ကမ္ဘာကြီးမှာ ၁၈၃၀ စက်မှုတော်လှန်ရေး ရုပ်လုံးပေါ်လာပြီးတဲ့နောက် ဆင့်ကဲပြောင်းလဲတိုးတက်လာလိုက်တာ လေယာဉ်တွေပေါ်လာ၊ ကွန်ပျူတာတွေ ပေါ်လာပြီး နောက်ဆုံးမှာ အင်တာနက်ကြောင့် ကမ္ဘာကြီးဟာရွာကြီးတစ်ရွာလို့ ခေါ်ရလောက်တဲ့အထိ ဖြစ်လာပါတယ်။

ကမ္ဘာကြီးဟာ ရပ်တန့်မနေပါဘူး။ အခုတော့ ဉာဏ်ရည်တု နည်းပညာလို့ခေါ်ကြတဲ့ AI ခေတ်ကို ရောက်ရှိလာခဲ့ပါပြီ။ 

AI က အင်မတန်ကို အစွမ်းထက်ပါတယ်။ အကုန်လုံးမဟုတ်တောင် လူသားတစ်ယောက် လုပ်နိုင်တာတွေအတော်များများကို AI ကလုပ်နေနိုင်ပါပြီ။ နေ့စဉ်လူနေမှုဘဝထဲက သာမန်လူတစ်ယောက်အနေနဲ့ ကြည့်ရင်တောင် AI နဲ့ ဒီဇိုင်းဆွဲတာ၊ ဗီဒီယိုတွေထုတ်လုပ်တာ၊ စာတမ်းတွေပြုစုခိုင်းတာ၊ အမှတ်ခြစ်ခိုင်းတာတွေလိုမျိုးကအစ ဒီထက်အဆင့်မြင့်တဲ့ ကိစ္စရပ်တွေကိုလည်း လုပ်နိုင်လာကြပါပြီ။

AI နဲ့ လုပ်နိုင်တာတချို့ကို ဥပမာပြောရရင် Audio တွေဖန်တီးတာ၊ ကိုယ့်စီးပွားရေးလုပ်ငန်းတွေကို Track လုပ်ခိုင်းတာ၊ Avatars တွေ ဖန်တီးတာ၊ Branding တည်ဆောက်တာ၊ Sales and Marketing tools အဖြစ်သုံးတာ၊ Image တွေဖန်တီးတာ၊ ဘာသာပြန်ခိုင်းတာ၊ ထုတ်လုပ်နိုင်စွမ်းတိုးတက်အောင်လုပ်တာ၊ Code ရေးခိုင်းတာ၊ Website ရေးခိုင်းတာ၊ Video အတွက် Assests တွေ ဖန်တီးခိုင်းတာ ဒီလိုတွေ အများကြီး လုပ်နိုင်ပါတယ်။ 

ဒါ့အပြင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု အစရှိတဲ့နယ်ပယ်အသီးသီးမှာလည်း AI ကို သုံးလာနိုင်ကြပါပြီ။ 

AI ဟူသည် ပညာရပ်တစ်ခု

AI က ကဏ္ဍမျိုးစုံမှာ သုံးလို့ရတယ်ဆိုတာ ဒီအတိုင်းကြီးတော့ လွယ်လင့်တကူ သုံးလို့ရနေတာတော့ မဟုတ်ပါဘူး။ ဒီအခြေအနေကို မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် ကွန်ပျူတာပေါ်စကလို အခြေအနေမျိုးကို မြင်ယောင်ကြည့်ပါ။ ကိုယ့်ရှေ့ကို ကွန်ပျူတာကြီး လာချပေးရင်တောင် သုံးတတ်ခဲ့တာ မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာတော့ ကွန်ပျူတာဆိုတာ ဘက်စုံသုံးလို့ရတဲ့ မရှိမဖြစ် Machine တစ်ခုပါ။ အဲဒီစက်ကို သုံးတတ်ဖို့တော့ လိုပါတယ်။ AI ကလည်း ဒီလိုပါပဲ။ သူ့ကို သုံးမယ်ဆိုရင် သုံးတတ်ဖို့ လိုပါသေးတယ်။ အဲဒီလိုသုံးတတ်ဖို့ သင်ယူရတာကကို ပညာရပ်တစ်ခုဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။ 

“AI ရဲ့တိုးတက်မှုက သိပ်မြန်လွန်းနေတယ်။ အခုတောင် ကွန်ရက်ကျယ်ပြန့်မှုက မြန်ဆန်နေပြီ။ တိုးတက်မှုကလည်း မြန်ဆန်လာလိမ့်မယ်။ နည်းပညာတိုးတက်မှုက ၂၁ ရာစုထဲမှာ အမြန်ဆုံးဖြစ်လာတယ်။ ဒီတော့ ဒါကို အမီလိုက်ဖို့ ပြင်ဆင်ထားရမယ်။ ရှေ့လာမယ့် ၂ နှစ်လောက်ရောက်ရင် AI နဲ့ လုပ်ရကိုင်ရတာတွေက ပိုများလာနိုင်တယ်။ သူ့ရဲ့သဘောတရားနဲ့ အရွေ့ကို နားမလည်ရင် အဆက်ပြတ်ကျန်ခဲ့လိမ့်မယ်”လို့ သတိပေးလိုက်တဲ့သူက IT နည်းပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူ ကိုသီဟအောင် ဖြစ်ပါတယ်။ 

ကိုသီဟအောင်ပြောသလို AI ရဲ့အရွေ့က တကယ်ပဲ မြန်ဆန်လွန်းနေပါတယ်။  ဒါပေမဲ့ ဒီနေရာမှာ တွက်ဆစရာက မြန်မာနိုင်ငံကရော AI အတွက် ဘာတွေကြိုပြင်ထားလဲဆိုတာပါပဲ။ 

လက်ရှိအချိန်မှာတောင် မြန်မာနိုင်ငံမှာ လူအများစုက အင်တာနက်လို့ပြောလိုက်ရင် Facebook ကိုသာ ပြေးမြင်နေကြဆဲဖြစ်ပါတယ်။ လူငယ်တွေကတော့ TikTok နဲ့ YouTube မှာ ရှိတတ်ပါတယ်။ Website ဝင်ကြည့်တဲ့ အလေ့အထကိုတော့ အများစုက မရရှိသေးပါဘူး။ ဒီတော့ AI ရဲ့အရွေ့ထဲကို မြန်မာတွေ အမီလိုက်နိုင်ပါ့မလားဆိုတာ စိုးရိမ်စရာကောင်းပါတယ်။ 

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးထဲက AI ရေစီးကြောင်းကတော့ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေဆဲပါပဲ။ 

စူပါပါဝါနိုင်ငံတွေကြားက AI 

လက်ရှိမှာ AI ဘက်ကို အရှိန်အဟုန်နဲ့ လျှောက်လှမ်းနေတာက တရုတ် ဖြစ်ပါတယ်။ သူ့ရဲ့အနီးကပ်ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုထက် ၆ ဆကျော်သာလွန်တဲ့အထိ Chatbots လို AI တီထွင်မှုတွေကို တရုတ်က လုပ်ဆောင်ထားပါတယ်။ 

ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့အစည်း(WIPO)ကလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်ထဲမှာ Generative AI အတွက် မူပိုင်ခွင့်လျှောက်ထားမှုပေါင်း ၅၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ အသိပေးလာတာကြောင့် ဒါဟာ AI ခေတ်သစ်အတွက် ရှေ့ပြေးနမိတ်တွေဖြစ်လာပြီလို့ ပြောရတော့မှာပါ။ ဒီအရေအတွက် ထဲက လေးပုံ တစ်ပုံဟာ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာတင်ပဲ ထွက်ပေါ်လာခဲ့တာပါ။ 

တရုတ်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း Generative AI ဖန်တီးမှုပေါင်း ၃၈,၀၀၀ ကျော် ဖန်တီးတီထွင်နိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အဲ့ဒီကာလထဲမှာ Generative AI ဖန်တီးမှု ၆,၂၇၆ ခုပဲ ရှိခဲ့ပါတယ်။ ဒီတော့ ရောက်ရှိလာမယ့် AI အရွေ့ ခေတ်သစ်ကြီးထဲမှာ အမေရိကန်ပြည်ထောင်စုက တရုတ်ရဲ့နောက်ကို ရောက်ရှိသွားလေတော့မလားဆိုတာ တွေးဆစရာဖြစ်ပါတယ်။ 

“ကိုယ့်အိမ်နီးချင်း တရုတ်က AI မှာ ရှေ့ကို ပြေးနေတယ်။ ဒါက သတိပြုစရာပဲ။ တရုတ်က တန်ကြေးမြင့်တဲ့နည်းပညာကို နိုင်ငံကြီးတွေဆီပဲ ရောင်းမှာ။ ကိုယ်တွေက သူတို့တွေ ဖန်တရာတေအောင် သုံးပြီးမှပဲဖြစ်ဖြစ် ဒါမှမဟုတ် သူတို့တွေ အသုံးမလိုတော့တဲ့ဟာလောက်ကိုပဲဖြစ်ဖြစ် သုံးရလိမ့်မယ်။ တကယ်က လေ့လာသင့်ပြီ။ ပါကစ္စတန်လို နိုင်ငံမျိုးတောင် AI ကို တွင်တွင်ကျယ်ကျယ်သုံးဖို့ ပြင်နေပြီ။ ဒီတော့ ပြတ်ကျန်ခဲ့ရင် မျိုးဆက်လိုက် ပြတ်ကျန်တာမျိုး ဖြစ်သွားလိမ့်မယ်”လို့ ပြည်တွင်းက ဝါရင့် IT သမားတစ်ယောက်ဖြစ်တဲ့ ကိုသန်းလွင်ထူးက ပြောပါတယ်။ 

နည်းပညာဘီလူးကြီးတွေလည်း အပြိုင်အဆိုင်

ဒီအချိန်မှာပဲ ကမ္ဘာကျော် Tesla လုပ်ငန်းစုပိုင်ရှင်ကြီး အီလွန်မတ်ခ်က ပိုကောင်းတဲ့ AI chatbot တစ်ခုကို မိတ်ဆက်ပေးဖို့ ရှိနေပြီဆိုတဲ့အကြောင်း ထုတ်ပြောလာပါတယ်။ Grok 2 လို့ နာမည်ပေးထားတဲ့ AI chatbot ကို လာမယ့်(ဩဂုတ်လ)လရောက်ရင် မိတ်ဆက်ပေးနိုင်အောင် ကြိုးစားနေတယ်လို့ အီလွန်မတ်ခ်က အသိပေးထားပါတယ်။ 

အချက်အလက်တွေ၊ ဘာသာစကားတွေ ပြီးပြည့်စုံလွန်းလှတဲ့ Grok 2 ကို အသစ်အဆန်းတစ်ခုအဖြစ် မြင်ကြရလိမ့်မယ်လို့ အီလွန်မတ်ခ်က ညွှန်းဆိုထားပါသေးတယ်။ 

ဒီအချိန်မှာ သူ့ပြိုင်ဘက် ဇူကာဘတ်ခ်ကလည်း ဘုရားသခင်လို့ တင်စားရလောက်တဲ့အထိ ပြီးပြည့်စုံတဲ့ AI တစ်ခု ပေါင်းစည်းတီထွင်ကြဖို့ AI ကုမ္ပဏီတွေကို တိုက်တွန်းလာပါတယ်။ အဲ့ဒီ AI ကို One True AI လို့ နာမည်ပေးလိုက်ပါလို့လည်း ဇူကာဘတ်က အကြံပြုလိုက်ပါသေးတယ်။ 

သိပ်ကြာသေးခင်ကဆိုရင် ခေတ်သစ်နည်းပညာလေ့လာသူ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ရေးလ်ကတ်ဇ်ဝေးလ်က လူသားတွေဟာ နာနိုနည်းပညာအကူအညီနဲ့ အသက် ၁,၀၀၀ အထက် နေထိုင်ရဖို့ နီးစပ်သထက် နီးစပ်လာပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။ ရေးလ်ကတ်ဇ်ဝေးလ် ရည်ညွှန်းတဲ့ နာနိုနည်းပညာဆိုတာက ဇီဝနည်းပညာနဲ့ AI တို့ကို ပေါင်းစည်းထားတာပါ။ ဒီလောက်ဆိုရင် ပညာရှင်တွေဘက်က AI နဲ့ ဘယ်လောက်အထိ ခရီးသွားဖို့ ရည်မှန်းထားသလဲဆိုတာ သိသာလာပါပြီ။

AI လာပြီ

တကယ်လည်း AI က အသုံးဝင်တဲ့အတွက် နယ်ပယ်အသီးသီးထဲမှာ အစားထိုးဝင်ရောက်လာပါပြီ။

ဂျပန်နိုင်ငံမှာဆိုရင် AI နဲ့ ဝတ္ထုရေးပြီး အဖိုးတန်စာပေဆုကို ဆွတ်ခူးရယူသွားသူတောင် ထွက်ပေါ်လို့နေပါပြီ။ ဂျပန် စာရေးဆရာမ Rie Kudan ဟာ နိုင်ငံရဲ့အဖိုးတန်စာပေဆုကို AI အကူအညီနဲ့ ဝတ္ထုရေးသားပြီး ရယူခဲ့သူပါ။ The Tokyo Tower of Sympathy ဆိုတဲ့ဝတ္ထုကို စာရေးဆရာမ Rie Kudan က AI နဲ့ ရေးသားခဲ့ပြီး ဒီဝတ္ထုရဲ့ ၉၅ ရာခိုင်နှုန်းက AI ရဲ့လက်ရာ၊ ၅ ရာခိုင်နှုန်းကပဲ သူမရဲ့လက်ရာလို့ Rie Kudan က ရိုးရိုးသားသား ဖွင့်ဟဝန်ခံထားပါတယ်။ 

တရုတ်ကတော့ AI ဆေးရုံတောင် စတင်စမ်းသပ် ဖွင့်လှစ်နေပါပြီ။ AI စွမ်းအင် ထည့်သွင်းပေးထားတဲ့ စက်ရုပ်ဆရာဝန်တွေက ဆေးကုသပေးတာဖြစ်ပြီး တစ်နေ့ကို လူနာ ၃,၀၀၀ လောက်အထိ ကုပေးနိုင်တယ်ဆိုတဲ့အဖြေကိုလည်း ရရှိထားပြီးပါပြီ။ 

AI ဟာ သိပ်မကြာသေးခင်ကပဲ ကမ္ဘာကျော် ဟောလိဝုဒ်ကိုတောင် ကိုင်လှုပ်လိုက်ပါသေးတယ်။ အဲ့ဒီကိစ္စကြောင့် နာမည်ကြီးဒါရိုက်တာ ခရစ္စတိုဖာ နိုလန်တို့တောင် လူသားသရုပ်ဆောင်တွေဘက်ကနေ ရပ်တည်တုံ့ပြန်တာမျိုး လုပ်ခဲ့ကြရသေးတာပါ။ 

နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီကြီးတွေက ဖြတ်လျှောက်တစ်ယောက်ကို သရုပ်ဆောင်ကြေး တစ်ကြိမ်တစ်ခါပဲ ပေးပြီး ရုပ်ပုံကို AI နဲ့ အကြိမ်ကြိမ်အခါခါ ပြန်သုံးတာတို့၊ သန်းနဲ့ချီပြီး လူအမြောက်အမြားသုံးရေးကြရတဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို AI နဲ့ ရေးသားတာ လုပ်မယ်ဆိုတာတို့ ဖြစ်လာခဲ့လို့ ဟောလိဝုဒ်တခွင်မှာ ဂယက်ထသွားခဲ့ပါသေးတယ်။ 

လက်ရှိမှာ ကမ္ဘာတစ်ဝန်းအနေနဲ့ တွက်ချက်လိုက်ရင် Generative AI ကွန်ရက်လွှမ်းခြုံနိုင်စွမ်းက ၅၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။

ဒါပေမဲ့ ရှေ့လာမယ့် နှစ်အနည်းငယ်အတွင်းမှာ Generative AI ရဲ့ကွန်ရက်လွှမ်းခြုံနိုင်စွမ်းက အခုထက်ပိုပြီး မြင့်တက်လာတော့မှာပါ။ လုပ်ငန်းရှင်တွေအနေနဲ့လည်း AI ကိုစမ်းသပ်အသုံးပြုနေကြပါပြီ။ လူသားတွေရဲ့နေရာမှာ AI ကို အစားထိုးကြည့်တာမျိုးတွေ လုပ်ဆောင်နေတာကြောင့် ရလဒ်ိပုင်းဆိုင်ရာ ကောင်းမွန်ခဲ့ရင် လုပ်ငန်းခွင်တွေထဲဆီ စက်ရုံလုပ်သားတွေနဲ့အတူ AI က တဖြည်းဖြည်းချင်း နေရာယူ စီးဝင်လာတော့မှာပါ။ 

ဒီတော့ AI ဟာ ဘယ်အနေအထား၊ ဘယ်လိုနေရာအထိ တက်လှမ်းရောက်ရှိနေပြီဆိုတာကို လွယ်လွယ်ကူကူနဲ့ သဘောပေါက်နိုင်လောက်ပါပြီ။

ဒါဆိုရင် ဒီနေရာမှာ မေးစရာမေးခွန်းတစ်ခု ရှိလာပါပြီ။ အဲ့ဒါကတော့ AI ဟာ လူသားကို အနိုင်ယူ လွှမ်းမိုးသွားလေမလား ဒါမှမဟုတ် လူသားကပဲ AI ကို ထိန်းချုပ်ပြီး စနစ်တကျ အသုံးချသွားလေမလား၊ AI ကြောင့် လူသားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးကုန်မလားဆိုတာပါပဲ။ 

ဒီမေးခွန်းကတော့ ကမ္ဘာလုံးဆိုင်ရာမေးခွန်းဖြစ်လာပါတယ်။ AI ရှေ့ဆောင် နည်းပညာဘီလူးကြီးတွေကိုယ်တိုင်တောင် အမြင်အမျိုးမျိုး၊ အဖြေအမျိုးမျိုးရှိနေတာဖြစ်လို့ အပ်ချမတ်ချပြောဖို့က ခက်နေပါသေးတယ်။

ပြည်တွင်းက ဝါရင့် IT သမားတစ်ယောက်ဖြစ်တဲ့ ကိုသန်းလွင်ထူးကတော့ “ဒါကြီးကြောင့် လူသားတွေ အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ အရည်အချင်းရှိတဲ့လူတွေကို ဆန်ခါတင် စစ်ထုတ်ပေးတာမျိုး ဖြစ်လာလိမ့်မယ်။ ဖောက်ထွက်တွေးခေါ်နိုင်သူတွေ ရှေ့ကို ရောက်လာလိမ့်မယ်။ အလွယ်လမ်းလိုက်သူတွေက နောက်ကို ရောက်မှန်းမသိ ရောက်သွားလိမ့်မယ်”လို့ သူ့အမြင်ကို တွေးတွေးဆဆနဲ့ ပြောပါတယ်။ 


ဘေးအိမ်က AI

ကမ္ဘာတလွှားမှာ အမြော်အမြင်ရှိတဲ့နိုင်ငံတွေကတော့ AI သင်ကြဖို့ တိုက်တွန်းလှုံ့ဆော်တာတွေ လုပ်နေကြပါပြီ။ AI သင်ခန်းစာတွေကို ကျောင်းသင်ခန်းစာမှာ ထည့်သွင်းပြဌာန်းဖို့ စီစဉ်နေကြသလို အစိုးရတွေကိုယ်တိုင်ကလည်း AI မှာ ရင်းနှီးမြှုပ်နှံကြဖို့ စီစဉ်နေကြပါပြီ။ 

ဒီအထဲမှာ မြန်မာ့ အိမ်နီးချင်း တရုတ်နဲ့ ထိုင်းအပြင် ပါကစ္စတန်လည်း ပါဝင်နေပါတယ်။

လက်ရှိမှာ ပါကစ္စတန်နိုင်ငံက ကျောင်းစာသင်ကြားမှုနဲ့ စာမေးပွဲစစ်ဆေးမှုတွေထဲကို စမ်းသပ်အဆင့်အဖြစ် AI နည်းပညာအကူအညီ ထည့်သွင်းကြည့်နေပါပြီ။ အမှတ်ပေးတဲ့စနစ်ကိုပါ ခံစားချက် ပါတတ်တဲ့ လူသားစနစ်အစား AI ကို စစ်ဆေးစေတာက ပိုကောင်းလိမ့်မယ်လို့လည်း ပါကစ္စတန်အဆင့်မြင့်ပညာရေးအသိုင်းအဝိုင်းမှာ ဆွေးနွေးတာတွေ ရှိနေပါတယ်။ 

မြန်မာလုပ်သားသန်းနဲ့ချီရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း AI နဲ့အတူ ရှေ့ကိုချီဖို့အတွက် တက်သုတ်ရိုက် ပြင်ဆင်နေပါတယ်။ ရှေ့လာမယ့် ၃ နှစ်တာကာလအတွင်း AI အလုပ်အကိုင်အခွင့်အလမ်း ၃၀,၀၀၀ လောက် ဖန်တီးပေးနိုင်အောင် ထိုင်းအစိုးရဘက်က ဘတ်ငွေ တစ်ဘီလီယံလောက်အထိ ရင်းနှီးမြှုပ်နှံသွားဖို့ စီမံကိန်းတွေလည်း စတင်ရေးဆွဲနေပါတယ်။ 

AI အသုံးချ ပရိုဂရမ်တွေ တိုးတက်လာစေရေးအတွက် ကျင့်ဝတ်၊ အစိုးရအုပ်ချုပ်ရေးစနစ်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှု၊ လူသားစွမ်းရည်မြှင့်တင်ရေး စတာတွေကို တစ်ဆင့်ချင်းအလိုက် ပေါင်းစည်းဆောင်ရွက်ရလိမ့်မယ်လို့ ထိုင်းအစိုးရအာဏာပိုင်တွေက မှတ်ချက်ပေးထားပါတယ်။ ထိုင်းစာသင်ကျောင်းတွေမှာ AI သင်ရိုးညွှန်းတမ်းတွေ ထည့်သွင်းသင်ကြားဖို့အတွက်လည်း အစိုးရဘက်က ဘတ်ဂျက်ရေးဆွဲနေပါပြီ။ 

ဒီတော့ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံက  AI ဘက်မှာ ဘယ်လို လက်ဦးမှုတွေ ရယူဖို့ ပြင်ဆင်နေသလဲဆိုတာ ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာ ရှိလို့နေပါပြီ။ 

“ကမ္ဘာကတော့ AI နဲ့သွားဖို့ ပြင်နေပြီ။ တချို့နိုင်ငံတွေကလည်း အမီလိုက်နေတယ်။ အဲဒါကို အမီမလိုက်နိုင်တဲ့ နိုင်ငံတွေကတော့ လူလုံးလှဖို့ မလွယ်တော့ဘူး။ ကမ္ဘာကြီးက ရှေ့ကို ဆက်သွားနေချိန်မှာ ကျွန်တော်တို့ဆီက လူငယ်တွေလည်း အဲ့ဒီအတွက် ပြင်ဆင်ထားသင့်ပြီ။ လူသားရင်းမြစ်ထက် AI က ပိုပြီး ရှေ့ကိုရောက်တဲ့ကာလတစ်ခု ရောက်ကို ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ AI နဲ့ လွယ်လင့်တကူ လုပ်လို့ရနိုင်လောက်စရာတွေကို အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး လူသားရင်းမြစ်ကိုပဲ အားပြုလွန်းတဲ့နိုင်ငံတွေက သိပ်မလွယ်လောက်တော့ဘူး”ဆိုတာက နည်းပညာပိုင်းဆိုင်ရာ ပညာရှင် ကိုဟိန်းစိုးသန့်ရဲ့ ရင်ဖွင့်စကားသံတွေ ဖြစ်ပါတယ်။ 

သူ့စကားတွေထဲမှာ မြန်မာနိုင်ငံအတွက် ရတက်မအေးစရာတွေ ပါဝင်နေပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့လက်ရှိ AI အရွေ့တွေအရ အနာဂတ်ကာလမှာ AI နဲ့ တရုတ်၊ တရုတ်နဲ့ AI က ခွဲခြားမရတာတွေ ဖြစ်ကောင်းဖြစ်လာမှာပါ။ အဲ့ဒီလို ဖြစ်လာခဲ့မယ်ဆိုရင် တရုတ်ဘာသာစကားက ရှေ့တန်းတစ်နေရာဆီကို ရောက်လာတော့မှာပဲဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက မျိုးဆက်သစ်တွေဟာ အနာဂတ်အတွက် အင်္ဂလိပ်ဘာသာစကား၊ AI နည်းပညာတွေအပြင် တရုတ်ဘာသာစကားကိုလည်း ပြင်ဆင်လေ့လာသင်ယူထားသင့်ပါပြီ။

မိဘတွေအနေနဲ့ကလည်း လမ်းရိုးလမ်းဟောင်းက စွန့်ခွာပြီး အတွေးသစ်အမြင်သစ်နဲ့ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ဖို့ လိုအပ်လာနေပါပြီ။ အမြော်အမြင်ရှိရှိနဲ့ ကိုယ့်သားသမီးအနာဂတ်အတွက် နည်းပညာနဲ့အကျွမ်းတဝင်ရှိလာဖို့ ၊ AI သင်ခန်းစာတွေကို လေ့လာဖို့ သားသမီးတွေကို လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်နေပါပြီ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစိုးရတွေကိုယ်တိုင်ကလည်း နိုင်ငံကို ဦးဆောင်နေသူတွေပီပီ အမြော်အမြင်ရှိဖို့ လိုအပ်နေပါပြီ။ 

နိုင်ငံတကာက AI ဘက်ကို ခြေလှမ်းကျဲကျဲသွားနေချိန်မှာ ကိုယ့်နိုင်ငံ့မှာတော့ Facebook လောက်ကိုတောင် အဆင့်ဆင့်ပိတ်ဆို့နေတာတွေကို ဖြေလျှော့သင့်နေပါပြီ။ ဒါမှလည်း လူတိုင်းလက်လှမ်းမီတဲ့ နည်းပညာဖြစ်လာမှာပါ။ လူတိုင်းလက်လှမ်းမီတဲ့ နည်းပညာဖြစ်လာမှလည်း မြန်မာနိုင်ငံဟာ တိုးတက်လာမှာပါ။

ပြီးတော့ အစိုးရတွေဟာ AI အတွက် တွေးခေါ်မြော်မြင်တာတွေကိုလည်း စပြီး လုပ်ဆောင်သင့်နေပါပြီ။ ပညာရေးမှာ AI ကို ဘယ်လိုအသုံးချမလဲ။ ကျောင်းသားတွေကို ဘယ်ပုံဘယ်နည်းသင်ပေးမလဲ။ ကုသရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ကဏ္ဍတွေမှာရော ဘယ်လိုလုပ်မလဲ။ ပြည်တွင်းမှာ AI ပညာရှင်တွေ မွေးထုတ်ဖို့ ဘယ်လိုလုပ်ဆောင်မလဲ။ AI စီမံကိန်းတွေ ဘယ်လိုဖော်ဆောင်မလဲ။ နိုင်ငံတကာ AI စီမံကိန်းတွေက ဘယ်လိုရှိမလဲ...ဒီလိုတွေကို အစိုးရအစီအစဉ်နဲ့ သုတေသနပြုသင့်နေပါပြီ။ ဒီအတွက် အစိုးရဘတ်ဂျက်ဆိုတာကိုလည်း သီးသီးသန့်သန့်ချမှတ်သင့်ပါပြီ။ ဖြစ်နိုင်ရင်တော့ ဌာနတစ်ခုကို တာဝန်သီးသန့်ပေး၊ ကျွမ်းကျင်ပညာရှင်တွေ ခြံရံပြီးတော့ကို လုပ်ဆောင်သင့်နေတာပါ။

နည်းပညာ IT ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူ ကိုသီဟအောင်ကတော့ တွေးတွေးဆဆနဲ့ ပင့်သက်ရှိုက်ပြီး အခုလို စကားတစ်ခွန်းကို ဆိုလာခဲ့ပါတယ်။

“အခုအနေအထားနဲ့ကတော့ မလွယ်လှပါဘူး။ ပြည်တွင်းက မြန်မာလူငယ်တွေအတွက် AI ကို အမီလိုက်နိုင်ဖို့က ခက်ပါတယ်။ နည်းပညာခေတ်ထဲမှာ Facebook ကို သုံးနိုင်ဖို့တောင် ပင်ပင်ပန်းပန်း ကြိုးစားနေကြရတာလေ။ AI ကို စာတွေ့သိရုံနဲ့ ဘာမှ လုပ်လို့ မရဘူး။ လက်တွေ့သိဖို့ လိုတယ်။ လေ့ကျင့်နေမှ တိုးတက်မှာလေ။ ပြည်တွင်းက မြန်မာလူငယ်တွေဟာ အဲ့ဒီအခွင့်အရေးရဖို့ နှစ်တွေ ဘယ်လောက်ကြာဦးမလဲ မပြောတတ်ဘူး”

ဒီထက်ပိုနောက်ကျရင် မြန်မာဆိုတာ အိမ်နီးချင်းထိုင်းနိုင်ငံကိုမီဖို့တောင် နှစ်ပေါင်း ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားရပါလိမ့်မယ်။ 

နွေဦးရွက်ဝါ ( Y3A )

ယခုဆောင်းပါးမျိုးဖတ်ရှုရသည်ကို နှစ်သက်သည်ဆိုလျှင် အောက်ပါဆောင်းပါးများကိုလည်း ဖတ်ရှုကြည့်ရန် ကျွန်ုပ်တို့က recommend ပေးပါသည်။

ဆက်စပ်ဖတ်ရှုလိုလျှင် -

AI အသုံးပြုမှုကဏ္ဍ ထိပ်ဆုံးနေရာမှာ တရုတ်ဦးဆောင်ရပ်တည်နေ
AI အသုံးပြုမှုကဏ္ဍမှာ တရုတ်က အမေရိကန်ကိုကျော်လွန် ပြီးထိပ်ဆုံးနေရာမှာဦးဆောင်‌ ရပ်တည်နေတာကို Reuters သတင်းမှာဖော်ပြထာားပါတယ်။AI နည်းပညာအသုံးပြုမှုအပိုင်းမှာ တရုတ်
AIအန္တရာယ် ပုပ်ရဟန်းမင်းကြီးသတိပေး | WEEKLY NEWS
Myanmar’s leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
အခု ခေတ်စားနေတဲ့ AI ဆိုတာဘာလဲ AI ကမြန်မာနိုင်ငံကို ဘယ်လိုကူညီနိုင်မလဲ
Myanmar’s leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
အင်္ဂလန် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ AI ကိုယ်စားလှယ်
Steve ဆိုတဲ့ AI ဟာ လာမယ့် လမှာပြုလုပ်မယ့် ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာပါ။ AI Steve က သူကြီးပဲ သီးသန့် လုပ်ကိုင်မှာ မဟုတ်ပဲ Sussex မြ
ဘောလုံးပွဲနဲ့စစ်ပွဲမှာ AI တွေကို သုံးတော့မှာလား | WEEKLY NEWS
Myanmar’s leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
Share this article
The link has been copied!