အမေရိကန်ကို သွားမယ်ဆိုရင် အင်းလေးက ခရမ်းချဉ်သီး လက်ဆောင်သယ်သွားလို့မရပါဘူး။ လေဆိပ်မှာ ခရမ်းချဉ်သီးကို တွေ့တာနဲ့ အမေရိကန်နိုင်ငံ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး ( U.S. Customs and Border Protection-CBP ) ရဲ့ စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်နဲ့ တွေ့ရပါလိမ့်မယ်။ ခရမ်းချဉ်သီးဆိုပေမဲ့ သူ့ဆီက yes ဆိုတဲ့ ခွင့်ပြုချက်မရရင် သယ်ဆောင်ခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်ပသီးနှံမျိုးစေ့၊ မျိုးစိတ်များက အမေရိကန်မှာ အထူးတားမြစ်ထားတဲ့အရာတွေ ဖြစ်နေလို့ပါ။
အမေရိကန်မှ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ မျိုးစေ့နဲ့ ပြင်ပအသီးအနှံ သယ်ဆောင်ခွင့်ကို တားမြစ်ထားပါတယ်။
ဘာကြောင့်တားမြစ်ရသလဲဆိုတော့ သူတို့နိုင်ငံပြင်ပကနေပါလာမယ့် ပိုးမွှားနဲ့ရောဂါတွေကို ကာကွယ်ဖို့၊ ကျူးကျော်မျိုးစိတ်တွေကို ထိန်းချုပ်ဖို့၊ အစားအသောက်လုံခြုံစေဖို့စတဲ့ အကြောင်းပြချက်တွေကြောင့်ပါ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ကြက်ဟင်းခါးသီးတွေ မခါးတော့တာ၊ မြစ်သားလို့ခေါ်တဲ့ ကြက်သွန်ဥတွေနေရာမှာ လက်တစ်ဝါးစာလောက်ရှိတဲ့ ကြက်သွန်ဥကြီးတွေ အစားထိုးဝင်လာတာ၊ မစပ်ဘဲ ပူနေတဲ့ ငရုပ်သီးတွေ စားနေရတာ၊ မြန်မာသစ်တော်သီးအညိုရောင်အလုံးကြီးကြီးတွေအစား ပန်းသစ်တော်တွေပဲ တွေ့လာရတာ၊ ဖရဲသီးတွေက မချိုဘဲ ရဲနေတာ၊ မြန်မာ့ကန်စွန်းရိုးနီတွေနေရာမှာ တရုတ်ကန်စွန်း၊ ထိုင်ဝမ်ကန်စွန်းတွေ ဖြစ်လာတာတွေကို တွေ့မှာပါ။
ဒီအသီးအရွက်တွေကို ကြည့်ပြီး ဒါဟာ တစ်နေရာရာမှာတော့ အကြီးကြီး လွဲမှားနေပြီလို့ စဉ်းစားကြည့်ဖူးပါသလား။ ဒီလို အတွေးမျိုးရှိတယ်ဆိုရင် ဒါဟာ လွန်ကဲသံသယစိတ်မဟုတ်ပါဘူး။ မှန်ကန်တဲ့ သတိရှိမှုလို့ ဆိုပါရစေ။
မျိုးစေ့မမှန် ပင်မသန်
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအခြေပြုနိုင်ငံ ဖြစ်လို့ စပါး၊ပြောင်း က စပြီး ငရုပ်သီးအဆုံး စိုက်ပျိုးလို့ရပါတယ်။ ထွက်ကုန်သီးနှံတွေကို ပြည်တွင်းမှာ ပြန်လည်စားသုံးသလို ပြည်ပပို့ကုန်အဖြစ်လည်း ပို့ပါတယ်။ ဒါတွေကိုကြည့်ပြီး မြန်မာနိုင်ငံမှာ စုံလင်ကွဲပြားတဲ့မျိုးစေ့တွေ ပေါများမယ်လို့မထင်လိုက်ပါနဲ့။ မြန်မာနိုင်ငံဟာ စိုက်ပျိုးနေတဲ့ သီးနှံအများစုအတွက်မျိုးစေ့တွေကို ပြည်ပကနေ တင်သွင်းနေရတာပါ။ အထူးသဖြင့် ထိုင်း၊ တရုတ် နဲ့ အိန္ဒိယက မျိုးစေ့တွေဟာ မြန်မာနိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်ရောက်နေပါတယ်။ ပြည်ပကဝင်လာတဲ့မျိုးစေ့တွေဟာ ပြည်တွင်းမှာ မျိုးစေ့ပြန်ပွားပြီး စိုက်ပျိုးလို့ရတာလည်းရှိသလို စိုက်ပျိုးလို့မရတာတွေလည်း ရှိပါတယ်။ အများစုကတော့ ပြန်လည်မျိုးပွားလို့မရတော့တဲ့ F1 အဆင့် မျိုးစေ့တွေကိုပဲ တင်သွင်းရောင်းချတာ များပါတယ်။
F1 အဆင့် မျိုးစေ့တွေဟာ မျိုးစေ့ပြန်ယူပြီး မျိုးပွားလို့မရပါဘူး။ ပြန်စိုက်လို့မရပါဘူး။ ဒါကြောင့် ဒီတစ်နှစ်စိုက်ပြီးတာနဲ့ နောက်တစ်နှစ်အတွက် မျိုးစေ့ပြန်ဝယ်ရပြန်ပါတယ်။ ဒါဟာ မြန်မာ့စိုက်ပျိုးရေး အတွက် ပြဿနာကြီးတစ်ရပ်ပါပဲ။
မျိုးစေ့ဟာ ဒီလောက်အထိအရေးကြီးပါတယ်။ ဒါကြောင့်လည်း မျိုးစေ့မမှန် ပင်မသန်လို့ မြန်မာဆိုရိုးတောင်ရှိခဲ့တာပါ။ ဒီတော့ အရေးကြီးတဲ့ မျိုးစေ့အကြောင်း နည်းနည်းစေ့ငုကြည့်လိုက်ရအောင်ပါ။
မျိုးစေ့ဆိုတာ ဘာလဲ
မျိုးစေ့ဆိုတာ စိုက်ပျိုးရန်ရည်ရွယ်ထုတ်လုပ်၍ မျိုးစေ့အဆင့်အလိုက် သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် သီးနှံ၏မူလမျိုးရိုးဗီဇနှင့် ရုပ်သွင်များ၊ ထပ်တူထပ်မျှ ရရှိအောင် စနစ်တကျထိန်းသိမ်းထုတ်လုပ်ရရှိသော မျိုးစေ့ကို ဆိုလိုပါသည် လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။
မျိုးစေ့အဆင့်တွေဟာ အခြေခံအားဖြင့် သုံးဆင့် ရှိပါတယ်။
၁။Open Pollinated Seed ( လွတ်လပ်တဲ့ဝတ်မှုန်ကူးမျိုးပွားစေ့)၊ ၂။ Heirloom Seeds ( အမွေအနှစ်မျိုးစေ့ )၊ ၃။ F1 Hybrid ( စပ်မျိုး) ဆိုပြီး သုံးမျိုးခွဲလို့ရပါတယ်။
အမှတ်စဉ် ၁ နဲ့ ၂ ကတော့ ဒေသမျိုးရင်းတွေကို ဆိုလိုပါတယ်။ တနည်းအားဖြင့် မိဘမျိုးစေ့တွေပါ။ သဘာဝနည်းနဲ့ ဝတ်မှုန်ကူးပြီး မျိုးအောင်တယ်။ အစေ့ဖြစ်လာတယ်။ အဲဒီအစေ့ကို ပြန်စိုက်လို့ရတယ်။ စိုက်ပျိုးရေးနည်းနဲ့လည်း မျိုးစေ့ကို ထိန်းသိမ်းထားပြီး မျိုးဆက်အလိုက် လက်ဆင့်ကမ်းသယ်ဆောင်လို့ ရတယ်။ အမှတ်စဉ် ၃ ကတော့ စပ်မျိုးတွေပါ။ နောက်တစ်နည်း ခေါ်ရရင် ပြည်ပမျိုးစေ့တွေပါ။
ဒါပေမဲ့ မြင်သာအောင် ခွဲပြောလိုက်ရင်တော့ မျိုးစေ့မှာ ဒေသမျိုးရင်းနဲ့ စပ်မျိုးဆိုပြီး နှစ်ပိုင်းခွဲပြောလို့ ရပါတယ်။ ဒီတော့ ဒေသမျိုးရင်းနဲ့ စပ်မျိုးတွေအကြောင်း ကြည့်လိုက်ရအောင်ပါ။
ဒေသမျိုးရင်း
ဒေသရင်း မျိုးစေ့ဆိုတာ ဒေသရဲ့ ပထဝီအနေအထား၊ ရာသီဥတုအနေအထား၊ မြေအနေအထား ဒါတွေအားလုံး ကိုက်ညီမှုရှိအောင် သဘာဝကပေးထားတဲ့ လက်ဆောင်တစ်ခုပါ။ ရာသီဥတုဒဏ်ခံနိုင်တယ်။ ပြန်လည် မျိုးပွားနိုင်တာကြောင့် သားစဉ်မြေးဆက်အလိုက် လက်ဆင့်ကမ်းပြီး သယ်ဆောင်သွားလို့ရတယ်။
ပိုးမွှားကျရောက်မှုဟာ ဒေသရင်းမျိုးစေ့တွေပေါ်မှာ တွေ့ရနည်းပါတယ်။ ဒေသရင်းမျိုးစေ့တွေဟာ ပိုးမွှားကျရောက်မှုကို ပြန်လည်တွန်းထုတ်နိုင်တဲ့ သသာဝမျိုးစိတ်တွေ ဖြစ်လို့ပါ။ ဓာတ်မြေဩဇာ စားသုံးမှုလည်း နည်းပါတယ်။ တချို့ဒေသရင်းမျိုးစေ့တွေဟာ အာဟာရဓာတ်ပိုကြွယ်ဝပြီး ဆေးဖက်ဝင်တဲ့ အားသာချက်တွေတောင် ရှိပါတယ်။
ဒေသရင်းမျိုးစေ့တွေဟာ ဒေသရဲ့ဇီဝစက်ဝန်းကိုပါ ထိန်းသိမ်းပေးသူတွေပါ။ ဒေသရင်းမျိုးစေ့တွေအပေါ် မှီတည်နေတဲ့ အင်းဆက်လို၊ ကျေးငှက်တိရိစ္ဆာန်လို သက်ရှိစက်ဝန်းတွေ ရှိနေပါတယ်။ ဒါကြောင့် ဒေသရင်းမျိုးစေ့ပျောက်ဆုံးရင် အဲဒီဒေသရဲ့ မျိုးစေ့ဆိုင်ရာဇီဝဂေဟ အမျိုးစုံလင်မှုကို လျော့ကျစေနိုင်ပါတယ်။
မျိုးပွားနိုင်စွမ်းရှိတာကြောင့်လည်း မျိုးဆက်အလိုက် လက်ဆင့်ကမ်းသယ်သွားနိုင်ပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုကို အာမခံချက် ပေးနိုင်ပါတယ်။ ဒေသမျိုးရင်း မျိုးစေ့ကို စိုက်ပျိုးခြင်းဟာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တစ်ခုပါ။
ဒါပေမဲ့အခုတော့ ဒေသရင်းမျိုးစိတ်တွေဟာ ပျောက်ကွယ်မဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
အင်းလေးမှာ ဒေသမျိုးရင်းခရမ်းချဉ်တွေ ပျောက်လုနီးဖြစ်နေပါပြီ။ ကချင်မှာလည်း တရုတ်ဘက်ကဝင်လာတဲ့ စပ်မျိုးစေ့တွေက ဒေသမျိုးရင်းတွေကို ဝါးမြိုလာပါပြီ။ မြစ်ဝကျွန်းပေါ်က ငရုတ်စိုက်တောင်သူတွေလည်း အိန္ဒိယငရုတ်ပဲ စိုက်ကြပါတော့တယ်။ ရခိုင်မှာ ဒေသမျိုးရင်း မြေပဲတွေစိုက်ချင်ရင်တောင် ဘယ်ကရှာရမှန်းမသိ ဖြစ်နေပါပြီ။
အခုတော့ ဒေသရင်းမျိုးစေ့တွေ ပျောက်ကွယ်လာတာကို ဒီအတိုင်းကြည့်နေရတဲ့ အဖြစ်ကို ရောက်လာပါပြီ။
စပ်မျိုးနှင့် သူ၏ဒုက္ခ
အခုလက်ရှိ မြန်မာပြည်က တောင်သူတွေရော ၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူတွေရော အလွယ်တကူ ဝယ်ယူနေကြတဲ့ မျိုးစေ့အထုတ်လေးတွေထဲက မျိုးစေ့တွေဟာ စပ်မျိုးတွေ ဖြစ်ပါတယ်။ အပင်သန်တယ်။ အထွက်ကောင်းတယ်၊ ငွေပေါ်မြန်တယ်ဆိုပြီး လူကြိုက်များပါတယ်။ ဒါပေမဲ့ သူက ပြည်တွင်းမှာ မျိုးပြန်ယူပြီး စိုက်ပျိုးလို့မရပါဘူး။ စိုက်မယ်ဆိုရင် မျိုးမငြိမ်တာ၊ အပင်အရည်အသွေးကျတာတွေ ဖြစ်လာပါတယ်။
အခုဆိုရင် ပြည်ပကဝင်လာတဲ့ စပ်မျိုးစေ့တွေကြောင့် ဒေသရင်းမျိုးစေ့တွေ ပျောက်ဆုံးလာပြီ ဖြစ်လို့ ဒါဟာ စိုးရိမ်ရတဲ့အခြေအနေပါ ဆိုတာကို တောင်သူတွေရော၊ စိုက်ပျိုးရေးပညာရှင်တွေရော ပြောဆိုလာကြပါပြီ။
မြန်မာ့တောင်သူတွေအနေနဲ့ စပ်မျိုးစေ့တွေအပေါ်မှာပဲ မှီခိုနေရခြင်းဟာ ဘယ်လိုပြဿနာတွေများ ဖြစ်ပေါ်လာနိုင်ပါသလဲ။
တကယ်တော့ မြန်မာပြည်မှာ ငရုတ်၊ ပြောင်း ဒီလိုသီးနှံတွေအတွက် မျိုးစေ့ကို ပြည်ပကနေ တင်သွင်းနေရတာပါ။ အဲဒီလိုပြည်ပက တင်သွင်းတဲ့ မျိုးစေ့တွေဟာ စပ်မျိုးတွေဖြစ်ပါတယ်။
စပ်မျိုးစေ့တွေဟာ ပြန်လည်မျိုးပွားယူလို့မရတာကြောင့် တစ်နှစ်စိုက်ပျိုးလို့ပြီးတာနဲ့ ပြီးသွာပါပြိ။ ဒါ့ကြောင့် တစ်နှစ်တစ်ခါ ပြည်ပကနေ မျိုးစေ့ဝယ်ရပါတယ်။ ဒီတော့ မျိုးစေ့အတွက် နှစ်တိုင်း ငွေကုန်ပါတယ်။ တစ်ခါ အဲဒီမျိုးစေ့တွေက ပြည်ပက တင်သွင်းရတာဖြစ်လို့ သူတို့ဆီက ဈေးကြီးရင်၊ ဒါမှမဟုတ် တင်သွင်းတဲ့ကုမ္ပဏီကြီးတွေက အမြတ်များများတင်ထားရင် တောင်သူတွေအတွက် ပိုပြီးနစ်နာရပါတယ်။ အခုဆိုရင်ပဲ မျိုးစေ့လုံလုံလောက်လောက် မရတဲ့ ပြဿနာနဲ့ မျိုးစေ့ ဈေးနှုန်းကြီးမြင့်လာမှုတွေကို တောင်သူတွေ ရင်ဆိုင်နေရပါပြီ။ ဒါတင် မကသေးပါဘူး။
ပြည်ပကနေဝင်လာတဲ့ စပ်မျိုးစေ့တွေဟာ ဘယ်ဒေသ၊ ဘယ်မြေအမျိုးအစားအတွက် သင့်လျော်တယ်ဆိုတာမျိုး အညွှန်း (Specification) ဒါမှမဟုတ် အချက်အလက် အပြည့်အစုံ မပေးကြပါဘူး။ တကယ်တော့ မျိုးစေ့ဆိုတာ ဒေသနဲ့ ကိုက်ညီမှုရှိဖို့ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် မြေအမျိုးအစား၊ ဒေသအမျိုးအစား အညွှန်းတွေ မဖော်ပြထားတဲ့ မျိုးစေ့တွေဟာ တောင်သူတွေဆီရောက်တဲ့အခါ ရာသီဥတု၊ ပထဝီမြေအနေအထား ကိုက်ညီမှု မရှိတာတွေ ဖြစ်လာပါတယ်။ အထွက်နှုန်းကျတာ၊ သီးနှံမအောင်တာ၊ ပိုးမွှားကျရောက်မှုများတာတွေနဲ့ ရင်ဆိုင်လာရပါတယ်။
ဒီတော့ ပိုးသတ်ဖို့နဲ့ အထွက်နှုန်းတိုးဖို့အတွက် ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာတွေကို သုံးရပါတယ်။ စိုက်ပျိုးစရိတ်မှာ ငွေကုန်ကြေးကျပိုများလာပါတယ်။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲရတဲ့အခါ မြေဆီလွှာပျက်စီးမှုဆိုတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ ဖြစ်လာပါတယ်။
ဒါတွေထက်ပိုဆိုးပြီး ထိခိုက်မှုလည်းကြီးတဲ့ အကြောင်းရင်းတစ်ခုရှိနေပါသေးတယ်။
အဲဒါကတော့ သီးနှံစိုက်ပျိုးတဲ့နေရာမှာ ဈေးနှုန်းမြင့်မြင့်ရပြီး၊ ဝယ်လိုအားများတဲ့ ငွေပေါ်သီးနှံစိုက်ပျိုးမှုဘက်ကို ရွေ့လျားလာတာက မူလလက်ရင်းစိုက်ပျိုးခဲ့တဲ့ သီးနှံအမျိုးအစားတွေကို သွေဖယ်လိုက်သလို ဖြစ်လာပါတယ်။ ဈေးကွက်ရှိနေတဲ့ စပ်မျိုးစေ့တွေကြောင့် မိရိုးဖလာမျိုးစေ့ခံယူနည်းနဲ့ စိုက်ပျိုးလာတဲ့ ဒေသရင်းမျိုးစေ့တွေ ပျောက်ကွယ်သလောက်ဖြစ်လာပါတယ်။
ဒီအတွက်တော့ တောင်သူကိုချည်း အပြစ်ပြောလို့မရပြန်ပါဘူး။ လက်တွေ့အားဖြင့် ဘယ်တောင်သူမဆို ဈေးကွက်ဝင်သီးနှံကိုပဲ စိုက်ပျိုးချင်ကြတာဖြစ်သလို ကုန်သည်တွေကလည်း ဈေးကွက်ဝင် အသီးအနှံကိုပဲ ဝယ်ယူကြတာပါ။
ဒါ့ကြောင့် မြန်မာပြည်တွင်းမှာပဲ ဈေးကွက်ဝင်မျိုးစေ့တွေကို ထုတ်ဖော်သုတေသနပြုဖို့ လိုအပ်နေပါတယ်။ ဒီတော့ နိုင်ငံတော်က ဘဏ္ဍာရေး၊ ပညာရှင်တွေအားနဲ့ပံ့ပိုးရမဲ့အပိုင်းကို ရောက်လာပါတော့တယ်။
နိုင်ငံတော်တာဝန်ဟူသည်
ဒီတော့ တောင်သူတွေလည်း စိုက်ပျိုးမှုတွေအဆင်ပြေ၊ ဒေသမျိုးရင်းတွေလည်းကာကွယ်ပြီးသားဖြစ်အောင် အများဆုံးလုပ်နိုင်တာကတော့ နိုင်ငံတော်အပိုင်းကပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မျိုးစေ့ထိန်းသိမ်းဖို့ နဲ့ မျိုးစေ့ထုတ်လုပ်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာ မျိုးစေ့ဌာနခွဲ ကို ၁၉၉၀ မှာ စပြီး ဖွဲ့စည်းခဲ့ပါတယ်။ အရပ်သားအစိုးရ အမည်ခံလာတဲ့ ၂၀၁၁ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မျိုးစေ့ဥပဒေကို တရားဝင်ပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေကို ၂၀၁၅ မှာ တစ်ကြိမ်၊ ၂၀၁၆ မှာ တစ်ကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
မျိုးစေ့ဌာနခွဲအနေနဲ့ မျိုးစေ့ထုတ်လုပ်မှုမှာ စပါးမျိုးကိုပဲ ဦးစားပေးထုတ်တာကို တွေ့ပါတယ်။ စပါးပြီးရင် ဒေသထွက်မျိုးစေ့တွေဖြစ်တဲ့ နှမ်း၊ ကြံ၊ ပဲကတ္တီပါ၊ ပဲတီစိမ်း စတဲ့ မျိုးစေ့တွေကို ထုတ်တာ တွေ့ပါတယ်။ ကျန်တဲ့ သီးနှံမျိုးစေ့တွေနဲ့ပတ်သက်ပြီး မျိုးစေ့ထုတ်တာမျိုး၊ ထိန်းသိမ်းတာမျိုး မတွေ့ရပါဘူး။ တကယ်တော့ ဈေးကွက်အားမကြီးတဲ့ ဒေသရင်းမျိုးစိတ်တွေကလည်း ထိန်းသိမ်းပေးဖို့ ထိုက်တန်ကြတာချည်းပါပဲ။ စုံလင်ကွဲပြားတဲ့ မျိုးစေ့တွေဟာ စုံလင်ကွဲပြားတဲ့ ဇီဝပတ်ဝန်းကျင်ကို ဖန်တီးပေးနေကြသူတွေပါ။ ဒါကတော့ သဘာဝပတ်ဝန်းကျင်ရှုထောင့်က ကြည့်တာဖြစ်ပြီး ဈေးကွက်ရှု့ထောင်က ကြည့်ရင်တော့လည်း တစ်မျိုးဖြစ်နိုင်ပါတယ်။
မျိုစေ့တွေကို နိုင်ငံတော်ပိုင်းကချည်း ထုတ်လုပ်နေတာတော့လည်း မဟုတ်ပြန်ပါဘူး။ ပုဂ္ဂလိက အနေနဲ့ လုပ်တာလည်း ရှိပါသေးတယ်။
အစိုးရမဟုတ်ဘဲ ဒေသရင်းမျိုးစေ့တွေကို တစ်နိုင်တစ်ပိုင် ကြိုးစားထုတ်နေကြသူတွေနဲ့ ဒေသရင်းမျိုးစေ့တွေကို ဆက်လက်စိုက်ပျိုးသူ တချို့တော့ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီအရေအတွက်က ပြောပလောက်တဲ့ ပမာဏမျိုး မဟုတ်သလို အခက်အခဲတွေအများကြီးကိုလည်း ရင်ဆိုင်နေရပါတယ်။
မျိုးသန့်မျိုးစေ့ထုတ်မယ့် တောင်သူတစ်ယောက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက မနည်းပါဘူး။ မျိုးစေ့ထုတ်ယူတယ်ဆိုတာ တစ်နေရာနဲ့တစ်နေရာ မျိုးထိန်းသိမ်းပုံ မတူပါဘူး။ စိုက်တဲ့သီးနှံလည်း မတူတဲ့အတွက် မျိုးစေ့ထုတ်ယူတဲ့ နည်းလည်းမတူပါဘူး။
အကြမ်းဖျဉ်းအားဖြင့်တော့ မျိုးစေ့ထုတ်ယူဖို့အတွက် လုံလောက်တဲ့မြေအကျယ်အဝန်း ရှိရပါတယ်။ စိုက်ပျိုးဧရိယာကျဉ်းတဲ့ တောင်သူတစ်ယောက်ဟာ မျိုးစေ့ မထုတ်နိုင်ပါဘူး။ ရေသွင်းရေထုတ် ကို အထူးသတိထားရပါတယ်။ မျိုးစေ့အရည်အသွေးကို စစ်ဆေးနေဖို့အတွက် ငွေအား၊ လူအား လိုအပ်ချက် ရှိပါတယ်။ ရိတ်သိမ်းချိန် အရေးကြီးပါတယ်။ အချိန်မီ ရိတ်သိမ်းဖို့ အတွက် စက်ကိရိယာနဲ့ နည်းပညာတွေ လိုပါတယ်။
ဒါကြောင့် ကောင်းမွန်ပြည့်စုံတဲ့ မျိုးစေ့ကို ရရှိဖို့ဆိုတာ တောင်သူတွေပေါ်မှာပဲ လုံးလုံးလျားလျား တာဝန်ရှိနေတာမျိုး မဟုတ်ပါဘူး။ ဒီကိစ္စဟာ နိုင်ငံတော်ကဦးဆောင်ပြီး မျိုးစေ့ပညာရှင်တွေ၊ စိုက်ပျိုးရေးပညာရှင်တွေ၊ သုတေသနပညာရှင်တွေနဲ့အတူတူ ဓာတ်ခွဲခန်းမှာ ပူးပေါင်းလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်။
ဥပဒေပိုင်းဆိုင်ရာ စည်းနှောင်မှု
ဒေသရင်းမျိုးစေ့တွေ နောက်ထပ်ရင်ဆိုင်နေရတာကတော့ မျိုးစေ့ကုမ္ပဏီကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုပါပဲ။ မျိုးသစ်တွေနဲ့ အစားထိုးပြောင်းလဲမှ တောင်သူတွေရဲ့ဝင်ငွေတိုးတက်လာမှာ ဆိုတာမျိုး ၊ ဈေးကွက်ထိန်းချုပ်ထားတဲ့ F1 စပ်မျိုးစေ့တွေကိုမှ မစိုက်ရင် စီးပွားရေးအခက်အခဲ ဖြစ်မယ်ဆိုတာမျိုး လှုံ့ဆော်တာတွေကလည်း ဒေသရင်းမျိုးစေ့ ပျောက်ဆုံးမှုကို ခြိမ်းခြောက်နေပါတယ်။
၂၀၁၁ ခုနှစ်ထုတ် မျိုးစေ့ဥပဒေ၊ အခန်း(၁၀)၊ တားမြစ်ချက် ပုဒ်မ ( ၂၄) က ( ၂၇) အထိ မှာ“မည်သူမျှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်း မရှိသော အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း မပြုရ၊ မည်သူမျှလိုင်စင်မရှိဘဲ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။ လိုင်စင်ရရှိသူ မည်သူမျှ မျိုးစေ့အရည်အသွေး အာမခံချက်နှင့် ကိုက်ညီခြင်းမရှိသော မျိုးစေ့ကို သော်လည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးမှု ခံယူခြင်းမပြုရသေးသော မျိုးစေ့ကိုသော်လည်းကောင်းဖြန့်ဖြူးခြင်း မပြုရ။ မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းကို ဖွင့်လှစ်ခြင်းမပြုရ။’ လို့ ဖော်ပြထားပါတယ်။
ပြစ်မှုနဲ့ပြစ်ဒဏ်အနေနဲ့လည်း ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဆိုထားပါတယ်။
ဒီတော့ ကုမ္ပဏီတစ်ခုဟာ စပ်မျိုးတွေကို တရားမဝင် စီးပွားဖြစ် ထုတ်လုပ်တယ်ဆိုရင်ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ငွေတစ်သိန်းပဲ ဒဏ်ငွေဆောင်ရမယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ဒါကြောင့် ပြစ်မှုနဲ့ ပြစ်ဒဏ်ဟာ မမျှဘူးဖြစ်နေတဲ့အတွက် ဥပဒေအရလည်း လျော့တိလျော့ရဲဖြစ်နေတဲ့သဘောကို တွေ့ရမှာပါ။
ဒါပေမဲ့ လက်ရှိမှာ ပြည်ပဝင်လာတဲ့ F1 စပ်မျိုးစပ်တွေဟာ မှတ်ပုံမတင်ဘဲ မြန်မာနိုင်ငံထဲအနှံ့ ရောက်နေပါတယ်။ ဥပဒေထုတ်ပြန်ထားပေမဲ့ စည်းကြပ်မှုအားနည်းတာ၊ မျိုးစေ့သွင်းကုန်လုပ်ငန်းရှင်တွေက စည်းကမ်းလိုက်နာခြင်း မရှိတာ၊ ငွေရလွယ်တဲ့သီးနှံစိုက်ပျိုးမှုနောက်ကိုပဲ လိုက်နေရတာ တွေဟာ ဒေသရင်းမျိုးစေ့တွေကို ကိုယ့်လက်နဲ့ကိုယ် သတ်နေသလို ဖြစ်နေပါတယ်။
ဒီလို ထိန်းသိမ်းခြင်းမရှိဘဲ ဆက်လက်ပျက်စီးသွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်ဟာ စုံလင်ကွဲပြားတဲ့မျိုးစေ့တွေကို မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ပါဘူး။ မျိုးစေ့ပိုင်ဆိုင်သူတွေ ဖြစ်လာကြတော့မှာ မဟုတ်ပါဘူး။
မျိုးစေ့ကို ပိုင်ဆိုင်ခြင်းဟာ သီးနှံပိုင်ဆိုင်ခြင်းပါ။ တစ်နည်းပြောရရင် စားနပ်ရိက္ခာပိုင်ဆိုင်ခြင်းပါ။ ဒါကြောင့် မျိုးစေ့ပိုင်ဆိုင်သူ မဖြစ်တော့ရင် အနာဂတ်ဟာ အစားအစာငတ်မွတ်ခေါင်းပါးမှုဆီ ဆိုက်ရောက်သွားပါလိမ့်မယ်။
“မျိုးစေ့မမှန် ပင်မသန်” လို့ ဆိုတဲ့ မြန်မာဆိုရိုးကို မမေ့ကြစေဖို့ပါ။
နုသစ်မိုး ( Y3A )
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media