ချိန်စက်ပြီးဝယ်ရတာပါ။ အထူးသဖြင့် အိမ်ခြံမြေအတွက်ဆိုရင် ပြည်တွင်းမှာ အဓိကထားသုံးရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ မူလီ၊ နပ်တိုင်၊ သံဖြတ်လွှကအစ ဘိလပ်မြေ၊ သံချောင်း၊ သံမဏိ၊ ဟော်လို၊ H ဘင့်၊ I ဘင့် အဆုံး အာဏာမသိမ်းခင်ကနဲ့ယှဉ်ရင် ဈေးတွေက ပျမ်းမျှ သုံးလေးဆလောက်မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။
ဒီအချိန်မှာ အိမ်ရောင်းသူတွေစဉ်းစားတာက သူတို့အိမ်ကို ရောင်းပြီး လက်ရှိပေါက်ဈေးနဲ့ ပြန်ဆောက်မယ်ဆိုရင် ဘယ်လောက်ကုန်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မူလတည်ဆောက်စဉ်က ကုန်ကျစရိတ်ထက် သုံးဆလောက်ပိုတဲ့ ဒီနေ့ခေတ်ကုန်ဈေးနှုန်းနဲ့ အိမ်ဈေးကိုတွက်၊ မြေဈေးထည့်ပေါင်းပြီး ရောင်းချကြတာဖြစ်ပါတယ်။ အလွယ်ဆုံးစဉ်းစားနည်းကတော့ ပြီးခဲ့တဲ့ လေးနှစ်က အိမ်တစ်လုံး သိန်း ၅၀၀ ဆိုပါစို့၊ ဒီနေ့ခေတ်ဈေးနဲ့ဆို အဲဒီအိမ်ဆောက်ရင် သိန်း ၁၅၀၀ ကုန်ပါမယ်။ ပြီးတော့ မြေဈေးက သိန်း ၂၀၀၀ ဆိုပါစို့။ ဒါဆို မြေနဲ့အိမ်ပေါင်းပြီး ရောင်းဈေးက သိန်း ၃၅၀၀ ဖြစ်သွားနိုင်ပါတယ်။ တွက်ချက်မှုအတိအကျ မဟုတ်ပေမဲ့ ဒီလိုသဘောမျိုးနဲ့ တွက်ဆရောင်းချနေကြတာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာရခြင်းဟာ သွင်းကုန်ဈေးတွေမြင့်တက်လာတာကြောင့်လည်း တစ်ချက်အပါအဝင်ဖြစ်ပါတယ်။
ဈေးကွက်အခင်းအကျင်း
အာဏာသိမ်းပြီးနောက်ပိုင်း ဈေးကွက်အခင်းအကျင်းအရဆိုရင် မြန်မာနိုင်ငံမှာ ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ဈေးကောင်းတွေရသွားတာကတော့ မြောက်ဒဂုံမြေဈေးဖြစ်ပါတယ်။ မြောက်ဒဂုံမြေဈေးဟာ အရင်က သိန်း တစ်ထောင်ဝန်းကျင်ရှိရာကနေ အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းမြင့်တက်သွားလိုက်တာ ကားလမ်းဘေးဆို သိန်း ၁၆၀၀၀ ပတ်လည်၊ ရပ်ကွက်ထဲက လမ်းမဆို သိန်း ၆၀၀၀၊ အတွင်းလမ်းဆို သိန်း ၅၀၀၀ လောက်အထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ မြောက်ဒဂုံမြေဈေး ဘာကြောင့်ကောင်းလဲဆိုရင် ရန်ကုန်မြို့ထဲမှာ အရောင်းကွက်မရှိတော့တာကြောင့်ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေက မြောက်ဒဂုံဘက်မှာ အခြေချနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မြောက်ဒဂုံမှာ အွန်လိုင်းရှော့တွေ၊ စားသောက်ဆိုင်လုပ်ငန်းတွေ၊ ကေတီဗီဆိုင်တွေနဲ့ တခြားလုပ်ငန်းပေါင်းများစွာ ချဲ့ထွင်လာကြပါတယ်။ သွားလာရလည်း လွယ်ကူတာကြောင့် အခုလို ဈေးတွေမြင့်တက်လာတာဖြစ်ပါတယ်။
မြောက်ဒဂုံဈေးမှ မဟုတ်ပါဘူး။ တောင်ဒဂုံ၊ အရှေ့ဒဂုံတွေမှာလည်း အဲဒီလိုပဲ ဈေးတွေမြင့်တက်ကုန်ပါတယ်။ အရင်က ကျည်စုသုဿန်နားက မြေဈေးဟာ ဝယ်သူတောင်မရှိပေမဲ့ အခုတောင် ကျပ်သိန်း တစ်ထောင်နားကို ရောက်လာပါပြီ။ ဒါပေမဲ့ လယ်မြေကို အကွက်ရိုက်ထားတာဖြစ်ပြီး ဘာ infrastructure မှ မရှိပါဘူး။ ဒီလိုပဲ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဒလတို့လို နေရာတွေမှာလည်း မြေဈေးက မြင့်တက်နေပါတယ်။ ဒလမြို့နယ်ကတော့ ရန်ကုန်နဲ့ ဒလ ကိုရီးယားစီမံကိန်းတံတားလက်စသတ်နေတာဖြစ်လို့ မြေဈေးပိုကောင်း လာခဲ့တာပါ။ လှိုင်သာယာနဲ့ ရွှေပြည်သာကတော့ လက်လုပ်လက်စားတွေအတွက် အလုပ်အကိုင်ပေါလို့ အဲဒီနေရာတွေကို ဝင်တိုးကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လှိုင်သာယာက လူစည်ကားတဲ့ မီးခွက်ဈေးလိုနေရာတွေဟာ မြောက်ဒဂုံဈေးလိုပဲ ကျပ်သိန်း သောင်းနဲ့ချီပြီး တန်ကြေးရှိနေသလို မြေပြင်မှာလည်း အရောင်းအဝယ်ဖြစ်နေကြပါတယ်။
ဒီလိုပဲ ထောက်ကြန့်၊ မှော်ဘီ၊ တိုက်ကြီး၊ သန်လျင် လူနေနည်းတဲ့ဒီလိုနေရာတွေမှာလည်း အခုဆို တိုးချဲ့ရပ်ကွက်၊ ရွာတွေ ပေါ်လာပြီး လူတွေစည်းကားလာလို့ ဈေးတွေလည်း မြင့်တက်ကုန်ပြီဖြစ်ပါတယ်။
အလားအလာ
တကယ်တော့ အိမ်ခြံမြေဈေးတွေဟာ အာဏာသိမ်းမှုနောက်ပိုင်း လှိုင်း ၄ လုံးကြောင့် အဆမတန်တိုးတက်သွားတာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေတည်ငြိမ်မှု၊ အဝယ်တွေလည်း အေးသွားပြီဆိုရင်တော့ အိမ်ခြံမြေပူဖောင်းမပေါက်တောင် တော်တန်ရုံလောက်တော့ ဈေးနှုန်းတွေက ကျဆင်းသွားနိုင်ခြေရှိပါတယ်။ ဒီအတွက်ကတော့ ကုန်ဈေးနှုန်းကျဆင်းဖို့နဲ့ ငွေလဲနှုန်းတည်ငြိမ်ဖို့လို ကိစ္စတွေကို အကောင်အထည်ဖော်နိုင်မှ ဖြစ်ပါတယ်။
ဒီနေ့ အိမ်ခြံမြေဈေးနှုန်းတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးကွက်ပေါက်ဈေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လက်ရှိအခြေအနေအရတော့ အရောင်းသမားတွေကလည်း ဒီဈေးတန်းတွေရမှပဲ ရောင်းနိုင်ကြမှာပါ။ ဘာကြောင့်လဲဆို သူတို့ပြန်ဝယ်မယ်ဆိုရင်လည်း ဒီဈေးတန်းတွေနဲ့ပဲ ပြန်ပေးဝယ်ရမှာ ဖြစ်လို့ပါ။
ဒါပေမဲ့ ဒီနေ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တစ်ရက်လုပ်အားခက ၆၈၀၀ ကျပ် ဖြစ်လို့ တစ်လကို ၂၀၄,၀၀၀ ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေမှာတော့ အောက်ခြေဝန်ထမ်းတစ်ယောက်ဟာ တစ်လ သုံးသိန်းကနေ ခြောက်သိန်းလောက် ရရှိနေကြပါတယ်။
အလုပ်သမားတစ်ယောက်သို့မဟုတ် ဝန်ထမ်းတစ်ယောက်ဟာ တစ်လကို လစာ ၆ သိန်းရတယ်ဆိုပါစို့။ လူတစ်ယောက်အတွက် စားဝတ်နေရေး ကုန်ကျစရိတ်ဟာ တစ်လ အနည်းဆုံး ပျမ်းမျှ ၄ သိန်းအထိ ရှိပါတယ်။ ဒါတောင် လူတန်းစေ့မဟုတ်ဘဲ ရပ်တည်နိုင်ရုံသုံးစွဲတာပါ။ ဒါကြောင့် စုငွေကို တစ်လ ကျပ် ၂ သိန်း၊ တစ်နှစ် ကျပ် ၂၄ သိန်းထားမယ်ဆိုပါစို့။ ကျပ်သိန်း တစ်ထောင်တန်မြေကွက်ကို ဝယ်ဖို့အတွက် သူအနေနဲ့ ၄၁ နှစ်လောက် ငွေစုရပါလိမ့်မယ်။ ဒီတော့ အခြေခံအလုပ်သမားတွေအတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံးကို အလုပ်ကြိုးစားပြီး ရိုးရိုးသားသားပိုင်ဆိုင်ဖို့ဆိုတဲ့ အိမ်မက်ဟာ ခက်ခဲလွန်းနေပါတယ်။
ဒီလိုဖြစ်တာရဲ့ အကျိုးဆက်က ဘာလဲဆိုရင် နိုင်ငံမှာ အိုးပိုင်အိမ်ပိုင်တဲ့ လူလတ်တန်းစားတွေဖြစ်ပေါ်လာရေး ချိနဲ့သွားတာပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူလတ်တန်းစားများမှသာ အဲဒီလူလတ်တန်းစားဆီက အခွန်ငွေရပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ကဏ္ဍမှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။
အခုတော့ လှိုင်းလေးလုံးအပြင် ကုန်ဈေးတွေတက်ရာက အိမ်ခြံမြေဈေးတွေမြင့်၊ လုပ်ခလစာတွေက လိုက်ပါမမြင့်တော့ လူတွေ အိမ်ခြံမြေပိုင်ဆိုင်ဖို့က အလှမ်းဝေး၊ ဒီလိုနည်းနဲ့ လူလတ်တန်းစားဖြစ်ပေါ်ရေး ခက်ခဲပြီး နိုင်ငံလည်း အခွန်မရ၊ အခွန်မရလို့ တည်ဆောက်ရေးတွေမှာ အားပျော့ပြီး နိုင်ငံအနေနဲ့လည်း ဆင်းရဲမဲ့လမ်းကို ရှေးရူနေရပါတော့တယ်။
ဟန်သစ်အိမ် (Y3A)
Read More:
Build Myanmar-Media : Opinion | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media