ရန်ကုန် တက္ကသိုလ်ထဲမှာ ခုံဖိနပ်စီး ပင်နီအင်္ကျီဝတ် လူငယ်လေးတစ်ယောက်ဟာ တက္ကသိုလ်မှာ ဒုတိယနှစ်အောင်တော့ သူညီလေးကလည်း တက္ကသိုလ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီလို သူ့ညီလေးတက္ကသိုလ်ရောက်လာချိန် မိသားစုစီးပွားရေးအဆင်မပြေမှာစိုးလို့ သူကတော့ အစ်ကိုကြီးပီပီအနစ်နာခံပြီး ကျောင်းထွက်လိုက်ပါတော့တယ်။
အဲဒီနောက်မှာ သူက ဇာတိချက်ကြွေ မွေးရပ်မြေကိုပြန်၊ ပြီးတော့ ကျောင်းဆရာလုပ်နေခဲ့ပါတယ်။ နောက်တော့ အမျိုးသားကျောင်းမှာ ကျောင်းအုပ်ဖြစ်လာပါတယ်။ အဲဒီကနေ သူ့အရည်အချင်းကြောင့် ပြန်ကြားရေးအတွင်းဝန်၊ အဲဒီကနေ တဆင့်တက်ပြီး ဝန်ကြီးချုပ်ကိုယ်ရေးအရာရှိဖြစ်လာပါတယ်။ ဒီရာထူးတာဝန်တွေနဲ့တင်မရပ်ဘဲ ကုလသမဂ္ဂအမြဲတမ်းဆိုင်ရာ သံအမတ်ကြီးဖြစ်လာပြန်သလို နောက်ဆုံးမှာတော့ ကမ္ဘာ့အရေးကိစ္စတွေကို ဦးစီးဦးဆောင်ကိုယ်တွယ်ရတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာပါတယ်။
ကမ္ဘာပေါ်မှာ ဒီရာထူးကို နှစ်ပေါင်း ၈၀ အတွင်း လူ ၉ ယောက်ပဲ ရဖူးပါတယ်။ အဲဒီအထဲက တစ်ယောက်ကတော့ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။
မင်းလောင်းမောင်သန့်မှသည်
၁၉၀၉ ခုနှစ်မှာ ဧရာဝတီတိုင်း၊ ပန်းတနော်မှာ မြေပိုင်ရှင် ဦးဘိုးနှစ်၊ ဒေါ်နန်းသောင်တို့ ဇနီးမောင်နှံက ကလေးတစ်ယောက် မွေးပါတယ်။
ကလေး ၂ နှစ်အရွယ် ၁၉၁၁ ခုနှစ်ထိတိုင် အဲဒီကလေးကို နာမည်မပေးရသေးပါဘူး။ ၁၉၁၁ ဆိုတာ မြန်မာနိုင်ငံမှာ နာမည်ကြီးလာတဲ့ သူရိယသတင်းစာ စပြီးပေါ်ပေါက်လာချိန်လည်းဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြင်းမူနယ်မှာ မင်းလောင်း မောင်သန့်ဆိုတာ ပေါ်ပေါက်လာပါတယ်။ မြန်မာတွေဟာ အင်္ဂလိပ်ကိုတော်လှန်ဖို့ မင်းလောင်းမျှော်နေချိန်လည်းဖြစ်တော့ အင်္ဂလိပ်ကို တော်လှန်နေတဲ့ မင်းလောင်းမောင်သန့် သတင်းဟာ ဒီနေ့ခေတ်စကားနဲ့ပြောရင် ဆယ်လီသတင်းပါ။ အဲဒီသတင်းဟာ သူရိယသတင်းစာမှာပါလာပြီး ဦးဘိုးနစ်က ဖတ်မိပါတယ်။
ဒီလိုနဲ့ မင်းလောင်းမောင်သန့်ကို အားကျပြီး နာမည်မပေးရသေးတဲ့ သောကြာသား သူ့သားကို မောင်သန့်ဆိုပြီး နာမည်ပေးလိုက်ပါတယ်။ နောင်အခါကျ အဲဒီမောင်သန့်ဆိုတဲ့နာမည်ဟာ သုံးယောက်မြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့နာမည် ဖြစ်လာပါတယ်။
ကျောင်းဆရာဘဝ
မောင်သန့်ဟာ ငယ်စဉ်က ပန်းတနော် YMBA အလယ်တန်းကျောင်းမှာ တက်ပါတယ်။ အဲဒီကျောင်းဟာ ပန်းတနော်မှာ အင်္ဂလိပ်စာကို ပထမဆုံးသင်ပေးတဲ့ကျောင်းပါ။ မောင်သန့်အဖေ ဦးဘိုးနှစ်ကိုယ်တိုင်ကလည်း အိန္ဒိယနိုင်ငံ၊ ကာလကတ္တား ဟန်းတားကောလိပ်ထွက်ဖြစ်လို့ သူ့သားကို အမြော်အမြင်ရှိရှိနဲ့ ဒီကျောင်းကို ထားလိုက်တာဖြစ်ပါတယ်။ မောင်သန့်ဟာ ငယ်စဉ်ကတည်းက ကြေးနန်းစာကို အင်္ဂလိပ်လိုရေးပါတယ်။ အိမ်နီးချင်းတွေဆီ ရောက်လာသမျှ အင်္ဂလိပ်ကြေးနန်းကို မြန်မာဘာသာပြန်ဆိုပေးပါတယ်။
မောင်သန့်ဟာ ငယ်ငယ်ကတည်းက စာပေလိုက်စားသလို ပန်းချီဆွဲတာကိုလည်း အင်မတန်ဝါသနာထုံပါတယ်။ ၁၂ သားကတည်းက ဆာအာသာကိုနင်ဒွိုင်းရဲ့ ရှားလော့ဒ်ဟုမ်းနဲ့ ရှိတ်စပီးယားပြဇာတ်တွေကို သည်းသည်းမည်းမည်းဖတ်နေခဲ့ပါပြီ။
၁၉၂၂ မှာ မောင်သန့်ဟာ အလယ်တန်းအောင်ပါတယ်။ နောက်တော့ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းကို ရောက်သွားပါတယ်။ အဲဒီအချိန်မှာ သူ့အဖေ ဦးဘိုးနှစ်က ဆုံးသွားခဲ့ပါပြီ။ ၁၉၂၆ အမျိုးသားကျောင်းကနေ ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်ရောက်ပါတယ်။ တကောင်းကျောင်းဆောင်၊ ပုဂံကျောင်းဆောင်၊ မေအောင်ကျောင်းဆောင်တွေမှာ နေပါတယ်။ အဲဒီမှာ ကိုမျိုးမင်း (နောင်အခါ အင်္ဂလိပ်စာ ပါမောက္ခဖြစ်လာသူ)၊ ကိုနု (နောင်အခါ မြန်မာ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသူ)၊ ကိုထင်အောင် (နောင်အခါ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဖြစ်လာသူ)တို့လို အပေါင်းအသင်း မိတ်ဆွေတွေနဲ့ တွေ့ရပါတယ်။
ဒါပေမဲ့ မောင်သန့်ဟာ ဒုတိယနှစ်အောင်တဲ့အခါ ကျောင်းထွက်လိုက်ပါတယ်။ သူညီ မောင်ခန့်က တက္ကသိုလ်ရောက်လာတော့ ဖခင်မရှိတော့တဲ့ သူတို့မိသားစုစီးပွားရေးအဆင်မပြေမှာစိုးလို့ သူက ကျောင်းထွက်လိုက်တာပါ။ ဒီတော့ မောင်သန့်(ဦးသန့်)ဟာ ဘွဲ့မရခဲ့ပါဘူး။ ပြီးတော့ ပန်းတနော်ပြန်ပြီး အမျိုးသားအထက်တန်းကျောင်းမှာ ကျောင်းဆရာလုပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မောင်သန့်ကနေ ကျောင်းဆရာ ဦးသန့်ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဦးသန့်မိတ်ဆွေ ဦးနုဟာ ပန်းတနော်မှာ ကျောင်းအုပ် ဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူဟာ ၁၉၃၀ အထိ ဆောင်းပါးတွေ ကဗျာတွေ အဆက်မပြတ် ရေးနေခဲ့ပါတယ်။ နောက်တော့ ဦးနုက မိန်းမယူသွားပြီး ပန်းတနော်ကို မပြန်တော့တာမို့ ဦးနုရဲ့ ကျောင်းအုပ်ရာထူးကို ဦးသန့်က ယူလိုက်ရပါတယ်။ ဒီလိုနဲ့ ဦးသန့်ဟာ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်လာပါတယ်။ အဲဒီအချိန်က သူ့အသက်က ၂၂ နှစ်ပဲရှိပါသေးတယ်။
မြို့တက်ပြီ
၁၉၃၅ ၊ ဦးသန့်အသက် ၂၆ နှစ်မှာတော့ မသိန်းတင်ဆိုတဲ့အမျိုးသမီးနဲ့ အိမ်ထောင်ကျပါတယ်။ မသိန်းတင်နဲ့ သူ့အမေဟာ စစ်ကိုင်း၊ တံတားဦးကနေ ပန်းတနော်ကို ပြောင်းလာကြပြီး ဆေးလိပ်ခုံထောင်နေကြသူတွေပါ။ နောက်တော့ ကလေး တစ်ယောက်ကို မွေးစားကြပါတယ်။ အဲဒီလို ကလေးမွေးစားပြီးနောက်ပိုင်း ကလေး ၂ ယောက် ထပ်ရပါတယ်။
၁၉၄၂ ရောက်တဲ့ အခါ ဂျပန်က မြန်မာတစ်နိုင်ငံလုံးကို သိမ်းလိုက်ပါတယ်။ နောက်တော့လည်း ဂျပန်တွေ ပြန်ထွက်သွားပါတယ်။ ၁၉၄၇ ဇူလိုင်လ ၉ ရက်ရောက်တဲ့အခါမှာတော့ ဦးသန့်တို့ တစ်မိသားစုလုံး ရန်ကုန်ကို ပြောင်းရွေ့လာခဲ့ပါတော့တယ်။ သူက ရန်ကုန်မှာ အင်္ဂလိပ်သတင်းစာထုတ်ဖို့ တက်လာခဲ့တာပါ။ ရန်ကုန်ရောက်တဲ့အခါ သူ့မိတ်ဆွေ ဦးနုနဲ့တွေ့ပါတယ်။ အဲဒီအချိန် ဦးနုဟာ ဖဆပလခေါင်းဆောင်ဖြစ်နေပါပြီ။ ဦးနုဟာ ဦးသန့်ကို ဖဆပလအစိုးရအဖွဲ့မှာပါဝင်ဖို့ ကမ်းလှမ်းပါတယ်။ ဦးသန့်ကတော့ အစိုးရအဖွဲ့ထဲ မပါချင်ပါဘူး။
အစိုးရဝန်ထမ်းဘဝ
၁၉၄၇ ဇူလိုင်လ ၁၉ ရက်ကျ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပါတယ်။ အဲဒီအခါမှာတော့ ဦးသန့်ရဲ့ မိတ်ဆွေ ဦးနုဟာဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး အစိုးရအဖွဲ့ ဖွဲ့ပါတယ်။ ဦးနုရဲ့ အစိုးရအဖွဲ့ထဲမှာ ဦးသန့်ဟာ ပြန်ကြာရေးအရာရှိဖြစ်လာပါတယ်။ ဖဆပလအစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေ၊ အစိုးရသစ်ရဲ့ ဝါဒတွေကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးသားဖြန့်ဝေရပါတော့တယ်။ လွတ်လပ်ရေးရပြီး ၅ လကြာတဲ့အခါမှာတော့ ဦးသန့်ဟာ ပြန်ကြာရေးဌာန ညွှန်ကြားရေးဝန်ဖြစ်လာပါတယ်။ နောက်တော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ဖြစ်လာပြန်ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းက အတွင်းဝန်ပါ။ နောက်တော့ ဦးအောင်သန်းက တခြားဌာနကို ပြောင်းသွားတဲ့အခါ ဦးသန့်ဟာ အတွင်းဝန်ဖြစ်လာပါတော့တယ်။ ဦးသန့်ဟာ ပြန်ကြားရေးအတွင်းဝန်ဘဝနဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ နိုင်ငံရေး၊ စီးပွားရေး မိန့်ခွန်းတွေကိုရေးပေးရပါတယ်။
ဝန်ကြီးချုပ်ဦးနုနဲ့ ပြန်ကြားရေးအတွင်းဝန် ဦးသန့်ဟာ ကျောင်းကတည်းက ရင်းနှီးခဲ့တဲ့ မိတ်ဆွေလည်းဖြစ်၊ သူငယ်ချင်းတွေလည်းဖြစ်ကြသလို ရိုးဂုဏ်ကိုယ်စီ၊ အစွမ်းအစကိုယ်စီရှိကြသူတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မနက်ခင်းတိုင်းမှာ လမ်းလျှောက်ရင်း နိုင်ငံအရေးကိစ္စတွေကို တိုင်ပင်ဆွေးနွေးလေ့ရှိပါတယ်။ ၁၉၅၄ မှာတော့ ဝန်ကြီးချုပ်ဦးနုက ဦးသန့်ကို ဝန်ကြီးချုပ်ရဲ့ အတွင်းဝန်ရာထူး တိုးပေးလိုက်ပါတယ်။ ၁၉၅၅ ကျ စီးပွားရေးနှင့် လူမှုရေးဘုတ်အဖွဲ့ရဲ့ အတွင်းဝန်ရာထူးပေးလိုက်ပြန်ပါတော့တယ်။
သံတမန်ရေးရာ
ဦးသန့်ဟာ ဝန်ကြီးချုပ်ဦးနုရဲ့ အတွင်းဝန်အဖြစ် နိုင်ငံပေါင်းများစွာကို ရောက်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဆိုဗီယက်ခေါင်းဆောင်ကြီး ခရုရှက်၊ လီယိုနစ် ဘရက်ဇညက်၊ အလက်ဇီကိုဆီဂင်၊ တရုတ်ခေါင်းဆောင် မော်စီတုံး၊ ချူအင်လိုင်း၊ မြောက်ဗီယက်နမ်ခေါင်းဆောင်ကြီး ဦးလေးဟို(ဟိုချီမင်း)၊ အိန္ဒိယ ခေါင်းဆောင်ကြီး နေရူး၊ ယူဂိုဆလပ်က မာရှယ်တီးတိုး၊ အမေရိကန်ခေါင်းဆောင် ရစ်ချက်နစ်က်ဆင် ဒီလိုခေါင်းဆောင်ကြီးတွေကို ဝန်ကြီးချုပ်ဦးနုရဲ့ အတွင်းဝန်အဖြစ်လိုက်ပါရင်း တွေ့ဆုံရင်းနှီးခွင့်ရခဲ့ပါတယ်။ နိုင်ငံတကာရေးရာတွေကို အတွင်းစည်းထဲကနေ လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။
အဲဒီအချိန် ဝန်ကြီးချုပ်ဦးနုဟာ ပြည်တွင်းမှာ ဘုန်းမီးနေလ တောက်ပချိန်ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာလည်း ဦးနုရဲ့ ဘက်မလိုက်ကြားနေဝါဒဟာ ထင်ရှားနေတာပါ။ ၁၉၅၂ မှာ ဦးသန့်ဟာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ပြီး ကုလသမဂ္ဂအစည်းအဝေးကို တက်ရပါတယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ထင်ရှားလာတဲ့ ဦးသန့်ကို ၁၉၅၇ မှာတော့ ဝန်ကြီးချုပ်ဦးနုက ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပါတော့တယ်။
ကုလသမဂ္ဂအထွေထွေရေးမှူးချုပ်ဖြစ်ပြီ
ဒီနေ့ ကုလသမဂ္ဂဆိုတာက စက္ကူကျားပါ။ ၁၉၆၀ တုန်းကတော့ အာဏာပြင်းတဲ့ ကိုးတောင်ကျားလို့ ပြောရပါမယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဆိုတာကတော့ အဲဒီကိုးတောင်ကျားကို အသက်သွင်းပြီး စေလိုရာစေတဲ့ မှောဆရာဖြစ်ပါတယ်။
၁၉၆၁ စက်တင်ဘာမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး လေယာဉ်ပျက်ကျလို့ သေဆုံးသွားပါတယ်။ အဲဒီအချိန်ကာလတွေဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ အပြန်အလှန် ရန်စောင်နေကြချိန်ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် မျက်စောင်းထိုးရင်တောင် နျူကလီးယားသုံးမယ်ဆိုပြီး ကြွေးကြော်နေကြတဲ့အထိ ဆတ်ဆတ်ထိမခံ သူနိုင်ကိုယ်နိုင် ဗိုလ်လုနေကြချိန်ပါ။ ဒက်ဟမ်းမားရှိုးဆုံးသွားတဲ့အခါ လစ်လပ်တဲ့ သူ့နေရာကို အစားထိုးဖို့ ကုလသမဂ္ဂနဲ့ သံတမန်အသိုင်းအဝိုင်းက စဉ်းစားကြပါတယ်။ အထူးသဖြင့်တော့ အမေရိကန်နဲ့ ဆိုဗီယက် နှစ်ဖက်စလုံးက သဘောကျတဲ့လူဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီလူကတော့ ဦးသန့်ပါပဲ။ ဦးသန့်ရဲ့ လုပ်ရည်ကိုင်ရည်၊ ပေါင်းသင်းဆက်ဆံမှု၊ ရိုးဂုဏ်၊ ပြောရဲဆိုရဲရှိမှုတွေက နိုင်ငံတကာစင်မြင့်မှာ သူ့ကို ထင်ရှားစေပါတယ်။
အဲဒီလို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ဆက်ဆံဖို့ ယှဉ်ပြိုင်နေကြချိန်မှာ ပြင်သစ်သံတမန်တစ်ယောက်က ဦးသန့်ဟာ အရပ်ပုတယ်ဆိုပြီးပြောပါတယ်။ ဒီတော့ ဦးသန့်က ပြင်သစ်ဧကရာဇ် နပိုလီယံဟာ အရပ်ပုပြီး အင်္ဂလိပ်စကားမတတ်ပေမဲ့ ပြင်သစ်အင်ပါယာကို ထူထောင်ခဲ့သူဖြစ်ကြောင်း၊ သူ့အနေနဲ့ ပြင်သစ်ဧကရာဇ်ကြီးထက် အရပ်နည်းနည်းပိုရှည်သလို အင်္ဂလိပ်စကားလည်း ရေလည်အောင် ရေးတတ်ပြောတတ်ကြောင်း ပညာသားပါပါ ပြန်ချေပခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဦးသန့်ဟာ ဆိုဗီယက်၊ အမေရိကန်အပါအဝင် ကုလသမဂ္ဂအသိုင်းအဝိုင်းအများစုရဲ့ ထောက်ခံမှုနဲ့ ဒက်ဟမ်းမားရှိုးရဲ့ မကုန်ဆုံးသေးတဲ့ သက်တမ်း ၁ နှစ် ကို ဆက်လက်ထမ်းဆောင်ဖို့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာခဲ့ပါတယ်။ သူ့သက်တမ်းက ၁၉၆၂ ခုနှစ် နိုဝင်ဘာလအထိဖြစ်ပါတယ်။
ဒါပေမဲ့ ဦးသန့်ဟာ အဲဒီတစ်နှစ်တည်းမဟုတ်ပါဘူး။ နောက်ထပ်ငါးနှစ် ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သက်တမ်းပြည့်ချိန်မှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ပြောကြပေမဲ့ သူကငြင်းပယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်နဲ့ ဆိုဗီယက် ခေါင်းဆောင်တွေ ကိုယ်တိုင်က သူ့ကို လာတွေ့ပြီး တိုက်တွန်းခဲ့တာရယ်၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း လိုလားတာရယ်ကြောင့် သမိုင်းက သူ့ပုခုံးပေါ် ပစ်တင်ပေးလိုက်တဲ့ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ပိုးရင်း နောက်ထပ် ၅ နှစ် တာဝန်ဆက်ထမ်းပါတယ်။ စုစုပေါင်း ၁၁ နှစ်ကျော်လောက် ဦးသန့်ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကမ္ဘာကြီးအပေါ် အကြွေးတင်နေသူ
“ ဦးသန့်ဟာ ကမ္ဘာကြီးအပေါ် အကြွေးတင်သွားပါပြီ” (U Thant has put the whole world in his debt.)
ဒါကတော့ ၁၉၆၃ ခုနှစ်၊ ကမ္ဘာကြီးမှာ နျူကလီးယားစစ်ပွဲဆီ ဦးတည်တော့မလိုဖြစ်ခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းအပြီး အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီက ဦးသန့်အပေါ် နက်နက်ရှိုင်းရှိုင်း ဂုဏ်ပြုပြောကြားခဲ့တာပါ။
ကျူးဘားဒုံးပျံအရေးအခင်းဆိုတာကတော့ ကျူဘား၊ ဆိုဗီယက်နဲ့ သူတို့မဟာမိတ်တွေကက တစ်ဖက်၊ အမေရိကန်နဲ့ မဟာမိတ်တွေက တစ်ဖက် စစ်ပွဲကြီးဖြစ်ပွားတော့မဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုဗီယက်သမ္မတ ခရုရှက်နဲ့ အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီတို့ ထိပ်တိုက်တွေ့ကြပါတယ်။ ဒီအရေးအခင်းကြီးဖြစ်တော့ ဦးသန့်ရဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး သက်တမ်းက တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဦးသန့်ဟာ ဒီကိစ္စကို နှစ်ဖက်ခေါင်းဆောင်တွေကြားမှာအကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပါတယ်။
တကယ်တော့ ဦးသန့်ကိုင်တွယ်ခဲ့တဲ့ကိစ္စတွေက အများကြီးရှိပါတယ်။ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ရတဲ့အထိ ဆိုးရွားခဲ့တဲ့ ၁၉၆၃ ကွန်ဂိုအရေးအခင်း၊ ၁၉၆၄ ဆိုက်ပရပ်စ်ပြည်တွင်းစစ်၊ အိန္ဒိယနဲ့ ပါကစ္စတန်ဖြစ်ကြတဲ့ ၁၉၆၅ ကက်ရှ်မီးယားအရေးအခင်း၊ ကမ္ဘာကျော် ၁၉၆၇ အစ္စရေး-အာရပ် ၆ ရက်ကြာစစ်ပွဲ ဒီလိုအရေးအခင်းကြီးတွေကို ဦးသန့်တစ်ယောက် ကိုင်တွယ်ဖြေရှင်းခဲ့ရပါတယ်။ နောက်ပြီး အမေရိကန်-ဗီယက်နမ်စစ်ပွဲမှာလည်း နှစ်ဖက်ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြဖို့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောဆိုခဲ့သူဖြစ်ပါတယ်။
ဒီလိုနဲ့ ဦးသန့်ဟာ ၁၉၆၁ ကနေ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ဆက်လက်တာဝန်မထမ်းဆောင်နိုင်တော့ဘူးဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဦးသန့်က ရာထူးမှာ ဆက်မလုပ်တော့ဘူးဆိုမှပဲ သူ့နေရာအတွက် လူစား ရှာဖွေခဲ့ပါတယ်။
ဦးသန့်ရဲ့ရာထူးကိုတော့ ကွတ်ဗားဟိုင်းမ်က ဆက်ခံပါတယ်။ ကွတ်ဗားဟိုင်းမ်က ရာထူးလက်ခံချိန်မှာတော့ အခုလိုပြောခဲ့ပါတယ်။
“ဦးသန့်၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များကိုစံနမူနာပြု၍ မိမိက ဆက်လက်ဆောင်ရွက်ပါမည်”
ဦးသန့်ဟူသည်
တကယ်တမ်းတော့ ဦးသန့်ဆိုတာ ဘယ်တက္ကသိုလ်ကမှ ဘွဲ့ရခဲ့သူမဟုတ်ပါဘူး။ ရန်ကုန်တက္ကသိုလ်မှာ ၂ နှစ်တက်ပြီး အိုင်အေတန်းအောင်ပေမဲ့ ဘွဲ့မရခဲ့သလို နိုင်ငံခြားကိုလည်း ပြည်ပပညာတော်သင်အဖြစ် သွားရောက်ခဲ့ဖူးသူမဟုတ်ပါဘူး။ ဒါပေမဲ့ ဦးသန့်ကို နိုင်ငံခြားတက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၃၀ ကျော်က ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
ဦးသန့်ရဲ့ ထူးခြားချက်တွေထဲမှာ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာ လေ့လာအားကောင်းတာ၊ စာဖတ်ဝါသနာကြီးတာ၊ စာပေတွေ တောက်လျှောက်ရေးတာတွေ ဖြစ်ပါတယ်။ အရွယ်ရလာတဲ့အခါ ဝန်ကြီးချုပ်ဦးနုတို့လို လူတော်မိတ်ဆွေကောင်းတွေရှိတာ၊ ကိုယ့်အရည်အချင်းမှန်ကို ထုတ်ပြနိုင်တာ၊ အထက်လူကြီး ယုံကြည်အောင် နေထိုင်နိုင်တာ၊ ရိုးဂုဏ်ရှိတာတွေဟာ သူ့အရည်အချင်းတွေပဲ ဖြစ်ပါတယ်။
ဦးသန့်ဟာ ဝန်ကြီးချုပ်ဦးနုအပေါ် သစ္စာရှိခဲ့သလို ဝန်ကြီးချုပ်ဦးနုကလည်း ဦးသန့်အပေါ် အလွန်ပဲ အားကိုးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဦးနုအပေါ်သစ္စာရှိပေမဲ့ အမြင်ချင်းမတူတဲ့အခါမှာလည်း သေချာစနစ်တကျ ထောက်ပြဝေဖန်တတ်သူဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဦးနုရဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကြောင့် ဦးသန့်တစ်ယောက် ဆိုဗီယက်နဲ့ အမေရိကန်ရဲ့ ယုံကြည်မှုကို ရခဲ့သလို သူ့ကိုယ်ပိုင်အရည်အချင်းကြောင့်လည်း ခက်ခဲတဲ့ ကမ္ဘာ့အရေးအခင်းကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
သူ့ခေတ်သူ့အခါမှာ ဦးသန့်ဟာ နိုင်ငံတကာနယ်ပယ်မှာ သည်းသည်းလှုပ်အားပေးခံရသူဖြစ်ပါတယ်။ ဒီဆောင်းပါးကတော့ ဦးသန့်ရဲ့ ကြီးမြတ်လှတဲ့ လုပ်ဆောင်ချက်တွေကို တို့ထိရုံသာ တတ်နိုင်ပါတယ်။ ဦးသန့်ဟာ ကမ္ဘာကြီးမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ နေ့လားညလား တိုက်ပွဲဖြစ်တော့မဲ့အချိန်၊ ကွန်မြူနစ်စနစ်နဲ့ ဒီမိုကရေစီတို့ အားပြိုင်ခန်းထဲမှာ ကုလသမဂ္ဂအဖွဲ့ကြီးကို ဦးဆောင်ခဲ့ရသူဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ဦးသန့်ကို သူ့လူလား၊ ကိုယ့်လူလား အကဲခတ်နေရချိန်မှာ ဦးသန့်ဟာ သူ့ရပ်တည်ချက်ကို မယိမ်းမယိုင်ဖော်ပြနိုင်ခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
ဧရာဝတီတိုင်း ပန်းတနော်မြို့က လူငယ်လေးတစ်ယောက်ဟာ ကမ္ဘာ့သမိုင်းကို ရေးခဲ့ဖူးပါတယ်။ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သူအဖြစ် ခေတ်ပြိုင်ပညာရှင်တွေကရော နှောင်းခေတ်ပညာရှင်တွေကပါ မှတ်တမ်းတင်ခဲ့ပါတယ်။ သူကတော့ ဦးသန့်ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးမှာ ဘွဲ့မရတဲ့ ကုလသမဂ္ဂအထွေထွေရေးချုပ်ဆိုလို့ သူတစ်ယောက်တည်းပဲရှိပြီး နောင်မျိုးဆက်တွေအတွက် အတုယူစရာသမိုင်းတွေကို ချန်ရစ်ခဲ့သူကလည်း ဦးသန့်ပဲဖြစ်ပါတော့တယ်။
ဟန်သစ်အိမ် (Y3A)
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media