လျှပ်စစ်ကားတွေဟာ ကမ္ဘာ့ဈေးကွက်ထဲအရှိန်အဟုန်နဲ့ ဝင်ရောက်လို့ လာနေပါတယ်။ လက်ရှိအချိန်မှာ လျှပ်စစ်ကားဝယ်ယူအားပေးမှုအများဆုံးနိုင်ငံတွေကတော့ နော်ဝေနဲ့ တရုတ်ပါပဲ။ တရုတ်ဟာ လျှပ်စစ်ကား ဝယ်ယူတဲ့ဘက်မှာရော ထုတ်လုပ်တဲ့ဘက်မှာပါ ထိပ်တန်းနေရာကို တက်လှမ်းရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

အခု ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်းမှာဆိုရင် တရုတ်လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီ BYD ရဲ့ ရောင်းအားဟာ ၂၁ ရာခိုင်နှုန်းမြင့်တက်ပြီး တက်စ်လာကို အမှီလိုက်နေပါတယ်။ ဒီနှစ်ကုန်ရင် BYD ရဲ့ ရောင်းအားဟာ တက်စ်လာကို ကျော်လွန်သွားလေမလားဆိုပြီး လေ့လာဆန်းစစ်သူတွေက တွက်ဆနေကြရပါပြီ။

ရှောင်းမီ တို့လို နည်းပညာကုမ္ပဏီတွေကပါ လျှပ်စစ်ကားထုတ်လုပ်ရေးဘက်ကို ဝင်ရောက်လာတာကြောင့် ကမ္ဘာ့လျှပ်စစ်ကား ဈေးကွက်အရှိန်အဟုန်ကလည်း ပြိုင်ဆိုင်မှုပြင်းထန်လာနေပါတယ်။ 

ဒီတော့ လျှပ်စစ်ကားတွေရဲ့ အနာဂတ် ဖြစ်တန်ခြေက ဘာတွေလဲ။ ဘယ်သူတွေက ဈေးကွက်ကို ကြီးစိုးမှာလဲ။ မြန်မာကရော လျှပ်စစ်ကားနဲ့ပတ်သက်ရင် ဘာတွေစိုးရိမ်စရာရှိနေလဲ။ 

အရင်ဆုံးတော့ ကမ္ဘာ့ဈေးကွက်က လျှပ်စစ်ကားကို ဘာလို့ကြိုက်လာကြတာလဲ ကြည့်လိုက်ရအောင်ပါ။ 

လျှပ်စစ်ကားဟာ လောင်စာဆီ မလိုပါဘူး။ ဒီတော့ လောင်စာဆီပြဿနာမရှိဘူးပေါ့။ လောင်စာဆီပြဿနာဆိုတာ ကမ္ဘာကြီးမှာ စစ်ပွဲတွေဖြစ်တဲ့အထိ အင်အားကြီးပါတယ်။ လောင်စာဆီပြဿနာမရှိရင် OPEC လို ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့ရောင်းချတဲ့အဖွဲ့ရဲ့ ရေနံထုတ်လုပ်ရောင်းချမှုအခြေအနေကို တွက်ဆစရာ မလိုတော့ပါဘူး။ ဒီတော့ ဒီတစ်ချက်နဲ့တင် အများကြီး အဆင်ပြေတယ် ပြောရပါမယ်။

လျှပ်စစ်ကားဟာ ကာဗွန်ထုတ်လုပ်မှုလည်းမရှိလို့ သဘာဝပတ်ဝန်းကျင်ရှုထောင့်က ကြည့်ရင် အများကြီး အသုံးဝင်ပါတယ်။ ဒီနေ့ခေတ်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနေရတဲ့ခေတ်ကြီးဖြစ်တော့ လျှပ်စစ်ကားကို အများစုက အကြိုက်တွေ့လာကြပါတယ်။ 

တချို့နိုင်ငံကြီးတွေဆိုရင် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ကာဗွန်ကင်းစင်မှု ဘယ်လောက်ရှိရမယ်ဆိုတဲ့ စံနှုန်းတစ်ခုကို သတ်မှတ်ပြီး လျှပ်စစ်ကားစီးနင်းဖို့ကို အစိုးရဘက်က အားပေးတာတွေတောင် ရှိနေပါတယ်။ လောင်စာစွမ်းအင်သုံးကားတွေကို စွန့်လွှတ်ပြီး လျှပ်စစ်စွမ်းအင်သုံးကားတွေ ပြောင်းလဲဝယ်ယူမယ်ဆိုရင် အစိုးရဘက်က သက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေထုတ်ပေးတာမျိုးတွေ လုပ်နေကြပါတယ်။

နောက်တစ်ချက်ကောင်းကွက်ကတော့ ဆူညံသံနည်းပါးလွန်းတာပါ။  ဒီတော့ လျှပ်စစ်ကားဆိုတာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ရှားရှားပါးပါးအကြိုက်တွေ့တဲ့ ခေတ်သစ်ကုန်ပစ္စည်းလို့တောင် ပြောရမလိုပါပဲ။ 

ဒါဖြင့် လျှပ်စစ်ကားဟာ စင်းလုံးချောကြီးဖြစ်နေတာလား။ မဟုတ်ပါဘူး။ သူ့မှာလည်း အားနည်းချက်ရှိပါတယ်။

လျှပ်စစ်ကားတွေရဲ့အသက်က ဘတ္ထရီပါပဲ။ ဘတ္ထရီဟာ ကားတန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်းလောက် တန်ကြေးရှိပါတယ်။ ဘာလို့ အဲဒီလောက်ဈေးကြီးရလဲဆိုတော့ သူက လီသီယမ်-အိုင်းယွန်းဘတ္ထရီတွေ သုံးရတာကြောင့်ပါ။ 

ဘတ္ထရီအတွက် ပေးအပ်ထားတဲ့ အာမခံသက်တမ်းနဲ့ ဘတ္ထရီရဲ့စွမ်းဆောင်ရည်ဟာ လျှပ်စစ်ကားတွေအတွက် အရမ်းပဲ အရေးပါလှပါတယ်။ လက်ရှိမှာတော့ ကားထုတ်လုပ်တဲ့ကုမ္ပဏီအများစုက လျှပ်စစ်ကားတွေရဲ့ဘတ္ထရီသက်တမ်းကို အနည်းဆုံး ၈ နှစ်၊ မိုင်က တစ်သိန်းလို့ အာမခံချက်ပေးထားပါတယ်။

တက်စ်လာကတော့ သူတို့ဆီက ထုတ်တဲ့ လျှပ်စစ်ကားတွေရဲ့ဘတ္ထရီသက်တမ်းကို ၈ နှစ်လို့ ပေးထားပြီး မိုင်ပမာဏကိုတော့ ကားအမျိုးအစားအပေါ် မူတည်ပြီး မိုင် တစ်သိန်းကနေ မိုင် တစ်သိန်းခွဲအထိ သတ်မှတ်ချက် ခွဲခြားပေးထားပါတယ်။ User Error ကြောင့် ဘတ္ထရီရဲ့ချို့ယွင်းပျက်စီးသွားရင်တော့ အာမခံချက်ဟာ ပျက်ပြယ်သွားလိမ့်မယ်လို့ တက်စ်လာကုမ္ပဏီက အသိပေးထားပါတယ်။ 

ဒီလိုပဲ Hyundai နဲ့ KIA တို့ကတော့ သူတို့ကုမ္ပဏီထုတ် လျှပ်စစ်ကားတွေအတွက် ဘတ္ထရီအာမခံသက်တမ်းကို ၁၀ နှစ်၊ မိုင်ပမာဏကို တစ်သိန်း ပေးထားပါတယ်။ အာမခံကာလထဲမှာ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာက ၃၀ ရာခိုင်နှုန်းထက် ပိုပြီး ကျဆင်းမသွားစေရဘူးလို့ ဆိုထားပါတယ်။

လျှပ်စစ်ကားကုမ္ပဏီတွေကတော့ လျှပ်စစ်ကားတွေရဲ့ဘတ္ထရီတွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အသုံးပြုမယ်ဆိုရင် သက်တမ်း ၁၂ နှစ်ကနေ ၁၅ နှစ်အထိ အဆင်ပြေပြေ သုံးလို့ ရနိုင်တယ်လို့ ဆိုပါတယ်။

ဆိုတော့ ဘာပဲဖြစ်ဖြစ် လျှပ်စစ်ကားတွေရဲ့ ဘတ္ထရီပြဿနာဟာ အခုထိတော့ ကြီးမားနေဆဲပါ။ သုံးစွဲသူတွေကလည်း လျှပ်စစ်ကားဆို ဘတ္ထရီပြဿနာကိုပဲ အဓိကထားပြီး စဉ်းစားနေရဆဲဖြစ်ပါတယ်။ 

လျှပ်စစ်ကားတွေနဲ့ပတ်သက်ရင် သုံးစွဲသူတွေ နောက်ထပ်စဉ်းစားနေရတဲ့အချက်က ဈေးနှုန်းပါပဲ။

လက်ရှိမှာတော့ လျှပ်စစ်ကားတွေက လောင်စာဆီသုံးကားတွေထက် ဈေးပိုကြီးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အပေါ်မှာပြောခဲ့သလို ဘတ္ထရီဈေးကြီးတော့ လျှပ်စစ်ကားတွေလည်း‌ ဈေးကြီးကုန်တာပါ။ 

နောက်ထပ်တစ်ချက်ကတော့ လျှပ်စစ်ကားတွေဟာ လုံးဝ အသစ်စက်စက်ပစ္စည်းဖြစ်ပြီး ဇိမ်ခံပစ္စည်း စာရင်းထဲမှာ ပါဝင်နေတာပါပဲ။ ဒါကြောင့်လည်းပဲ လျှပ်စစ်ကားတွေဟာ လောင်စာဆီသုံးကားတွေထက် ဈေးကြီးနေတာဖြစ်ပါတယ်။ 

လာမယ့်ကာလမှာ ကမ္ဘာ့ဈေးကွက်ထဲ ရွေးချယ်စရာတွေက ပိုများလာရင် အပြိုင်အဆိုင်ဖြစ်လာနိုင်လို့ လျှပ်စစ်ကားတွေရဲ့ဈေးနှုန်းတွေက အတိုင်းအတာတစ်ရပ်အထိ လျော့ကျသွားနိုင် ခြေရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဈေးကွက်အခင်းအကျင်းကို ပြန်ကြည့်ရင်တော့ ကမ္ဘာကပ်ရောဂါ ကိုဗစ်နောက်ပိုင်း လျှပ်စစ်ကား ဈေးကွက်ကြီးဟာ ပြန်လည်နာလန်ထလာပြီး အခုတော့ နေကောင်းကျန်းမာအခြေအနေကို ရောက်လာနေခဲ့ပါပြီ။ 

လေ့လာသူတွေကတော့ လျှပ်စစ်ကားအရောင်းအဝယ် အရမ်းတိုးတက်ခဲ့တဲ့ကာလဟာ ၂၀၁၉ ခုနှစ်လို့ ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်ကာလကိုရောက်တော့ ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး သိသိသာသာ ကျဆင်းသွားခဲ့တဲ့အတွက် လျှပ်စစ်ကားသစ် မှတ်ပုံတင်မှုတွေဟာ တဟုန်ထိုး ကျဆင်းသွားခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ ဈေးကွက်က ပြန်လည်ဦးမော့လာပြီး အခုတော့ အပြုသဘောဆောင်တဲ့ လမ်းကြောင်းဆီ ရွေ့နေပြန်ပါပြီ။ 

၂၀၂၁ ခုနှစ်မှာ တစ်ပတ်တာ လျှပ်စစ်ကားရောင်းချမှုဝင်ငွေဟာ ၂၀၁၂ ခုနှစ်တုန်းက တစ်နှစ်လုံးရရှိတဲ့ဝင်ငွေထက် ပိုများနေပါတယ်။  ၂၀၂၃ ခုနှစ်မှာ ရောင်းချခဲ့ရတဲ့ လျှပ်စစ်ကားအရေအတွက်က အစီးရေပေါင်း ၃၉ သန်းခွဲတောင် ရှိခဲ့တာပါ။ ကမ္ဘာတဝန်းဆီက လမ်းမကြီးတွေမှာ မောင်းနှင်နေတဲ့ လျှပ်စစ်ကားအစီးရေကလည်း ပျမ်းမျှ သန်း ၄၀ လောက် ရှိနေပါပြီ။

တစ်ဖက်မှာလည်း ကမ္ဘာကျော်ပုဂ္ဂိုလ်တွေတောင် လျှပ်စစ်ကားထုတ်လုပ်ရေးတွေကို စိတ်ဝင်တစားရှိလာနေပါတယ်။

ကမ္ဘာကျော်ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်းတောင် ဗြိတိန်အခြေစိုက် Lunaz လျှပ်စစ်ကား ကုမ္ပဏီရဲ့ ရှယ်ယာပမာဏ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားပြီးပါပြီ။ Lunaz လျှပ်စစ်ကား ကုမ္ပဏီဟာ ဂန္ထဝင်ကားအမှတ်တံဆိပ်တွေဖြစ်တဲ့ Rolls-Royce၊ Jaguar နဲ့ Land Rover တို့ရဲ့ကားမော်ဒယ်ဟောင်းတွေကို လျှပ်စစ်ကားပြောင်းလဲပေးနေလို့ ဒေးဗစ်ဘက်ခမ်းရဲ့ရှယ်ယာဝင်ရောက်လာမှုက တကယ့်ကို စိတ်ဝင်စားစရာဖြစ်လာပါတယ်။ 

ဒီလိုပဲ ကမ္ဘာကျော် တက်စ်လာ၊ တရုတ် လျှပ်စစ်ကားထုတ်လုပ်တဲ့ BYD ဒီလိုကုမ္ပဏီကြီးတွေဟာ‌ ဈေးကွက်ထဲမှာ အပြိုင်အဆိုင်ကျဲနေပါတယ်။ အနာဂတ်ဈေးကွက်ကို ဘယ်သူက သိမ်းပိုက်မှာပါလဲ။ 

အနီးစပ်ဆုံးအချက်အလက်တစ်ခုကို ထုတ်ပြရရင်တော့ အခုဇွန်လအတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားရောင်းအားက ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ ဇွန်လ တစ်လအတွင်း တစ်ကမ္ဘာလုံးမှာ  လျှပ်စစ်ကား ရောင်းအားက အစင်းရေ  ၁.၄ သန်းအထိ ရှိခဲ့တာပါ။ အဲဒီမှာ တရုတ်ရဲ့ရောင်းအားက ၈ သိန်းခွဲလောက်ရှိပါတယ်။ ဒီတော့ တရုတ်လျှပ်စစ်ကားတွေရဲ့ ဈေးကွက်ထိုးဖောက်နိုင်အားကို တွေ့ရမှာပါ။ 

တရုတ်ကြောင့်ပဲ ဥရောပမှာ တရုတ်နိုင်ငံထုတ်မဟုတ်တဲ့ လျှပ်စစ်ကားရောင်းအားတွေ ကျဆင်းနေပြန်ပါတယ်။ ဒါပေမဲ့ တရုတ် BYD ကုမ္ပဏီဆိုရင် ဘရာဇီးမှာ သူ့ရောင်းအားကို သုံးဆတက်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ တရုတ် BYD ကုမ္ပဏီဟာ ကမ္ဘာကျော် တက်စ်လာရဲ့ ရောင်းအားကို ဒီနှစ်အတွင်း ကျော်တက်သွားဖို့ရှိတယ်လို့ တွက်ဆနေကြတာဖြစ်ပါတယ်။  

အနာဂတ်လျှပ်စစ်ကားဈေးကွက်ကြီးကို တရုတ်ကုမ္ပဏီတွေက သိမ်းပိုက်သွားမလား။ အမေရိကန်ကုမ္ပဏီတွေ နောက်ကောက်ချခံရမှာလား။ ဒီစဉ်းစားချက်အပေါ် သက်ရောက်နိုင်တဲ့ Factor တွေကတော့ အများကြီးရှိမှာပါ။ အရေးကြီးတဲ့တစ်ချက်ကတော့ အမေရိကန်ပါဝါသက်ရောက်မှုပဲ ဖြစ်ပါတယ်။ 

အမေရိကန်ဟာ နန်းကျခံရခါနီးဖြစ်နေပေမဲ့လည်း သူ့ရဲ့ပါဝါကတော့ ကမ္ဘာ့စီးပွားရေးမှာ ဦးဆောင်သူ၊ မူဝါဒချမှတ်သူအဖြစ် ရှိနေဆဲပါပဲ။ ကမ္ဘာ့ဈေးကွက်ဆိုတာ အမေရိကန် ဘယ်ခြေလှမ်းမလဲဆိုတဲ့အပေါ် တွက်ချက်လုပ်ဆောင်နေရတာပါ။ ဒါ့ကြောင့် လျှပ်စစ်ကားဈေးကွက်ရဲ့ပြိုင်ဆိုင်မှုဟာ အမေရိကန်မူဝါဒနဲ့ ခွဲခြားလို့ မရသေးပါဘူး။ 

ဒီတော့ ကမ္ဘာ့ရေးရာကို လှမ်းကြည့်လိုက်ရင် အမေရိကန်သမ္မတရွေးကောက်ပွဲကို ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူသာ သမ္မတပြန်ဖြစ်ရင် လျှပ်စစ်ကားတွေအတွက် ထုတ်ပြန်ထားတဲ့ ပရောဂျက်တွေကို ရပ်ဆိုင်းပစ်မှာက ပထမဆုံး လုပ်မယ့်အလုပ်တွေထဲက တစ်ခုဆိုပြီး ကြွေးကြော်နေတာပါ။ 

ဒါက လျှပ်စစ်ကားဈေးကွက်ကြီးအတွက် သတင်းဆိုးပါပဲ။ 

လက်ရှိမှာ လျှပ်စစ်ကားတွေအတွက် အားသွင်းစင်တာ ၈ ခု ဆောက်လုပ်ဖို့ အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၉ ဘီလီယံလောက် သုံးလိုက်ရပြီးပါပြီ။ ထရမ့်ကတော့ အဲ့ဒီအားသွင်းစင်တာ ၈ ခုမှာ ၂ ခုက အလုပ်,မလုပ်ဘူး လို့ ထည့်ပြောသွားခဲ့ပါတယ်။ ဘိုင်ဒင် ချမှတ်ထားတဲ့ ပရောဂျက်တစ်ခုလုံးကို အပြီးအစီးလုပ်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ ၅ ထရီလီယံလောက် ကုန်မယ်၊ အားလုံးလည်း ဒေဝါလီခံရပြီး မြောင်းထဲရောက်ကုန်လိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။

ဒီတော့ ထရမ့်ရဲ့ပြောစကားတွေဟာ လျှပ်စစ်ကားထုတ်လုပ်သူတွေအတွက်လည်း ရတက်မအေးရတဲ့ ကိစ္စဖြစ်ပါတယ်။ ပြီးတော့ လျှပ်စစ်စွမ်းအင်သုံးကားကို အသုံးပြုဖို့ အလေးအနက်ထား စဉ်းစားနေတဲ့ နိုင်ငံငယ်တွေအတွက် တွေးဆရမယ့်အချက်တစ်ခုပါပဲ။ 

မြန်မာမှာလည်း လျှပ်စစ်ကားအတွက် အခွင့်အလမ်းတွေနဲ့ ဒွိဟဖြစ်စရာတွေက ယှဉ်တွဲဖြစ်ပေါ်နေပါတယ်။ 

မြန်မာနိုင်ငံထဲက လျှပ်စစ်ကားဆိုတာ တရုတ်ပြည်က တင်သွင်းလာတဲ့ကားက ပျမ်းမျှအားဖြင့် ၉၀ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။ ပြည်တွင်း ကားဈေးကွက်ထဲမှာ လျှပ်စစ်ကားတင်သွင်းတဲ့လုပ်ငန်းစုတွေလည်း တဖြည်းဖြည်းချင်း များသထက်များလာတာကို မြင်တွေ့နေရပါတယ်။ လျှပ်စစ်ကားတင်သွင်းရင် အခွန်အခကလည်း သာမန်ကားတွေထက် ပိုပြီးသက်သာတဲ့ မူဝါဒသတ်မှတ်ထားတာ ရှိနေပါတယ်။

ဒီလိုပဲ သန်လျင်တံတားသစ်မှာဆိုရင် လျှပ်စစ်ကားတွေကို တံတားဖြတ်သန်းခ မကောက်ခံပါဘူး။ လက်ရှိမှာလည်း စက်သုံးဆီအခက်အခဲတွေဖြစ်လာလို့ လျှပ်စစ်ကားဝယ်ယူစီးနင်းရေးကို ကားဝယ်သူတွေက စဉ်းစားတာတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ကားဝယ်ယူဖို့ စုံစမ်းတာတွေက အခုလပိုင်းထဲမှာ အရှိန်မြင့်တက်နေပါတယ်။

မြန်မာလိုနိုင်ငံအတွက် လျှပ်စစ်ကားတွေရဲ့ အဓိကပြဿနာက အားသွင်းရတဲ့ ဒုက္ခပါပဲ။ လျှပ်စစ်မီးအားအတက်အကျပြဿနာ၊ လျှပ်စစ်မီး မလာတဲ့ပြဿနာတွေကို သုံးစွဲသူတွေအတွက် ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ကမ္ဘာမှာ နေစွမ်းအင်သုံးဆိုလာစနစ်နဲ့ လျှပ်စစ်ကားကို အားသွင်းဖို့စီစဉ်နေကြပေမဲ့ မြန်မာကတော့ အဲဒီလိုနည်းပညာနဲ့ အလှမ်းဝေးနေဆဲပါပဲ။

ပြီးတော့ ကုမ္ပဏီတွေရဲ့အာမခံချက်တွေလည်း ပါပါတယ်။ ဒီနိုင်ငံဟာ သမိုင်းတလျှောက် စားသုံးသူအခွင့်အရေး လွန်လွန်ကျူးကျူးချိုးဖောက်ခံရတဲ့ နိုင်ငံဖြစ်တဲ့အတွက် လျှပ်စစ်ကားနဲ့ ပတ်သက်ရင် ပိုပြီး စိတ်ပူဖို့ကောင်းပါတယ်။ 

ဒါ့အပြင် လျှပ်စစ်ကားကို အားသွင်းရင် ဘတ္ထရီမီးလောင်မလားဆိုတဲ့ စိုးရိမ်မှုကလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းက အာမခံကုမ္ပဏီတွေတောင် လျှပ်စစ်ကားတွေကို ဘယ်လိုပုံစံမျိုးနဲ့ အာမခံတွေ ပေးရမလဲဆိုတာ မြေစမ်းခရမ်းပျိုး စဉ်းစားဆဲအဆင့်ဖြစ်ပါတယ်။

ဇူလိုင်လကုန်ပိုင်းလောက်မှာတော့ မြန်မာပြည်မှာ မိုးတွေကြီး လမ်းပေါ်ရေလျှံလာတဲ့အခါ လျှပ်စစ်ကားတွေအတွက် နောက်ထပ်စိုးရိမ်စရာတစ်ချက်ဖြစ်လာရပြန်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်ကားကို တကယ်စိတ်ဝင်စားနေတဲ့လူတွေလည်း ရှိနေဆဲပါပဲ။ 

“လျှပ်စစ်ကား ဝယ်ဖို့တော့ တွေးတယ်။ ဈေးကတော့ ချိန်ဆရတာပေါ့။ ပြီးတော့ လျှပ်စစ်မီးအခြေအနေ။ အမြန်လမ်းတွေမှာဆိုရင် ဘယ်နေရာမှာ အားသွင်းတာတွေရှိမလဲ။ အားသွင်းပြီးရင် ကီလို ဘယ်လောက်မောင်းလို့ ရလဲ။ ဒါတွေ ထည့်တွက်နေရတယ်။ အခု ဆီတွေ တန်းစီရတာတွေ၊ ဆီဝယ်ရတာတွေက အဆင်မပြေတာတွေလည်း ဖြစ်နေတယ်လေ။ ဒါကြောင့် လျှပ်စစ်ကားကို ပြောင်းစီးရင် ကောင်းမလားလို့ တွေးဖြစ်လာတာပါ”လို့ လျှပ်စစ်ကား ကားဝယ်ဖို့ စဉ်းစားနေသူ ရန်ကင်းမြို့မှာနေတဲ့ ကိုနေရည်လွင်က ပြောပြပါတယ်။

အနှစ်ချုပ်လိုက်တဲ့အခါ မြန်မာ့အိမ်နီးချင်း တရုတ်က ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်မှာ ကမ္ဘာကျော် တက်စ်လာလို ကုမ္ပဏီမျိုးနဲ့ ယှဉ်ပြိုင်နေချိန်မှာ မြန်မာကတော့ လျှပ်စစ်ကားကို အားသွင်းဖို့ အခက်ကြုံနေရဆဲပဲဖြစ်ပါ။ 

ဒီအတိုင်းဆိုရင် လျှပ်စစ်ကား ကမ္ဘာ့ဈေးကွက်ရဲ့အလားအလာကလည်း တရုတ်-အမေရိကန်အားပြိုင်မှုအဖြစ် ဆက်ရှိနေဦးမှာပဲဖြစ်ပါတော့တယ်။

 

နွေဦးရွက်ဝါ(Y3A)

Share this article
The link has been copied!