ဒီနေ့တရုတ်ပြည်ကတော့ မြန်မာနိုင်ငံနဲ့ ဘဝချင်းခြင်းသွားပါပြီ။ တရုတ်ပြည်ဟာ နှစ်ပေါင်း ၄၀ ကျော် တံခါးဖွင့်ဝါဒကျင့်သုံးမှုနဲ့အတူ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်ခု ဖြစ်လာနေပါတယ်။ တရုတ်ဟာ မြန်မာ့အိမ်နီးချင်းလည်းဖြစ်၊ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာလည်း ပါဝင်နေတာဖြစ်လို့ မြန်မာအတွက် ရွေးချယ်လို့ မရတဲ့ အိမ်နီးချင်းလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး မူဝါဒနဲ့ပတ်သက်ပြီး ဒီနေ့ဒီအချိန်မှာ အငြင်းပွားနေပေမဲ့ မြန်မာနဲ့ တရုတ်ဆိုတာ ရှေးပဝေသဏီကတည်းက ဆက်ဆံလာခဲ့ကြတာပါ။ သိသာထင်ရှားတဲ့ ကူးလူးဆက်ဆံမှုတချို့ကတော့ ပုဂံခေတ်မှာ တရုတ်ပြည်ကို ရှင်ဒိဿပါမောက်သွားရောက်ပြီး ငြိမ်းချမ်းရေးအတွက် သံတမန်စကားဆိုခဲ့တာ၊ ဗိုလ်ချုပ်နေဝင်းလက်ထက် မြန်မာ-တရုတ် နယ်နိမိတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာနဲ့ တရုတ်ပြည်ကြီး ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ဖို့ မြန်မာနိုင်ငံက ထဲထဲဝင်ဝင် ကူညီခဲ့တာတွေပါ။
ဒီလို ကူးလူးဆက်ဆံမှုတွေက နိုင်ငံရေးနယ်ပယ်မှမဟုတ်ဘဲ စီးပွားရေးနယ်ပယ်မှာလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ တရုတ်သူဌေးတွေဟာ အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့ကြတာပါ။ လင်ချင်းချောင်း၊ ချန်မာဖီ၊ ယိုချူဆမ်၊ လျှောင်ဟိန်ကီး၊ တန်ကင်ချေး၊ ပါတင်တင်း၊ အော်ဘွန်ဟော၊ အောင်ဘွန်ပါ၊ ဦးစပ်စု တို့ဆိုတဲ့ သူဌေးတွေ ခေတ်ဟောင်းမြန်မာ့သမိုင်းထဲက ထင်ရှားတဲ့ သူဌေးကြီးတွေပဲဖြစ်ပါတယ်။ သူတို့တွေထဲက တချို့ဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ နောက်ကွယ်ကနေ လိုသမျှ ထောက်ပံ့ကူညီခဲ့ကြဖူးပါတယ်။ စီးပွားရေးမှာလည်း ထဲထဲဝင်ဝင် လုပ်ကိုင်တွင်ကျယ်ခဲ့ကြဖူးပါတယ်။
အဲဒီလို တရုတ်အမျိုးသားကောင်း သူဌေးကြီးတွေထဲမှာမှ အင်မတန်ထင်ရှားတဲ့ တစ်ယောက်ကတော့ တရုတ်သူဌေးကြီး လင်းချင်းချောင်းဖြစ်ပါတယ်။
လင်ဆူဟန်မှသည် လင်ချင်းချောင်းဆီ
လင်ချင်းချောင်းဆိုတာ သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံမှာ စီးပွားရေးအင်ပါယာတစ်ခုကို ထူထောင်နိုင်ခဲ့တဲ့ တရုတ်အမျိုးသား သူဌေးတစ်ယောက်ပါ။ အင်္ဂလိပ်တွေ အောက်မြန်မာနိုင်ငံကို သိမ်းပြီးနောက်ပိုင်း ၁၈၆၁ ခုနှစ်မှာ ဖူကျန့်ပြည်နယ် အမွိုင်မြို့က လင်ဆူဟိန် (Lim Soo Hean) ဆိုသူ တရုတ်အမျိုးသားတစ်ယောက်ဟာ မြန်မာနိုင်ငံကို ပြောင်းရွေ့အခြေချပါတယ်။ ပြီးတော့ ဗြိတိသျှအိန္ဒိယအမျိုးသားတွေနဲ့ ပေါင်းပြီး ဆန်အရောင်းအဝယ်လုပ်ပါတယ်။ သူ့ကုမ္ပဏီဟာ ရွှေတိဂုံဘုရားလမ်း ၄၇-၄၉ မှာရှိပါတယ်။ လင်ဆူဟိန်ဟာ ၁၈၆၇ ကျတော့ လင်းချင်းချောင်းကို မွေးပါတယ်။
အဲဒီအချိန်က အထက်မြန်မာနိုင်ငံမှာ မင်းတုန်းမင်းအုပ်ချုပ်နေတဲ့ ကာလဖြစ်ပြီး အောက်မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်က အုပ်ချုပ်နေတာပါ။ အင်္ဂလိပ်တွေအုပ်ချုပ်တဲ့ အောက်မြန်မာနိုင်ငံမှာတော့ စီးပွားရေးလုပ်ရတာက အပြိုင်အဆိုင်များပါတယ်။ အထူးသဖြင့် အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေနဲ့ ပေါက်ပေါက်မြောက်မြောက် ပြောဆိုဆက်သွယ်နိုင်ဖို့ အင်္ဂလိပ် စကားပြောတတ်ဖို့ လိုပါတယ်။ ဒီအချက်ကို စီးပွားရေးလုပ်ရာမှာ တဖြည်းဖြည်းနာမည်ရလာတဲ့ လင်ဆူဟိန်က သိလာပါတယ်။ အမြော်အမြင်ရှိတဲ့ လင်ဆူဟိန် က သူ့သား လင်ချင်းချောင်းကို ရန်ကုန်မြို့က နာမည်ကြီး စိန်ပေါလ်ကျောင်းမှာ ပညာ ကောင်းကောင်း သင်ပေးပါတယ်။ ဒါ့အပြင် စိန်ပေါလ်ကျောင်းဆရာကြီး ဘရာသားဗလင်ထံအပ်နှံပြီး ဥရောပတိုက်သားတွေရဲ့ ဓလေ့ထုံးစံနဲ့ အနေအထိုင် အမူအကျင့်တွေကိုပါ သင်ကြားစေပါတယ်။
ဒါပေမဲ့ ဖခင်ဖြစ်တဲ့ လင်ဆူဟိန် ဟာ တချိန်မှာ အရှေ့တောင်အာရှအထိ နာမည်ကြီးလာမဲ့ သူ့သားရဲ့ စီးပွားရေးအင်ပါယာကြီးကို မတွေ့မြင်သွားရဘဲ သီပေါမင်းပါတော်မူပြီး ၃ နှစ်အကြာမှာပဲ ကွယ်လွန် သွားခဲ့ပါတော့တယ်။
လင်ချင်းချောင်းရဲ့ စီးပွားရေးအင်ပါယာ
အဖေဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက် လင်းချင်းချောင်းက အဖေဖြစ်သူရဲ့ လုပ်ငန်းအဝဝကို ဆက်ခံခဲ့ပါတယ်။ ပြီးတော့ ကျန့်တိတ် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ (Seang Taik & Company) ၊ ကျင့်တဲ့ယွမ်ဘဏ်လုပ်ငန်း (Kie De Yuan) တို့ကို ထူထောင်ပါတယ်။ လင်ချင်းချောင်းဟာ ရော်ဘာ ၊ အထည်အလိပ်၊ ဆန် ၊ ဆီ၊ သတ္တုတူးဖော်ရေး၊ ဘဏ်လုပ်ငန်း ဒီလိုလုပ်ငန်းမျိုးစုံကို လုပ်ကိုင်ခဲ့ပါတယ်။
လင်ချင်းချောင်းဟာ ငယ်ရွယ်တယ်။ တတ်ကြွတယ်။ ပြီးတော့ လာဘ်မြင်ပါတယ်။ ဒါ့ကြောင့် သူ့လုပ်ငန်းတွေဟာ ကြီးထွားလာခဲ့ပါတယ်။ သူဟာ ၁၈၉၁ ကျ ထင်ရှားတဲ့ ဘားမားရေနံကော်ပိုရေးရှင်း (BOC) ရဲ့ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်လာပါတယ်။ BOC ရေနံကုမ္ပဏီဆိုတာ မြန်မာနိုင်ငံရဲ့ ရေနံလုပ်ငန်းကို ချုပ်ကိုင်ထားတဲ့ ကုမ္ပဏီကြီးဖြစ်တော့ ဒီလုပ်ငန်းကို ကိုယ်စားလှယ်ရလိုက်တဲ့အတွက် လင်ချင်းချောင်းဟာလည်း ပိုပိုပြီး ကြွယ်ဝလာခဲ့ပါတယ်။
လင်ချင်းချောင်းဟာ ဒီလောက်နဲ့ မရပ်တန့်ခဲ့ပါဘူး။ ပင်လယ်ကူးသင်္ဘောတစ်စီးဝယ်ပြီး စင်ကာပူ၊ ပီနန်၊ ဟောင်ကောင်၊ ကွမ်တုံနဲ့ အမွိုင်တို့အထိ သူ့ရဲ့ စီးပွားရေးအင်ပါယာကို ချဲ့ထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘစ်ဘီလိုင်း (BIBY LINE) ကနေ တန်ချိန်များများတင်နိုင်တဲ့ သင်္ဘော ၂ စီးထပ်ဝယ်ခဲ့ပါတယ်။ ဒီလုပ်ငန်းကြောင့်ပဲ သူဟာ ပင်လယ်ရပ်ခြားမှာ အခြေစိုက်တဲ့ တရုတ်သူဌေးတွေထဲမှာ အချမ်းသာဆုံး သူဌေးဖြစ်လာပါတယ်။
ချင်းချောင်းနန်းတော်
လင်ချင်းချောင်းဟာ ကြွယ်ဝချမ်းသာလာတဲ့အခါ သူ့အဆင့်အတန်းနဲ့ လျော်ညီတဲ့ အိမ်ကြီးတစ်ဆောင်ဆောက်ဖို့ အကြံဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၁၇ ခုနှစ် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာ အိမ်ကြီးတစ်ဆောင် ဆောက်လုပ်ခဲ့ပါတယ်။
အထပ် ၅ ထပ်ပါဝင်တဲ့ အဆောက်အအုံဟာ ဘေဂျင်း မြို့၊ Yihe Yuan နွေရာသီနန်းတော်မှာရှိတဲ့ Fu Xiang ပွဲကြည့်စင်နှင့် ဆင်တူပေမဲ့ တကယ်တော့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ဗိသုကာဒီဇိုင်းကို ရောသမ မွှေထားတာပါ။ တိတိကျကျပြောရရင် တရုတ်မင်းဆက်တွေရဲ့လက်ရာနဲ့ အနောက်တိုင်း ဗိသုကာဟန်ကို အချိုးကျကျပေါင်းစပ်ထားတာဖြစ်ပါတယ်။ တည်ဆောက်ချိန် ၂ နှစ်လောက်ကြာပြီး ကုန်ကျငွေ အိန္ဒိယရူးပီး ၂ သန်းကျော်တယ်လို့ ဆိုစမှတ်ရှိကြပါတယ်။
အဲဒီအိမ်ကြီးဟာ အဲဒီခေတ်အဲဒီအချိန်က နန်းတော်ကြီးတမျှ ခမ်းနားလှလို့ ချင်းချောင်းနန်းတော်လို့ ခေါ်ကြပါတယ်။ ချင်းချင်းနန်းတော်ရှိတဲ့ ရပ်ကွက်ကိုတော့ ချင်းချောင်းရိပ်သာလို့ အများက အလွယ်တကူ ခေါ်ဆိုကြပါတယ်။
ချင်းချင်းနန်းတော်လို့ ခေါ်ရလောက်အောင်လည်း လင်ချင်းချောင်းရဲ့ အိမ်ကြီးဟာ တကယ်ပဲ ကြီးကျယ်ခမ်းနားပါတယ်။ လင်ချင်းချောင်းဟာ အင်္ဂလန်ကို အလည်သွား၊ အိမ်ထောင်ပရိဘောဂ အဆန်းတကြယ်တွေ ဝယ်ခဲ့ပြီး ထားသိုပုံတွေကိုပါ တစ်ခါတည်း မှတ်ယူလာခဲ့ပါတယ်။ အားနက်နဲ့ ဒေါ့ပရော့တာဆိုတဲ့ အင်္ဂလန်က နာမည်ကျော် ပန်းချီဆရာလင်မယားကို မြန်မာပြည်ခေါ်လာပြီး နံရံဆေးရေးပန်းချီတွေ ရေးစေပါတယ်။
ဒီအကြောင်းကို စာရေးဆရာမောရစ်ကောလစ်က သူ့ရဲ့ “Trials in Burma”ဆိုတဲ့ စာအုပ်ထဲမှာ ရေးပါတယ်။
လင်ချင်းချောင်းစီးပွားပျက်ပြီး ကွယ်လွန်ပြီးနောက်တစ်နှစ် ၁၉၂၄ ခုနှစ်မှာတော့ ချင်းချောင်းနန်းတော်ကို စော်ဘွားတွေက ဝယ်ယူပြီး ကမ္ဘောဇပဲလေ့စ် ဟိုတယ်ဖြစ်လာပါတယ်။ အဲဒီနောက် တော်လှန်ရေးအစိုးရ လက်ထက်မှာတော့ တက္ကသိုလ်ကျောင်းသူတွေနေထိုင်တဲ့ ကမ္ဘောဇအဆောင်၊ နောက်ပိုင်း တော်လှန်ရေးကောင်စီ အတိုင်ပင်ခံရုံးဖြစ်လာပါတယ်။ အခုတော့ ယဉ်ကျေးမှုဗဟိုဌာနဖြစ်နေပါပြီ။
လူမှုဝန်းကျင်အကျိုးပြုလုပ်ငန်းများ
ဒီနေ့ခေတ်မှာတော့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာ အပြုသဘောအမြင်တွေက အတော်လေးနည်းပါတယ်။ ဒါက တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကိုယ်တိုင်က အကျိုးအမြတ်အဓိကထုံး နှလုံးမူပြီး လုပ်ကိုင်နေကြတာရဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။
ဒါပေမဲ့ ကိုလိုနီခေတ် အင်္ဂလိပ်အုပ်ချုပ်ရေးလက်အောက်မှာတော့ တရုတ်သူဌေးတွေက စီးပွားလည်းရှာသလို နိုင်ငံကိုလည်း ပြန်လည်ကြည့်ရှုကြပါတယ်။ အဲဒီလို ကိုယ်ရှင်သန်ရတဲ့ လူမှုအဖွဲ့အစည်းကို ပြန်လည်အကျိုးပြုသူတွေထဲမှာ တရုတ်သူဌေးကြီး လင်ချင်းချောင်းဟာ သူ့ခေတ်သူ့အခါမှာ ထိပ်ဆုံးက ရှိနေသူဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေ အောင်မြင်စပြုလာပြီးနောက် ၁၉၀၅ ခုနှစ်လောက်မှာ လင်ချင်းချောင်းဟာ သူ့မိတ်ဆွေတွေနဲ့အတူ တရုတ်-အင်္ဂလိပ်ဘာသာကျောင်းတွေကို တည်ထောင်ခဲ့ပါတယ်။ ၁၉၀၇ ကျ သူကိုယ်တိုင်တည်ထောင်တဲ့ လင်ချင်းချောင်းကျောင်းကို ထူထောင်ပါတယ်။ ရန်ကုန်မြို့လယ်မှာရှိပြီး နာမည်ကြီးတဲ့ အဲဒီကျောင်းဟာ အင်္ဂလန်က ဆရာတွေကို လစာကောင်းကောင်းပေးပြီး ခေါ်သင်တာပါ။ အဲဒီကျောင်းမှာ လာတက်သူတွေဟာ ပြည်တွင်းကတင်မဟုတ်ဘဲ ဟောင်ကောင်နဲ့ မကာအိုက ကျောင်းသားတွေတောင် ရှိပါတယ်။
ဒီလို နိုင်ငံ့အကျိုး၊ မြို့ရွာအကျိုးသယ်ပိုးလို့ဆိုပြီး အင်္ဂလိပ်အစိုးရက သူ့ကို ၁၉၁၇ ခုနှစ်မှာ OBE (Order of British Empire) ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ ၁၉၂၀ ဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ်တည်ဆောက်ဖို့အတွက် လင်ချင်းချောင်းက အလှူငွေအမြောက်အမြားထည့်ဝင်ခဲ့ပါသေးတယ်။ ဂျင်မခန်ဒါ ဒပ်ဖရင်သားဖွားဆေးရုံဆောက်ဖို့လည်း အလှူငွေတွေ အများဆုံးထည့်ဝင်သူဖြစ်ခဲ့ပါတယ်။
လင်ချင်းချောင်းဟာ ဒီလိုပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့လို့ အင်္ဂလိပ်အစိုးရက လင်ချင်းချောင်းကို ရန်ကုန်မြူနီစပယ်လူကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် ပညာရေးအဖွဲ့ဝင်၊ ဝိတိုရိယပန်းခြံ (မဟာဗန္ဓုလပန်းခြံ) အုပ်ချုပ်ရေးအဖွဲ့ဝင်၊ သမာဓိမြို့ဝန်အဖြစ်လည်း ခန့်အပ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ လန်ချားတွေ စဆွဲတော့လည်း ကျစ်ဆံမြီးကျစ် တရုတ်အမျိုးသားတွေက စဆွဲခဲ့တာပါ။ ဒါပေမဲ့ ဒီလိုအလုပ်မျိုးလုပ်တာဟာ တရုတ်အမျိုးသားတွေအတွက် အရှက်ရစရာဖြစ်တယ်ဆိုပြီး မလုပ်ကြဖို့ လင်ချင်းချောင်းက မေတ္တာရပ်ခဲ့တယ်။ ဒီလိုနဲ့ တရုတ်တွေအမျိုးသားတွေဟာ လင်ချင်းချောင်းရဲ့ မေတ္တာရပ်ခံချက်ကြောင့် အဲဒီအလုပ်ကို ရပ်နားလိုက်ကြတယ်။ ဒါဟာ လင်ချင်းချောင်းက တရုတ်အမျိုးသားထုအပေါ် ဘယ်ရွေ့ဘယ်မျှ ဩဇာကြီးလဲဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
လင်ချင်းချောင်း၏ နေဝင်ချိန်
ဘာပဲဖြစ်ဖြစ် နေထွက်ချိန်ဆိုတာရှိရင် နေဝင်ချိန်ဆိုတာလည်း ရှိလာစမြဲပါပဲ။ မွန်ဂိုအင်ပါယာအရှင် ဂျင်ဂစ်ဂန်လည်း နေဝင်ချိန်ရှိခဲ့တယ်။ ပြင်သစ်ဘုရင် နပိုလီယံ ဘိုနာဘတ်လည်း ရှိခဲ့တယ်။ နေမဝင်ပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ နေမဝင်အင်ပါယာတည်ထောင်သူ ဗြိတိသျှတွေတောင် အဆုံးသတ်ချိန်ရှိခဲ့တယ်။ လင်ချင်းချောင်းရဲ့ဘဝမှာလည်း နေဝင်ချိန်ဆိုတာ ရှိခဲ့ပါတယ်။
၁၉၂၁ ရောက်တဲ့ စပါးဈေးက အဆမတန်ကြီးမြင့်လာပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံက ဆန်ကို အိန္ဒိယနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေဆီ ပို့ခွင့် ပိတ်လိုက်ပါတယ်။ ဒါ့ကြောင့် ဆန်စပါးဈေးကွက် ပျက်စီးသွားပါတယ်။ ဆန်စပါးလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်တဲ့ လင်ချင်းချောင်းအတွက်လည်း အကျပ်ရိုက်စရာဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိသျှစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့အထိ အင်အားကြီးလာတဲ့ လင်ချင်းချောင်းကို အင်္ဂလိပ်တွေက အဘက်ဘက်ကနေပြီး စီးပွားရေးအရ ဖြုတ်ချခဲ့ပါတယ်။ အဲဒီအထဲက အဆိုးဆုံးတစ်ခုကတော့ ဘီအိုစီရေနံကုမ္ပဏီကလည်း လင်ချင်းချောင်းကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာကို ရုပ်သိမ်းလိုက်တာပါ။
အထက်မှာပြောခဲ့သလို လင်ချင်းချောင်း စီးပွားရေးအင်ပါယာဟာ ဆန်းစပါးနဲ ရေနံလုပ်ငန်းဆိုတဲ့ ထောက်တိုင်နှစ်ခုနဲ့ ထောက်မ,ထားတာဖြစ်ပါတယ်။ အခုတော့ အဲဒီထောက်တိုင် ၂ ခုစလုံးဟာ ခပ်မြန်မြန်ပဲ ကျိုးကျသွားခဲ့ပါပြီ။ ဒါ့ကြောင့် ဒီထောက်တိုင်အပေါ် အခြေချထားတဲ့ သူ့ရဲ့စီးပွားရေးအင်ပါယာဟာ ပြိုကျသွားပါတော့တယ်။
ဘယ်လောက်အထိ အခြေအနေဆိုးရွားခဲ့ရလဲဆိုရင် လင်ချင်းချောင်းဟာ သူပိုင်ဆိုင်တဲ့ တန်ဖိုးကြီး ရိုးရွိုက်စ်ကားတွေကို ပြန်လည်ရောင်းချခဲ့ရသလို သူပိုင်တဲ့ဘဏ်ကိုလည်း ဂျပန်တွေဆီ ရောင်းချခဲ့ရပြန်ပါတယ်။ ပြီးတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ချင်းချင်းနန်းတော်ကြီးလည်း ဂျပန်လူမျိုးကြွေးရှင်တစ်ယောက်ဆီ ရောက်ရှိသွားပါတော့တယ်။ သူ့ဘဝရဲ့နေဝင်ချိန်ဟာ အကြွေးတွေပတ်လည်ဝိုင်းခဲ့ရပါတယ်။
သူ့ခေတ်သူ့အခါက နေတစ်စင်း၊ လတစ်စင်းလို ထွန်းလင်းတောက်ပခဲ့တဲ့ လင်းချင်းချောင်းဟာ သူ့ရဲ့ နေဝင်ချိန်မှာတော့ လှပတဲ့ဆည်းဆာမျိုးနဲ့ ဘဝချုပ်ငြိမ်းခွင့် မရခဲ့ပါဘူး။ စီးပွားရေးကပျက်စီးလာတော့ သူ့ရဲ့နှလုံးရောဂါက ပြန်ထလာပါတယ်။ ၁၉၂၃ ရောက်တဲ့အခါ အရှေ့တောင်အာရှအထိ စီးပွားရေးအင်ပါယာကိုတည်ထောင်နိုင်ခဲ့တဲ့ တရုတ်သူဌေးကြီး လင်ချင်းချောင်းဟာ အိပ်နေချိန် နှလုံးဖောက်ပြီး သာမာန် လူဆင်းရဲတစ်ယောက်လို ကွယ်လွန်ခဲ့ပါတော့တယ်။
ဒါပေမဲ့ လူသေသွားပေမဲ့ လင်ချင်းချောင်းရဲ့ နာမည်ကတော့ မြန်မာနိုင်ငံမှာ တရုတ်အမျိုးသားကောင်း သူဌေးတစ်ယောက်အဖြစ် ကျန်ရစ်နေခဲ့ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုတဲ့ လင်ချင်းချောင်းလို တရုတ်အမျိုးသားကောင်းတစ်ယောက်ကို နှောင်းခေတ်မှတ်တမ်းတွေမှာတော့ အမှတ်တရဖော်ပြနေဆဲ ဖြစ်ပါတော့တယ်။
ဟန်သစ်အိမ် ( Y3A )
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media