မြန်မာတိုင်းရင်းသားပိုင်တဲ့ ပထမဆုံးဘဏ်လုပ်ငန်းကို တည်ထောင်ခဲ့သူဟာ မြန်မာနိုင်ငံမှာ မွေးဖွားသူ မဟုတ်ဘူးလို့ပြောရင် ယုံဖို့ခက်ပါတယ်။ ဒါပေမဲ့လည်း အဲဒါက အမှန်ပါပဲ။ မြန်မာတိုင်းရင်းသားပိုင် ပထမဆုံး ဘဏ်လုပ်ငန်းကို တည်ထောင်သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ရခိုင်လူမျိုးဖြစ်ပါတယ်။ သူက စီးပွားရေးအကွက်မြင်တဲ့ ဒီနေ့ခေတ်အခေါ် ခေတ်ရှေ့ပြေး စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။ 

အချိန်က ၁၈၃၃၊  အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ၉ နှစ်အကြာ။  

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါမြို့က ဆင်းရဲလှတဲ့ ပင်းတလဲရွာမှာ လူငယ်လေးတစ်ယောက်ကို မွေးပါတယ်။ သူ့မှာ မွေးချင်း အစ်ကိုနှစ်ယောက်နဲ့ ညီတစ်ယောက်ရှိပြီး သူက တတိယမြောက်သားဖြစ်ပါတယ်။ သူ့မိဘတွေကလည်း ဆင်းရဲကြပါတယ်။ ဒီလိုနဲ့ လူငယ်လေး အရွယ်ရောက်တဲ့အခါ သူ့ညီလက်ကိုဆွဲပြီး ဘဝတိုးတက်ရေးစွန့်စားခန်းကို ဖွင့်လှစ်ဖို့ အိမ်နီးချင်းမြန်မာနိုင်ငံကို ထွက်လာခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံထဲက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ထွက်လာခဲ့တာဆိုရင် ပိုပြီး မှန်ပါတယ်။

အဲဒီခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာပြည်ထက်ဆင်းရဲပါတယ်။ ဘင်္ဂလားဒေ့ရှ်လို့ပြောပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရယ်လို့ မဖြစ်သေးဘဲ အိန္ဒိယပြည်ထဲမှာပဲ ရှိပါသေးတယ်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတော့ ပါကစ္စတန်ဆိုပြီး ခွဲထွက်လာပါတယ်။ ပါကစ္စတန်မှာလည်း အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန်ဖြစ်ပြီး နောက်ပိုင်းကျ တိုက်ပွဲတွေ၊ ပဋိပက္ခတွေထပ်ဖြစ်ပြီး အရှေ့ပါကစ္စတန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုပြီး ဖြစ်လာခဲ့ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ဆိုတာ နယ်နိမိတ်ချင်းထိစပ်နေပြီး အကူးအလူးအဆက်အဆံလည်း ရှိကြပါတယ်။  ရှေးပဝေသဏီကတည်းက ရခိုင်ဘုရင်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက် အုပ်ချုပ်ခဲ့ဖူးပါတယ်။ ရခိုင်သားတွေ အကြောင်းအမျိုးမျိုးနဲ့ ဘေးအန္တရာယ်ကြုံပြီဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားရောက်တိမ်းရှောင်လေ့ရှိပါတယ်။ လူငယ်လေးရဲ့မိဘတွေဟာလည်း အဲဒီလို ဘင်္ဂလားဒေ့ရှ်ပြည်နယ်ကို ရောက်ရှိနေကြတဲ့ ရခိုင်ပြည်နယ် စစ်တွေဇာတိဖြစ်တဲ့ မြန်မာနိုင်ငံသားတွေပါ။ 

အခု စစ်တွေကို ထွက်လာခဲ့တဲ့ လူငယ်လေးနာမည်က ရဲကျော်သူဖြစ်ပါတယ်။ သူဟာ သူ့ညီ ရဲအောင်ရှီရဲ့လက်ကိုစွဲပြီး စစ်တွေမြို့ကို အရဲစွန့်ထွက်လာခဲ့တာဖြစ်ပါတယ်။ စစ်တွေမြို့မှာ ပညာတတ်ပေါတယ်၊ ချမ်းသာသူပေါတယ်ဆိုတာကလွဲပြီး သူဘာမှမသိပါဘူး။ တစ်ခါမှလည်း မရောက်ဖူးပါဘူး။ ရဲကျော်သူဟာ သူ့စွန့်စားလိုစိတ်ကို အဖော်ပြုပြီး အဲဒီလိုထွက်လာခဲ့တာမှာ သူ့မိဘတွေဟာ ဆင်းရဲလွန်းလို့ သားနှစ်ယောက်အတွက် ငွေစအနည်းငယ်နဲ့ ငါးခြောက်တစ်ထုပ်ကိုပဲ ထည့်ပေးလိုက်နိုင်ပါတယ်။ 

ငွေစနည်းနည်းရယ်၊ ငါးခြောက်တစ်ထုပ်ရယ်နဲ့ ရခိုင်ကို ကိုရောက်လာပြီဆိုတော့ သူတို့ညီအစ်ကိုလည်း အလုပ်ရှာကြပါတယ်။ ရဲကျော်သူရဲ့ညီလေးကတော့ အလုပ်အဆင်မပြေလို့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားပါတယ်။ ရဲကျော်သူတစ်ယောက်သာ ရခိုင်မှာ ခက်ခက်ခဲခဲနဲ့ ဆက်ပြီးရုန်းကန်ကျန်ရစ်ခဲ့ပါတယ်။ 

ရဲကျော်သူ ရခိုင်ကိုမရောက်ခင်ကတည်းက စစ်တွေမှာ သူဌေးကြီး ဦးသံခြွီဆိုတာ ရှိပါတယ်။ သူ့ရဲ့ လှေတွေက ကျွန်းတကာပတ်ပြီး ကုန်ရောင်းကုန်ဝယ်လုပ်နေကြတာပါ။ ရဲကျော်သူဟာ သူဌေးကြီးဦးသံခြွီရဲလှေမှာ လှေထိုးသားအဖြစ် စတင်အလုပ်ဝင်လုပ်ပါတယ်။ ကုန်ရောင်းလှေဟာ ကျွန်းတကာပတ်၊ တစ်ရွာဝင် တစ်ရွာထွက် ရောင်းဝယ်ဖောက်ကားပြီး  လှေကို ဆိုက်ကပ်ထားလေ့ရှိပါတယ်။ ရဲကျော်သူဟာ ဇွဲကြီးတယ်၊ ဝီရိယအားလည်းကောင်းပါတယ်။ လှေထိုးသားတွေဟာ ညနေစာစားပြီးချိန်မှာ ဝိုင်းဖွဲ့စကားပြောတတ်ကြပေမဲ့ ရဲကျော်သူကတော့ တမှေးအိပ်လေ့ရှိပါတယ်။ လှေထိုးသားတွေ အိပ်ရာဝင်ရင်တော့ ရဲကျော်သူဟာ လှေကို တစ်ယောက်တည်း စစ်ဆေးပါတော့တယ်။‌ ရေတက်ရေကျကြည့်တယ်။ လှေကိုချည်တဲ့ ကြိုးတွေကို စစ်တယ်။ လှေဝမ်းထဲဝင်နေတဲ့ ရေတွေကို ကုန်အောင် ခပ်ထုတ်တယ်။ ပစ္စည်းအထားအသိုတွေကို စစ်တယ်။ မိုးလေဝသကို ချိန်ဆတယ်။ ပြီးရင် ခဏပြန်အိပ်ပြီး မနက် ၄ နာရီဆို အိပ်ရာကထပြီး လှေတွေကို ပြန်စစ်ဆေးပြန်ပါတယ်။ ဒါတွေကို တစ်ယောက်တည်း မှန်မှန်ကြီး လုပ်လေ့ရှိပါတယ်။ 

ဒီလိုဝီရိယတွေကောင်း၊ အလုပ်မှာ လာဘ်မြင်တာတွေကြောင့်လည်း ရဲကျော်သူဟာ သူဌေးကြီးရဲ့ အားကိုးရတဲ့ ညာလက်ရုံးဖြစ်လာပါတယ်။ ရှေးတုန်းက လူကြီးတွေရဲ့ အစဉ်အလာအတိုင်း အားကိုးလို့ရတဲ့လူဆိုရင် သူတို့ရဲ့ စီးပွားဥစ္စာတိုးပွားအောင် မိသားစုဝင်အဖြစ်ရွေးချယ်ပါတယ်။ ဒီလိုနဲ့ သူဌေးကြီးက သူ့သမီး သံဒါဖြူ နဲ့  ရဲကျော်သူကို ထိမ်းမြားပေးဖို့စီစဉ်ပါတယ်။ သမီးဖြစ်သူ သံဒါဖြူက ငြင်းဆန်ပေမဲ့လည်း အဲဒီခေတ်ရခိုင်ဓလေ့အရ လူကြီးမိဘက ဝတ္တရားနဲ့အညီစီမံတာကို ငြင်းပိုင်ခွင့်မရှိကြပါဘူး။ ဒီလိုနဲ့ ရဲကျော်သူဟာ သူဌေးသမက် ဦးရဲကျော်သူဖြစ်လာပါတယ်။ ဦးရဲကျော်သူဟာ သူတို့မင်္ဂလာဆောင်လို့ ရလာတဲ့လက်ဖွဲ့တွေကိုလည်း သူဌေးကြီးရဲ့ လုပ်ငန်းမှာ အစုရှယ်ယာအဖြစ် ပြန်ဝင်ခဲ့တာကိုကြည့်ရင် ဘယ်လောက် စီးပွားရေးအကွက်မြင်လဲဆိုတာ သိနိုင်ပါတယ်။ 

အခုအတိုင်းဆိုရင် ဦးရဲကျော်သူဟာ သူဌေးသမီးကိုရလို့ သူဌေးဖြစ်သွားတဲ့ တချို့မြန်မာရုပ်ရှင်ဇာတ်လမ်းလိုမျိုး ခပ်ပေါပေါဇာတ်ရုပ်လို့ ထင်ချင်စရာပါ။ တကယ်တော့ မဟုတ်ပါဘူး။ သူ့ဘဝမှာအခက်အခဲတွေ၊ အဆင်မပြေမှုတွေအများကြီးကိုလည်း ဖြတ်သန်းခဲ့ရသူပါ။ 

ဦးရဲကျော်သူဟာ အိမ်ထောင်ကျပြီးတဲ့အချိန်မှာ ယောက္ခမအလုပ်အပြင် ကိုယ်ပိုင်လုပ်ငန်းတွေလည်း ထူထောင်ပါတယ်။ တစ်နေ့မှာတော့ စစ်တွေမြို့ကို ကျွန်းသစ်ရောင်းတဲ့ သင်္ဘောကြီးရောက်လာပါတော့တယ်။ ဦးရဲကျော်သူက အဲဒီကျွန်းသစ်တွေ အကုန်လုံးကို ဝယ်ထားလိုက်ပါတယ်။နောက်ထပ် လာမဲ့ ကျွန်းသစ်တွေကိုလည်း ထပ်ဝယ်ဖို့ငွေကြေးလိုတဲ့အတွက် ဇနီးသည်ဘက်က အမျိုးတွေဆီကနေ ငွေလှည့်ပါတယ်။ ပြီးတော့ ကျွန်းသစ်တွေ ထပ်ဝယ်ပါတယ်။ ဒါပေမဲ့ ကျွန်းသစ်တွေက သူထင်ခဲ့သလို မရောင်းရပါဘူး။ ဦးရဲကျော်သူဟာ ဇွဲမလျှော့ဘဲ ကျွန်းသစ်တွေထားတဲ့ ဘုန်းကြီးကျောင်းမှာနေရင်း အိမ်မပြန်ဘဲ ဝယ်သူကိုစောင့်ပြီး ရောင်းပါတယ်။ မမျှော်လင့်ဘဲ အင်္ဂလိပ်တွေပိုင်တဲ့ ဆန်ဂိုဒေါင်တွေ မီးလောင်တဲ့အခါ သူ့ကျွန်းသစ်တွေလည်း ရောင်းထွက်သွားပြီး ငွေကြေးလည်း အဆ ၂၀ လောက် မြတ်သွားပါတော့တယ်။ 

ဦးရဲကျော်သူဟာ သူ့မွေးရပ် ဘင်္ဂလားဒေ့ရှ်နဲ့လည်း ကုန်ကူးပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကအပြန် ဆေးရွက်ကြီးတွေ တင်လာတဲ့အခါ ရေလမ်းခရီးမှာ လှိုင်းလှေကြီးလို့ ဆေးရွက်ကြီးတွေလည်း ဆားငန်ရေတွေထိပြီး စိုကုန်ပါတယ်။ ရောင်းလို့မရတော့ဘူးလို့ ထင်စရာရှိတဲ့ ရေစိုဆေးရွက်ကြီးတွေကို ဦးရဲကျော်သူဟာ လက်မမလျှော့ဘဲ ဝါးစင်ပေါ်တင်လှန်းပြီး မော်လမြိုင်မြို့ကို တင်ပို့ရောင်းချပြန်ပါတယ်။ မော်လမြိုင်မှာ လက်မလည်အောင်ရောင်းရတဲ့အခါ ရခိုင်မှာလည်း ရောင်းပြန်ပါတယ်။ ရခိုင်မှာတော့ ကွမ်းစားဆေးဆိုပြီး အမည်တွင်ပါတယ်။ 

ဦးရဲကျော်သူဟာ တစ်ဘဝလုံး အအားမနေဘဲ အခွင့်အလမ်းတွေကို ရှာဖွေနေတတ်သူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဘင်္ဂလား‌ဒေ့ရှ်က ကုန်သည်တွေဟာ ကတ္တူလှေကြီးတွေနဲ့ စစ်တွေကို ကုန်လာဝယ်လေ့ရှိပါတယ်။ စစ်တွေကို အလာ လှေပေါ်မှာ ကုန်ပစ္စည်းမပါတာကြောင့် လှေဟာပေါ့လွန်းပြီး ရေလမ်းခရီးမှာ သွားလာရ အဆင်မပြေပါဘူး။ အဓိကတော့ လေတိုက်တဲ့အခါ လှေကပေါ့နေတာကြောင့် လိုရာမရောက်ဘဲ အချိန်ကြန့်ကြာတတ်ပါတယ်။ ဒါ့ကြောင့် သူတို့က ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းက သဲတွေကို တင်လာတတ်ပါတယ်။ 

အလုပ်နဲ့ အခွင့်အလမ်းကို အမြဲရှာဖွေနေတတ်တဲ့ ဦးရဲကျော်သူက စစ်တွေကိုရောက်လာတဲ့ အဲဒီသဲတွေကို ဒိုင်ခံဝယ်ပြီး ကုလားတန်မြစ်ကမ်းပါးမှာ စုပုံစေပါတယ်။ ပြီးတော့ သဲဒိုင်ဖွင့်ပြီး အရောင်းအဝယ်လုပ်ပါတော့တယ်။ ကုန်သွယ်မြို့ဖြစ်တဲ့ စစ်တွေက ဖွံ့ဖြိုးလာတဲ့အခါမှတော့ ဦးရဲကျော်သူရဲ့သဲတွေဟာ ရောင်းမလောက်အောင်ပဲ အဝယ်လိုက်လာပါတော့တယ်။ 

ဦးရဲကျော်သူဟာ ဆန်တွေကိုလည်း အကြီးအကျယ်ရောင်းဝယ်ခဲ့ပါတယ်။ ဈေးပေးတဲ့အခါမှာလည်း အရင်းရှင်းကုမ္ပဏီကြီးတွေထက်ပိုပေးပြီး ဝယ်လေ့ရှိပါတယ်။ ဒါကြောင့် စတီးဘရားသားလို ကုမ္ပဏီကြီးတွေကတောင် ဆန်ဈေးကို သူတို့ဝယ်တဲ့ဈေးအတိုင်း ဝယ်ယူဖို့ ဦးရဲကျော်သူနဲ့ လာရောက် ညှိနှိုင်းကြရတဲ့အထိပါ။ 

အဲဒီလို ညှိနှိုင်းတဲ့အခါ ဦးရဲကျော်သူဟာ ကုမ္ပဏီကြီးတွေနဲ့ ထိပ်တိုက်မတွေ့အောင်  လိမ္မာပါးနပ်စွာ ရှောင်ပါတယ်။ သူ့အနေနဲ့ ခေတ်အခြေအနေအရ အရှင်းရှင်ကုမ္ပဏီကြီးတွေကို တုဖက်ပြိုင်ပြီး စီးပွားရေးလုပ်လို့ မဖြစ်ဘူးဆိုတာကို ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီကြီးတွေက ညှိနှိုင်းလာတဲ့အခါမှာ အတိုက်အခံမလုပ်ဘဲနေရင်း အခြားဖက်မှာတော့ သူက ကုမ္ပဏီကြီးတွေ မသိအောင် တစ်ဖက်လှည့်နဲ့ ဈေးပိုပေးပြီး ဝယ်တယ်လို့ မှတ်တမ်းတချို့က ဆိုပါတယ်။ 

ဒီလို စီးပွားဥစ္စာပြည့်စုံလာပေမဲ့ ဦးရဲကျော်သူဟာ ဘဝမမေ့တတ်ဘူးလို့ ရခိုင်နှုတ်ပြောသမိုင်းတွေက ဆိုပါတယ်။ သူဟာ ခမ်းနားလှတဲ့ သူ့အိမ်ကြီးရဲ့နံရံမှာ လှော်တက်တစ်ချောင်းကို ရွှေချပြီး ချိတ်ဆွဲထားတယ်လို့ ဆိုကြပါတယ်။ အဓိပ္ပါယ်ကတော့ သူဟာ လှေထိုးသားဘဝကနေ ချမ်းသာလာတဲ့လူ ဖြစ်တဲ့အတွက် ဘဝမမေ့အောင် သူ့ကိုယ်သူ သတိပေးတဲ့သဘောပဲ ဖြစ်ပါတယ်။ 

ဒီလိုတဖြည်းဖြည်းနဲ့ထင်ရှားလာတဲ့ ဦးရဲကျော်သူကို အင်္ဂလိပ်အစိုးရက ကျက်သရေဆောင် ရွှေစလွယ်ဆုပေးဖို့ စီစဉ်ပါတယ်။ အိန္ဒိယက အမျိုးသမီးတစ်ဦးနဲ့ ဦးရဲကျော်သူတို့ဟာ အင်္ဂလိပ်အစိုးရရဲ့ ကျက်သရေဆောင် ရွှေစလွယ်ဆုကို ရရှိခဲ့ပါတယ်။ အဲဒီကျက်သရေဆောင် ရွှေစလွယ်ဆုဆိုတာ အဲဒီခေတ်မှာ နာမည်ကျော် ထင်ရှားပြီး လှူနိုင်တန်းနိုင်တဲ့လူတွေ၊ အင်္ဂလိပ်လက်အောက်မှာ နိုင်ငံ့အကျိုး လုပ်သူတွေကို ပေးတဲ့ဆုမျိုးဖြစ်ပါတယ်။ ဒီဆုကို ဦးရဲကျော်သူ ရရှိခဲ့ပါတယ်။ 

အဲဒီလို ဦးရဲကျော်သူ ထင်ရှားလာတဲ့အချိန်မှာပဲ မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းက အဦးအစကာလကို ဖြတ်သန်းနေရချိန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အင်္ဂလိပ်အောက်ဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် အုပ်ချုပ်ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ဘဏ်လုပ်ငန်းဆိုတာ အိန္ဒိယဗဟိုဘဏ် လက်အောက်ခံကနေ လည်ပတ်နေရတာဖြစ်ပါတယ်။ 

အဲဒီအချိန် ဦးရဲကျော်သူဟာ စစ်တွေမြို့မှာ “ဦးရဲကျော်သူအင် ကုမ္ပဏီလီမိတက်”ဆိုပြီး ငွေချေးငွေထုတ်ကုမ္ပဏီတစ်ခု ထူထောင်ပါတယ်။ ဒါဟာ ဘဏ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က မြန်မာနိုင်ငံထဲမှာ ငွေချေးငွေထုတ်လုပ်ငန်းကို ပထမဆုံးလုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အိန္ဒိယရူပီးငွေ သိန်း ၁၀၀ ရင်းထားရတဲ့ သူ့ငွေချေးငွေထုတ်လုပ်ငန်းဟာ နိုင်ငံခြားသားအစုရှယ်ယာတစ်ခုမှ မပါဝင်ဘဲ သူပိုင်ငွေကြေးနဲ့ တည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့မှတ်တမ်းတွေမှာ ဦးရဲကျော်သူအင် ကုမ္ပဏီလီမိတက်ကို မြန်မာတိုင်းရင်းသားပိုင် ပထမဆုံးဘဏ်ဆိုပြီး သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ဘဏ်ကနေ လယ်သမားတွေနဲ့ ငွေလိုသူတွေကို ငွေထုတ်ချေးခဲ့ပါတယ်။ ဒါပေမဲ့ ဦးရဲကျော်သူရဲ့ဘဏ်ဟာ အပေါင်ပစ္စည်းပေးမှ ချေးငွေထုတ်ပေးတာပါ။ လယ်သမားတွေအနေနဲ့ လယ်ပေါင်၊ ယာပေါင်ပြီးမှ ချေးငွေရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နှောင်းခေတ် ပြည်ပပညာရှင်တွေရေးတဲ့ တချို့မှတ်တမ်းတွေမှာတော့ ဦးရဲကျော်သူရဲ့ ဘဏ်က ချေးငွေဟာ အတိုးများတယ်၊ အပေါင်ပစ္စည်းပေးမှ ငွေချေးပေးတယ်ဆိုပြီးလည်း ဖော်ပြကြပါတယ်။ 

ဒါပေမဲ့ အဲဒီအချိန်ဟာ အိန္ဒိယက ချစ်တီးတွေလည်း အင်မတန်သောင်းကျန်းတဲ့ကာလမို့ ဒေသခံတွေက ဦးရဲကျော်သူရဲ့ ဘဏ်မှာပဲ ပေါင်နှံတာတွေ လုပ်ကြပါတယ်။ ဒီလိုပဲ ပြန်မရွေးနိုင်လို့ အဆုံးခံရမယ်ဆိုရင်လည်း ချစ်တီးဆီမှာ ပိုင်ဆိုင်မှုအဆုံးရှုံးမခံဘဲ ဦးရဲကျော်သူဘဏ်ဆီမှာပဲ ဆုံးရှုံးခံကြတာဖြစ်ပါတယ်။ ဦးရဲကျော်သူကိုယ်တိုင်ကလည်း မြို့မျက်နှာဖုံး နာမည်ကျော်သူဌေးဖြစ်တာရယ်၊ ရပ်ရွာအတွင်း ဘုရားတည်၊ ကျောင်းဆောက်၊ ဒါနပြုတာတွေရယ်၊ ချစ်တီးတွေရဲ့ အတိုးနှုန်းကြီးမြင့်တာရယ်၊ မျိုးချစ်စိတ်ဓာတ်နဲ့ ဝံသာနုစိတ်ဓာတ် ပြင်းထန်တဲ့ကာလဖြစ်တာရယ်ကြောင့် ဦးရဲကျော်သူရဲ့ ဘဏ်ဟာ အတော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ 

ဦးရဲကျော်သူဟာ စည်းစိမ်ဥစ္စာကြွယ်ဝလာတာနဲ့အမျှ ကျောက်တော် မဟာမုနိဘုရားမှာ သိမ်တန်ဆောင်း၊ ကြေးဆင်းတုတော်တို့ကို လှူဒါန်းခဲ့ပါတယ်။ စစ်တွေဆေးရုံမှာလည်း အမျိုးသမီးသားဖွားဆောင် လှူဒါန်းခဲ့ပါသေးတယ်။ ဒီလိုပဲ စစ်တွေမှာ သံကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းကို ဆောက်လုပ်ဖို့ သစ်တွေဝယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းမဆောက်မီ ၁၉၁၀ မှာပဲ ဦးရဲကျော်သူဟာ ကွယ်လွန်သွားပါတယ်။ သူကွယ်လွန်သွားတဲ့အခါ သူ့သားသမီးတွေက အဲဒီဘုန်းကြီးကျောင်းဖြစ်မြောက်ဖို့ ဝိုင်းဝန်းကြိုးပမ်းလှူဒါန်းခဲ့ကြတာကြောင့် စစ်တွေမြို့က သံကျောင်းကို အခုထိတိုင် တွေ့မြင်နိုင်ပါသေးတယ်။ 

သူကွယ်လွန်ပြီး ၁၄ နှစ်လောက်အကြာ ၁၉၂၄ မှာတော့ သူ့ရဲ့သတ္တမမြောက်သား ဦးရွှေသာက ဦးရဲကျော်သူအင် ကုမ္ပဏီလီမိတက်ကို တရားဝင်ဘဏ်လုပ်ငန်းအဖြစ် စနစ်တကျ တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးရဲကျော်သူ မျိုးစေ့ချခဲ့တဲ့ ဘဏ်ဟာ အင်္ဂလိပ်ခေတ်မှာ ထူးထူးခြားခြားအောင်မြင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းမျိုးတော့ မထားခဲ့နိုင်ပါဘူး။ ဒါပေမဲ့လည်း အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံမှာ ခေတ်ရှေးပြေး ဘဏ်လုပ်ငန်းတစ်ခုကို တိုင်းရင်းသားတွေက တည်ထောင်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ 

ဦးရဲကျော်သူနဲ့ ဒေါ်သံဒါဖြူတို့မှာ သားသမီး ၁၀ ယောက်ထွန်းကားခဲ့ပါတယ်။ အဲဒီအထဲက လေးယောက်ဟာ မြန်မာနိုင်ငံမှာထင်ရှားပါတယ်။ ဦးရဲကျော်သူရဲ့ အကြီးဆုံးသား ဦးချန်ထွန်းဆိုရင် ထူးချွန်ထင်ရှားတဲ့ ဥပဒေပညာရှင်ဖြစ်လာခဲ့ပါတယ်။ ဦးရဲကျော်သူရဲ့ သားလေးယောက်စလုံးဟာ အင်္ဂလန်မှာ ဥပဒေပညာသင်ယူခဲ့ကြတဲ့ လူတွေဖြစ်ပါတယ်။ 

ဦးရဲကျော်သူဟာ ဘဝကို ခြေဖဝါး၊ လက်ဖဝါးက စခဲ့သူဖြစ်ပါတယ်။ ရေမြေခြားကနေ စစ်တွေကိုရောက်လာပြီး စွန့်ဦးတီထွင်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူကိုယ်တိုင်က ပညာကောင်းကောင်းမတတ်ပေမဲ့ သူ့သားသမီးတွေကိုတော့ အင်္ဂလန်မှာတောင် ကျောင်းထားပြီး ထင်ရှားတဲ့လူတွေဖြစ်လာအောင် မြေတောင်မြှောက်ပေးနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း မြန်မာတိုင်းရင်းသားပိုင် ပထမဆုံး ဘဏ်လုပ်ငန်းကို တည်ထောင်သူအဖြစ် သမိုင်းစိုက်ထူနိုင်ခဲ့ပါတော့တယ်။ 


ဟန်သစ်အိမ် (Y3A) 

Share this article
The link has been copied!