စံချိန်ချိုးနိုင်တယ်ဆိုတာ အမြဲတမ်းကောင်းမွန်နေတဲ့ ကိစ္စရပ် မဟုတ်ပါဘူး။
ကမ္ဘာကြီးမှာ ဘယ်သူနဲ့မှ မယှဉ်ပြိုင်ဘဲနဲ့ နှစ်စဉ်နှစ်တိုင်း စံချိန်ချိုးနေတဲ့ ကိစ္စရပ်တစ်ခု ရှိနေပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာတဲ့ စံချိန်တွေကို ချိုးနေတာကတော့ ပြင်းထန်လာနေတဲ့ ကမ္ဘာ့အပူချိန်တွေပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ ကမ္ဘာမှာ နှစ်ပေါင်း ၁၇၄ နှစ်အတွင်း အပူပြင်းဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒီစံချိန်တင်မှုမှာတော့ လက်ခုပ်သံတွေ မရှိခဲ့ပါဘူး။
ကမ္ဘာ့အပူချိန်မြင့်တက်လာတဲ့အခါ ဘာတွေဖြစ်လာသလဲ။ ပင်လယ်သမုဒ္ဒရာတွေ ပူနွေးလာတယ်။ ပင်လယ်ရေမြင့်တက်လာတယ်။ ပင်လယ်မှာ အက်စစ်များလာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်လာတယ်။ အစွန်းရောက်ရာသီဥတုတွေ ဖြစ်လာတယ်။ မုန်တိုင်းတွေ များလာတယ်။ မိုးကြီးတယ်။ မိုးခေါင်ရေရှားတယ်။ ရေကြီးတယ်။ တောမီးလောင်တယ်။ အပူနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်လာတယ်။ ပိုလာဝက်ဝံလို ပင်ဂွင်းလို မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်လာရတယ်။
ဒါတွေဟာ ရောဂါကပ်၊ အစားအစာမလုံလောက်မှု နဲ့ သက်ရှိမျိုးစိတ်တွေ ဆုံးရှုံးခြင်းဆိုတဲ့ အဖြစ်ဆိုးတွေဆီ ဦးတည်နေတဲ့ သဘာဝဘေးအန္တရာယ်တွေပါပဲ။
သဘာဝဘေး ဘာကြောင့် ဖြစ်လာလဲ
အဆမတန်ပူပြင်းလာတဲ့ ကမ္ဘာကြီးက သဘာဝဘေးအန္တရာယ်အတွက် အခြေခံကျတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။ ကမ္ဘာကြီး ဒီလိုပူပြင်းလာရတာက ဖန်လုံအိမ်ဓာတ်ငွေ့တွေ လေထုထဲ များလာလို့ပါ။ မီသိန်း၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရပ်အောက်ဆိုက် နဲ့ ကလိုရိုဖလူရိုကာဗွန်တို့က ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေပါ။
မီသိန်းက စိုက်ပျိုးမြေတွေ၊ လယ်ကွက်တွေ၊ အမှိုက်ပုံတွေ၊ ကျောက်မီးသွေးတွင်းတွေနဲ့ ကျွဲ ၊ နွား အစာခြေစနစ်ကနေ ထွက်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်က အပင်တွေ၊ စက်ရုံတွေ၊ ကားကထွက်တဲ့မီးခိုးတွေ၊ အမှိုက်မီးရှို့တာတွေ၊ တောင်ယာမီးရှို့တာတွေ၊ တောမီးလောင်တွေကနေ ထွက်ပါတယ်။ နိုက်ထရပ်အောက်ဆိုက်က စိုက်ခင်းတွေမှာ နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်း နဲ့ စက်ရုံအလုပ်ရုံတွေကနေ ထွက်ပါတယ်။ ကလိုရိုဖလူရိုကာဗွန်ကတော့ လေအေးပေးစက်တွေ ကနေ ထွက်ပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ကြည့်လိုက်ရင် အားလုံးလိုလိုက လူလုပ်ဖန်တီးမှုတွေကြောင့် ဆိုတာကို တွေ့မှာပါ။ တကယ်တော့ ဒီလိုဖန်လုံအိမ်ဓာတ်ငွေ့တွေက စက်မှုတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ဖွားဖက်တော်တွေပါ။ ၁၉ ရာစုအစောပိုင်းက စတင်ပြီး အခုချိန်ထိ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို အလုံးအရင်းလိုက် ကမ္ဘာ့လေထုထဲ ထုတ်လွှတ်နေကြသူတွေကတော့ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ သူတို့ရဲ့ ကော်ပိုရိတ်လုပ်ငန်းကြီးတွေပါပဲ။
ကမ္ဘာမှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးက တရုတ်နဲ့ အမေရိကန်လို ချမ်းသာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ထုတ်လွှတ်နေကြပြီး ၂၀ ရာခိုင်နှုန်းထက် နည်းတဲ့ ပမာဏကိုသာ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေက ထုတ်လွှတ်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေကိုတော့ နယ်နမိတ်စည်းခြားမှု မရှိတော့ဘဲ တစ်ကမ္ဘာလုံး သိမ်းကျုံးပြီး ခံစားနေရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေကတော့ ပိုပြီးခံစားရပါတယ်။
ကမ္ဘာလုံးဆိုင်ရာဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များနေတာကို တွေ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ( IPCC ) ရဲ့ အဆိုအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သဘာဝဘေးအန္တရာယ် ကျရောက်မှုကို ၁၅ ကြိမ် လောက် ပိုပြီး ခံနေရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရတာပါလဲ။
ဆင်းရဲနွမ်းပါးမှု
မြေနိမ့်ရာ လှံစိုက်ဆိုတဲ့ မြန်မာစကားပုံအတိုင်းပြောရရင် သဘာဝဘေးဒဏ်ခံစားနေရခြင်းရဲ့ အဓိကအချက်ကတော့ ဆင်းရဲနွမ်းပါးမှုပါ။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုတာ ဒီနေ့ကမ္ဘာကြီးကို စိန်ခေါ်နေတဲ့ အချက်ပါ။ သဘာဝဘေးမှာလည်း ဆင်းရဲနွမ်းပါးမှုက အဓိကစိန်ခေါ်ချက်ပါပဲ။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်ကို ကာကွယ်တုံ့ပြန်ဖို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ငွေကြေးလုံလောက်မှုလည်း မရှိကြပါဘူး။ နိုင်ငံရဲ့ အခြားသောကဏ္ဍတွေနဲ့ ယှဉ်ရင် သဘာဝပတ်ဝန်းကျင် ကဏ္ဍက ဦးစားပေးနေရာမှာ မရှိတာလည်း ပါပါတယ်။ ဦးစားပေးမခံရတဲ့အခါ ဥပဒေပိုင်းအရ လုပ်ဆောင်နိုင်မှုတွေကလည်း အားနည်းပါတယ်။
အနီးစပ်ဆုံး ဥပမာ ပြောရရင် မြန်မာနိုင်ငံရဲ့ သဘဝဘေးအန္တရာယ်တွေထဲမှာ အကြီးမားဆုံးနဲ့ ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဖြစ်စဉ်ကို ကြည့်လို့ရပါတယ်။ လူပေါင်း တစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ရတဲ့အပြင် ရှင်သန်ကျန်ရစ်သူများကလည်း ဘဝရပ်တည်ရေးပျက်စီးခဲ့ပြီး ဆင်းရဲခြင်းကနေ အခုထိ ရုန်းမထွက်နိုင်သေးပါဘူး။
နာဂစ်ကြောင့် သဘာဝဘေးအန္တရာယ်ဆိုတဲ့ သတိပေးသံကို ပြည်သူတွေအနေနဲ့ ပိုမိုသိရှိလာခဲ့ပေမဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ဆိုတာကတော့ နာဂစ်ဖြစ်ပြီး ငါးနှစ်အကြာမှ အတည်ပြုပြဌာန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေရဲ့ သက်ဝင်လှုပ်ရှားမှုက လူပုဂ္ဂိုလ်အချို့ပေါ် ပုဒ်မတပ် တရားစွဲဆိုမှုတွေ လုပ်ရုံအပြင် ပြည်သူတွေဆီတော့ ထိရောက်တဲ့ အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။
နိုင်ငံပြင်ပဖြစ်တဲ့ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ၂၀၂၁ ကနေ ၂၀၂၃ အတွင်း ဝင်ငွေနိမ့်ကျတဲ့ အာဖရိက ၂၆ နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းလောက်ဟာ နှစ်စဉ် ဆုံးရှုံးနေရတယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားထားပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများစုနေထိုင်ရာ အခြေခံအဆောက်အအုံတွေဟာ ငလျင်ဒဏ်၊ ရေကြီးရေလျှံမှုဒဏ်၊ မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ မဟုတ်ကြပါဘူး။ အရည်အသွေးမပြည့်မီတဲ့ လူနေအဆောက်အအုံတွေဖြစ်လို့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတဲ့အခါ ပျက်စီးဆုံးရှုံးမှုက ပိုပြီးကြီးလာပါတယ်။ ဒီလိုနည်းနဲ့ သဘာဝဘေးဖြစ်တဲ့အခါ ဆင်းရဲမွဲတေမှုဆီ ထပ်ပြီး တွန်းပို့ပြန်ပါတယ်။ ဒါနဲ့ပဲ သံသရာလည်နေကြတာ ဖြစ်ပါတယ်။
နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်
သဘာဝဘေးအန္တရာယ်ဖြစ်လာပြီဆိုရင် အရေးပေါ်စီမံခန့်ခွဲဖို့နဲ့ ပြန်လည်ထူထောင်ဖို့ကိစ္စဟာ မရှိမဖြစ် လိုအပ်သလို ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့ နဲ့ တုံ့ပြန်ဖို့ဆိုတာကလည်း အရေးကြီးပါတယ်။ ဒီအတွက် နည်းပညာနဲ့ လူ့စွမ်းအားအရင်းအမြစ်က မရှိမဖြစ် လိုအပ်လာပါတယ်။
သဘာဝဘေးအန္တရာယ်တွေထဲမှာ ရေကြီးရေလျှံမှုနဲ့ မုန်တိုင်းတွေက ကြိုတင်ပြင်ဆင်ကာကွယ်ပေးလို့ရတဲ့ သဘာဝဘေးအန္တရာယ်တွေပါ။ ဟာရီကိန်း နဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေအတွက် မိုးလေဝသစောင့်ကြည့်မှု နည်းပညာတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေပါပြီ။ အခုဆို AI နည်းပညာနဲ့ မိုးလေဝသစောင့်ကြည့်မှု လုပ်နိုင်ပြီ ဆိုတဲ့အကြောင်းကို World Economic Forum မှာ ဖော်ပြထားပါတယ်။
တိကျတဲ့ ခန့်မှန်းမှုကို မရနိုင်သေးတဲ့ ငလျင်လို သဘာဝဘေးအန္တရာယ်တွေကိုတောင်မှ Seismography လို့ခေါ်တဲ့ နည်းပညာနဲ့ သင်္ချာဆိုင်ရာအချက်အလက်ကို အခြေခံပြီး ခန့်မှန်းချက် ထုတ်လို့ရနေပါပြီ။
ဒါပေမဲ့ ဒီနည်းပညာတွေက ငွေကုန်ကြေးကျများသလို ဒီနည်းပညာတွေကို ကိုင်တွယ်နိုင်မယ့် ပညာရှင်တွေလည်း လိုအပ်တာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် လက်လှမ်းမမီပြန်ပါဘူး။
ဒီလို အဆင့်မြင့်နည်းပညာတွေ မရှိတဲ့အခါ မုန်တိုင်းသတင်းလို ကြိုတင်သိရှိနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကိုတောင် အခြားသော ပြင်ပနိုင်ငံတွေရဲ့ မိုးလေဝသထုတ်ပြန်ချက်တွေပေါ် မှီခိုနေရတာမျိုး ဖြစ်လာပါတယ်။ ရလာတဲ့သတင်းအချက်အလက်ကို ဖြန့်ဝေပေးပြန်တော့လည်း လူတိုင်း အင်တာနက်မရရှိမှုဆိုတဲ့ အတားအဆီးက ရှိနေပါသေးတယ်။
နောက်တစ်ချက်က လူ့စွမ်းအားအရင်းအမြစ်ပါ။ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ မိုးလေဝသကို စိတ်ဝင်စားမှုရှိလာသလို မိုးလေဝသပညာရှင် ဦးထွန်းလွင်ကလည်း ပြည်သူတွေအတွက် မိုးလေဝသနတ်မင်းကြီး ဖြစ်လာပါတယ်။ ဦးထွန်းလွင် ဆုံးပါးပြီးနောက်မှာတော့ မိုးဇလထုတ်ပြန်ချက်တွေအပေါ် လူထုရဲ့ ယုံကြည်မှုက လျော့ရဲလာပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးအစွဲကြောင့်လည်း ပါသလို ဦးထွန်းလွင်လို ပြည်သူတစ်ရပ်လုံး ယုံကြည်နိုင်တဲ့ ပညာရှင်မျိုး ရှားပါးလာတယ်ဆိုတဲ့ အချက်ကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။
နိုင်ငံရေးတည်ငြိမ်မှု
ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်တဲ့အခါ ငွေကြေးနဲ့ နည်းပညာအပြင် နောက်ထပ် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာကတော့ နိုင်ငံရေးစနစ် မတည်ငြိမ်မှုပါပဲ။
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိအောင် ထောက်ပံ့ပေးလို့ရသလို၊ သဘာဝဘေးအန္တရာယ်ကလည်း နိုင်ငံရေးတည်ငြိမ်မှုနဲ့ နိုင်ငံရေးတရားဝင်မှုအပေါ် အကျိုးသက်ရောက်မှု ကြီးစေပါတယ်။
မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတစ်ခုမှာ သဘာဝဘေးအန္တရာယ် ဖြစ်လာတဲအ့ခါ သဘာဝဘေးဟာ နိုင်ငံရေးပုံစံတစ်ခုအဖြစ် ပုံပြောင်းသွားပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ နိုင်ငံရေးပြဿနာတစ်ခုလို ဖြစ်လာတဲ့အခါ ကပ်ဘေးသင့်ပြည်သူတွေဟာ ကပ်ဘေးဒုက္ခသည်တွေ မဟုတ်တော့ဘဲ တောင်းဆိုမှုတွေ လုပ်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာသလို နိုင်ငံရေးကစားကွက်တစ်ခုလည်း ဖြစ်လာပါတယ်။ ဒီတော့ သဘာဝဘေးကို ရင်ဆိုင်ဖြေရှင်းပုံက ပြောင်းလဲသွားပါတယ်။ ကူညီကယ်ဆယ်ရေးဟာ ကန့်သတ်ချက်ရှိလာသလို နိုင်ငံတကာ အကူအညီ ဝင်ရောက်ဖို့လည်း ခက်လာပါတယ်။
ဥပမာပေးရရင် ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆူနာမီဖြစ်စဉ်ရှိပါတယ်။ အဲဒီအချိန်တုန်းက ဆူနာမီဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ကြရတဲ့ အင်ဒိုနီးရှားရော သီရိလင်္ကာရောက နိုင်ငံရေးအခြေအနေ တည်ငြိမ်မှု ရှိမနေပါဘူး။ အင်ဒိုနီးရှားဟာ နှစ်ပေါင်းသုံးဆယ်ကြာ ဖြစ်ပွားနေတဲ့ အာချေးပြည်နယ် လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ပြည်တွင်းပဋိပက္ခ ဖြစ်နေချိန်၊ သီရိလင်္ကာာ ဟာလည်း တမီးလ်ကျားသူပုန်တွေရဲ့ မြောက်ပိုင်းခွဲထွက်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်ပါ။
သဘာဝဘေးအန္တရာယ်အတွက် နိုင်ငံတကာကက အလှူငွေတွေဟာ ထောက်ပံ့ရေးတွေဟာ အလုံးအရင်းနဲ့ ဝင်လာခဲ့ပေမဲ့ မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ ကြားထဲက နစ်နာသူတွေကတော့ သဘာဝဘေးဒဏ်သင့်ပြည်သူတွေပဲ ဖြစ်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ် အီရန်မှာ ဖြစ်ပွားခဲ့တဲ့ ဘန်ငလျင်တုန်းကလည်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် အထောက်အပံ့တွေက ထင်သလောက် မဖြည့်ဆည်းနိုင်ခဲ့လို့ ငလျင်ဒဏ်သင့်ခံရသူတွေဟာ ၂၀၀၅ အထိ ရွက်ဖျင်တဲတွေမှာပဲ နေထိုင်ခဲ့ရပါတယ်။
မြန်မာမှာဆိုလည်း လောလောလတ်လတ် ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ရေကြီးမှုဖြစ်စဉ် ရှိပါတယ်။ ပြည်တွင်းစစ်အခြေအနေကြောင့် နယ်မြေမငြိမ်မသက်မှုတွေ၊ ကယ်ဆယ်ရေးကန့်သတ်ချက်တွေကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုထဲမှာ နောက်ထပ် ထည့်သွင်းစဉ်းစားဖို့ လိုသေးတဲ့ အချက်တစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ သယံဇာတ ထုတ်ယူမှုပါ။ နိုင်ငံတစ်နိုင်ငံဟာ ဆင်းရဲမယ်။ ဒါပမဲ့ သူ့မှာ သယံဇာတတွေ ရှိနေမယ်။ အဲဒီ သယံဇာတကို မျှတစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု ဥပဒေက အားနည်းနေမယ်။ နိုင်ငံရေးအခြေအနေတွေကလည်း မတည်မငြိမ်ဖြစ်နေမယ်။ ဒီလိုအခြေအနေတွေဆိုရင် အဲဒီနိုင်ငံအတွက် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေဟာ ရာခိုင်နှုန်းများနေပါလိမ့်မယ်။
သယံဇာတပိုင်ဆိုင်မှုကို ရေရှည်တည်တံ့မဲ့ လုပ်ငန်းစဉ်တွေ မချမှတ်ဘဲ ထိန်းကွပ်မှုမဲ့စွာ အလွန်အကျွံထုတ်ယူမှုဟာ သဘာဝဘေးအန္တရာယ်ကို လက်ယက်ခေါ်နေသလို ဖြစ်နေပါတယ်။
ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက သဘာဝဘေးကို ပိုပြီးဆိုးရွားသွားစေတဲ့အချက်တစ်ခုဖြစ်တယ်ဆိုတာကို နိုင်ငံတကာ နိုင်ငံရေးသုတေသီတွေက ထောက်ပြနေကြပါပြီ။
ကုစားနည်းများ
ဒီလို အားနည်းချက်တွေကြောင့် ဆင်းရဲတဲ့နိုင်ငံတိုင်းက သဘာဝဘေးအန္တရာယ် ပိုကျရောက်နေတာလို့ တစ်ထစ်ချ ပြောလိုက်လို့မရပါဘူး။ ကမ္ဘာကြီးရဲ့ လည်ပတ်မှုက စက်ဝိုင်းတစ်ခုလို ချိတ်ဆက်နေတာပါ။ သဘာဝဘေးအန္တရာယ်တွေဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့်ပါ။
ကမ္ဘာကြီး ပူနွေးမှုရဲ့ အဓိကလက်သည်ဖြစ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ အဲဒီနိုင်ငံတွေရဲ့ ကော်ပိုရိတ်လုပ်ငန်းကြီးတွေက ပြုလုပ်နေကြတာပါ။ ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချသင့်တယ်၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှုတွေ၊ ထုတ်လုပ်မှုတွေကို ရပ်တန့်သင့်တယ်၊ ကမ္ဘာကြီးပူနွေးလာမှုအတွက် ပြန်လည်တာဝန်ယူသင့်တယ်ဆိုတဲ့ အသံတွေ၊ လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ငွေကြေးတတ်နိုင်တဲ့အတွက် နည်းပညာကလည်း အဆင့်မြင့်သထက် မြင့်လာပြီး သဘာဝဘေးကို နည်းလမ်းပေါင်းစုံနဲ့ ကြိုတင်ပြင်ဆင်နိုင်ရုံ မကဘဲ ပြန်လည်ထူထောင်ရေးကိုလည်း လျှင်လျှင်မြန်မြန် လုပ်နိုင်ပါတယ်။ အဲဒါတွေအပြင် နိုင်ငံရေးစနစ် တည်ငြိမ်မှုကလည်း သဘာဝဘေးကို ရင်ဆိုင်တဲ့အခါ အားကောင်းတဲ့ခုခံမှုတွေ ဖြစ်လာပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၂၂ ခုနှစ် ရာသီဥတုပြောင်းလဲရေးညီလာခံ ( COP 27 ) မှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ သဘာဝဘေးကို ရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် “Lost and Damage Fund” ဆိုတဲ့ ရန်ပုံငွေအစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။ ရန်ပုံငွေ ကြေညာပြီးနောက်မှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ဘယ်လောက်ကူညီမလဲဆိုတဲ့ ငွေကြေးပမာဏက အခုထိ အတည်မပြုနိုင်သေးပါဘူး။
ဥရောပနိုင်ငံတွေကလည်း ၂၀၅၀ မှာ ကာဗွန်ကို သုည ရာခိုင်နှုန်းအထိ လျှော့ချသွားမယ့် Net Zero အစီအစဉ်ကို လုပ်ဆောင်လာနေကြပါပြီ။ ဒါပေမဲ့ ဒီအစီအစဉ်က ဘယ်လောက်ထိ အလုပ်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုတာ နေ့မြင်ညပျောက် ကိစ္စမျိုး မဟုတ်ပါဘူး။ ကမ္ဘာကြီးနဲ့ လူသားတွေတည်ရှိနေသရွေ့ စဉ်ဆက်မပြတ် ဖြစ်ပွားနေမယ့် အကြောင်းအရာတစ်ရပ် ဖြစ်ပါတယ်။
ဒါကြောင့် ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးဖြေရှင်းနည်းကတော့ ငွေကြေးချမ်းသာလာဖို့နဲ့ နိုင်ငံရေးစနစ် တည်ငြိမ်ဖို့ပါပဲ။ တည်ငြိမ်တဲ့နိုင်ငံရေးစနစ်ရှိမှသာ တရားဥပဒေ စိုးမိုးမှု အားကောင်းပါမယ်။ တည်ငြိမ်တဲ့နိုင်ငံရေးစနစ်ရှိမှ စီးပွားရေးဟာ ခရီးပေါက်ပါလိမ့်မယ်။ စီးပွားရေးတောင့်တင်းလာမှ နိုင်ငံရဲ့ အခြားသော ကဏ္ဍတွေဟာ အားကောင်းလာပါလိမ့်မယ်။
ဒီအတွက် မြန်မာနိုင်ငံကရော အဆင်သင့်ဖြစ်ပါပြီလား။
ကျော်ဇေဝမ်း (Y3A)
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media