၁၉၅၄ ခုနှစ်တုန်းက မြန်မာမှာသာမက ကမ္ဘာ့မှာပါ ပထမဆုံးအဖြစ် မှတ်တမ်းတင်နိုင်တဲ့ လေယာဉ်ပြေးပေးဆွဲမှုတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြီး ၉ နှစ်လောက်အကြာမှာ ဟောလီးဝုဒ် အက်ရှင်ကားဆန်ဆန် အဲဒီအဖြစ်အပျက်က မြန်မာနိုင်ငံမှာ ဖြစ်သွားခဲ့တာပါ။ ဒါကြောင့် ကမ္ဘာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုဒါမှမဟုတ် ကမ္ဘာ့အစောဆုံး လေယာဉ်ပြန်ပေးဆွဲမှုလို့လည်း ဆိုကြပါတယ်။ 

၁၉၅၄ ခုနှစ်က မြန်မာနိုင်ငံမှာ ဝန်ကြီးချုပ်ဦးနုရဲ့ လက်ထက်ဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးတွေတောက်လောက်နေတဲ့အချိန်ဖြစ်ပါတယ်။ သူတစ်လူ၊ ငါတစ်မင်း၊ ဝါဒရေးရာအမြင်မတူကနေ ပြည်တွင်းစစ်အရှိန်က ပြင်းထန်နေတဲ့အချိန်ဖြစ်သလို အဲဒီ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်နိုင်ဖို့ ဝန်ကြီးချုပ်ဦးနုရဲ့ ဖဆပလအစိုးရကလည်း ကြိုးပမ်းနေချိန် ဖြစ်ပါတယ်။

တစ်ဖက်ကလည်း ဝန်ကြီးချုပ်ဦးနုအစိုးရဟာ ကွန်မြူနစ်တွေ၊ တပ်မတော်ထဲက တပ်ရင်းတွေ၊ ဖဆပလက ခွဲထွက်ကုန်တဲ့ ရဲဘော်ဖြူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်နေခဲ့ရပြန်ပါတယ်။ 

အဲဒီကာလမတိုင်ခင် ၁၉၅၀ ဝန်းကျင်လောက်မှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ KNDO တွေဟာ အင်းစိန်ကို သိမ်းပိုက်ထားရာကနေ လက်လွှတ်လိုက်ရပါတယ်။ ဒါကြောင့် အထိနာသွားခဲ့ရတဲ့ KNDO တွေဟာ ပြန်လည်အဖက်ဆယ်ဖို့အတွက် လက်နက်တွေ အရေးတကြီး လိုအပ်နေပါတယ်။

ဒီအစီအစဉ်ကို ဦးဆောင်စီစဉ်သူက KNDO ထဲက ဗိုလ်အော်စဘွန်းဖြစ်ပါတယ်။ သူနဲ့အတူ စောကျော်အေး၊ စောသိန်းကျော်၊ စောအငြိမ်းနဲ့ တခြားကရင်စစ်သားတွေလည်း ပါဝင်ကြပါတယ်။ ဒီလိုနဲ့ပဲ လေယာဉ်ပြန်ပေးဆွဲပြီး လက်နက်တွေရယူဖို့ ကိစ္စကို တိုင်ပင်ကြပါတယ်။ သူတို့အစီအစဉ်က ဒီလိုပါ။ 

ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေအပြေးမှာ ပြေးလမ်းမသာလို့ ချန်ထားရစ်ခဲ့တဲ့ လက်နက်တွေကလည်း ကရင်ပြည်နယ်၊ ဒေါနတောင်တန်းကြားမှာ ရှိပါတယ်။ KNDO ထဲက ကြံရည်ဖန်ရည်လည်း ရှိ၊ စွမ်းရည်သတ္တိလည်းရှိတဲ့ ကရင်စစ်သားတွေဟာ အစိုးရပိုင်လေယာဉ်ကို ပြန်ပေးဆွဲပြီး ဒေါနတောင်ကြားက လက်နက်တွေကို ရယူရင်ဖြစ်နိုင်တယ်ဆိုပြီး စဉ်းစားမိကြပါတယ်။ 

ဒါကြောင့် အစိုးရပိုင်လေယာဉ်ကို အပိုင်စီးဖို့ စောကျော်အေးဦးဆောင်ပြီး စောသိန်းကျော်၊ စောအငြိမ်းတို့က တာဝန်ယူလိုက်ကြပါတယ်။ ဗိုလ်အော်စဘွန်းကတော့ ဒေါနတောင်ကြားမှာ ရောက်နှင့်နေရမှာဖြစ်ပြီး လေယာဉ်ကို မြေပြင်ကနေ အချက်ပြပေးရမှာဖြစ်ပါတယ်။ စော်ကျော်အေးတို့ဟာလေယာဉ်ကိုအပိုင်စီးပြီး ဒေါနတောင်ကြားကို ဆင်းသက်ရပါမယ်။ ပြီးရင် လက်နက်တွေကို ယူပြီး ပဲခူးရိုးမနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသက သူတို့တပ်ဖွဲ့တွေဆီ ပို့ဆောင်ဖို့ ကြံစည်ကြပါတယ်။  

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒီအစီအစဉ်ကို မစတင်ခင်မှာ စောကျော်အေး၊ စောသိန်းကျော်နဲ့ စောအငြိမ်းတို့ဟာ အစိုးရလေယာဉ်တွေကို လိုက်ပါစီးနင်းပြီး လေ့လာခဲ့ကြပါတယ်။ 

၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ ရန်ကုန်မြို့၊ မင်္ဂလာဒုံလေယာဉ်ကွင်းကနေ ဒါကိုတာ XY-ACT လေယာဉ်တစ်စီး ဟာ စစ်တွေကို ထွက်ခွာဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ခရီးသည်အဖြစ် လိုက်ပါမဲ့ စစ်ဘက်အရာရှိတစ်ဦး လေယာဉ်ပေါ်မရောက်သေးလို့ လေယာဉ်ဝန်ထမ်းတွေက မိုက်ခရိုဖုန်းကနေ အော်ခေါ်နေပါတယ်။ သိပ်မကြာခင်မှာပဲ စစ်ဘက်အရာရှိဟာ လေယာဉ်ပေါ်တက်လာပြီး သူ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။

တကယ်တော့ အဲဒီလေယာဉ်ပေါ်မှာ KNDO စစ်သားသုံးဦးဖြစ်တဲ့ ဗိုလ်စောကျော်အေး၊ စောကျော်သိန်းနဲ့ စောအငြိမ်းတို့လည်း ပါလာပါတယ်။ စစ်ဘက်အရာရှိဟာ KNDO စစ်သား ဗိုလ်စောကျော်အေးရှေ့က ခုံမှာ ထိုင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်စောကျော်အေးတို့လူစုလည်း သူတို့အစီအစဉ်ကို အစိုးရဘက်က သိရှိသွားပြီလားဆိုပြီး စိုးရိမ်စိတ်ဝင်သွားခဲ့ပါတယ်။ 

ခဏအကြာမှာပဲ ယူဘီအေလေကြောင်းလိုင်းက ရန်ကုန်-စစ်တွေသွား ဒါကိုတာ XY-ACT လေယာဉ်လေးဟာ ခရီးသည် ၁၄ ဦးကို တင်ဆောင်ကာ စစ်တွေကို ဦးတည်ပြီး ထွက်ခွာလာခဲ့ပါတယ်။ 

လေယာဉ်ထွက်ခွာလို့ မိနစ်အနည်းငယ်အကြာမှာတော့ ဗိုလ်စောကျော်အေးဟာ သူ့ရှေ့မှာထိုင်နေတဲ့ စစ်ဘက်အရာရှိခါးကို သေနတ်နဲ့ထောက်လိုက်ပါတယ်။ ပြီးတော့ သူတို့ဟာ ကရင်စစ်သားတွေဖြစ်ကြောင်း၊ အရာရှိဟာ ခရီးသည်အဖြစ်လိုက်ပါလာတာဖြစ်လို့ သူတို့ကိစ္စနဲ့ မဆိုင်ကြောင်း၊ သူတို့ကတော့ လေယာဉ်ကို အပိုင်စီးမှာဖြစ်လို့ ငြိမ်ငြိမ်နေဖို့ ခြိမ်းခြောက်ပြောဆိုပါတယ်။ ပြီးတော့ သူ့လူတွေနဲ့ ထားခဲ့လိုက်ပြီး သူကတော့ လေယာဉ်ခေါင်းခန်းကို ထွက်လာခဲ့ပါတယ်။ 

ဗိုလ်စောကျော်အေး လေယာဉ်ခေါင်းခန်းထဲရောက်သွားတော့ နိုင်ငံခြားသားလေယာဉ်မှူးနဲ့ မြန်မာလူမျိုး အကူလေယာဉ်မှူးကို တွေ့လိုက်ရပါတယ်။ သူက လေယာဉ်ကိုအပိုင်စီးလိုက်ပြီဖြစ်လို့ သူသွားလိုတဲ့ ဒေါနတောင်တန်းတစ်နေရာကို ပို့ပေးဖို့ နိုင်ငံခြားသား လေယာဉ်မှူးကို သေနတ်ပြပြီး ပြောလိုက်ပါတယ်။

ဒါပေမဲ့ လေယာဉ်မှူးက သူပြောတာကို နားမလည်ပါဘူး။ နားမလည်ပေမဲ့လည်း သူက သေနတ်ကိုင်ထားတာဖြစ်လို့ အခြေအနေကို သဘောပေါက်လိုက်ပါတယ်။ ဒါကြောင့်ပဲ လေယာဉ်ကို မင်္ဂလာဒုံလေဆိပ်ဘက်ကို မသိမသာဦးတည်လိုက်ပါတယ်။ ဗိုလ်စောကျော်အေးကလည်း ရိပ်မိသွားပါတယ်။  ဒါကြောင့် ဗိုလ်စောကျော်အေးကလည်း လက်ပစ်ဗုံးကို ဆွဲထုတ်လိုက်ပြီး လေယာဉ်ကို ဖောက်ခွဲပစ်မယ်ဆိုပြီးပြောလိုက်ပါတယ်။ ဒီတော့မှ မြန်မာလူမျိုးအကူလေယာဉ်မှူးက လေယာဉ်မှူးကိုပြောလိုက်ပြီး ဒေါနတောင်တန်းဘက်ဆီ လေယာဉ်ကို ဦးတည်လိုက်ပါတော့တယ်။ 

ဗိုလ်စောကျော်အေးတို့ လေယာဉ်ဟာ ဗိုလ်အော်စဘွန်းတို့နဲ့ ချိန်းဆိုထားတဲ့နေရာ ရောက်လာခဲ့ပါတယ်။ ကောင်းကင်ကနေ အကြိမ်ပေါင်းများစွာ ဝဲပျံနေပေမဲ့ မြေပြင်ကနေ ဗိုလ်အော်စဘွန်းတို့ရဲ့ အချက်ပြမှုကို မတွေ့ရပါဘူး။ တကယ်တော့ ဗိုလ်အော်စဘွန်းဟာ အဲဒီနေရာကို ရောက်လာဖို့ ကြိုးစားပေမဲ့ လမ်းမှာ အစိုးရတပ်တွေက ပိတ်ဆို့ထားလို့ ရောက်မလာနိုင်ခဲ့တာပါ။ 

ဒါကြောင့် ဗိုလ်စောကျော်အေးတို့လည်း လေယာဉ်ဆီနည်းလာလို့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျီးဇင်နားက သောင်ပြင်မှာ ဆင်းရပါတော့တယ်။  အောက်ရောက်လို့ လေယာဉ်ပေါ်ရှာဖွေတဲ့အခါ ရန်ကုန်အစိုးရဘဏ်ကနေ ကျောက်ဖြူငွေတိုက်ကို ပို့လိုက်တဲ့‌ အစိုးရ လစာငွေ ၇၄၂,၀၀၀ ကို တွေ့ရပါတော့တယ်။ ဒါနဲ့ပဲ ဒီငွေတွေဟာ အစိုးရငွေတွေဖြစ်တယ်ဆိုပြီး ယူထားလိုက်ပါတယ်။ ကျန်တဲ့ ခရီးသည်တစ်ဦးတစ်ယောက်ဆီကငွေတွေ၊ လက်ဝတ်လက်စားတွေနဲ့ တခြားဘာဆိုဘာမှ သူတို့မယူခဲ့ကြပါဘူး။ 

ဒါ့အပြင် လေယာဉ်မှူးတွေအပါအဝင် ခရီးသည်တစ်ဦးတစ်ယောက်ကိုမှ သူတို့က အန္တရာယ်မပြုပါဘူး။ ပြီးတော့ ထွက်ခွာခွင့်ပြုလိုက်ပါတယ်။ လေယာဉ်မှူးကလည်း ကျန်ရှိနေတဲ့ လေယာဉ်ဆီဟာ စစ်တွေကိုတော့ ရောက်လောက်သေးတယ်လို့ ပြောလို့ ခရီးသည်တွေလည်း ဝမ်းသာသွားကြပါတယ်။ ဒီလိုနဲ့ လေယာဉ်လည်း ကျန်ရှိတဲ့ ဆီနဲ့ပဲ စစ်တွေလေဆိပ်ဆီ ခရီးဆက်ထွက်သွားပါတယ်။ 

မကျီးဇင်နားက သောင်ပြင်မှာတော့ ဗိုလ်စောကျော်အေးတို့လူ ၃ ယောက်နဲ့ ငွေသေတ္တာတွေပဲ ကျန်ခဲ့ပါတယ်။ သောင်ပြင်ကို ဆင်းလာတဲ့ သူတို့ကို ရွာသားတွေက ဝိုင်းဝန်းကြည့်ရှုကြလို့ သူတို့လည်း ရွာသားတွေကို အကူအညီတောင်းပြီး နေရာရွေ့ကြပါတယ်။ 

အဲဒီအချိန်မှာပဲ ရဲဘော်ဖြူတွေဟာ ရွာသားတွေကတဆင့် ဗိုလ်စောကျော်အေးတို့ ငွေသေတ္တာတွေအကြောင်းကို သိရှိသွားပါတယ်။ ရဲဘော်ဖြူတွေဆိုတာ ဝန်ကြီးချုပ်ဦးနုရဲ့  ဖဆပလ အစိုးရအဖွဲ့ကနေ နုတ်ထွက်ပြီး လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့ပါ။ 

ရဲဘော်ဖြူတွေကလည်း ဗိုလ်စောကျော်အေးတို့ဆီ အလုံးအရင်းနဲ့ရောက်လာပြီး ငွေသေတ္တာကို ရယူဖို့အတွက် တိုက်ခိုက်ပါတယ်။ ပြီးတော့ ငွေတွေကို ယူသွားပါတော့တယ်။ ပုသိမ် ငွေဆောင်မှာစောင့်နေတဲ့ KNDO က ဗိုလ်စောအော်စဘွန်းလည်း ဒီအကြောင်းကို သိတဲ့အခါ ရဲဘော်ဖြူတွေနောက်ကို ချက်ချင်းလိုက်ပြီး ပြန်လည် တိုက်ခိုက်လို့ ငွေ သုံးပုံနှစ်ပုံ ပြန်ရပါတယ်။  

ဒီသတင်းကို ၁၉၅၄ ခုနှစ်၊ ဇွန်လထုတ် ဟံသာဝတီသတင်းစာ၊ ဇူလိုင်လထုတ် မြန်မာ့အလင်းသတင်းစာတွေမှာ မြန်မာပြည်လေယာဉ်အပိုင်စီးမှုကြီးဆိုပြီး ဖော်ပြခဲ့ကြပါတယ်။ 

တကယ်တမ်းကျတော့ ဗိုလ်စောကျော်အေးတို့ လေယာဉ်ကိုပြန်ပေးဆွဲပြီး သက်စွန့်ကြိုးပမ်းရယူသွားတဲ့ ငွေကြေးတွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် မသုံးစွဲလိုက်ရပါဘူး။ သူတို့ရဲ့ အထက်လူကြီးတွေက အဲဒီငွေတွေကို ခရစ်ယာန်တရားဟောဆရာတွေကို လစာပေးပစ်တာနဲ့ တခြားသော ခရစ်ယာန်ဘာသာရေးဆိုင်ရာ လုပ်ငန်းတွေမှာ သုံးပစ်ခဲ့ကြပါတယ်။ 

အချိန်တွေက ပြောင်းလဲနေပါတယ်။ ဝန်ကြီးချုပ်ဦးနုရဲ့ ဖဆပလအစိုးရကလည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေကြပါတယ်။ 

၁၉၅၄ ဩဂုတ်လ ၁၄ ရက် ရောက်တဲ့အခါ ဗိုလ်အောင်စဘွန်းဟာ ဗိုလ်မှူးကြီးသောင်းကြည်ဆီမှာ လက်နက်ချပါတယ်။ အဲဒီလို လက်နက်ချတဲ့အခါ သူနဲ့အတူ ရဲဘော် ၂၅၀ တို့ပါဝင်ကြပါတယ်။ အဲဒီအချိန်က ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ လက်နက်ချတဲ့ ဗိုလ်အော်စဘွန်းကို ဦးနုရဲ့ ဖဆပလအစိုးရက အရေးမယူခဲ့ပါဘူး။ 

ဒါ့အပြင် ၁၉၆၄ ခုနှစ်ရောက်တဲ့အခါ ဗိုလ်အော်စဘွန်းကို ရဲအုပ်ရာထူးပေးပြီး ကျောက်ပန်းတောင်းမြို့မှာ ဒုရဲမှူးအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ဗိုလ်အော်စဘွန်းရဲ့ ရဲဘော်တွေကိုလည်း ရဲတပ်ဖွဲ့ထဲဝင်လိုသူတွေကို ဝင်ခွင့်ပေးပြီး ဒေသအသီးသီးမှာ တာဝန်ချပေးခဲ့ပါတယ်။ 

ဒီလိုပဲ လေယာဉ်ပြန်ပေးဆွဲမှုမှာ ကိုယ်တိုင်ကိုယ်ကျဦးဆောင်ခဲ့တဲ့ ဗိုလ်စောကျော်အေးလည်း ၁၉၅၆ ခုနှစ်ကျ အလင်းဝင်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ သူ့ကိုလည်း ဝန်ကြီးချုပ်ဦးနုအစိုးရက အရေးယူတာ၊ အပြစ်ပေးတာတွေ မလုပ်ခဲ့ပါဘူး။ 

ဒီလေယာဉ်ပြန်ပေးဆွဲမှုမှာ အဓိကဇာတ်ဆောင်ဖြစ်ခဲ့ပြီး ဒီဘက်ခေတ်အထိ သက်ရှိထင်ရှားရှိခဲ့သူကတော့ ဗိုလ်စောကျော်အေးပဲဖြစ်ပါတယ်။ သူတို့ငယ်စဉ်က အဲဒီလိုရဲရဲဝံ့ဝံ့လုပ်ခဲ့တာဟာ ကရင်အမျိုးသား လွတ်မြောက်ရေးအတွက်သာ ဖြစ်တယ်လို့ သူက နောက်ပိုင်းမှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 

ဒါကြောင့် ဗိုလ်စောကျော်အေးအနေနဲ့ လေယာဉ်ကို ဓားပြတိုက်တယ် ပြန်ပေးဆွဲတယ်လို့ ပြောတာမျိုးကို စိတ်မကောင်းဖြစ်ရပြီး ခံစားရတယ်လို့ ပြောခဲ့ပါတယ်။ သူတို့အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် လိုအပ်တဲ့ လက်နက်တွေကို ရယူဖို့ အစိုးရပိုင်လေယာဉ်ကို ခေတ္တရယူခဲ့တာလို့ပဲ ယူဆနေခဲ့ကြတာပါ။  

စောကျော်အေးတဖြစ်လည်း အဘိုးစော်ကျော်အေးဟာ အသက် ၁၀၂ နှစ်အထိ နေသွားရပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ကျ ဆုံးပါးသွားခဲ့တော့တယ်။

ဗိုလ်စောကျော်အေးတို့ KNDO စစ်သားတွေရဲ့ လေယာဉ်အပိုင်စီးမှုကြီးဟာ မြန်မာ့သမိုင်းမှာတော့ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ လေယာဉ်အပိုင်စီးမှုကြီးဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီဖြစ်ရပ်အကြောင်း စာရေးသူ ဦးလှသောင်းက “မြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီး”ဆိုပြီး ရေးသားခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကိုပဲ မူတည်ရိုက်ကူးတဲ့ ရုပ်ရှင်ကားတစ်ကားလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာ့သမိုင်းမှာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ လေယာဉ်အပိုင်စီးမှုကြီးဟာ ငွေကြေးရယူလိုမှုကြောင့် လုပ်တဲ့ ကိစ္စမဟုတ်တာကတော့ ထူးထွေအံ့ရာအဖြစ် သမိုင်း မှတ်တမ်းဝင်နေခဲ့ပြီဖြစ်ပါတယ်။

ဟန်သစ်အိမ် (Y3A) 

Read More:

မြန်မာကို ဗမာဆိုပြီး ဘာလို့ခေါ်တာလဲ
မြန်မာနဲ့ ဗမာဆိုတဲ့ ခေါ်ဆိုမှုနှစ်ခုရဲ့ မူလဇစ်မြစ်၊ ကျောက်စာမှတ်တမ်းများ၊ အင်္ဂလိပ်ခေတ် အသုံးအနှုန်းများနဲ့ ခေတ်အဆက်ဆက် ပြောင်းလဲလာပုံ
ကယန်းမနုဿလှောင်ချိုင့် - ထိုင်းနိုင်ငံက မြန်မာ့ကယန်းတွေရဲ့ဘဝ
လည်တိုင်ရှည်ကယန်းတွေရဲ့ နေရပ်စွန့်ခွာမှု၊ ထိုင်းနိုင်ငံမှာ နေထိုင်ရတဲ့ဘဝ၊ လူ့အခွင့်အရေးမေးခွန်းတွေနဲ့ ကြေးကွင်းပတ်ဓလေ့ရဲ့ သမိုင်းကြောင်း

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!