မြန်မာနိုင်ငံမှာ နေတယ်၊ နွေရာသီ မီးပြတ်တယ် ဒါမှမဟုတ် မီးခဏခဏလာတယ်ဆိုတာ မထူးဆန်းတဲ့ နိယာမတစ်ခုဖြစ်လာသလို မြန်မာအစိုးရတွေဟာ နွေရာသီရောက်ရင် လျှပ်စစ်မီးအပြည့်အဝ ထုတ်လုပ်ပေးနိုင်ဖို့ ရုန်းကန်ရလေ့ရှိတာကလည်း အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။
ဒါပေမဲ့ မီးပြတ်မှာကို မပူပန်ရသူတွေတော့ ရှိပါတယ်။ သူတို့ကတော့ ကျေးလက်နေ ပြည်သူ ၈၀ ရာခိုင်နှုန်းပါ။ သူတို့တွေက မီးပြတ်မှာဘာလို့ ပူပန်စရာမလိုတာပါလဲ။ အကြောင်းကတော့ သူတို့က မဟာဓာတ်အားလိုင်း (National Grid) ကနေ လျှပ်စစ်မီး မရရှိသေးပါဘူး။ လျှပ်စစ်မီးမရတဲ့လူအဖို့ မီးပြတ်မှာ ပူစရာမလိုဘူးဆိုတဲ့ သဘောပါ။ မီးမှန်လို့ မီးပြတ်မှာ စိုးရိမ်စရာမလိုတာတော့ မဟုတ်ပါဘူး။
ဒီတော့ နွေရာသီမှာမှ ဘာလို့ ပိုပြီးမီးပြတ်ရတာလဲ။ ဘာတွေမှားယွင်းနေလဲ။ လျှပ်စစ်မီးအပြည့်အဝရဖို့ ဘာတွေလိုအပ်ပါသလဲ။
လက်ရှိပြဿနာ
မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လျှပ်စစ်ဓါတ်အားလိုအပ်ချက်ဟာ မဂ္ဂါဝပ် ၆၀၀၀ ရှိပြီး လက်ရှိအချိန် အမြင့်ဆုံး လျှပ်စစ်ထုတ်လုပ်နိုင်မှုက အမြင့်ဆုံးမှ ၂၅၀၀ ဝန်းကျင်ပဲရှိပါတယ်။ အရပ်သားအစိုးရအုပ်ချုပ်စဉ်က လျှပ်စစ်ထုတ်လုပ်မှုဟာ အမြင့်ဆုံး ၄၂၀၀ ဝန်းကျင်အထိ ရှိခဲ့ပြီး အနိမ့်ဆုံး ၃၆၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအလှည့်အပြောင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက်က မြင့်မားလာလို့ လက်ရှိအစိုးရဟာ အလှည့်ကျမီးပေး၊ မီးဖြတ် စနစ်ကို ကျင့်သုံးနေပါတယ်။ အရင်တုန်းကတော့ ရန်ကုန်မြို့မှာ ၄ နာရီလာ ၄ နာရီပြတ် ဆိုတဲ့ အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးခဲ့ပါတယ်။
အခုတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစပြီး ၄ နာရီလာ၊ ၈ နာရီပျက်စနစ်နဲ့ မီးပေးမှုက ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ဒါက တရားဝင်ထုတ်ပြန်ချက်သာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုပြီး မီးပျက်ချိန် ကြာမြင့်နေတာဖြစ်ပါတယ်။
လက်ရှိအနေအထား
မြန်မာနိုင်ငံဟာ လျှပ်စစ်ရဖို့ အဓိက အရင်းအမြစ် လေးမျိုးကို အသုံးပြုပါတယ်။ အဲဒါတွေက ရေအားလျှပ်စစ်၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေးနဲ့ နေစွမ်းအင်တို့ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ဖြန့်ဖြူးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ်ပေါင်း ၃၈၂၈ ရှိပါတယ်။ အဲဒီမှာ ရေအားလျှပ်စစ်ဟာ ၅၂ ရာခိုင်နှုန်း၊ သဘာဝဓါတ်ငွေ့က ၄၅ ရာခိုင်နှုန်း နဲ့ နေစွမ်းအင်နဲ့ကျောက်မီးသွေးကတော့ ၃ ရာခိုင်နှုန်းဖြစ်ပါတယ်။
ကျေးလက်နေ ပြည်သူ ၈၀ ရာခိုင်နှုန်းက မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးမရသေးပါဘူး။ လက်ရှိမှာ နိုင်ငံ့ လူဦးရေ ထက်ဝက်လောက်ကပဲ အမျိုးသားဓာတ်အားလိုင်း(National Grid) နဲ့ချိတ်ဆက်ပြီး ဓာတ်အားရနေကြတာဖြစ်ပါတယ်။ ၂၀၃၀ မှာတော့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရဖို့ ရည်မှန်းချက်ထားရှိပါတယ်။ အဲဒီလို ရည်မှန်းချက်ထားပေမဲ့ ပြဿနာတွေလည်းရှိနေပြန်ပါတယ်။
အရင်းအမြစ်ပြဿနာ
ရေအားလျှပ်စစ် - အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ လျှပ်စစ်ထုတ်ဖို့ ရေအားကို အဓိက မှီခိုနေရပါတယ်။ မြန်မာနိုင်ငံမှာ အဓိကမြစ်ကြီးလေးစင်းရှိပြီး အဲ့ဒီမြစ်ကြီးတွေကနေ တစ်သိန်းထက်ပိုတဲ့ မဂ္ဂါဝပ်ကို ရေအားလျှပ်စစ်အဖြစ် ထုတ်လုပ်နိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဖော်ပြဖူးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံပေါင်း ၂၇ ရုံကနေ ၃၂၆၂ မဂ္ဂါဝပ် ထုတ်လုပ်နေပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လျှပ်စစ်မီးထုတ်လုပ်မှုဟာ ၂၀၂၁ အောက်တိုဘာမှာ ၃၇၁၁ မဂ္ဂါဝပ်ရှိရာကနေ ၂၀၂၂ မတ်လမှာ ၂၆၆၅ အထိ ကျဆင်းလာတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ မဂ္ဂါဝပ် ၂၀၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့တာဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဆိုတာ အားလုံးသိကြတဲ့အတိုင်း ရေရှိမှ ထုတ်လုပ်လို့ရတာဖြစ်ပါတယ်။ မိုးရာသီမှာ မြစ်၊ချောင်း၊ အင်း၊ အိုင်တွေကနေ ရေအားလျှပ်စစ်ကို တိုက်ရိုက်ထုတ်လုပ်နိုင်ပေမယ့် နွေရာသီမှာတော့ သက်ဆိုင်ရာ ရေလှောင်တာတမံတွေကနေတစ်ဆင့် ရေအားလျှပ်စစ်ကို ထုတ်လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ မုတ်သုံရာသီမှာ မိုးရွာသွန်းမှုနည်းတာကြောင့် သက်ဆိုင်ရာ ဆည်တွေ၊ ရေလှောင်တာတမံတွေမှာ လိုအပ်တဲ့ ရေပမမာဏပြည့်မှီအောင် မသိုလှောင်နိုင်တော့ပါဘူး။ ဒါကြောင့် နွေရာသီရောက်ရင် မီးပေးဖို့ ခက်ခဲသွားတာဖြစ်ပါတယ်။
သဘာဝဓာတ်ငွေ့ - မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်စွမ်းအင်ကတော့ ရေအားလိုပဲ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်း သဘာဝကနေတင်မဟုတ်ဘဲ ပြည်ပ သဘာဝဓာတ်ငွေ့တွေကို ဝယ်ယူပြီးလည်း လျှပ်စစ်ထုတ်လုပ်နေပါတယ်။ ပြည်ပကနေ LNG ဝယ်ယူတဲ့အခါ ဈေးမြင့်တက်လာတာကြောင့် ဝယ်ယူပြီး လျှပ်စစ်ထုတ်လုပ်ဖို့ အခက်တွေ့နေရပါတယ်။
နေစွမ်းအင် - နောက်ထပ်အရင်းအမြစ်တစ်ခုကတော့ နေစွမ်းအင်ပါ။ လက်ရှိမြန်မာနိုင်ငံမှာ နေစွမ်းအင်ကနေ ထုတ်လုပ်နေတဲ့ လျှပ်စစ်စွမ်းအင်ဟာ မင်းဘူးမှာသာ ရှိပါသေးတယ်။ အဲဒါကလည်း ၁၇၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး အိမ်ထောင်စုပေါင်း နှစ်သိန်းတစ်သောင်းကိုသာ မီးပေးနိုင်ပါတယ်။ ၂၀၂၀ ခုနှစ်၊ အရပ်သားအစိုးရအုပ်ချုပ်ခဲ့စဉ်က နေစွမ်းအင်ကနေ နှစ်ပေါင်း ၂၀ အတွင်း လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်း ၂၉ ခုမှာ ၂၈ ခုဟာ တင်ဒါအောင်ပြီးဖြစ်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ အဲ့ဒီတင်ဒါအောင်ပြီးဖြစ်တဲ့ တရုတ်ကုမ္ပဏီတွေဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ ငွေကြေးမတည်ငြိမ်မှုနဲ့ လုံခြုံအရေးအခြေအနေတွေကြောင့် စီမံကိန်းတွေကို ရပ်တန့်ပစ်ခဲ့ပါတယ်။ ဒါဟာလည်း လက်ရှိမီးပျက်နှုန်းတွေကို ထိခိုက်စေတဲ့ အချက်တွေဖြစ်ပါတယ်။
ကျောက်မီးသွေး - မြန်မာနိုင်ငံဟာ ကျောက်မီးသွေးကို ပြည်ပကိုတင်ပို့ရောင်းချနေပေမယ့် နိုင်ငံ့စွမ်းအင်ကဏ္ဍကိုတော့ ကျောက်မီးသွေးကနေ ထုတ်လုပ်နိုင်မှုဟာ အလွန်နည်းပါးနေပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှုထောင့်ကကြည့်ပြီး ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ အကန့်အသတ်တွေ အများကြီးရှိနေပါသေးတယ်။
ဒါကြောင့် အရင်းအမြစ်ရှုထောင့်ကနေ အနှစ်ချုပ်ကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ကိုပဲ အားကိုးနေရပါသေးတယ်။ ရေအားကို အားပြုနေရတာကြောင့် နွေရာသီ ရေခန်းရင် မီးပြတ်တာဖြစ်ပါတယ်။ ဒါကြောင့် ရေအားတစ်ခုတည်းကို အားမကိုးဘဲ Mix Resources အရင်းအမြစ်တွေကို ရောနှောပြီး သင့်လျော်တဲ့ပမာဏနဲ့ လျှပ်စစ်ထုတ်လုပ်ဖို့ လိုအပ်နေတယ်လို့ ပညာရှင်တွေက ထောက်ပြနေကြတာဖြစ်ပါတယ်။
စီမံကိန်း ပြဿနာ
နောက်ထပ်တစ်ခုကတော့ စီမံကိန်း ပြဿနာပါ။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားအစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့၊ ဖော်ဆဲ စီမံကိန်းတွေ အများအပြား ရပ်တန့်ကုန်ပါတယ်။ စီမံကိန်းတော်တော်များများကတော့ တစ်ဖက် လုပ်ငန်းရှင်တွေကိုယ်တိုင်က ရပ်ဆိုင်းကုန်တာ ဖြစ်ပါတယ်။
အခုဆို အရပ်သားအစိုးရချမှတ်ထားတဲ့ အမျိုးသားလျှပ်စစ်မဟာဗျူဟာ စီမံကိန်းနဲ့ ဆိုလာစီမံကိန်း ၂၈ ခုဟာ ရပ်တန့်သွားပါတယ်။ သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းနဲ့ သီလဝါအထူးစီးပွားရေးဇုန်က ထုတ်လုပ်မယ့် သဘာဝဓါတ်ငွေ့ စီမံကိန်းတွေလည်း အကောင်ထည်ပေါ်မလာတော့ပါဘူး။
ဒါတွေကလည်း လက်ရှိမီးပြတ်နေမှုရဲ့ အဓိကကျတဲ့ အကြောင်းရင်းတွေဖြစ်နေပါတယ်။ စီမံကိန်းတွေ ပြန်လည်စတင်နိုင်ဖို့လိုပါတယ်။ စီမံကိန်းတွေ ပြန်စနိုင်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှု ပြန်လည်ရရှိဖို့လိုပါတယ်။ ယုံကြည်မှုရရှိဖို့ နိုင်ငံတည်ငြိမ်ဖို့ လိုအပ်နေပါတယ်။ ဒါမှသာ လျှပ်စစ်မီးလင်းဖို့ အိပ်မက်ကို မျှော်လင့်နိုင်မှာပါ။
ဘတ်ဂျက် ပြဿနာ
မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ဟာ ၂၀၃၀ ရောက်ရင်အနည်းဆုံး ၉၁၀၀ မဂ္ဂါဝပ်အထိ လိုအပ်လာမှာဖြစ်လို့ လက်တလော ထုတ်လုပ်နိုင်တဲ့ပမာဏအတိုင်းသာဆိုရင် မြန်မာမှာ လျှပ်စစ်မီးဟာ နွေရာသီမှာသာမက တစ်နှစ်ပတ်လုံး မျက်စိတစ်မှိတ်စာအချိန်လောက်ပဲ ရနိုင်တော့မလားဆိုတာ တွေးဆစရာဖြစ်လာပါပြီ။
ဒါပေမဲ့ လက်ရှိအစိုးရကတော့ လျှပ်စစ်မီးပြတ်တောက်နေတာတွေကို နွေရာသီရောက်လာတာ၊ LNG ခေါ် ဓါတ်ငွေ့အရည်ဈေးတွေကြီးမြင့်လာတာ၊ ဓါတ်အားလိုင်းတွေ ဖျက်ဆီးခံရတာတွေကြောင့်ဆိုပြီး ဆိုပါတယ်။
တကယ်တော့ အဲဒီလို အကြောင်းပြချက်တွေကြောင့်ပဲ လျှပ်စစ်မီးမလုံလောက်တာ မဟုတ်ပါဘူး။ ဘတ်ဂျက်မသုံးလို့လည်း လျှပ်စစ်မီးမလုံလောက်တာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံလျှပ်စစ်ဓါတ်အား တိုးမြင့်ထုတ်လုပ်နိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအသုံးစရိတ်ကို တိုးမြှင့်ထားကြောင်း၊ ဒေသအလိုက်မှာ ရေအားလျှပ်စစ် အသေးစားစီမံကိန်းတွေ၊ ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းတွေနဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွေကိုလည်း ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောထားပြန်ပါတယ်။
တကယ့်လက်တွေ့မှာတော့ ၂၀၂၃ ခုနှစ် လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်ပြီး အသုံပြုတဲ့ ဘတ်ဂျက်ဟာ ၃.၄၂ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါဟာ ကာကွယ်ရေးအသုံးစရိတ်ဖြစ်တဲ့ ၂၈.၂၃ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် အရမ်းကို ကွာခြားနေတာ မြင်သာပါတယ်။ ကိန်းဂဏန်းတွေနဲ့ ဖော်ပြရမယ်ဆိုရင် ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၅၆၀၀ ကျော်နေချိန်မှာ လျှပ်စစ်စွမ်းအင်ဌာနအတွက် အသုံးစရိတ်က ကျပ်ဘီလီယံ ၆၈၀ သာရှိပါတယ်။
မြင်သာအောင်ပြောရင် ကာကွယ်ရေးအတွက် ငွေ ၉၀၀ ကျပ်သုံးချိန်မှာ လျှပ်စစ်အတွက် ငွေ ၁၀၀ ပဲ သုံးနေတာဖြစ်ပါတယ်။ ဒီလိုဘတ်ဂျက်မသုံးနိုင်လို့လည်း မီးပြတ်တာဖြစ်ပါတယ်။
ပြဿနာ ၃ သွယ်၊ နည်းလမ်း ၃ သွယ်
နွေရာသီ မီးမပြတ်ဖို့ ဒါမှမဟုတ် လျှပ်စစ်ဓာတ်အားမလုံလောက်မှု ပြဿနာရဲ့ အဓိကအကြောင်းရင်းတွေကို စေ့ငုံကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။
(၁) ရေအားလျှပ်စစ်အပေါ် မှီခိုလွန်းခြင်း။
(၂) လျှပ်စစ်ဓာတ်အား စီမံကိန်းများ ရပ်ဆိုင်းကုန်ခြင်း။
(၃) လျှပ်စစ်အတွက် ဘတ်ဂျက်အသုံးပြုမှုနည်းခြင်း။
ဖော်ပြပါ အဲဒီအချက် (၃) ချက်ကို ဖြေရှင်းဖို့ အချက် (၃) ချက်ရှိပါတယ်။
(၁) ရေအားလျှပ်စစ်တစ်ခုတည်းအပေါ်မှီခိုမှုကို လျှော့ချပြီး အရင်းအမြစ်အားလုံးကို အချိုးကျ ထုတ်လုပ်ဖို့ ပညာရှင်တွေက ထောက်ပြထားပြီးဖြစ်ပါတယ်။ ဒါကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။(၂) ရပ်ဆိုင်းထားတဲ့စီမံကိန်းတွေနေရာမှာ စီမံကိန်းအသစ်တွေနဲ့ အစားထိုးနိုင်ဖို့ လတ်တလော မလွယ်တဲ့တိုင်အောင် ကြိုးစားကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အစားထိုးမဲ့စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။
(၃) လျှပ်စစ်အတွက် ဘတ်ဂျက်အသုံးပြုမှုဟာ အင်မတန်နည်းနေတာဖြစ်လို့ ဘတ်ဂျက်ထပ်တိုးဖို့ လိုပါလိမ့်မယ်။ ဒီအတွက်လည်း လျှပ်စစ်မီတာခတွေကို ပြည်သူတွေဆီက သုံးဆနီးပါးတိုးမြှင့်ကောက်ခံထားတာဖြစ်လို့ လျှပ်စစ်အတွက် ဘတ်ဂျက်ပိုသုံးနိုင်မယ်ဆိုရင်တော့ နွေရာသီမီးပြတ်မှုကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
တကယ်တော့ လျှပ်စစ်မီးထုတ်လုပ်မှုဆိုတာ နေ့ချင်းညချင်းထုတ်လုပ်လို့ ရတာမျိုးမဟုတ်ဘဲ စီမံကိန်းနဲ့ စနစ်တကျဖော်ဆောင်ရတာဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်ဖြစ်လို့ ပညာရှင်တွေနဲ့ သိုင်းဝိုင်းချဲ့ထွင်ပြီး ဘက်ပေါင်းစုံကနေ အမြော်အမြင်ရှိရှိ လုပ်ဆောင်ရတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံကို ချစ်တဲ့စိတ်နဲ့ အားလုံးလက်တွဲဖြေရှင်းမှ ဒီပြဿနာက ပြေလည်မှာဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတည်ငြိမ်မှုရှိဖို့လည်း လိုအပ်ပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ မြန်မာပြည်သူတွေအတွက် မီးပြတ်တဲ့နေ့တွေက ဘိုးဘိုးအောင် “ဝလုံး” လို ဆတိုးလာဖို့ပဲ ရှိပါတော့တယ်။
ကျော်ဇေဝမ်း (Y3A)
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media