“ကိုယ့်စိတ်ထဲ ဘဝမှာ တိုးတက်ရမယ်ဆိုတဲ့ အဓိဠာန်မရှိသမျှ ကာလပတ်လုံး၊ တိုးတက်ချင်စိတ် ပြင်းပြင်းထန်ထန် မရှိသမျှ ကာလပတ်လုံး မင်း ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး၊ ဒါ ပုံသေယုံပါ”

ဒါကတော့ လူငယ်တွေနဲ့ ပတ်သက်ပြီး စာရေးဆရာဦးအောင်သင်းရဲ့ “အမွေ” စာအုပ်ထဲမှာ ရေးသားခဲ့တဲ့ စကားပါ။

မြန်မာ့ မျိုးဆက်သစ်လူငယ်တွေပေါ် စေတနာထားတဲ့ ၊ လူငယ်တွေကို လက်တွဲခေါ်တဲ့ မြန်မာစာရေးဆရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဆရာဦးအောင်သင်းကတော့ လူငယ်တွေနဲ့ပတ်သက်လာရင် စေတနာကြီးလွန်းသူ၊ လူငယ်တွေကို ဖြစ်မြောက်အောင်မြင်စေလိုသူအဖြစ် အများက လက်ခံထားကြပါတယ်။

ဒီဆောင်းပါးကို ရှေ့မဆက်ခင် ဆရာဦးအောင်သင်းကို လူငယ်‌တွေ တရင်းတနှီးခေါ်သလို "ဆရာကြီး" လို့ပဲ သုံးနှုန်းသွားပါရစေ။

ဆရာကြီးရဲ့ စာပေသက်တမ်းတလျှောက် ရေးသားခဲ့တဲ့စာအုပ်တွေထဲမှာ လူငယ်တွေကိုရည်ရွယ်တဲ့စာပေက ပိုများပါတယ်။ လူငယ်တွေအတွက် ရေးသားခဲ့တဲ့ ဆရာကြီးရဲ့စာတွေဟာ ဆင်ခြင်တုံတရား၊ နှလုံးလှတရား၊ တိုးတက်ကြီးပွားရေး ၊ လောကဓံကိုကြံ့ကြံ့ခံနိုင်ရေး၊ အခွင့်အရေးကို လက်မလွှတ်ရေး၊ လုံ့လမပြတ်ကြိုးစားရေး၊ မိမိနဲ့မိမိပတ်ဝန်းကျင် အကျိုးရှိရေး ဒီလိုမျိုးပိုင်းရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးတွေကို အလေးပေးပြီး ရေးသားခဲ့တဲ့စာတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလိုရေးသားခဲ့တာတွေဟာ လက်တွေ့ကိုအခြေခံတာဖြစ်ပြီး မျှော်လင့်ချက်အမှားပေးတဲ့ ဒီနေ့ခေတ်လို မိုတီဗေးရှင်းစာတွေတော့ မဟုတ်ခဲ့ပါဘူး။

 “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့” ဆိုတဲ့ ဆရာကြီးရဲ့စာအုပ်ဆိုရင် လူငယ်တွေအတွက် အထောက်အကူပြုကျမ်းတစ်စောင်လိုတောင် ဖြစ်ခဲ့ပါတယ်။ 

“မင်းတို့စဉ်းစားကြည့်ဖို့ကို ပြောလိုက်ရအုံးမယ်။ လူငယ်ဘဝမှာ ပညာကြိုးစာကြဖို့ တိုက်တွန်းတာ ငါ မှားသလား။ ပညာဆိုတာ ငယ်ငယ်ရွယ်ရွယ်မှာသာ ကြိုးစားပမ်းစား အချိန်ပေးပြီး ဆည်းပူးနိုင်တာ။ ကဲ...ထားလိုက်ပါတော့။ မင်းတို့ကိုပြောလိုက်ချင်တာက မင်းတို့မှာ အရွယ်ရှိသေးရင်၊ အချိန်ရသေးရင် ပညာကို ကြိုးစားသင်ကြ၊ စာပေဖတ်ရှုပြီး ဆည်းပူးကြ၊ 'လူကြီးစုန်းပြူး' တွေရဲ့စကားကို သွားပြီးနားမယောင်နဲ့။ လာပြီး အဲဒီစကားမျိုးကိုပြောရင် 'ဒါဖြင့် ဘာလုပ်ရမလဲ' လို့ ပြန်ပြီး မေးကြည့်ကြ။ အဲဒါပါပဲ”

လူငယ်တွေကို “မင်းနဲ့ ငါ” လို့ တရင်းတနှီးပြောတာက ဆရာကြီးရဲ့ ထူးခြားဟန်ပါ။ စာပေဟောပြောပွဲတွေမှာဖြစ်ဖြစ်၊ စာအရေးအသားမှာပဲဖြစ်ဖြစ် အဲဒီအတိုင်း သုံးနှုန်းပါတယ်။ စေတနာစိတ်အခြေခံပြီး စကားကို တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်းပြောတတ်တာ၊ ဝေ့ဝိုက်မနေဘဲ လိုရင်းကို‌ရောက်အောင် ပြောနိုင်တာ၊ ကိုယ့်ဦးလေးလို၊ ကိုယ့်ဘကြီးတစ်ယောက်လို ရင်းရင်းနှီးနှီးပြောဆိုတာတွေက လူငယ်တွေနဲ့ ဆရာကြီးရဲ့ကြားက နှောင်ကြိုးကို ခိုင်မြဲစေတဲ့အရာတွေပါ။

လူငယ်တွေအပေါ်  ဩဇာကြီးခဲ့တဲ့ ဆရာကြီးရဲ့ ဘဝဖြတ်သန်းမှုကလည်း လူငယ်တွေအတွက် စံထားရလောက်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ မကွေးတိုင်း၊ တောင်တွင်းကြီးဇာတိဖြစ်တဲ့ ဆရာကြီးဦးအောင်သင်းကို သခင်ညီမောင်နဲ့ ဒေါ်ရွှေကြင်တို့က ၁၉၂၇ ၊ ဧပြီ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သားသမီးသုံးယောက်မှာ အကြီးဆုံးသားပါ။

ဆရာကြီးအကြောင်းပြောမယ်ဆိုရင် သူ့ရဲ့ဖခင်ဖြစ်တဲ့ သခင်ညီမောင်အကြောင်းကိုလည်း ချန်ထားလို့မရပါဘူး။ သခင်ညီမောင်ဆိုတာ တောင်တွင်းကြီးမြို့ တို့ဗမာအစည်းအရုံးရဲ့ ဥက္ကဋ္ဌဖြစ်သလို တောင်တွင်းကြီးမြို့ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူလည်း ဖြစ်ပါတယ်။ ဆရာကြီး ခြောက်တန်းအရွယ်မှာပဲ မိခင်ကွယ်လွန်သွားတာကြောင့် ဖခင်ရဲ့လွှမ်းမိုးမှုက ဆရာကြီးအပေါ် ကြီးစိုးခဲ့ပါတယ်။  စာပေချစ်စိတ်ကိုလည်း ဖခင်ကပဲ မျိုးစေ့ချပေးခဲ့ပါတယ်။ ရိုးရိုးသားသားနေထိုင်တာ၊ မျိုးချစ်စိတ်ရှိပြီး၊ ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်တတ်တဲ့ ဆရာကြီးရဲ့စိတ်အခြေခံဟာ ဖခင်ဆီက အမွေရခဲ့တာဖြစ်တယ်လို့ သူကိုယ်တိုင်ရေးသားတဲ့ အဖေ့အကြောင်းဆောင်းပါးထဲမှာ ဝန်ခံထားပါတယ်။

ဆရာကြီးဦးအောင်သင်းဟာ ကျွန်ပညာရေးအလိုမရှိတဲ့ ဖခင်ရဲ့ဆုံးဖြတ်ချက်နဲ့ အမျိုးသားကျောင်းတွေမှာပဲ စာပေသင်ကြားခဲ့ပါတယ်။ ငယ်စဉ်ကတော့ ပညာရေးကို စိတ်ဝင်စားမှုနည်းခဲ့လို့ ခုနှစ်တန်းမှာ စာမေးပွဲကျပါတယ်။ အဲဒါနဲ့ ကျောင်းပါထွက်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ထဲဝင်ပါတယ်။ နောက်တော့ ဆိုရှယ်လစ်ပါတီထဲဝင်ပြီး ခရိုင်စည်းရုံးရေးမှူး လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အင်္ဂလိပ်စာက He, She လောက်သာ သိတဲ့အဆင့်မို့ ၊ တက္ကသိုလ်ကျောင်းသားတွေကို အားကျစိတ်ဖြစ်ပြီး၊ အင်္ဂလိပ်စာ တတ်ချင်စိတ်ကလည်း တော်တော်လေးပြင်းပြနေချိန်ပါ။ ဒါပေမဲ့ ရောင်စုံသူပုန်လို့ဆိုရလောက်အောင် ပြည်တွင်းသောင်းကျန်းမှုကြီး အရှိန်အဟုန်မြင့်လာတဲ့ ၁၉၄၉ လောက်မှာ ရဲဘော်ဖြူတွေဖမ်းလို့ ထောင်ကျပါတယ်။ တောင်တွင်းကြီးထောင်၊ မကွေး‌ထောင်၊ ပြည်ထောင်၊ သရက်‌ထောင်တွေထဲမှာ နေထိုင်ခဲ့ရပြီး ၁၉၄၉ နိုဝင်ဘာရောက်တော့ သရက်ထောင်ကို‌ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

အဲဒီအကြောင်းကိုရေးဖွဲ့ထားတဲ့ "သရက်ထောင်ဖောက်ခဲ့စဉ်က" ဆောင်းပါးဟာ ၁၉၅၉ ၊ မေလ ထုတ် မြဝတီမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ အဲဒီဆောင်းပါးက ဆရာကြီးရဲ့ပထမဆုံးလက်ရာလည်းဖြစ်ခဲ့ပါတယ်။ 

ဆရာကြီးဟာ ထောင်ကျနေစဉ်မှာ သူ သိပ်လေ့လာချင်တဲ့ အင်္ဂလိပ်စာကို ထောင်တွင်းမှာပဲ သင်ယူခဲ့ပါတယ်။ ဒါဟာ အကျပ်အတည်းကြားထဲမှာ အကျိုးအရှိအောင် ဘယ်လိုဘယ်ပုံလုပ်ရမလဲဆိုတာ လူငယ်တွေကို ပြသနေတဲ့အချက်လည်း ဖြစ်ပါတယ်။ ပြီးတော့ အပြောမဟုတ်၊ လက်တွေ့လုပ်ပြခဲ့တာလည်း ဖြစ်ပါတယ်။  

ဆရာကြီးကို အင်္ဂလိပ်စာ သင်ပေးခဲ့သူကတော့ “ထောင်နေဘက်” လို့ ဆရာကြီးသုံးနှုန်းခဲ့တဲ့ သခင်ကျော်စိန်ပါ။ ထောင်ကျသက်တမ်း ခုနှစ်လအတွင်းမှာ ထောင်အပြောင်းအလဲတွေကြောင့် လေးလလောက်သာ ကောင်းကောင်းသင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးရဲ့ ကြိုးစားပမ်းစားလေ့လာသင်ယူမှုကြောင့် ဆယ်တန်း အင်္ဂလိပ်စာ ပြဌာန်းစာအုပ်ကို လွယ်လွယ်ကူကူဖတ်နိုင်လာတဲ့အထိ တိုးတက်ခဲ့ပါတယ်။

သူ့ကို ရဲဘော်ဖြူတွေသာ မဖမ်းခဲ့ရင် ဒီအဖြစ်မျိုး၊ ဒီအဆင့်မျိုးရောက်လာနိုင်စရာ မရှိတဲ့အပြင် ထောင်ကျတာကိုတောင် “ကုသိုလ်ကံ စောင်မလို့ ထောင်ကျ” တာဆိုပြီး "အနာဂတ်ကိုမကြောက်နဲ့" ဆိုတဲ့စာအုပ်ထဲမှာ ထည့်ရေးခဲ့ပါတယ်။ စာပေဟောပြောပွဲတွေမှာဆိုလည်း သူ့ကို "တောင်တွင်းကအောင်သင်း" ဆိုပြီး ပြောကြဆိုကြပေမဲ သူကိုယ်တိုင်ကလည်း ထောင်ပေါင်းများစွာမှာ လှည့်နေခဲ့ရလို့ "ထောင်တွင်းကအောင်သင်းပါ" ဆိုပြီး မိတ်ဆက်ခဲ့သူပါ။ ဆရာကြီးဟာ သူ့ရဲ့ထောင်သားဘဝ အခက်အခဲတွေကိုတောင် ဟာသနှောပြီး ကြံ့ကြံ့ခံ ဖြတ်သန်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကိုပြန်ဆက်ရရင် ဆရာကြီးဟာ ထောင်ကနေ လွတ်လာပြီး တောင်တွင်းကြီးကို ပြန်လာခဲ့ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေပါတယ်။ စာမေးပွဲအောင်ပြီး ၁၉၅၃ မှာ အလယ်တန်းပြဆရာ လုပ်ပါတယ်။ ၁၉၅၈ မှာ ရန်ကုန်တက္ကသိုလ်ကို ဆက်တက်ခဲ့ပြီး ၁၉၆၀ မှာ ဘွဲ့ရပါတယ်။ ၁၉၆၁ မှာ ဘီအီးဒီ ဆက်တက်ပြီး ၁၉၆၂ မှာ တက္ကသိုလ်နည်းပြဆရာ ဖြစ်လာပါတယ်။ ၁၉၆၃ မှာ ဇော်ဂျီ၊ မင်းသုဝဏ်၊ တိုက်စိုး၊ မင်းယုဝေ တို့လို နိုင်ငံကျော်စာရေးဆရာကြီးတွေပါဝင်တဲ့ ကံ့ကော်မြိုင်စာတမ်းမှာ စာတမ်းသုံးပုဒ် ဝင်ရေးခဲ့ပါတယ်။ အဲဒီအထဲက နှစ်ပုဒ်က အထက်တန်း၊ အလယ်တန်း မြန်မာစကားပြေလက်ရွေးစင်မှာ ကျောင်းသုံးစာအဖြစ် ပြဌာန်းခံခဲ့ရပါတယ်။

လူငယ်တွေအပေါ် စေတနာကြီးတဲ့ ဆရာကြီးဟာ သူ့ရဲ့တက္ကသိုလ်ကျောင်းဆရာဘဝကို တော်တော်လေး ပျော်မွေ့ခဲ့သူပါ။ တောင်ငူဆောင်က ဆရာကြီးရဲ့အခန်းမှာ ကျောင်းသားတွေနဲ့ အမြဲတရုန်းရုန်းရှိနေခဲ့တယ်လို့ ဆိုစမှတ်ရှိကြပါတယ်။ သူစာသင်တဲ့ အတန်းတိုင်း ကျောင်းသားတွေပြည့်နေခဲ့ပါတယ်။ တပည့်ကျောင်းသားတွေရဲ့ မေးခွန်းတွေကို လေးလေးစားစားနားထောင်တတ်ပြီး စိတ်ကျေနပ်လောက်မယ့်အဖြေကို ပေးတတ်ပါတယ်။ အဖြေကို မသိခဲ့ရင်တောင်မှပဲ မသိကြောင်းကိုဝန်ခံပြီး အကျိုးသင့်အကြောင်းသင့် ပြန်ဖြေရှင်းတတ်ပါတယ်။

၁၉၇၀ ကျော် ကာလတွေတုန်းက ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားတွေ စုပေါင်းပြီး နံရံကပ်စာ‌စောင်တွေ လုပ်ကြပါတယ်။အဲဒီ နံရံကပ်စာစောင်တွေကို အောင်မြင်စေချင်လွန်းလို့ ဆရာကြီးက ကိုယ်တိုင်ဦးစီးလုပ်ကိုင်ပေးခဲ့ပါတယ်။ နံရံကပ်စာစောင်အတွက် လိုတဲ့သရုပ်ဖော်ပုံကိုလည်း သူကိုယ်တိုင်ပဲ ဆွဲပေးပါတယ်။ အဲဒီစေတနာလုပ်ရပ်ဟာ နောက်တော့ ဆရာကြီးအတွက် ပြစ်မှုတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။

အကြောင်းကတော့ ဒီလိုပါ။ နံရံကပ်စာစောင်တွေလုပ်ကြတော့ ကျောင်းသားတစ်ယောက်က ဖားပုံမဆွဲတတ်လို့ ဆရာကြီးကို အကူအညီတောင်းပါတယ်။ ဆရာကြီးဆွဲပေးလိုက်တဲ့ ဖားပုံလေးရဲ့ဘေးမှာ ဆေးစက်လေးတစ်စက် ကျသွားခဲ့ပါတယ်။ ပြန်ဖျက်ဖို့ ဆရာကြီးက မှာလိုက်ပေမဲ့ အချိန်မရလို့ မဖျက်ဖြစ်လိုက်ဘဲ ဆေးစက်ပေနေတဲ့အတိုင်းပဲ နံရံကပ်စာစောင်မှာ ပါသွားခဲ့ပါတယ်။  အဲဒီဆေးစက်အနက်လေးပေနေတဲ့ ဖားပုံလေးဟာ  မြန်မာနိုင်ငံကြီး အမှောင်ကျနေပြီဆိုတာကို ဖော်ပြတဲ့ နိမိတ်ပုံဆိုပြီး စွပ်စွဲချက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

အဲဒါအပြင်ကို နံရံကပ်စာစောင်ရဲ့ ကဗျာတစ်ပုဒ်ထဲမှာ ရှေ့ဆုံးစာလုံးကြီးပဲ ဖတ်ရင် ၇ ရက် ဇူလိုင် (ဆဲဗင်း ဇူလိုင် - 7 July) ဖြစ်နေတာကိုလည်း ပြစ်မှုဆိုပြီး စွပ်စွဲခံခဲ့ရပါသေးတယ်။ ဆဲဗင်းဇူလိုင်ဆိုတာ ၁၉၆၂ အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလှုပ်ရှားမှု အရေးအခင်းပါ။

ဒီကိစ္စတွေအတွက်နဲ့ ဆရာကြီးကို ပညာရေးဒုဝန်ကြီးကိုယ်တိုင်ပါတဲ့ အထူးစုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲဒီလိုနဲ့ ၁၉၇၈ ၊ ဧပြီ ကျတော့ ဆရာကြီးကို နိုင်ငံရေးလှုပ်ရှားမှုမှာပါတယ်ဆိုပြီး အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

သူ တန်ဖိုးထားပြီး၊ သိပ်ချစ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းဆရာဘဝကနေ အလုပ်ပြုတ်လာတဲ့အပေါ် ဆရာကြီးဟာ မျက်ရည်ကျတဲ့အထိ ထိခိုက်ခံစားခဲ့ရပါတယ်။ အလုပ်ပြုတ်သွားတဲ့ဆရာကြီးဆီ သူ့တပည့်တွေလည်း မလာရဲကြသလို လုပ်ဖော်ကိုင်ဖက်တွေကလည်း ရှောင်ဖယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆရာကြီးဟာ တပည့်တွေနဲ့ လူငယ်တွေအပေါ် မေတ္တာမပျက်ခဲ့ပါဘူး။ ဒီအကြောင်းတွေကို ဆရာကြီးရဲ့သားလည်းဖြစ်၊ စာရေးသူလည်းဖြစ်တဲ့ ဆရာအောင်မြိုင်သင်းက လူငယ်တွေသိပ်ချစ်ကြတဲ့ ဆရာဦးအောင်သင်းဆိုတဲ့ နာမည်နဲ့ အခန်းဆက်ဆောင်းပါးရေးသားခဲ့ပါတယ်။

ကျောင်းဆရာအဖြစ်ကနေ အနားယူလိုက်တဲ့ဆရာကြီးဟာ အပြင်မှာကျူရှင်တွေ သင်ပြီး စာရေးသားခြင်းကို တစိုက်မတ်မတ်လုပ်လာခဲ့ပါတယ်။ စာရေးသားတဲ့အခါမှာလည်း ဆရာကြီးရဲ့ စာပေဝေဖန်ရေးတွေက စာပေလောကမှာ တော်တော်လေးဂယက်ရိုက်ခဲ့ပါတယ် ။ ဆရာကြီးရဲ့ ဒီလို ကလောင်အစွမ်းထက်မှုတွေကြောင့် ဆရာကြီးကို စာပေစောင့်နတ်ကြီးလို့ခေါ်သလို၊ ရွှေအမြူတေပဲ့ကိုင်ရှင်ဖြစ်တဲ့ ဆရာဦးဝင်းငြိမ်းကလည်း “စာပေလူကြမ်းမင်းသား”ဆိုပြီး ဝိသေသပြုခဲ့ပါတယ်။

ကျောင်းဆရာလည်းဖြစ်ခဲ့တဲ့အပြင် လူငယ်တွေအပေါ် စေတနာကြီးတဲ့ ဆရာကြီးဟာ နောက်ပိုင်းမှာ လူငယ်တွေအတွက်ကို ဦးစားပေးပြီး စာတွေရေးခဲ့ပါတယ်။ စာပေဟောပြောပွဲတွေမှာလည်း ပြောပါတယ်။

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့၊ စာရိတ္တမာန၊ အမွေ၊ အနာဂတ်ကိုမကြောက်နဲ့၊ ကိုယ်ကျင့်နဲ့ပညာ ဒီစာအုပ်တွေဟာ လူငယ်ထုအပေါ် လွှမ်းမိုးနိုင်ခဲ့တဲ့ ဆရာကြီးရဲ့ စာအုပ်တွေပါပဲ။ 

“ကျွန်တော်ဟာ လူငယ်တွေနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိလောက်အောင် အင်မတန်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်ဟာ အတွေ့အကြုံနဲ့ အတွေးအကြံရယ် ကွဲပြားခြားနားတဲ့ ကြုံခဲ့ဆုံခဲ့ရတဲ့ ဘဝအကြောင်း အတွေ့အကြုံရယ်ကို ကျွန်တော်ပြန်ပြီးတော့ ပြောမှာဖြစ်ပါတယ်။ ဒါအတွက်ကြောင့် သိပ်ပြီး ကျွန်တော့်ကို မျှော်လင့်မထားစေချင်ပါဘူး” လို့ စာပေဟောပြောပွဲတွေမှာ ပြောလေ့ရှိပါတယ်။

 လူငယ်တွေအတွက် ပြောရေးဆိုခွင့်ရှိလောက်အောင် ကျွမ်းကျင်တဲ့သူ မဟုတ်ပါဘူးလို့ သူ့ကိုယ်သူ နှိမ့်ချပြောဆိုပေမဲ့ ဆရာကြီးရဲ့ လူငယ်ရေးရာစာပေတွေက လူငယ်ထုအပေါ် ဩဇာကြီးခဲ့ပါတယ်။ စာပေဟောပြောပွဲတွေသွားတဲ့အခါ ရောက်တဲ့နယ်တွေတိုင်းမှာ ဆရာကြီးရဲ့ စာတွေကြောင့် “ဘဝတိုးတက်ခဲ့ရပါတယ်၊ ပြောင်းလဲခဲ့ရပါတယ်”ဆိုပြီး လာကန့်တော့ကြတဲ့လူငယ်တွေ နယ်တိုင်းလိုလိုရှိတယ်လို့ စာပေရေးသားဖော်ရေးသားဖက်တွေက ပြောကြပါတယ်။

“ ငါတို့မြန်မာတွေ သုံးလေ့ရှိတဲ့ စကားလေးတစ်ခွန်းကို တင်ပြလိုက်ချင်သေးတယ်။ အဲဒါက သူများအပူ ကိုယ့်အပူလုပ်လို့ ဆိုတဲ့ စကားပဲ။ အဓိပ္ပါယ်က မင်းတို့သိကြတဲ့အတိုင်း မကောင်းတဲ့သဘောနဲ့ ပြောကြတာ။ အပြစ်တင်တဲ့အနေနဲ့ ပြောကြတာမဟုတ်လား။ ဒါပေမဲ့ ငါ မှတ်သားဆည်းပူးမိသလောက်ကို ပြောရရင် ဆုကြီးပန် မင်းယောက်ကျား၊ မင်းမိန်းမ ဆိုသူတွေဟာ သူများအပူကို ကိုယ့်အပူ လုပ်သွားကြသူတွေဖြစ်တယ် လို့ ငါတော့ ထင်မိတာပဲ။ မင်းတို့ စဉ်းစားကြည့်ဖို့ ပြောလိုက်ရတာပါ” 

လူငယ်တွေကို ချစ်တဲ့ ၊ လူငယ်တွေကလည်းချစ်တဲ့ ဆရာကြီးဦးအောင်သင်းဟာ ၂၀၁၄ ၊ အောက်တိုဘာ ၂၅ ရက်နေ့ အသက် ၈၈ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ရပါတယ်။ လူငယ်နဲ့ စာပေပရိသတ်တွေအတွက် စာအုပ်ပေါင်း ၄၀ ကျော် ချန်ရစ်ထားခဲ့ပါတယ်။

“ကဗျာရူးရယ်၊ စာရူးရယ်၊ အချစ်ရူးရယ် အဲဒီသုံးမျိုးစလုံးကိုတော့ ငါအချစ်ဆုံးပဲ။ အဲဒီလူတွေမှာ နှလုံးသားရှိလို့၊ ဥစ္စာရူးရယ်၊ အာဏာရူးရယ်။ အဲဒီနှစ်မျိုးလုံးကိုတော့ ငါ အမုန်းဆုံးပဲ အဲဒီလိုလူတွေမှာ နှလုံးသားမရှိလို့” ဆိုတဲ့ ဆရာကြီးရဲ့ စကားလေးဟာ ဆရာကြီး မရှိတော့တဲ့တိုင်အောင်  လူငယ်တွေအပေါ် လွှမ်းခြုံထားတဲ့ မေတ္တာစကားလေးအဖြစ် ရှိနေဆဲဖြစ်ပါတော့တယ်။

နုသစ်မိုး ( Y3A ) 

အထုပ္ပတ္တိဆိုင်ရာဆောင်းပါးများ ဆက်လက်ဖတ်ရှုလိုလျှင် -

ကမ္ဘာသိ မြန်မာဘောဂဗေဒပညာရှင် သို့မဟုတ် ‌ဒေါက်တာလှမြင့်

                                                                                                       

Share this article
The link has been copied!