
ခေတ်သစ်မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်ကနေ့ စတင်ပေါ်ထွန်းပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်တည်ခဲ့တဲ့ မြန်မာနိုင်ငံနယ်နိမိတ်နဲ့ ဒီနေ့ခေတ် မြန်မာနိုင်ငံနယ်နိမိတ်ကို ပြန်လည်ချိန်ထိုးရင် ၉၉ ရာခိုင်နှုန်းလောက်က အပြောင်းအလဲမရှိသေးပါဘူး။
ဒါပေမဲ့ ၁၈၈၆ မတိုင်ခင်က မြန်မာဘုရင်ပိုင်နက် မြန်မာနိုင်ငံနဲ့ ၁၉၄၈ နောက်ပိုင်း မြန်မာနိုင်ငံကတော့ ကွာခြားပါတယ်။ အဲဒီကြားကာလကတော့ ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ လွတ်လပ်ရေးခရီးချီတက်တဲ့ ခရီးရှည်ဖြစ်ပါတယ်။
အဲဒီရှည်လျားတဲ့ခရီးရှည်ကို နောက်ကြောင်းပြန် လျှောက်ကြည့်ရအောင်ပါ။ ကိုယ့်နိုင်ငံအကြောင်းကိုယ်သိမှ နိုင်ငံတကာနဲ့ နှိုင်းဆခြင်ဆင်နိုင်ပါလိမ့်မယ်။ မလွတ်လပ်တဲ့အတိတ်ကိုသိမှ လွတ်လပ်တဲ့အရသာကလည်း ပိုပြီးချိုမြိန်ပါလိမ့်မယ်။
ပဒေသရာဇ်စနစ်နိဂုံး
အင်္ဂလိပ်က မြန်မာနိုင်ငံကို ၁၈၂၄ မှာတစ်ကြိမ်၊ ၁၈၅၂ မှာတစ်ကြိမ်၊ ၁၈၈၅ မှာတစ်ကြိမ် စစ်သုံးကြိမ်ပြုပြီး ဗြိတိသျှလက်အောက်ခံအဖြစ် သွတ်သွင်းခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းကို ရတနာဂီရိဆီ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒါဟာ ပဒေသရာဇ်စနစ်နိဂုံးချုပ်သွားတာလည်း ဖြစ်သလို ကိုလိုနီစနစ်ရဲ့ ဆိုးမွေကို မြန်မာတစ်နိုင်ငံလုံး ကျကျနနထိတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
မြန်မာပြည်ကို သိမ်းပိုက်ရခြင်း အကြောင်းပြချက်
အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်တဲ့ အကြောင်းရင်း (၄) ချက်ကို အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန် လော့ ရန်းဒေါ့ချာချီက မြန်မာနိုင်ငံကို သိမ်းပိုက်အပြီး အောင်ပွဲခံမိန့်ခွန်းမှာ အခုလိုဖော်ပြခဲ့ပါတယ်။ အဲဒါတွေက -
၁) တိုင်းရင်းမြန်မာဘုရင်တစ်ပါး၏ မောက်မာမှုနှင့် ရက်စက်ရိုင်းပြမှု
၂) ဗြိတိသျှသစ္စာခံ လူမျိုးများကို ဖိနှိပ်ညှင်းပန်းနှိပ်စက်မှု
၃) ဗြိတိသျှတို့၏ ကုန်စည်ကူးသန်းမှုကို ဟန့်တားမှုနဲ့
၄) အထက်မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ၏ ခြေရှုပ်မှုတို့ တို့ပဲဖြစ်ပါတယ်။
ဖော်ပြပါ ၄ ချက်ဟာ မြန်မာနိုင်ငံကို သိမ်းပိုက်ချင်လို့ အင်္ဂလိပ်တွေပေးတဲ့ အကြောင်းပြချက်တွေပါ။
အင်္ဂလိပ်တို့မပြောတဲ့ မြန်မာပြည်သိမ်းပိုက်ရခြင်းအကြောင်းရင်း
အင်္ဂလိပ်တွေ ထုတ်မပြောပေမဲ့ မြန်မာပြည်ကို သိမ်းပိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။ သမိုင်းကို ဆင်ခြင်ကြည့်တဲ့အခါ အဲဒီအကြောင်းရင်းတွေကို အခုလို ဆင်ခြင်ထုတ်ယူနိုင်ပါတယ်။
၁) အထက်မြန်မာပြည်မှာ ပြင်သစ်တို့နဲ့ မြန်မာတွေ ဆက်ဆံရေးကောင်းနေတာ။
၂) အင်္ဂလိပ်ကုန်သည်တွေရဲ့ အကျိုးစီးပွားအတွက် မြန်မာပြည်ကို သိမ်းပိုက်ပြီး တရုတ်ပြည်နဲ့ ကုန်သွယ်ရေးတိုးမြှင့်လိုတာ။
၃) ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး ဗြိတိန်ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုရယူလိုတာတွေပဲ ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးတဲ့နောက် လော့ရန်းဒေါ့ချာချီဟာ ဗြိတိန်က ဝိတိုရိယဘုရင်မကြီးအတွက် ၁၈၈၅ ဒီဇင်ဘာလ ၃၁ ည သန်းခေါင်( (နှစ်သစ်ကူးနေ့)မှာ မြန်မာနိုင်ငံကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ဆက်သခဲ့ပါတယ်။ လော့ရန်းဒေါ့ချာချီကပဲ မြန်မာနိုင်ငံကို ဗြိတိန်လက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ် သွတ်သွင်းကြောင်း ၁၈၈၆ ဇန်နဝါရီလ ၁ ရက်နေ့မှာ လန်ဒန်၊ ကာလကတ္တား၊ ရန်ကုန်တို့မှာ တပြိုင်နက်တည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ မြန်မာနိုင်ငံဟာ ဗြိတိန်လက်အောက်ခံ နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီး အချုပ်အခြာအာဏာဆုံးရှုံးတဲ့ နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။
ကိုလိုနီခေတ်ဦး
အင်္ဂလိပ်လက်အောက်ရောက်သွားတဲ့ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေက လွယ်လွယ်မအုပ်ချုပ်နိုင်ပါဘူး။ အကြောင်းရင်းကတော့ လက်နက်ကိုင်တော်လှန်မှုတွေဟာ နိုင်ငံအနှံ့အပြားမှာ ပေါ်ပေါက်လာခဲ့လို့ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေက သူပုန်တွေလို့ သတ်မှတ်ပေမဲ့ မြန်မာတွေကတော့ တော်လှန်ရေးလို့ ကင်ပွန်းတပ်ပါတယ်။ အဲဒီ တော်လှန်မှုကို ဗြိတိသျှတွေက ခက်ခက်ခဲခဲ နှိမ်နင်းခဲ့ပါတယ်။
တောင်တန်းပြည်မ အုပ်ချုပ်ရေး
အင်္ဂလိပ်က မြန်မာတစ်နိုင်ငံလုံးကို အိန္ဒိယလက်အောက်ထားပြီး အုပ်ချုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ တောင်တန်းနဲ့ ပြည်မ ကို ခွဲခြားပြီး အုပ်ချုပ်ခဲ့ပါတယ်။
တောင်တန်းဒေသက စော်ဘွား၊ စောဖျောတွေဟာ အရင်ကတည်းက မြန်မာဘုရင်ကို ပဏ္ဍာဆက်ပြီး ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်နေခဲ့ရတာပါ။ မြန်မာဘုရင်တွေအနေနဲ့ သူ့တို့သစ္စာကို စောင့်သိနေသမျှ အန္တရာယ်မပေးဘဲ ထားခဲ့တာဖြစ်ပါတယ်။ စော်ဘွားတွေ၊ စောဖျောတွေကလည်း အခွင့်သာရင် မြန်မာဘုရင်ကို ပုန်ကန်ကြပါတယ်။
အင်္ဂလိပ် လက်ထက်မှာလည်း အင်္ဂလိပ်က အောက်မြန်မာနိုင်ငံကိုသာ တိုက်ရိုက်အုပ်ချုပ်ပေမဲ့ တောင်တန်းဒေသတွေကိုတော့ စော်ဘွားတွေက တဆင့်ပဲ အုပ်ချုပ်ပါတယ်။ နိုင်ငံခြားရေးနဲ့ အခွန်ကိစ္စ၊ သယံဇာတကိစ္စတွေကလွဲရင် စော်ဘွားတွေ၊ စောဖျာတွေဟာ မြန်မာဘုရင်လက်ထက်ကလိုပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်အုပ်ချုပ်တဲ့အချိန်မှာတော့ တိုင်းရင်းသားတွေဟာ ရရာလက်နက်စွဲကိုင်ကာ တော်လှန်ခဲ့ကြပါတယ်။ အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ ထင်ရှားတဲ့ တိုင်းရင်းသားခေါင်းဆောင်ပေါင်း ၁၁၁ ယောက်ရှိခဲ့တယ်လို့ ဝိဒူရသခင်ချစ်မောင်ရဲ့ ကျွန်ဘဝ ဗမာပြည် စာအုပ်မှာ ဖော်ပြပါတယ်။
၁၉၂၀ မတိုင်ခင်အထိ ကာလဟာ ကိုယ့်မြေကိုယ့်ရေကို လာအုပ်ချုပ်တဲ့ အင်္ဂလိပ်ကို တမျိုးသားလုံးအသွင် စုစည်းတော်လှန်တာမျိုးမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော်လှန်နေတာမျိုးပဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးအတွက် မထိရောက်ဘဲ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးအတွက်ကိုပဲ လှုံ့ဆော်ပေးနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး နိုးကြားမှုကာလ (၁၉၂၀ - ၁၉၄၀)
မြန်မာနိုင်ငံရေးနိုးကြားမှုကာလကို ၁၉၂၀ ကနေ စတင်တယ်လို့ သမိုင်းဆရာတွေက အမှတ်အသားပြုပါတယ်။ အဲဒီမတိုင်ခင် ၁၉၀၆ ခုနှစ်မှာ ဝိုင်အမ်ဘီအေ လို့ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝအသင်းကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအသင်းကြီးကနေ ဘာသာရေးအခြေခံမျိုးချစ်စိတ်တွေ အုတ်မြစ်ချပေးခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ အသင်းခွဲတွေ ဖွဲ့စည်းပါတယ်။ ၁၉၂၀ အောက်တိုဘာလမှာ လုပ်တဲ့ ဝိုင်အမ်ဘီအေ ရှစ်ကြိမ်မြောက် ညီလာခံမှာ အသင်းနာမည်ကို ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးဆိုပြိး ပြောင်းလဲခဲ့ပါတယ်။ ဒီအသင်းကြီးရဲ့ ညီလာခံဆုံးဖြတ်ချက်တွေကိုကြည့်တဲ့အခါ ပညာရေး၊ အသင်းအဖွဲ့ကိစ္စ၊ သာသနာရေး တွေကို ဦးစားပေးဆုံးဖြတ်ခဲ့တာကို တွေ့ရပါတယ်။
၁၉၁၄ မှာ ပထမ ကမ္ဘာစစ်ဖြစ်ပြီး ၁၉၁၉ ကျ မြန်မာနိုင်ငံမှာလည်း ဦးဘေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့က အင်္ဂလိပ်ကိုသွားပြီး မြန်မာနိုင်ငံဆိုင်ရာ အုပ်ချုပ်ရေး ပြုပြင်ရေးစီမံကိန်းကို တင်ပြခဲ့ပါတယ်။
၁၉၂၀ မှာ အင်္ဂလိပ်က ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြဌာန်းပါတယ်။ ဒီဥပဒေကို ကန့်ကွက်ကြတဲ့ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသားသပိတ်ပေါ်ပေါက်လာပါတယ်။
၁၉၃၀ မှာတော့ မြန်မာ့သမိုင်းရဲ့ အထင်ကရအဖွဲ့အစည်းဖြစ်တဲ့ တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအသင်းကြီးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုတို့လို တက္ကသိုလ်ကျောင်းသားတွေ ပါဝင်လှုပ်ကိုင်ခဲ့ခြင်းအားဖြင့် မြန်မာ့လွတ်လပ်ရေးဟာ လမ်းစ ပေါ်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
၁၉၃၆ ကျ ဒုတိယကျောင်းသာပိတ်ဖြစ်ပြန်ပါတယ်။ ၁၉၃၈ မှာတော့ ချောက်ရေနံမြေသပိတ်ကနေစတင်တဲ့ ထောင့်သုံးရာပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအရေးတော်ပုံကြီးမှာ ရေနံမြေလုပ်သားတွေ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားနဲ့ ပြည်သူတွေပါဝင်လှုပ်ရှားခဲ့ပါတယ်။
၁၉၂၀ - ၁၉၄၀ ခေတ်အပိုင်းအခြားကို ပြန်ကြည့်တဲ့အခါ နှစ်ပေါင်း ၂၀ အတွင်း မြန်မာတွေရဲ့ နိုင်ငံရေး အသိပညာဟာ တဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့လွတ်လပ်ရေးအခြေအနေကို မြန်မာချည်းသီးသန့် စဉ်းစားတာမျိုး မဟုတ်တော့ဘဲ နိုင်ငံတကာအခြေအနေနဲ့ ချိန်ထိုးစဉ်းစားတာမျိုးတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။
အထူးသဖြင့် တက္ကသိုလ်ကျောင်းသား လူငယ်တွေရဲ့ နိုင်ငံရေးအသိပညာရေချိန်မြင့်မားမှုဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် အားရစရာ အနေအထားဖြစ်လာခဲ့ပါတယ်။
အင်္ဂလိပ်အခက် ဗမာအချက်
၁၉၃၉ ကျ ကမ္ဘာမှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပါတယ်။ ဥရောပ မဟာမိတ်နိုင်ငံတွေနဲ့ ဝင်ရိုးတန်းနိုင်ငံတွေကြား ဖြစ်ပွားတဲ့စစ်ကြီးဟာ အရှေ့တောင်အာရှကိုလည်း ရိုက်ခတ်လာပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ၁၉၄၀ လောက်ကျ အင်္ဂလိပ်ကိုတော်လှန်ဖို့အတွက် အဆက်အသွယ်ရှာဖို့ တရုတ်ပြည်ကို ထွက်လာခဲ့ပါတယ်။ ဒီအဖွဲ့ကို နောင်ကျ ရဲဘော်သုံးကျိပ်ဆိုပြီး လူသိများပါတယ်။ ရဲဘော်သုံးကျိပ်ဟာ တရုတ်ပြည် အမွိုင်မြို့မှာ ဂျပန်အကူအညီနဲ့ စစ်ပညာသင်ပြီး နောက်ကျ ထိုင်းနိုင်ငံကို ရောက်သွားပါတယ်။ အဲဒီမှာ ဗမာ့လွတ်လပ်ရေးတပ်မတော် - ဘီအိုင်အေကို ဖွဲ့စည်းခဲ့ပါတယ်။
ဘီအိုင်အေဟာ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကို တိုက်ထုတ်ပါတယ်။ ဒါပေမဲ့ ဂျပန်လက်ထက်ရောက်တဲ့အခါ အင်္ဂလိပ်ထက် ပိုမိုဆိုးရွားတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် အင်္ဂလိပ်နဲ့ မဟာမိတ်ပြန်လုပ်ပြီး ဂျပန်ကို ပြန်တိုက်ပြန်ပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဂျပန်တွေ မြန်မာနိုင်ငံကထွက်ပြီး အင်္ဂလိပ်ဟာ မြန်မာပြည်ကို တကျော့ပြန်ဝင်လာခဲ့ပါတယ်။
ဒီအချိန်မှာတော့ နိုင်ငံတကာမှာလည်း ကိုလိုနီလက်အောက်ခံနိုင်ငံတွေက အမျိုးသားလွတ်မြောက်ရေ းတိုက်ပွဲတွေ စတင်နေခဲ့ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ကြီးက ၁၉၄၆ ဖေဖော်ဝါရီမှာ ရွှေတိဂုံအလယ်ပစ္စယံအစည်းအဝေးကို ကျင်းပပါတယ်။ အဲဒီညီလာခံကနေ တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင်ယူဖို့ ဖဆပလဦးဆောင်ပြီး ပြည်သူတစ်ရပ်လုံးက ဆုံးဖြတ်နိုင်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဖဆပလအဖွဲ့ချုပ်ကနေ အင်္ဂလိပ်ဆီပို့လိုက်ပါတယ်။ ၁၉၄၇ ဇန်နဝါရီမတိုင်ခင် လွတ်လပ်ရေးဖို့နဲ့ လွတ်လပ်ရေးမပေးရင် ဗိုလ်ချုပ်အောင်ဆန်ဟာ ကြားဖြတ်အစိုးရအဖွဲ့ကနေ နုတ်ထွက်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ဒီကြေညာချက်နဲ့ပတ်သက်ပြီး ဗြိတိသျှနန်းရင်းဝန်(ဝန်ကြီးချုပ်) မစ္စတာအက်တလီက မြန်မာနိုင်ငံဟာ ဗြိတိသျှဓနသဟာယနိုင်ငံထဲမှာပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေလွတ်လပ်ရေးပေးမယ်ဆိုပြီး ဗြိတိန် အောက်လွှတ်တော်မှာ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှာ အတိအလင်း ကြေညာခဲ့ရပါတယ်
လွတ်လပ်ရေးအတွက် စာချုပ် ၃ စောင်
ဖဆပလကြေညာချက်ကြောင့် ဗိုလ်ချုပ်တို့ကိုယ်စားလှယ်အဖွဲ့ကို ဗြိတိသျှဝန်ကြီးချုပ် (နန်းရင်းဝန်) အက်တလီက အင်္ဂလန်ကို ဖိတ်ပါတယ်။ အဲဒီမှာ ဆွေးနွေးကြတဲ့အခါ တောင်တန်း၊ ပြည်မ လွတ်လပ်ရေးအတူယူမယ်ဆိုပြီး ဗိုလ်ချုပ်က ပြောပါတယ်။ ဒီအခါ မစ္စတာ အက်တလီက စာတစ်စောင်ထုတ်ပြပါတယ်။ အဲဒီစာက ရှမ်းပြည်က စော်ဘွားနှစ်ယောက်က ဗိုလ်ချုပ်ဟာ တောင်တန်းဒေသကို ကိုယ်စားမပြုဘူးဆိုပြီး ကြေးနန်းပို့လိုက်တဲ့စာပါ။ ဒါကြောင့် မြန်မာပြည်မှာကျန်ရစ်တဲ့ ဖဆပလအဖွဲ့ကြီးက ရှမ်းပြည်မှာ စော်ဘွားတွေရဲ့ ပဒေသရာဇ်စနစ်ကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ လုပ်ပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေပဲ အောင်ဆန်း-အက်တလီ စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီတို့ ၁၉၄၇၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။
၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံညီလာခံမှာတော့ သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ ဒီစာချုပ်ကြောင့် တောင်တန်း၊ ပြည်မပေါင်းပြီး အင်္ဂလိပ်ဆီက လွတ်လပ်ရေးအတူယူနိုင်ခဲ့ကြပါတယ်။
၁၉၄၇ ဇူလိုင်လ ၁၉ ရက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားပါတယ်။ ဒါကြောင့် ကျန်ရစ်တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးကို ဝန်ကြီးဦးနုက ဦးဆောင်ခဲ့ရပါတယ်။
အောင်ဆန်း-အက်တလီစာချုပ်ကြောင့် မြန်မာ့လွတ်လပ်ရေးဟာ လက်တစ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ဒီစာချုပ်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေပါဝင်တဲ့ လင်္ကျာ-ဖရီးမင်းစာချုပ်ကိုလည်း ၁၉၄၇၊ ဩဂုတ်လ ၂၉ ရက်မှာ မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်လင်္ကျာနဲ့ ဗြိတိသျှစစ်မစ်ရှင်အဖွဲ့ခေါင်းဆောင် ဖရီးမင်းတို့ ချုပ်ဆိုခဲ့ကြပါတယ်။
၁၉၄၇ အောက်တိုဘာလ ၁ ရက်မှာတော့ မြန်မာပြည်ယာယီအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီတို့က နု-အက်တလီစာချုပ်ကို ချုပ်ဆိုကြပါတယ်။ ဒီစာချုပ်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဗြိတိသျှတို့က လွှဲပြောင်းပေးတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးစာချုပ်ဆိုပြီး ရည်ညွှန်းကြပါတယ်။
လွတ်လပ်ရေးရရှိခြင်း
၁၉၄၈ ဇန်နဝါရီလ ၄ ရက်မှာတော့ မြန်မာနိုင်ငံဟာ ဗြိတိသျှတို့ဆီကလွတ်လပ်ရေး ရရှိခဲ့ပါတယ်။ မြန်မာ့ပထမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနားကို ၃ နေရာမှာ လုပ်ပါတယ်။
ပထမဆုံးကျင်းပတဲ့နေရာကတော့ ဗိုလ်ချုပ်တို့ကျဆုံးခဲ့တဲ့ အတွင်းဝန်များရုံးရှေ့က တိုင်းပြည်ပြုလွှတ်တော်ခန်းမရှေ့မှာ ဖြစ်ပါတယ်။ မနက် ၄ နာရီ မိနစ် ၂၀ မှာ တိုင်းပြည်ပြုလွှတ်တော်ရှေ့ အလံတိုင်ပေါ်က ယူနီယံဂျက်အလံကို မြေချပြီး မြန်မာအလံကို လွှင့်တင်ပါတယ်။ မနက် ၄ နာရီ မိနစ် ၄၀ ကျ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်က သမ္မတရာထူး၊ ဦးနုက ဝန်ကြီးချုပ်ရာထူးကို တိုင်းပြည်ပြုလွှတ်တော်မှာ လက်ခံပါတယ်။ လွတ်လပ်ရေးနေ့မိန်းခွန်းကို ဝန်ကြီးချုပ်ဦးနုက ပြောပါတယ်။
မနက် ၆ နာရီကျ အလုံလမ်း အစိုးရအိမ်တော်ရှေ့မှာ စိုက်ထူထားတဲ့ ယူနီဂျက်အလံကို အောက်ချပြီး မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပါတယ်။
မနက် ၈ နာရီကျ မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကို အုတ်မြစ်ချပါတယ်။ မနက် ၈ နာရီ မိနစ် ၂၀ မှာတော့ မြန်မာပြည် နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်နဲ့ သူ့ဇနီးဟာ ဘာမင်ဟမ်သင်္ဘောနဲ့ အင်္ဂလန်ကို ပြန်သွားပါတယ်။
ဒီလိုနည်းနဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။
အနှစ်ချုပ်
မြန်မာ့လွတ်လပ်ရေးခရီးရှည်ဟာ တကယ်ပဲ ကြမ်းတမ်းခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ နိုင်ငံတစ်နိုင်ငံကို တစ်နိုင်ငံက လက်နက်နဲ့ ကိုလိုနီပြုတယ်၊ သိမ်းပိုက်တယ်ဆိုတာ ရှိနေသေးပေမဲ့ ရှားပါးကိစ္စဖြစ်လာပါတယ်။ အကြောင်းကတော့ လက်နက်နဲ့ နယ်မချဲ့ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအရ နယ်ချဲ့တာမျိုးတွေ ရှိလာလို့ပါ။ တစ်ဖက်မှာလည်း အဲဒီလို နယ်ချဲ့နည်းပုံစံပြောင်းတာကို ပုံပမာပြခြောက်လှန့်ပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်၊ ချုပ်ချယ်၊ ချိုးဖောက်မှုတွေက ကမ္ဘာတစ်ဝန်းလုံးမှာ ရှိနေပြန်ပါတယ်။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ မငြိမ်းချမ်းဘဲ ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ လုံးချာလိုက်နေရပါတယ်။
လွတ်လပ်မှုမှန်သမျှ အဓွန့်ရှည်ဖို့ ခွင့်တူညီမျှဝါဒဖြူစင်တဲ့ မြေဖြစ်ဖို့ လိုအပ်ပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းနဲ့ တရားမျှတခြင်းတွေကို ဖော်ဆောင်ခြင်းဟာ ရှေးမျိုးဆက် ဘိုးဘွားတွေထားခဲ့တဲ့ လွတ်လပ်ရေးကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းပဲ ဖြစ်ပါတော့တယ်။
လင်းအိမ် (Y3A)




Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media