“ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လိုအသားမည်းမည်း ဝါဝါညက်ညက်ဖြူ” ဆိုတဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့ ရန်ကုန်သူသီချင်းထဲက ရွှေဘိုသနပ်ခါးဆိုတာ စစ်ကိုင်းတိုင်းရဲ့ အကောင်းဆုံးထွက်ကုန်တစ်ခုဖြစ်သလို မြန်မာပြည်ရဲ့ အကောင်းဆုံးထွက်ကုန်တစ်ခုဆိုရင်လည် မမှားပါဘူး။ 

ရွှေဘိုနယ်ကထွက်တဲ့ သနပ်ခါးဟာ ကျောက်စရစ်မြေနီကြောမှာ ပေါက်တာကြောင့် အသားညက်တယ်။ မာကျစ်တယ်။ နီကြင်ကြင်အပွေးရှိပြီး အသွေးခံတယ်။ အနံ့ကလည်း ထူးထူးခြာခြားမွှေးပါတယ်။ ဒီလိုပဲ ပခုက္ကူဘက်ကထွက်တဲ့ ရှင်မတောင်သနပ်ခါးဆိုလည်း ဗိဿနိုးမင်းသမီးလိမ်းခဲ့တဲ့ သနပ်ခါးဆိုပြီး နာမည်ကြီးပါတယ်။ အရာတော်မြို့ ဆိုတာကလည်း သနပ်ခါးမြို့တော်လို့တောင် သတ်မှတ်ရတဲ့အထိ သနပ်ခါးစိုက်ခင်းတွေ ပြည့်နေတဲ့အရပ်ဒေသတစ်ခုပါ။ 

ဒါပေမယ့် အဲဒီလို မြန်မာဟန်ပါပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ နှီးနွယ်တဲ့ မြန်မာ့သနပ်ခါးရဲ့ အနာဂတ်ဟာ အခုတော့ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြဿနာတွေက ဘာတွေများပါလဲ။ 

အဓိကပြဿနာ

ပထမပြဿနာကတော့ ထိုင်းနိုင်ငံရဲ့ သနပ်ခါးအခြေခံထုတ်ကုန်တွေပေါ်ထွက်လာတာဖြစ်ပါတယ်။ ၂၀၁၇ လောက်ကစပြီး ထိုင်းနိုင်ငံမှာ သနပ်ခါးကိုအခြေခံထားတဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်လာကြပါတယ်။ အဲဒီလို ထုတ်လုပ်ဖို့ သနပ်ခါးကုန်ကြမ်းတွေကို အရင်ကဆိုရင် မြန်မာနိုင်ငံကနေမှာယူပေမဲ့ အခုတော့  ထိုင်းနိုင်ငံအတွင်းမှာပဲ သနပ်ခါးပင်တွေတောင် စိုက်နေပါပြီ။ 

ဒုတိယပြဿနာကတော့ ထိုင်းနိုင်ငံဟာ သနပ်ခါးကို ထုတ်ကုန်တစ်ခုအနေနဲ့ တစ်ကမ္ဘာလုံးရောင်းချနိုင်ဖို့အတွက် သနပ်ခါးရဲ့မျိုးစိတ်နာမည်အမှန်ဖြစ်တဲ့ ( Hesperethusa Crenulata) နဲ့ အာဆီယံအလှကုန်အသင်း ( ASEAN Cosmetic Association) ဆီ တင်သွင်းဖို့ လုပ်နေပါတယ်။ 
အဲဒီကနေ  World Plant List မှာ ဖြစ်ဖြစ် အပြည်ပြည်ဆိုင်ရာ အလှကုန်ပါဝင်ပစ္စည်းအမည်စာရင်း ( International Nomenclature Cosmetic Ingredient – INCI Name ) မှာပဲဖြစ်ဖြစ် နာမည်ရသွားရင် သနပ်ခါးဟာ သူတို့ရဲ့မူလပေါက်ပင်ဖြစ်သွားပါပြီ။ INCI Name ဆိုတာ တကမ္ဘာလုံးကိုရောင်းချဖို့အတွက် Trade Name Register ပေးရတာမျိုးပါ။ အဲဒါမရှိရင် ကုန်သွယ်ခွင့်မရှိ၊ ရောင်းချတင်ပို့ခွင့်မရှိပါဘူး။ INCI အနေနဲ့ကလည်း အလှအပဆိုင်ရာ အပင်မျိုးစိတ်တွေနဲ့ပတ်သက်ပြီး တိကျတဲ့သိပ္ပံဆိုင်ရာ အထောက်အထားတွေ၊ သက်သေပြချက်တွေနဲ့ တင်ပြပုံသေသပ်ခိုင်မာရင် မှတ်ပုံတင်ခွင့် ပေးပါတယ်။ 

ဒီတော့ ထိုင်းနိုင်ငံအနေနဲ့ သနပ်ခါးကို INCI Name မှာ နာမည်စာရင်းသွင်းနိုင်ပြီဆိုရင် တကမ္ဘာလုံးက သူတို့ဆီကနေပဲ သနပ်ခါးကို ဝယ်တော့မှာပါ။ ဒါတွေက ထိုင်းနိုင်ငံရဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။ 

တုံ့ပြန်ဖို့ခက်တဲ့အခြေအနေ

ထိုင်းနိုင်ငံခြေလှမ်းတွေကို ဟန့်တားဖို့ မြန်မာနိုင်ငံအနေနဲ့ အခက်အခဲတစ်ခု ရှိနေပါတယ်။ အဲဒါက မြန်မာအဘိဓာန်မှာ သနပ်ခါးမျိုးစိတ်နာမည်က ( Hesperethusa Crenulata) မဟုတ်ဘဲ ( Limonia Acidissima ) ဖြစ်နေတာပါ ။ ဒီလိုမျိုးစိတ်နာမည်မှားနေတာကို ပြန်ပြုပြင်ဖို့ အားနည်းခဲ့တာကြောင့် ထိုင်းတွေရဲ့ အဆိုပြုချက်ကို ကန့်ကွက်ဖို့ အခက်တွေ့နေပါတယ်။

နောက်ထပ်ရှိသေးတာက သနပ်ခါးဆိုတဲ့ အသံထွက်ဟာ ထိုင်းဘာသာစကားမှာဆို မျက်နှာကိုလိမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ မြန်မာမှာတော့ သနပ်ခါးဆိုတာ “သနခါ” ဆိုတဲ့ စကားကနေ ဆင်းသက်လာတာပါ။ “သန” ဆိုတာ မသန့်ရှင်းတာ၊ ယုတ်ညံ့တာပါ။ “ခါ” ဆိုတာကတော့ ဖယ်ရှားတာပါ။ ဒါကြောင့် “သနခါ” ဆိုတာ မကောင်းတဲ့အညစ်အကြေးတွေကို ဖယ်ရှားတာလို့ အဓိပ္ပါယ်ရပါတယ်။ နောက်တော့မှ “ သနခါ” ကနေ “သနပ်ခါး” ဆိုပြီး ရွေ့လျားပြောင်းလဲလာတာဖြစ်ပါတယ်။

ဒီလိုပဲ မြန်မာတွေက သနပ်ခါးကို အင်္ဂလိပ်လို Thanakha လို့ သမိုင်းစဉ်ဆက် စာလုံးပေါင်းလာခဲ့ပေမဲ့ ထိုင်းတွေက Thanaka လို့ ပေါင်းပါတယ်။ အခုဆို သနပ်ခါးအကြောင်း အင်္ဂလိပ်လို ရှာမယ်ဆိုရင် Wikipedia  ကစလို့ ထိုင်းတွေရဲ့သတ်ပုံအတိုင်း Thanaka လို့ပဲ သုံးနေကြပါပြီ။

ဒါဟာ မြန်မာအတွက်၊ မြန်မာ့သနပ်ခါးအတွက် ထိုးနှက်မှုကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းရှည်ကြာ ပဋိသန္ဓေတည်ခဲ့ပြီး ကြီးလာမှ သူများကရယူမွေးစား နာမည်ကောင်းရသလိုများ ဖြစ်နေမလားဆိုတာ စဉ်းစားစရာကောင်းပါတယ်။ 

မြန်မာဟန်နဲ့ သနပ်ခါး

တကယ်တော့ သနပ်ခါးဆိုတာ မြန်မာတို့ရဲ့ ကိုယ်ပိုင်အမွေအနှစ်ပါ။ သနပ်ခါးပင်ရဲ့အ‌ခေါက်ကို ကျောက်ပျဉ်မှာသွေးပြီး ရလာတဲ့သနပ်ခါးအနှစ်ကို မျက်နှာမှာလိမ်းတဲ့ဓလေ့က မြန်မာမှာပဲရှိပါတယ်။ ပါးပေါ်ကသနပ်ခါးဘဲကြားကို တွေ့တာနဲ့ ဒါဟာမြန်မာဆိုတာ တစ်ခါတည်းနဲ့ သိနိုင်ပါတယ်။

မြန်မာတွေသနပ်ခါးလိမ်းခဲ့ကြတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ပျူခေတ်ကတည်းကလို့ ပညာရှင်တွေယူဆကြပါတယ်။ သက်သေအထောက်အထားနဲ့တွေ့ရတာကတော့ အေဒီ ၁၁ ရာစု ပုဂံခေတ်မှာပါ။ ပုဂံက ဂူပြောက်ကြီးဘုရား၊ နဂါးရုံဘုရားနဲ့ အပါယ်ရတနာဘုရား တွေရဲ့ နံရံပန်းချီတွေမှာ မိန်းမပျိုနဲ့ ကျောက်ပျဉ်ပုံတွေကို တွေ့ရပါတယ်။ စာပေအထောက်အထားနဲ့ဆိုရင်တော့ အင်းဝခေတ် အေဒီ ၁၃၈၃ မှာ ရေးခဲ့တဲ့ ရာဇာဓိရာဇ်ရဲ့ သုံးထောင့်အိုင်ချင်းက အစောဆုံးပါ။ အိုင်ချင်းထဲမှာ “ သနပ်ခါးကျောက်ပြင်ပေါ်တွင် သောက်ရေအေးနှင့် ရောသွေးပါလျှင် နံသာအပေါ် ကျဲတတ်တယ်” လို့ ရေးစပ်ထားပါတယ်။

နောက်ပြီး အေဒီ ၁၄၉၃ မှာ ရေးခဲ့တဲ့ ရှင်မဟာရဌသာရရဲ့  ဘူရိဒတ်ဇာတ်‌ပေါင်းပျို့မှာလည်း နန်းတွင်းသူတွေ သနပ်ခါးလိမ်းတဲ့ အကြောင်းကို စပ်ဆိုထားပါတယ်။ ပဲခူးရွှေမောဓောဘုရားရဲ့ ပြတိုက်မှာလည်း "ဓာတုကလျာ" နာမည်ထိုးထားတဲ့ ကျောက်ပျဉ်ရှိပါတယ်။ ဒါတွေကို ကြည့်ရင် သနပ်ခါးကို မြန်မာတွေ ခေတ်အဆက်ဆက်ကတည်းက သုံးခဲ့တယ်ဆိုတာကို တွေ့ရမှာပါ။

မြန်မာတွေဟာ သနပ်ခါးကို အလှအပအတွက်၊ ဆေးအတွက်သုံးသလို ဘာသာရေးအခမ်းအနားတွေမှာလည်း သုံးစွဲကြပါတယ်။ 

ဒါပေမဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တော့ သနပ်ခါးရဲ့အဖြစ်ဟာ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် သေကြေပျက်စီးမှုတွေရဲ့အောက်မှာ ခေါင်းမဖော်နိုင်အောင် နစ်မြုပ်နေရပါတယ်။ သနပ်ခါးအဓိကထွက်ရှိရာ ဒေသတွေမှာ စစ်မီးတောင်လောင်နေမှုကြောင့် သနပ်ခါးစိုက်ပျိုးမှုနဲ့ သနပ်ခါးဈေးကွက်ဟာ အမြစ်ပြတ် လုမတတ် ပြုတ်ပြုတ်ပြုန်းလုဆဲ ဖြစ်နေပါပြီ။

တကယ်တော့ အချက်အလက်အရပြောရင် အာဏာမသိမ်းခင်ကတည်း မြန်မာ့သနပ်ခါးဈေးကွက်ရဲ့ အခြေအနေက သိပ်ကောင်းလှတာမျိုး မဟုတ်ပါဘူး။ 

ထိုင်းနိုင်ငံကနေ သဘာဝသနပ်ခါးကုန်ကြမ်းမပါဘဲ ဓာတုဗေဒနည်းနဲ့လုပ်ထားတဲ့ သနပ်ခါးရနံ့ပါတဲ့ သနပ်ခါးထုတ်ကုန်တွေ ဝင်လာတာနဲ့ သနပ်ခါးလိမ်းတဲ့ဓလေ့ကျဆင်းလာတာတွေက သနပ်ခါးစိုက်ပျိုးမှုကို ထိခိုက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သနပ်ခါးက နှစ်ရှည်ပင်ဖြစ်တာကြောင့် အချိန်ကြာသလို ပြုစုထိန်းသိမ်းခလည်း ကြီးပါတယ်။ ဒီတော့ သနပ်ခါးနေရာမှာ နှစ်တိုတိုနဲ့ ငွေရလွယ်တဲ့ လျှော်ဖြူတွေက အစားထိုးဝင်လာပါတယ်။

မြန်မာသနပ်ခါး အဲဒီလိုအကျပ်တွေ့နေချိန်မှာ ထိုင်းရဲ့ သနပ်ခါးခြေလှမ်းတွေကတော့ အတော်လေး အရှိန်ကောင်းလာပါတယ်။ ထိုင်းဟာ အခုထိတော့ INCI Name မရသေးပါဘူး။ ရသွားပြီဆိုရင်တော့ သနပ်ခါးဈေးကွက်ဟာ ထိုင်းအပိုင်ဖြစ်သွားတော့မှာပါ။ 

ယူနက်စကိုတင်သွင်းခြင်း

မြန်မာအနေနဲ့ သူတို့ထက်လက်ဦးမှုရဖို့ဆိုရင်တော့ သနပ်ခါးဟာ ယူနက်စကိုဝင်မှရမှာပါ။ ပြီးရင်တော့ INCA Name လည်း ရဖို့လိုပါတယ်။ အဲဒီလိုသာ ဖြစ်ပြီဆိုရင်တော့ သနပ်ခါးဟာ မြန်မာအပိုင်ဖြစ်ပါပြီ။ 

ဒါဆိုရင် မြန်မာ့သနပ်ခါးစိုက်ပျိုးမှုက ပြန်လည်ဦးမော့လာမဲ့အခြေအနေမျိုးပါ။ ဒီလိုမျှော်လင့်ချက်တွေကြောင့်ပဲ မြန်မာနိုင်ငံဟာ သနပ်ခါးကို ၂၀၂၀ မတ်လ ၃၀ မှာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုကို စာရင်းတင်သွင်းပါတယ်။ 

ဒါပေမဲ့ ၂၀၂၁ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ လုပ်ခဲ့တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်‌စောင့်ရှောက်ရေးကော်မတီရဲ့ ၁၆ ကြိမ်မြောက် အစည်းအဝေးမှာတော့ သနပ်ခါးနဲ့ပတ်သက်ပြီးသ မြန်မာနိုင်ငံရဲ့ တင်ပြလျှောက်ထားမှုတွေဟာ လုံလောက်တဲ့ အချက်အလက်၊ အထောက်အထား မပြည့်စုံတာ‌ကြောင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေးဖို့ မသင့်လျော်သေးဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သနပ်ခါး ထိုင်းအပိုင်ဖြစ်တော့မလား

ဒီအချိန်မှာ ထိုင်းကသာ INCI Name ရသွားမယ်ဆိုရင် မြန်မာတို့အနေနဲ့ သနပ်ခါးကို လက်လွှတ်လိုက်ရတော့မှာပါ။ သနပ်ခါးဆုံးရှုံးတာဟာ ယဉ်ကျေးမှုအမွေအနှစ်ဆုံးရှုံးတာ၊ သမိုင်းတန်ဖိုး ဆုံးရှုံးတာနဲ့ အတူတူပါပဲ။

ထိုင်းအနေနဲ့ သနပ်ခါးကို မြန်မာတွေလို ကျောက်ပျဉ်မှာသွေးပြီးလိမ်းခဲ့တဲ့ ယဉ်ကျေးမှုမရှိခဲ့ပေမဲ့ သနပ်ခါးကို အခြောက်ခံ၊ အမှုန့်လုပ်ပြီး skincare, body spa, scrub ပုံစံမျိုး သုံးပါတယ်ဆိုပြီး    စကားဦးသမ်းလာတာတွေလည်း ရှိလာပါပြီ။ ထိုင်းအနေနဲ့ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို စိတ်ဝင်စားခြင်းမရှိပါဘူး ဆိုပေမဲ့လည်း INCI Name ရပြီး ဈေးကွက်ပိုင်ဆိုင်မှုမြင့်သွားရင် သနပ်ခါးနဲ့ထိုင်းကို တွဲပြီးမြင်လာကြတော့မှာပါ။

မြန်မာသင်္ကြန်နဲ့ ခေတ်အတူတူ၊ ကျင်းပပုံ ပုံစံတူဖြစ်တဲ့ ဆုန်ခရမ်က ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သွားပြီဖြစ်လို့ မြန်မာတွေအနေနဲ့ နောက်ကောက်ကျခဲ့ပြီးပါပြီ။ ဒီတစ်ခါ သနပ်ခါးအလှည့်ကိုတော့ဖြင့် နောက်ကျကျန်ခဲ့တာမျိုး မဖြစ်စေချင်တော့ပါဘူး။ ဒါပေမဲ့ အသက်အိုးအိမ်တောင် မသေချာနေတဲ့ ဒီနေ့လိုအခြေအနေမှာ သနပ်ခါးရဲ့အနာဂတ်ကလည်း ပြတ်လုပြတ်ခင်ကြိုးတစ်ချောင်းဖြစ်နေရပါတော့တယ်။

 

နုသစ်မိုး( Y3A ) 

Share this article
The link has been copied!