မြန်မာနိုင်ငံဟာ ယေဘုယျပြောမယ်ဆိုရင် သဘာဝသယံဇာတ ကြွယ်ဝတဲ့နိုင်ငံဆိုပြီးပြောလို့ရပါတယ်။ သဘာဝတွင်းထွက်သယံဇာပေါကြွယ်ဝတဲ့ မိုးကုတ်ပတ္တမြားမြေ၊ ဖားကန့်ကျောက်စိမ်းမြေ၊ မိုးထိမိုးမိရွှေလုပ်ကွက်၊ သဘာဝဓာတ်ငွေ့တွေထွက်တဲ့ ရခိုင်ပြည်နယ်နဲ့ မုတ္တမကမ်းလွန်ဒေသ ဒီလို အဖိုးတန်ရေခံမြေခံတွေဟာ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။
သဘာဝသယံဇာကိုလည်း မြေပေါ်မြေအောက် သယံဇာတ၊ ရေပေါ်ရေအောက် သယံဇာတဆိုပြီး ခွဲခြားလို့ရပါတယ်။ အဲဒါကိုမှ ပြန်လည်ဖြည့်တင်းနိုင်တဲ့ သယံဇာတနဲ့ ပြန်လည်မဖြည့်တင်းနိုင်တဲ့ သယံဇာတဆိုပြီး ထပ်မံခွဲခြားနိုင်ပါတယ်။ တစ်ဖက်မှာလည်း အဲဒီသယံဇာတတွေဟာ နှစ်ပေါင်းများစွာ အဆင်ခြင်မဲ့ထုတ်ယူမှုကြောင့် လျော့နည်းလာခဲ့ပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သယံဇာတကြွယ်ဝတာဖြစ်လို့ အခွင့်အလမ်းကောင်းတွေရှိနေပါတယ်။ ဒီလို အခွင့်ကောင်းတွေနဲ့အတူ စိန်ခေါ်မှုတွေကလည်း အများအပြားရှိနေပြန်ပါတယ်။ ဒီအကြောင်း ကြည့်လိုက်ရအောင်ပါ။
ကျောက်မျက်သယံဇာတ
ပတ္တမြား မြန်မာနိုင်ငံမှာ ကျောက်မျက်မျိုးစုံထွက်ပြီး အဲဒီအထဲက ထင်ရှားတာတစ်ခုကတော့ ပတ္တမြားဖြစ်ပါတယ်။ မြန်မာ့ပတ္တမြားဟာ ကမ္ဘာကျော်တယ်ဆိုတာ တင်စားပြောတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က အကောင်းဆုံး ပတ္တမြား၊ တန်ဖိုးအကြီးဆုံး ပတ္တမြားစာရင်းကို ရှာကြည့်လိုက်ပါ။ အဲဒီမှာ မြန်မာ့ပတ္တမြားတွေ စာရင်းဝင်နေတာ အများအပြားတွေ့ရမှာပါ။
၂၀၂၃ ဇွန်လအထိ ကမ္ဘာပေါ်မှာ အရွယ်အစားအားဖြင့် ကမ္ဘာ့အကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး ပတ္တမြားကတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ The Sunrises (The Estrela de Fura Vs The Sunrise) ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇွန်လရောက်မှာသာ မိုဇမ်ဘစ်နိုင်ငံထွက် အယ်စတာရီလာ ဒယ်ဖူရာ ပတ္တမြားက ကမ္ဘာ့အကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး ပတ္တမြားဖြစ်ခဲ့တာပါ။
မြန်မာ့နန်းစဉ်ရတနာ ပတ္တမြားငမောက်ဆိုရင်လည်း သမိုင်းဝင် ပတ္တမြားဖြစ်ပါတယ်။ ကမ္ဘာမှာလည်း ထင်ရှားကျော်ကြားပါတယ်။
အဲဒီလို ကမ္ဘာကျော်ပတ္တမြားတွေဟာ မိုးကုတ်ရတနာမြေကနေ ထွက်ရှိနေတာဖြစ်ပါတယ်။ မိုးကုတ်မှာ ပတ္တမြားတွေ တူးဖော်နေတာ မင်းတုန်းမင်းလက်ထက်ကတည်းကပါ။ ပြီးတော့ အင်္ဂလိပ်ခေတ်မှာလည်း တူးဖော်ခဲ့ကြသလို လွတ်လပ်ရေးရပြီးကတည်းကနေ ဒီနေ့အထိ တူးဖော်နေခဲ့တာပါ။
တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
ဒါကြောင့် မိုးကုတ်ရတနာမြေမှာ ပတ္တမြားလို တွင်းထွက်တွေကတော့ နည်းသထက် နည်းလာနေပါတယ်။ အရင်ကတော့ ပတ္တမြားတွေဟာ အလွန်အမင်းပေါကြွယ်ဝတယ်ဆိုတဲ့ သတ်မှတ်ချက်အောက်ရှိပေမဲ့ အခုတော့ ကြွယ်ဝတယ်ဆိုတဲ့ အဆင့်ကို လျောကျသွားပါပြီ။
နီလာနဲ့ကျောက်စိမ်း ပတ္တမြားလိုပဲ မိုးကုတ်ရတနာမြေကနေထွက်တဲ့ နီလာနဲ့ကျောက်စိမ်း ဆိုလည်း အရင်တုန်းက အင်မတန်ပေါကြွယ်ဝတဲ့အဆင့်ကနေ အခုတော့ ကြွယ်ဝတယ်ဆိုတဲ့ အဆင့်ကို လျှောကျသွားခဲ့ပါပြီ။ အထူးသဖြင့် ကမ္ဘာကျော် မြန်မာ့ကျောက်စိမ်းဟာ တရုတ်နိုင်ငံဘက်ကို တရားမဝင် ခိုးထွက်နေတာဖြစ်ပါတယ်။ မြန်မာ့ကျောက်စိမ်း အရည်အသွေးဟာ ကမ္ဘာမှာ နာမည်ကြီးပါတယ်။ ပြီးတော့ တရုတ်နိုင်ငံရဲ့ တန်ဖိုးမြင့်ထုတ်ကုန်လက်ရာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တရုတ်ဈေးကွက်မှာ လူကြိုက်များသွားတာဖြစ်ပါတယ်။ ပြီးတော့ တရုတ်လူမျိုးတွေက ကျောက်စိမ်းကို အတော်ကို သဘောကျတဲ့လူမျိုးဖြစ်ပြီး အဆောင်သဘော၊ ကျန်းမာရေးသဘောနဲ့ ဆင်ယင်ကြပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကျောက်စိမ်းကို အများဆုံးထုတ်လုပ်၊ တင်ပို့တဲ့နိုင်ငံဖြစ်တယ်ဆိုပြီး ၂၀၁၅ ခုနှစ်က ထုတ်ပြန်တဲ့ Global Witness ရဲ့ “ကျောက်စိမ်း-မြန်မာနိုင်ငံ၏ ကြီးမားသော နိုင်ငံတော်လျှို့ဝှက်ချက်” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျောက်စိမ်းထွက်ရှိတဲ့ အဓိကနေရာကတော့ ကချင်ပြည်နယ် ဖားကန့်လုပ်ကွက်ပဲဖြစ်ပါတယ်။ တကယ်တော့ ဖားကန့်ဆိုတာ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းသိုက်ရှိရာ နေရာလည်းဖြစ်ပါတယ်။
ကျောက်စိမ်းလုပ်ငန်းဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ မြန်မာပြည်က နာမည်ကျော်လုပ်ငန်းရှင်ကြီးတွေ၊ အစိုးရပိုင်းနဲ့ ရင်းနှီးပတ်သက်ကြတဲ့ ကုမ္ပဏီကြီးတွေဟာ ခေတ်အဆက်ဆက်မှာ မြန်မာပြည်ကျောက်စိမ်းလုပ်ကွက်တွေကို ချုပ်ကိုင်ထားကြပါတယ်။
စိန်နဲ့မြ မြန်မာနိုင်ငံမှာ စိန်ကတော့ သိပ်မထွက်ပါဘူး။ မထွက်ဘူးဆို အတော်ကို နည်းပါးတဲ့ ပမာဏပဲ ထွက်ရှိပါတယ်။ မြကတော့ မြန်မာနိုင်ငံမှာ လုံးဝကို မထွက်ပါဘူး။ ဒါကြောင့် စိန်တွေ၊ မြ နဲ့ပတ်သက်ရင်တော့ မြန်မာနာမည်က ကမ္ဘာဈေးကွက် မထင်ရှားပါဘူး။
ရွှေ မြန်မာနိုင်ငံဟာ ရွှေလည်းထွက်ပါတယ်။ ပြည်ပကို ရွှေတင်ပို့ခွင့်ပိတ်ထားပေမဲ့ တရားမဝင်လမ်းကြောင်းကနေ ရွှေတွေ တင်ပို့နေတာရှိပါတယ်။ ဒီနေ့ဒီအချိန်အထိ မြန်မာနိုင်ငံမှာ ရွှေအထွက်ဆုံးနေရာကိုပြပါဆိုရင် ရမည်းသင်းအရှေ့ဘက် မိုးထိမိုးမိရွှေလုပ်ကွက်ပဲဖြစ်ပါတယ်။ ရွှေကြောတွေရှိတဲ့ အဲဒီနေရာကို ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတစ်ဦးကို လုပ်ကိုင်ခွင့်ပြုထားသလို တရားတဘောင်တွေလည်း ဖြစ်နေတာပါ။ ရမည်းသင်း မိုးထိမိုးမိကနေ မွန်ပြည်နယ်ဘက်အထိ ရွှေကြောတွေရှိနေပါတယ်။ သပိတ်ကျင်းဘက်မှာလည်း ရွှေတွေထွက်ရှိနေပါတယ်။
သတ္တု သယံဇာတ
ခဲမဖြူ၊ ငွေ၊ သွပ်၊ အဖြိုက်နက် ခဲမဖြူ၊ ငွေ၊ သွပ် ဇုံက နိုင်ငံရဲ့ အရှေ့ခြမ်းမှာရှိပါတယ်။ ရှမ်းပြည်နယ် အလယ်ပိုင်းကနေ အလယ်ပိုင်း ဘော်ဆိုင်း၊ ရတနာသိင်္ဂီတို့ပါ။ နောက်ဇုံတစ်ခုကတော့ တနင်္သာရီ ရိုးမကနေ ရှမ်းကုန်းပြင်မြင် အနောက်ဘက် နယ်စပ်တလျှောက်မှာ ခဲမဖြူ၊ အဖြိုက်နက်ဇုန်ရှိပါတယ်။ နောက်ပြီး ခနောက်စိမ်းဇုံကတော့ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တလျှောက်မှာရှိတဲ့ ဇုံဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အဖြိုက်နက်နဲ့ ခနောက်စိမ်းကို ကမ္ဘာပေါ်မှာ ဆဋ္ဌမမြောက် ထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။
မြေရှားသတ္တု မြေရှားသတ္တုကတော့ ဒီခေတ်ဆယ်စုနှစ်မှာ ပေါ်ထွက်လာတဲ့ သယံဇာတ ဖြစ်ပါတယ်။ မြေရှားသတ္ထုကို ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ အများဆုံး ထုတ်လုပ်ပါတယ်။ ပန်ဝါဒေသဟာ အထူးဒေသ(၁) ဖြစ်ပြီး ပြည်သူ့စစ်တွေ ချုပ်ကိုင်ထားတဲ့နယ်မြေပါ။ အဲဒီမှာ မြေရှားသတ္ထုလုပ်ငန်းခွင်တွေ အများအပြားပါတယ်။ တနင်္သာရီတိုင်းဘက်မှာလည်း အများအပြားရှိပါတယ်။ ရှမ်းမြောက်၊ မုံရွာ၊ ကောလင်း၊ ဝန်းသိုဘက်တွေမှာလည်း မြေရှားသတ္ထုအများ အပြားရှိနေပါတယ်။
Global Witness ရဲ့ ၂၀၂၄ ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေရှားသတ္ထုထုတ်လုပ်မှုဟာ ၄၀ ရာခိုင်နှုန်းလောက် တိုးမြင့်လာနေပါတယ်လို့ ဆိုပါတယ်။
ရေနံနှင့်သဘာဝဓာတ်ငွေ့
မြန်မာနိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ အကျိုးအမြတ်များစွာရတဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆိုတဲ့အခါမှာလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကရတဲ့ ဒေါ်လာဘီလီယံနဲ့ချီငွေတွေနဲ့ နိုင်ငံကို လည်ပတ်စေခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုန်းတွင်းလုပ်ကွက် ၁၆ ခုနဲ့ ကမ်းလွန်လုပ်ကွက် ၁၉ ခုရှိပါတယ်။
ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို MOGE က ချုပ်ကိုင်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်ခွင့် ရရှိထားပါတယ်။ ကုန်းတွင်းလုပ်ကွက် ၁၆ ခုနဲ့ ကမ်းလွန်လုပ်ကွက် ၁၉ ကွက်တို့ကိုတော့ MOGE ကပဲ ကြီးကြပ်ပါတယ်။
ထွက်ရှိလာတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ တချို့တွေကိုတော့ ပြည်ပကို တင်ပို့ရောင်းချပါတယ်။ ဥပမာ ပြောရရင် တနင်္သာရီကမ်းလွန်လုပ်ကွက်ဖြစ်တဲ့ ရတနာနဲ့ ရဲတံခွန်က ထွက်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံ၊ မုတ္တမကလမ်းလွန် ဇောတိက လုပ်ကွက်ကထွက်တာကိုလည်း ထိုင်းနိုင်ငံ၊ ရခိုင်ကမ်းလွန် လုပ်ကွက်ဖြစ်တဲ့ ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းကထွက်တာကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူဦးရေတိုးပွားလာတာရယ်၊ လျှပ်စစ်သုံးစွဲမှု မြင့်မားလာတာကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့လိုအပ်ချက်ကလည်း အလျင်မီဖို့ မနည်းရုန်းကန်နေရပါတယ်။
ကျွန်းသစ်နှင့်သစ်မျိုးစုံ
မြန်မာ့ကျွန်းသစ်ဟာ ကမ္ဘာကျော်ပါတယ်။ သီပေါဘုရင်လက်ထက်မှာ ကျွန်းသစ်ခိုးတဲ့ ဘုံဘေဘားမားကုမ္ပဏီကို ဒဏ်ရိုက်တာကို မကျေနပ်လို့ အဲဒီကိစ္စကိုအကြောင်းပြပြီး အင်္ဂလိပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့တာပါ။ မြန်မာနိုင်ငံက ပြည်ပကို သစ်အလုံးလိုက်တင်ပို့မှုကို ရပ်တန့်ခဲ့ပြီးနောက်မှာတောင် ဥရောပဈေးကွက်မှာ မြန်မာ့ကျွန်းသစ်ခွဲသားတင်ပို့မှုက ရှိနေဆဲပါ။ မြန်မာ့သစ်မာတွေထဲမှာ ကျွန်းသစ်နောက်ပိုင်း ထင်ရှားလာတာက တမလန်းသစ်ဖြစ်ပါတယ်။ တမလန်းအပါအဝင် မြန်မာ့သစ်တွေကို တရုတ်နိုင်ငံက အလုံးလိုက် တရားမဝင်ဝယ်ယူနေတာဖြစ်သလို မြန်မာဘက်ကလည်း တရားမဝင်တင်ပို့နေကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက သစ်အလုံးလိုက်ဝယ်ယူပြီးတဲ့နောက် ခေတ်မှီခမ်းနားတဲ့ ပရိဘောဂတွေပြုလုပ်ပြီး ကမ္ဘာ့ဈေးကွက်မှာ ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှုဧရိယာက တစ်စတစ်စလျော့နည်းလာတာဖြစ်ပါတယ်။
ရေသယံဇာတ
ရေသယံဇာတဆိုတာကတော့ မြစ်ချောင်းအင်းအိုင်တွေရဲ့အောက် ရေထဲမှာရှိတဲ့ သယံဇာတပစ္စည်းတွေပါ။ အထူးသဖြင့် မြန်မာ့ပင်လယ်ထဲက ငါး၊ပုစွန်အပါအဝင် ရေနေမျိုးစိတ်အားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ရေသယံဇာတဟာ မြန်မာနိုင်ငံမှာ အင်မတန်ကြွယ်ဝခဲ့ပါတယ်။ မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်းဟာ ၂၀၁၀ နိုင်ငံရေးအပြောင်းအလဲ နောက်ပိုင်း ဥရောပအထူးအခွန် သက်သာခွင့်တွေ ရလာတဲ့အခါ ပြန်လည်ခေတ်ကောင်းလာခဲ့ပါတယ်။ တစ်ဖက်ကလည်း ငါးမွေးမြူရေးလုပ်ငန်းတွေဟာ ပြန်လည်ထွန်းသစ်စဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အစဉ်အလာအရ ပြောရင် မြန်မာ့ပင်လယ်ပြင်ထဲက ရေသယံဇာဖြစ်တဲ့ ငါး၊ ပုစွန်တွေဟာ အိမ်နီးချင်းနိုင်ငံတွေ၊ အထူးသဖြင့် ထိုင်းငါးခိုးဖမ်းလှေတွေ ဝင်ရောက်ဖမ်းဆီးတာ၊ ကျားပိုက်လို့ခေါ်တဲ့ ပင်လယ်ကြမ်းပြင်နီးပါးအထိ ဆွဲယူတဲ့ ငါးဖမ်းပိုက်တွေကို သုံးတာတွေကြောင့် ရေသယံဇာတတွေ လျော့နည်းလာတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။
စိန်ခေါ်ချက်များ
အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ သဘာဝသယံဇာတပေါကြွယ်ဝတယ် ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေကလည်း အများအပြားရှိနေပါတယ်။ အဲဒါတွေကတော့ -၁) ဥပဒေပိုင်းဆိုင်ရာအားနည်းမှု
ဥပဒေစည်းမျဉ်းစည်းကမ်းအားနည်းမှုက မြန်မာ့သဘာဝသယံဇာတတွေ ထိန်းသိမ်းနိုင်စွမ်းကို လျော့ကျစေပါတယ်။ ဥပမာပြောရရင် တချို့လုပ်ငန်းတွေဟာ ဥပဒေပြင်ပက လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေကို ဥပဒေဘောင်ထဲကို ဘယ်လိုဘယ်ပုံ ထည့်သွင်းမလဲ၊ အခွန်ရအောင် ဘယ်လိုကောက်မလဲဆိုတာမျိုး စဉ်းစားစရာဖြစ်ပါတယ်။
၂) ဥပဒေကို အကောင်အထည်ဖော်မှု အားနည်းခြင်း
ဥပဒေရှိပေမဲ့ မှောင်ခိုတွေရှိနေတာက ဒီအချက်ကို သိသာစေပါတယ်။ သစ်အလုံးလိုက်ပို့ ခွင့်တားမြစ်လိုက်ပေမဲ့ သစ်အလုံးလိုက်ပို့တာတွေ ရှိနေတာ၊ ကျောက်စိမ်းလုပ်ကွက်တွေမှာ ဥပဒေပ လုပ်ရပ်တွေရှိနေတာမျိုးက နိုင်ငံအတွက် အကျိုးမဲ့စေပါတယ်။
၃) ပွင့်လင်းမြင်သာမှုအားနည်းခြင်း
ပွင့်လင်းမြင်သာမှုအားနည်းတာကြောင့် ဒီလုပ်ငန်းတွေဟာ အုပ်ချုပ်သူတွေနဲ့ အခွင့်ထူးခံစီးပွားရေး သမားတွေရဲ့ စိတ်ကြိုက်လုပ်ငန်းဖြစ်နေပါတယ်။ ဒါကြောင့် EITI လို ပွင့်လင်းမြင်သာမှုလုပ်ငန်းစဉ်ထဲပါ ဝင်ထားတာဟာ ပြည်သူတွေအတွက် ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ ပွင့်လင်းမြင်သာမှုအ ားနည်းနေပြီး သယံဇာတက ရရှိတဲ့ငွေတွေကို ဘယ်လိုနေရာမှာ သုံးစွဲတယ်ဆိုတာကို ဖော်ပြဖို့ လိုအပ်နေပါသေးတယ်။
၄) သယံဇာတရရှိငွေကို မျှတသော ခွဲဝေမှုရှိဖို့လိုခြင်း
မြန်မာနိုင်ငံက သဘာဝသယံဇာတတွေဟာ နိုင်ငံအနှံ့မှာရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိနေတဲ့ သဘာဝသယံဇာတတွေကို တိုင်းနဲ့ပြည်နယ်အလိုက် ခွဲဝေမလား၊ လူဦးရေအလိုက် ခွဲဝေမလား၊ သယံဇာတထွက်ရှိရာဒေသအလိုက် ခွဲဝေမလားဆိုတာမျိုး စဉ်းစားရမှာဖြစ်ပါတယ်။
တကယ်တော့ သဘာဝသယံဇာတဆိုတာ ဘုရားပေးတဲ့လက်ဆောင်ဆိုပြီး တင်စားကြပါတယ်။ ဒါပေမဲ့ အဲဒီဘုရားပေးတဲ့ လက်ဆောင်ကို ခွဲဝေသုံးစွဲတတ်ဖို့လိုအပ်ပါတယ်။ သဘာဝသယံဇာတကို ခွဲဝေရာမှာ အဝေမတတ်လို့ စစ်ပွဲဖြစ်ရတဲ့အထိ ကြီးကျယ်သွားတာမျိုးတွေ ကမ္ဘာ့အနှံ့မှာရှိနေပါတယ်။ ဒီလိုဖြစ်လာရင် ဘုရားပေးတဲ့လက်ဆောင်ကနေ သဘာဝကျိန်စာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ မြန်မာ့သဘာဝ သယံဇာတတွေဟာ နှစ်ဖက်ဓားသွားဖြစ်ပါတယ်။ အခွင့်အလမ်းနဲ့စိန်ခေါ်မှုက တွဲလျက်တည်ရှိနေတာ ဖြစ်ပါတော့တယ်။
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media