ကမ္ဘာမှာ စက်မှုထွန်းကားလာပြီးတဲ့နောက် စက်ရုံအလုပ်ရုံတွေရဲ့ ထုတ်လုပ်မှုတွေက ခေတ်စားလာပါတယ်။ စက်ရုံအလုပ်ရုံတွေ ခေတ်စားလာတာနဲ့အမျှ စက်ရုံအလုပ်ရုံက ထုတ်လွှင့်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေက အဆမတန်များလာပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာပါတယ်။ ဒီတော့ ထုတ်လုပ်မှုလုပ်ငန်းတွေကို မီးခိုးထွက်တဲ့ စီးပွားရေးဆိုပြီး ရည်ညွှန်းကြပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကတော့ ရှိနေပါတယ်။ အဲဒါက ခရီးသွားလုပ်ငန်းပါ။ ခရီးသွားလုပ်ငန်းကတော့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းလို မီးခိုးထွက်စရာ အကြောင်းမရှိပါဘူး။ သူရဲ့ သဘောက ကုန်ထုတ်လုပ်တာမဟုတ်ဘဲ ဝန်ဆောင်မှုပေးတာဖြစ်လို့ မီးခိုးတိတ်စီးပွားရေးဆိုပြီး တင်စားကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံလည်း တစ်ချိန်တုန်းကတော့ ခရီးသွားလုပ်ငန်းရွှေခေတ်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများအသင်းချုပ် (UMFCC) မှာပြုလုပ်တဲ့ ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် တင်စားပြောဆိုခဲ့ကြပါတယ်။ တကယ်လည်းပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံခြားသားတွေဆိုတာ ဘုရားပွဲကို လာကြသလို တိုးကြိတ်နေကြတဲ့အထိ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က ဟိုတယ်တွေမှာလည်း ဧည့်သည်တွေ ပြည့်နေတဲ့အထိပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာရော မြန်မာ့ခရီးသွားလုပ်ငန်း အရင်လို မျက်နှာပွင့်လန်းတဲ့ ခေတ်မျိုးမဟုတ်တော့ပါဘူး။ အကြောင်းတရားတွေပြောင်းလဲသွားတဲ့အတွက် အခြေအနေကို ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ။ လက်ရှိ ပစ္စုပ္ပန်အခြေအနေက ဘယ်လိုရှိနေလဲ။ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေကရော ဘာတွေဖြစ်မလဲ။ ဒါတွေကို လေ့လာကြည့်ရအောင်ပါ။
ထောက်တိုင်နှစ်ခု
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ အဓိက ထောက်တိုင်ကြီးနှစ်ခုရှိပါတယ်။ တစ်ခုက ပြည်တွင်းခရီးသွားလုပ်ငန်း (Inbound tour) ဖြစ်ပြီး နောက်တစ်ခုကတော့ ပြည်ပခရီးသွားလုပ်ငန်း (Outbound tour) ဖြစ်ပါတယ်။
ပြည်တွင်းခရီးသွားလုပ်ငန်းကတော့ ပြည်တွင်းထဲကလူတွေ ပြည်တွင်းမှာပဲ သွားရောက်လည်ပတ်ကြတဲ့ ခရီးမျိုးကို ရည်ညွှန်းပါတယ်။ ဘုရားတွေပတ်ဖူးမယ်။ လှပတဲ့နေရာတွေ လျှောက်လည်မယ်၊ ကမ်းခြေမှာ အနားယူမယ်။ ဒီလို ခရီးမျိုးပါ။ အဓိကတော့ Inbound လို့ ပြောတဲ့အတွက် ပြည်တွင်းခရီးသွားတွေကို ရည်ရွယ်တာဖြစ်ပါတယ်။
ပြည်ပခရီးသွားလုပ်ငန်း (Outbound) ဆိုတာကကျ ပြည်ပခရီးသွားတွေ ပြည်တွင်းကို လာရောက်လည်ပတ်ကြတဲ့ ခရီးစဉ်ကိုဆိုလိုတာပါ။ ပြည်တွင်းက စိတ်ဝင်စားစရာကောင်းတဲ့ နေရာဒေသတွေကို ဒေသန္တရဗဟုသုတအလို့ငှာ လာရောက်လည်ပတ်ကြမယ်။ မြန်မာနိုင်ငံရဲ့ ဓလေ့ထုံးစံတွေကို လေ့လာမယ်။ အပန်းဖြေမယ် စတဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ လာရောက်လည်ပတ်ကြတဲ့ ခရီးပါ။ အဓိကတော့ ပြည်ပခရီးသွားတွေကို ရည်ရွယ်တာဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းတိုးတက်ဖို့ဆိုရင် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ရှိရပါမယ်။ အဓိကတော့ ဒီထောက်တိုင်နှစ်ခုစလုံးရှိဖို့လိုအပ်ပါတယ်။ တကယ်လို့များ အကြောင်းကြောင်းကြောင့် ပြည်ပခရီးသွားမရှိရင်တောင် ပြည်တွင်းခရီးသွားရှိဖို့လိုအပ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တောင် ခရီးသွားလုပ်ငန်းကို မှေးပြီး လုပ်ကိုင်လို့ ရနိုင်ပါတယ်။
အထင်သာဆုံးဥပမာကတော့ ကိုဗစ်လျော့ပါးသွားတဲ့ နှစ်တွေဖြစ်တဲ့ ၂၀၂၂၊ ၂၀၂၃ နှစ်တွေမှာဆိုရင် ပြည်တွင်းက လူငယ်တွေထဲမှာ ခရီးသွားကြသူတွေရှိပါတယ်။ ကိန်းဂဏန်းအရပြောရင် ၂၀၂၂ လောက်မှာ ပြည်တွင်းခရီးသွား တစ်သန်းလောက် ရှိခဲ့ပါတယ်။
လှိုင်းနှစ်လှိုင်း
ခရီးသွားလုပ်ငန်းဟာ ဆိုခဲ့သလို ပြည်တွင်းခရီးသွားလုပ်ငန်းနဲ့ ပြည်ပခရီးသွားလုပ်ငန်းအပေါ်ကို မူတည်နေရတာဖြစ်ပါတယ်။ အဲဒီလို ထောက်တိုင်နှစ်ခုကို အမှီပြုနေရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကို လှိုင်းနှစ်လှိုင်းက အရှိန်ပြင်းပြင်းရိုက်ခတ်ခဲ့ပါတယ်။
ပထမလှိုင်းကတော့ ကမ္ဘာကပ်ရောဂါ ကိုဗစ်ပါ။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဖြစ်တော့ ကမ္ဘာလုံးချီ ခရီးသွားလုပ်ငန်း ကျဆင်းသွားပါတယ်။ ၂၀၂၀ နှစ်ကုန်မှာပိုင်းမှာပဲ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်လှိုင်းဟာဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ လူတွေဟာ လည်ပတ်ဖို့အရေး၊ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသကို စူးစမ်းဖို့အရေး၊ အနားယူအပန်းဖြေဖို့အရေးထက် ကမ္ဘာ့ကပ်ရောဂါကြီးကို ဘယ်လိုခုခံမလဲဆိုပြီး လတ်တလောအရေးကြီးတဲ့ ကိစ္စကြီးပေါ်ကိုပဲ အာရုံစိုက်နိုင်ပါတော့တယ်။ သွားလည်ချင်ရင်တောင် သွားလည်လို့မရပါဘူး။ အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့တောင် Stay at home အစီအမံတွေ၊ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နေထိုင်ခဲ့ကြရပါတယ်။ ဒီတော့ ကမ္ဘာနဲ့ချိတ်ဆက်နေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းလည်း ကျဆင်းပါတယ်။
နောက်တော့ ကိုဗစ်လျော့ပါးသွားပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်လာပါတယ်။ နိုင်ငံတဝန်း စစ်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ စစ်ပွဲတွေဖြစ်၊ ကုန်ဈေးနှုန်းတွေကြီး၊ သွားလာရမလုံခြုံတော့တဲ့အခါ အလည်အပတ်ခရီး၊ အပန်းဖြေခရီးဆိုတာတွေလည်း နောက်တန်းရောက်သွားတာ ဓမ္မတာပဲဖြစ်ပါတယ်။ ဒီတော့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ အခြေအနေဆိုးရွားသွားပါတယ်။
ဒီတော့ လှိုင်းနှစ်လှိုင်းက တရစပ်အချိန်မခြားဘဲ ရိုက်ခတ်လိုက်တဲ့အခါ မြန်မာ့ခရီးသွားလုပ်ငန်းဟာ ချွတ်ခြုံကျသွားပါတယ်။ အများပြောသလို ကိုဗစ်နဲ့ ကိုစစ်ကြားမှာ ခရီးသွားလုပ်ငန်းဟာ ဘယ်လိုမှ တောင့်မခံနိုင်တဲ့ အခြေအနေမျိုး ရောက်ရှိသွားပါတယ်။
ဒီတော့ လှိုင်းနှစ်လှိုင်းရိုက်ခတ်လိုက်တဲ့ဒဏ်ကို မြန်မာ့ခရီးသွားလုပ်ငန်း ဘယ်လိုဘယ်ပုံပြောင်းလဲသွားလဲ၊ ဘယ်အချက်တွေက ပြောင်းလဲသွားလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
အနီရောင်အချက်ပြမီး လင်းလာတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း
အနီရောင်မီးလင်းတယ်၊ အချက်ပြမီးလင်းတယ်ဆိုတာ စိုးရိမ်စရာကိစ္စတစ်ခုအတွက် အချက်ပေးသံဖြစ်တယ်ဆိုရင် မြန်မာ့ခရီးသွားလုပ်ငန်းဟာလည်း အခုဆို အနီရောင်အချက်ပြမီး လင်းတဲ့အဆင့်ကို ရောက်နေပါပြီ။
နိုင်ငံခြားသားတွေ လည်ပတ်သင့်တဲ့ နေရာအဖြစ် မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကလော၊ အင်းလေး ဒီလိုမျိုး နေရာပေါင်း ၃၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ အခုတော့ အများစုက သွားရောက်လည်ပတ်ဖို့အတွက် လုံခြုံရေးစိတ်မချရတဲ့ နေရာတွေဖြစ်နေပါတယ်။
ဥပမာပြောရရင် ၂၀၁၃ ခုနှစ်တုန်းက ရပ်ရွာလူထုပါဝင်တဲ့ ခရီးသွားလုပ်ငန်းစီမံချက်ကို နေရာ ၆ နေရာမှာ အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒါတွေကတော့ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ မန္တလေးမှာ ဧရာဝတီလင်းပိုင်ကြည့်တာ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်ပြည်နယ် သံတောင်ကြီး ဒေသ၊ မကွေးတိုင်း မြိုင်ကျေးရွာနဲ့ ကယားပြည်နယ် ဒီမော့ဆိုးက ကျေးရွာတွေကို အလည်အပတ်ခရီးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာတော့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အဲဒီနေရာတွေကို ခရီးသွားဖို့က မဖြစ်နိုင်တော့ပါဘူး။ ဒါက ဒုတိယလှိုင်း ရိုက်ခတ်မှုကြောင့် ဖြစ်ပါတယ်။
ဒီလိုပဲ မြန်မာနိုင်ငံမှာ ရှေးအကျဆုံးနဲ့ အလှပဆုံးကမ်းခြေအဖြစ်တင်စားကြတဲ့ ကမ်းခြေဟာ ရခိုင်ပြည်နယ်၊ သံတွဲမြို့က ငပလီကမ်းခြေဖြစ်ပါတယ်။ အခု ၂၀၂၄ ခုနှစ်မှာတော့ ခရီးသွားတွေအနေနဲ့ ကျော်ကြားလှတဲ့ ငပလီကမ်းခြေကို သွားရောက်လည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အကြောင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က သံတွဲမြို့ကို သိမ်းပိုက်ထားလို့ပါ။ ဒီတော့ နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ ငပလီဆီ အလည်အပတ်ခရီးသွားဖို့ မဖြစ်နိုင်တော့ပါဘူး။
နောက်တစ်ခုက ယူနက်စကိုစာရင်းဝင် ကမ္ဘောဒီးယားက နာမည်ကျော် အန်ကောဝပ်မှာ ခရီးသွားတွေ ၂၀၂၄ ခုနှစ်မှာ ကြက်ပျံမကျ စည်းကားနေချိန် အန်ကောဝပ်လိုပဲ ကမ္ဘာမှာထင်ရှားတဲ့ ပုဂံမှာတော့ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားတွေ မရှိတော့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက အားထားရတဲ့ ပုဂံ ခရီးသွားလုပ်ငန်းဟာ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေပါပြီ။ ပုဂံဒေသခံ မြင်းလှည်းသမားတွေ၊ ပန်းချီ၊ ပန်းပုရောင်းသူတွေ၊ ယွန်းထည်လုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေ၊ စားသောက်ဆိုင်လုပ်ငန်းတွေ၊ လက်မှုပညာလုပ်ငန်းတွေ ဒါတွေအားလုံးနီးပါးဟာ ပြည်ပခရီးသွားတွေကို စောင့်မျှော်လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ အခုလို ပြည်ပခရီးသည် မဝင်ရောက်တဲ့အချိန်မှာ ဒီလုပ်ငန်းတွေအတွက် အကျပ်တွေ့ကုန်ပါတယ်။ ဒါတွေကတော့ နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့လို့ အခုလိုမျိုး အခြေအနေတွေ ဆိုက်ရောက်ကုန်တာဖြစ်ပါတယ်။ ဒုတိယလှိုင်း ရိုက်ခတ်မှုလို့ ပြောရပါမယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံက ဟိုတယ်လုပ်ငန်းတွေဟာလည်း အပြီးပိတ်သိမ်းသွားတာကို အများအပြားတွေ့နေရပါတယ်။ ရန်ကုန်မြို့က သက်တမ်း ၂၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ Savoy ကြယ်လေးပွင့်ဟိုတယ်ဆိုရင် အာဏာသိမ်းပြီး တစ်နှစ်အကြာမှာ ပိတ်သိမ်းသွားခဲ့ပါတယ်။ ဒီလိုပဲ ၂၀၂၃ ခုနှစ်မှာ စင်ကာပူအခြေစိုက် Keppel လုပ်ငန်းစုက ဆီဒိုးနားဟိုတယ်ကို ကန်ဒေါ်လာ ၅၇.၄ သန်းနဲ့ ရောင်းချဖို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဟိုတယ်တွေကို အလုံးလိုက်ရောင်းချဖို့ ဈေးကွက်မှာ အပြိုင်အဆိုင်ကြော်ငြာလာကြတာကိုလည်း တွေ့နေရပါတယ်။ တချိန်တုန်းက မြန်မာ့အရေး ဆွေးနွေးပွဲတွေ၊ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေကြောင့် မျက်နှာပွင့်လန်းခဲ့တဲ့ နေပြည်တော်ဟိုတယ်ဇုန်ဆိုရင်လည်း အခုတော့ တိတ်ဆိတ်ခြောက်ကပ်နေပါပြီ။ ဒါတွေက မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ ကျဆုံးခန်းကို ထင်ဟပ်နေပါတယ်။
ဒါတွေကတော့ မြန်မာ့ခရီးသွားလုပ်ငန်းကျဆုံးခန်းအတွက် အနီရောင်အချက်ပြမီး လင်းလာတာလို့ပဲ ပြောရမှာဖြစ်ပါတယ်။
ကိန်းဂဏန်းများ
တကယ်တော့ စစ်ကောင်စီလက်ထက်မှာ ကိန်းဂဏန်းတွေ၊ ဒေတာတွေ ရဖို့ဆိုတာက မလွယ်ပါဘူး။ အရင်ကတော့ ဒီလိုအချက်အလက်တွေကို လွတ်လွတ်လပ်လပ်ရယူနိုင်ပါတယ်။ ပြီးတော့ အခုရရှိတဲ့ အချက်အလက်တွေကလည်း ယေဘုယျဆန်လွန်းနေတာတော့ရှိပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ မြန်မာစစ်ကောင်စီဘက်က ဟိုတယ်ခရီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်မျိုးအောင် တင်ပြခဲ့တဲ့ အချက်အလက်တချို့ရှိပါတယ်။
အဲဒါကတော့ အာဏာသိမ်းတဲ့ ၂၀၂၁ မှာ နိုင်ငံခြားခရီးသွား ၁.၃ သိန်းဝင်ရောက်ခဲ့ပြီး ၂၀၂၂ မှာကျ နိုင်ငံခြားခရီးသွား ၁.၂ သန်းအထိ ပြန်တက်လာတယ်လို့ အဲဒီစာရင်းကဆိုပါတယ်။ ဒါက ၁၀ ဆနီးပါး ပြန်တက်လာတယ်ဆိုတဲ့ သဘောပါ။ နောက်တစ်ချက်ကတော့ အဲဒီစာရင်းအရ ၂၀၁၇ ကနေ ၂၀၂၃ အထိ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံသားတွေက တတိယအများဆုံးလာခဲ့ကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ရောက်လာတဲ့ ဂျပန်နိုင်ငံသားတွေဆိုတာ လည်ဖို့ပတ်ဖို့ထက် အလုပ်သဘောအရ၊ စီးပွားရေးအရ လာရောက်ခဲ့ကြသူတွေဖြစ်တယ်လို့ ဟိုတယ်/ခရီး လုပ်ငန်းအသိုင်းအဝိုင်းက ယူဆကြပါတယ်။ ဒါကြောင့် သူတို့က စီးပွားရေးကိစ္စပြီးလို့ အားလပ်ပြီဆိုရင်လည်း ရန်ကုန်လောက်မှာတင် လည်ပတ်ပြီး ပြန်ကြတာလို့ ဆိုကြပါတယ်။
အနှစ်ချုပ်ကတော့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ ကိန်းဂဏန်းအရ ကြည့်ရင်လည်း အားရစရာမရှိပြန်ဘူး ဖြစ်နေပါတယ်။
လက်ရှိပစ္စက္ခ မြန်မာ့ခရီးသွားလုပ်ငန်း
လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ မြန်မာ့ခရီးသွားလုပ်ငန်းမြှင်တင့်ဖို့ တရုတ်နဲ့ ရုရှား ခရီးသွားဧည့်သည်တွေကို မျှော်ကိုးပြီးလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ခရီးသွားဖို့အတွက် မလုံခြုံတဲ့ နိုင်ငံအဖြစ် သတ်မှတ်လိုက်တဲ့အခါ စစ်ကောင်စီအတွက် ရွေးချယ်စရာက တရုတ်နဲ့ ရုရှားခရီးသွားတွေပဲ ကျန်ရစ်ပါတော့တယ်။
ပြီးခဲ့တဲ့လပိုင်းကပဲ တရုတ်နဲ့ရုရှားခရီးသည်တွေနဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြတာတွေကို တွေ့ခဲ့ရပါတယ်။ လေဆိပ်တွေမှာ တရုတ်ခရီးသွားတွေကို ကြိုဆိုတာမျိုး၊ မြန်မာနိုင်ငံထဲက လည်ပတ်လို့ကောင်းမဲ့နေရာတွေကို လိုက်လံပြသတာမျိုးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါပေမဲ့ တရုတ်ခရီးသွားတွေဟာ ငွေသိပ်မသုံးကြပါဘူး။ အရင်တုန်းကဆို သူတို့က ဇီးရိုးဘတ်ဂျက်နဲ့တောင် မြန်မာနိုင်ငံထဲ လာရောက်လည်ပတ်ကြတာဖြစ်ပါတယ်။ ပြောရရင် တရုတ်အေးဂျင့်နဲ့လာ၊ စားသောက် နေထိုင်တာကအစ တရုတ်ယွမ်နဲ့ရှင်း၊ ကျောက်စိမ်း၊ကျောက်မျက်ကို တရုတ်ယွမ်နဲ့ တရုတ်လူမျိုးတွေဆီကဝယ် ဒီလိုပုံစံနဲ့ ငွေကိုင်မသုံးဘဲ ယွမ်ငွေကို ဒီဂျစ်တယ်ငွေပေးချေမှုစနစ်နဲ့ သွားခဲ့ကြတာပါ။ ဒါကြောင့် တရုတ်ခရီးသွားတွေ လာခဲ့ပေမဲ့ နိုင်ငံအနေနဲ့ရော ခရီးသွားလုပ်ငန်းကို အားပြုနေရတဲ့ ဒေသတွေအတွက်ရော အကျိုးမဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ခရီးသွားလုပ်ငန်းကတော့ သတိထားစရာဖြစ်လာပါတယ်။
ရုရှားခရီးသွားတွေကျတော့လည်း တစ်မျိုးဖြစ်ပါတယ်။ သူတို့က အာရှဘက်ကို စိတ်ဝင်စားမှုနည်းပါတယ်။ ဒါက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ရုရှား-မြန်မာ နိုင်ငံ့ခေါင်းဆောင်တွေ ထိပ်ပိုင်းဆက်ဆံရေးတွေရှိနေပေမဲ့လည်း နှစ်နိုင်ငံ ပြည်သူချင်းထိတွေ့ဆက်ဆံမှုက နည်းပါးပါတယ်။ ဒါကြောင့်လည်း ရုရှားခရီးသွားတွေက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ဆိုတာ အလားအလာနည်းပါတယ်။ အထူးသဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းကြီး ဦးမော့လာအောင် ရုရှားခရီးသွားတွေက တစ်ထောင့်တစ်နေရာက ပါဝင်လာမယ်ဆိုတာမျိုးကတော့ မျှော်မှန်းလို့မရတဲ့ အနေအထားပဲဖြစ်ပါတယ်။
ဒီတော့ မြန်မာနိုင်ငံရဲ့ လက်ရှိပစ္စက္ခအနေအထားမှာ ပြည်ပခရီးသွားတွေကို မျှော်လင့်လို့မရဘူးဆိုတာ ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်းကလည်း သိကြသလို ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေကြရတဲ့ ရပ်ရွာအခြေပြုလုပ်ငန်းတွေကလည်း သိကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်း အသက်ဆက်ဖို့အတွက် ပြည်တွင်းခရီးသွား Inbound tour တွေကို အားပြုနေရဦးမှာပါ။ မကြာခင်မှာပဲ ပွင့်လင်းရာသီကို ရောက်လာပြီဖြစ်လို့ ဒီအချက်အလက်တွေ ဘယ်လောက်မှန်ကန်မှုရှိလဲဆိုတာ ပြန်လည်ဆင်ခြင်နိုင်ကြပါလိမ့်မယ်။
ဒီလိုအခြေအနေဟာ ဘယ်အထိဆက်သွားမလဲဆိုရင် နိုင်ငံရေးတည်ငြိမ်မှုဖြစ်လာမဲ့အချိန်အထိလို့ပဲ ဆိုရပါမယ်။ နိုင်ငံရေးလည်း တည်ငြိမ်မယ်။ မြန်မာ့ပုံရိပ်ကိုလည်း နိုင်ငံတကာမှာ ပြန်မြှင့်တင်နိုင်မယ်။ အခြေခံအဆောက်အဦတွေ ပိုကောင်းလာမယ်။ ခရီးသွားတွေကို စိတ်ဝင်စားအောင် နည်းမျိုးစုံနဲ့ဆွဲဆောင်နိုင်မယ်ဆိုရင်ဖြင့် မြန်မာခရီးသွားလုပ်ငန်းဟာ ပြန်လည်ဦးမော့လာမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်ဖြင့်….။
ဟန်သစ်အိမ် (Y3A)
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media