မြန်မာနိုင်ငံမှာ စက်တင်ဘာလတုန်းက ရေကြီးတော့ ဒုက္ခရောက်နေတဲ့လူတွေကို ငါးဖမ်းလှေတစ်စီးနဲ့ အလီလီကျော့ပြီး ကယ်နေတဲ့ ခပ်ငယ်ငယ်လူလေးတစ်ယောက်ကို မြင်တွေ့ခဲ့ကြရပါတယ်။
ဒီလူငယ်လေးဟာ နေပြည်တော် လယ်ဝေး၊ အောင်သုခရွာက “ပေါများ” လို့ခေါ်တဲ့ အသက် ၁၂ နှစ်အရွယ် လူငယ်လေးပါ။ သူ့အသက် သူ့အရွယ်နဲ့ သဘာဝဘေးကြီးကို မမှုဘဲ လူပေါင်းများစွာရဲ့ အသက်ကို ကယ်ဆယ်ခဲ့သူလည်းဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ အခက်အခဲကြုံလာတိုင်း ဒုက္ခရောက်သူတွေကို စိတ်ရင်းနဲ့ ကူညီတတ်ကြတဲ့ “ပေါများ” လို အညတရ သူရဲကောင်းတွေ အများအပြား ပေါ်ပေါက်လာလေ့ရှိပါတယ်။
တစ်ဖက်မှာလည်း ပရဟိတဗန်းပြ လုပ်ကိုင်ကြသူတွေရှိနေပမဲ့ ဒုက္ခရောက်သူတွေကို တကယ့်ကိုစစ်မှန်တဲ့ စိတ်ရင်းနဲ့ ဖေးမကူညီသူတွေရှိနေတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အားတက်စရာ လင်းရောင်ခြည် ဖြစ်ပါတယ်။
ဒီဆောင်းပါးကတော့ ရှားပေမဲ့ ရှိနေသေးတဲ့ “လူငယ် ပေါများ”တို့ အကြောင်းပါ။ ပြီးတော့ ပေါများ ဆိုတာ လူငယ်တစ်ယောက်လည်းဖြစ်နိုင်သလို အစုအဖွဲ့လည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ လူငယ်တွေဖြစ်ပါတယ်။
လယ်ဝေးက “ပေါများ”
“ပေါများရေ ငါ့တို့ကို လာကယ်ပါဦးလို့ ခေါ်ကြတာ၊ ရွာသားတွေကို သနားလို့လေ၊ သူတို့က အော်နေတော့ သားလည်း မနေနိုင်ဘူးလေ၊ နှစ်ရက်နဲ့ တစ်မနက် ကယ်ခဲ့တာ”
ဒါကတော့ “ပေါများ” ဆိုတဲ့ ထူးထူးခြားခြားနာမည်လေး ပိုင်ဆိုင်ထားတဲ့ သူရဲကောင်း ကလေးငယ်ရဲ့ ရိုးရှင်းလှတဲ့ စကား ဖြစ်ပါတယ်။ နေပြည်တော် လယ်ဝေး၊ အောင်သုခရွာမှာ စက်တင်ဘာလတုန်းက ရေကြီးမှုဟာ အဲဒီဒေသခံတွေအတွက် တသက်မှာ တစ်ခါလို့ ဆိုရလောက်အောင် ကြောက်စရာကောင်းလွန်းပါတယ်။ လူတွေက အိမ်ခေါင်မိုးတွေပေါ်တက်ပြီး ကယ်မဲ့သူကို မျှော်နေကြရပါတယ်။
ဒါပေမဲ့ သူတို့မှာ တစ်ချက်ကံကောင်းသွားတာက ပေါများ ရှိနေတာပါ။
အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်လေးတစ်ယောက်ဟာ ရေဘေးဖြစ်ချိန်မှာ သူ့ရဲ့ ငါးဖမ်းလှေကလေးကို ကိုယ်တိုင်ပဲမောင်းပြီး သူတတ်စွမ်းသမျှ သူ့ခွန်အားနဲ့ လူ့အသက်တွေကို လိုက်လံကယ်ဆယ်နေတာဟာ အောင်သုခရွာလေးအတွက်တော့ ခေတ်သစ် မဏိမေခလာ အလားပါပဲ။
ပေါများ ဟာ လူတွေ ရေနစ်မသေအောင် ကယ်နိုင်သမျှ ကယ်ဖို့ ဆိုတဲ့ သိစိတ်တစ်ခုတည်းနဲ့ ကြောက်စရာကောင်းလွန်းတဲ့ ရေစီးကို မမှုဘဲ ကယ်ဆယ်ရေးလုပ်ခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးတွေ မလာရောက်နိုင်သေးချိန် တဟုန်ထိုးစီးနေတဲ့ စစ်တောင်းမြစ်ရေထဲမှာ ရေဘေးသင့်လူတွေကို တစ်ကြိမ် တစ်ခါတောင်မဟုတ်ဘဲ အခေါက်ခေါက်အခါခါ ကယ်တင်ခဲ့သူပါ။ သူကယ်တယ်နိုင်ခဲ့တဲ့လူပေါင်း ခန့်မှန်းခြေ ၈၀ လောက် ရှိခဲ့ပါတယ်။
ရေကြီးမှုလျော့ပါးသွားချိန်မှာတော့ ပေါများ ရဲ့ အများအကျိုးပြုစိတ်ဓာတ် အားလုံးက အံဩဘနန်း ဖြစ်ခဲ့ကြရပါတော့တယ်။ တစ်ချိန်တုန်းက စိုင်းအောင်လှိုင်မြင့်ဆိုတဲ့ ကြက်ခြေနီလူငယ်တစ်ယောက် ရေထဲမြုပ်သွားတဲ့ လူ့အသက်ကိုကယ်ဖူးလို့ ဟင်နရီဒူးနန့်ဆု ရခဲ့ဖူးပါတယ်။ နိုင်ငံတော်အနေနဲ့ရော ပေါများ အတွက် ဘာတွေဘယ်လို ဂုဏ်ပြုသင့်လဲဆိုတာ စဉ်းစားစရာပါ။
တောင်ငူက “ပေါများ”
“အသက်ကယ်အင်္ကျီ မလုံလောက်တော့ ကလေးတစ်ယောက်ကို ပေးဝတ်ပြီး ကားပေါ်တက်လိုက်တဲ့အချိန် ရေစီးကရိုက်မိပြီး ရေစီးနဲ့ပါသွားတာ၊ သစ်ပင်နဲ့ခေါင်းနဲ့ဆောင့်မိတာ”
ဒါကတော့ တောင်ငူမြို့ ရေဘေးကယ်ဆယ်ရေးမှာ ကယ်ဆယ်ရေးလုပ်နေရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ရှင်ပေါလုအသင်းတော်က လူငယ်ပရဟိတသမား စောနော်ဂျာရဲ့ နောက်ဆုံးထွက်သက်ကို သူရဲ့လုပ်ဖော်ကိုင်ဖက် ပရဟိတသမားတွေက ပြန်ပြောပြတာပါ။
မြန်မာနိုင်ငံရဲ့ မြို့နယ် ၅၄ မြို့နယ်မှာ ရေကြီးမှုကြောင့် အိုးအိမ်များစွာ ပျက်စီးခဲ့သလို လူပေါင်း ၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဆိုးဆိုးရွားရွား ရေကြီးခဲ့တဲ့ ဖြစ်စဉ်အတွင်းမှာ ပရဟိတအဖွဲ့တွေ၊ ကိုယ်ထူကိုယ်ထ ကယ်ဆယ်သူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းက သိသိသာသာ ထင်ရှားခဲ့သလို ထိရောက်မှုလည်း ရှိခဲ့ပါတယ်။
နယ်မြေကန့်သတ်ပိတ်ပင်မှုတွေ ရှိနေတာ၊ အသက်ကယ်အင်္ကျီ မလုံလောက်တာ၊ ကယ်ဆယ်ရေး အထောက်အကူတွေ မရှိတာတောင်မှပဲ ရေဘေးကယ်ဆယ်သူတွေဟာ ရတဲ့နည်းလမ်းနဲ့ ကြိုးစားပြီး အသက်စွန့်လုပ်ခဲ့ကြပါတယ်။ ရေဘေးကယ်ဆယ်ရေးမှာ အဓိကပါဝင်သူတွေကတော့ ကျန်းမာသွက်လက်ပြီး စွန့်စားလိုမှုရှိတဲ့ လူငယ်တွေ ဖြစ်ကြပါတယ်။
သဘာဝဘေးဒဏ်ခံစားနေရတဲ့ လူတွေရဲ့အသက်ကို ကယ်ဖို့ကြိုးစားရင်း ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့ ကယ်ဆယ်ရေးသမားက စောနော်ဂျာ တစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။ ရေတာရှည်မှာလည်း ရေဘေးသင့်ပြည်သူတွေကို ကယ်တယ်နေရင်း တော်လှန်ရေးရဲဘော် Eagle ဟာ ရေစီးထဲ မျောပါသေဆုံး ခဲ့ရပါတယ်။ သူတို့အပြင် မီဒီယာစာမျက်နှာပေါ်ကို တက်မလာတဲ့ အညတြ သူရဲကောင်းလူငယ်တွေလည်း ရှိနေပါသေးတယ်။
ဒီလို သက်စွန့်ဆံဖျား ကယ်ဆယ်ရေးမလုပ်နိုင်ကြသူတွေကတော့ တစ်ဖက်မှာ ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် စွမ်းနိုင်သမျှ ကိုယ်စီကိုယ်ငှ ကြိုးစားကြတာကလည်း အသိအမှတ်ပြုစရာ ဖြစ်လာပါတယ်။ ရေဘေး စ ဖြစ်ပြီဆိုကတည်းက အွန်လိုင်းပေါ်မှာနဲ့ မြေပြင်မှာ ရန်ပုံငွေရှာတာနဲ့ အလှူခံတာတွေ လုပ်ခဲ့ကြပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာတွေကို ရောင်းချပြီး အလှူငွေရှာတာ၊ သီချင်းဆိုပြီး အလှူခံတာ၊ ကမ်ပိန်းတွေပြုလုပ်တာ၊ အဲဒီလှုပ်ရှားမှု အများစုမှာ လူငယ်တွေပဲ ဦးဆောင်ပြီး လူငယ်တွေပဲ တတပ်တအား ပါဝင်ခဲ့ကြပါတယ်။
ဒီဖြစ်စဉ်တွေကို ကြည့်လိုက်ရင် လူငယ်တွေရဲ့ ပကတိဖြူစင်တဲ့ အားထုတ်မှုနဲ့ စေတနာကို တွေ့ရမှာပါ။ ဒီလိုပဲ မြန်မာလူငယ်တွေရဲ့ ခွန်အားဟာ မကုန်ခမ်းသေးဘူး၊ ဦးမကျိုးသေးဘူးဆိုတာ ကို တွေ့ရမှာပါ။
ရွှံလူး ကလောမြေက “ပေါများ” များ
“ဒီနေ့အချိန်ထိ ကျွန်တော့်ကို ဘာလှူပါ မပြောသေးဘူး။ ကျွန်တော်ဘာလုပ်နေတယ်ပဲ ပြောပါတယ်”
ဒါကတော့ နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ စာသားတစ်ပိုင်း တစ်စပါ။ ဒီစာသားကို ရွံ့တွေ ၊နွံတွေ ပြည့်နေတဲ့ လမ်းပေါ်မှာ ၊ လူငယ်တွေ ပေါက်တူးပေါက်ပြားတွေကိုင်ပြီး အလုပ်လုပ်နေတဲ့ ဓာတ်ပုံနဲ့တွဲပြီး ဖော်ပြထားပါတယ်။
သူတို့တွေ ဘာတွေလုပ်နေကြတာပါလဲ။
စက်တင်ဘာလ ရေကြီးခန်း အပြီးမှာတော့ လမ်းတွေ၊ အိမ်တွေဟာ နွံအလူးလူးနဲ့ ရုပ်ပျက်ဆင်းပျက် ကျန်ရစ်ပါတယ်။ “နူရာဝဲဆွဲ၊ လဲရာသူခိုးထောင်း” ဆိုတဲ့ မြန်မာစကားပုံလိုပါပဲ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဘယ်လောက်ပဲ ဒူပေနာပေခံနိုင်တယ်ဆိုဦးတော့ ဒုက္ခဆိုတာ ကျင့်သားရနေသင့်တဲ့အရာမျိုး မဟုတ်ပါဘူး။ ဒီတော့ ထပ်မံရင်မောရပြန်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော် မြင့်တဲ့ ရေဘေးသင့် ကလောမြို့လေးကတော့ ဒီအတွက် စိတ်အေးခဲ့ရပါတယ်။ အဲဒါကတော့ အထက်မှာပြောထားခဲ့တဲ့ ဓာတ်ပုံအကြောင်းအရာနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။
စက်တင်ဘာလလယ်လောက်မှာတော့ ရေဘေးကူညီဖို့ဆိုပြီး နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဟာ ရန်ကုန်ကနေ အလှူပစ္စည်းတွေနဲ့ အတူ ကလောကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေ ကလောမြို့လေးဆီရောက်တော့ ဦးတည်ချက်ပြောင်းသွားပါတယ်။ ရေဘေးမတိုင်ခင်က အင်မတန်သန့်ရှင်းသပ်ရပ်ပြီး လှပခဲ့တဲ့ ကလောမြို့ဟာ နွံတွေနုန်းတွေအောက်မှာ အလဲလဲအပြိုပြိုတွေဖြစ်ပြီး ညစ်ပတ်ပေရေနေခဲ့ပါပြီ။
နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဟာ နွံနုန်းအပြည့်ဖြစ်နေတဲ့ လမ်းတွေ၊ အိမ်တွေကြောင့် တစ်ပူပေါ်နှစ်ပူဆင့်နေတဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ သောကကိုမြင်လိုက်ရတဲ့အခါ လာရင်းကိစ္စကို ခဏထားပြီး အရေးပေါ်ကူညီရမယ့်ကိစ္စကိုသာ ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒါကတော့ မြို့ရဲ့ ထက်ဝက်လောက်ကို လွှမ်းခြုံထားတဲ့ နွံတွေကို ရှင်းလင်းပေးဖို့ပါပဲ။
ရေကြီးမှုရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ နွံတွေကိုရှင်းဖို့ဆိုတာ သာမာန်သန့်ရှင်းရေးလုပ်သလို လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ လူအင်အားနဲ့ စက်ကိရိယာအကူအညီ လိုပါတယ်။ ဒီတော့ နွံရှင်းဖို့အတွက် ရေစုပ်စက်တွေအပါအဝင် တခြားလိုအပ်မဲ့ပစ္စည်းတွေကို ရန်ကုန်နဲ့ တောင်ကြီးကနေ အမြန်မှာပြီး နွံရှင်းဖို့ စ ပါတော့တယ်။ မြို့ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိနေတဲ့ နွံတွေကို ရှင်းပေးဖို့အတွက် ကလောမြို့မှာပဲ ယာယီအဖွဲ့စခန်းလေးဖွင့်ပြီး ရှိတဲ့လူအင်အားနဲ့ပဲ တစ်နေ့ကို အိမ်ဆယ်လုံးနီးပါးလောက် နွံရှင်းပေးခဲ့ကြပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံး နွံတွေ၊ ရွံ့တွေပေကျံနေတဲ့ လူငယ်အဖွဲ့တွေရဲ့ နွံရှင်းလင်းရေး ဓာတ်ပုံတွေဟာ လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေပေါ် ပျံ့နှံ့လာပါတယ်။ ဒါဟာ တကယ်လိုအပ်ပြီး ထိရောက်တဲ့ ကူညီမှုဆိုတာကို လက်တွေ့ပြသလိုက်သလို ဖြစ်သွားပါတယ်။ အဲဒါကြောင့် နယ်ခံလူငယ်တွေအပြင် တခြားမြို့နီးစပ်က လူငယ်တွေပါ နွံရှင်းလင်းရေး ကူညီမှုထဲ ပါလာပါတော့တယ်။ စက်တင်ဘာ ၁၄ ရက် ကလောမြို့ကနေ စတင်လာခဲ့တဲ့ နွံရှင်းလင်းရေးဟာ အောက်တိုဘာ ၃ ရက်နေ့မှာတော့ လူငယ်ပေါင်း ၁၅၀ ကျော်နီးပါးထိ ရှိလာခဲ့ပြီး ရှမ်းတောင်တခွင် နွံရှင်းလင်းရေးတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
“အိမ်တိုင်းက ကျွန်တော်တို့ကို ကျေးဇူးတင်တယ်နော်၊ ကျေးဇူးတင်တယ်နော် လို့ ပြောကြတယ်။ အဲဒီစကားသံက ဘာနဲ့မှ မလဲနိုင်ဘူး။ အရမ်းကြည်နူးဖို့ကောင်းတယ်” လို့ နမ့်လတ် ပရဟိတလူမှုကူညီ ကယ်ဆယ်ရေးအသင်းက ကိုစိုင်းသီဟနိုင်က ကြည်ကြည်လင်လင် ပြုံးရင်း ပြောပါတယ်။
ရေဘေးအလှူဆိုပြီး ဓာတ်ပုံကြီးတွေနဲ့ လှူကြသူတွေအထဲ တကိုယ်လုံး ရွံ့နွံတွေနဲ့ပေကျံနေတဲ့ လူငယ်တွေရဲ့ အပြုံးတွေက ပိုပြီးခွန်အားရှိစေခဲ့ပါတယ်။
လူငယ်နဲ့ နိုင်ငံတော်
ကြမ်းတမ်းတဲ့ နိုင်ငံရေးအလှည့်အပြောင်းအပြီးမှာ မြန်မာလူငယ်တွေနဲ့ အတူတွဲပြီး မြင်လာရတဲ့ စကားလုံးကတော့ အနာဂတ်ပျောက်ဆုံးခြင်းပါ။ ပညာရေးအခြေအနေကစလို့ လုံခြုံရေးနဲ့ ဘဝရပ်တည်ရေးအထိ ဆိုးဆိုးရွားရွား ရိုက်ခတ်ခံခဲ့ကြရသူတွေဖြစ်လို့ ဒီစကားလုံးဟာ ရာနှုန်းပြည့်နီးပါး မှန်ကန်တယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ အကြွေစေ့တစ်ခုမှာ ခေါင်းနဲ့ပန်း ဆိုတဲ့ မျက်နှာစာ နှစ်ခု ရှိနေသလိုပါပဲ။ မြန်မာလူငယ်တွေအတွက်လည်း ဒီအလှည့်အပြောင်းဟာ ခေါင်းနဲ့ပန်းလို မျက်နှာစာ နှစ်ခု ရှိနေပါတယ်။
အနာဂတ်ပျောက်ဆုံးခြင်း နဲ့ အနာဂတ်တည်ဆောက်ခြင်း ဆိုတဲ့ မျက်နှာစာ နှစ်ခုပါ။ တစ်ဖက်မှာ နိုင်ငံရေးအပြောင်းအလဲကြောင့် အနာဂတ်ပျောက်ဆုံးနေတာလည်း မှန်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အနာဂတ်တည်ဆောက်နေတာလည်း ဖြစ်နေပြန်ပါတယ်။
မြန်မာလူငယ်တွေဟာ ဒီမိုကရေစီရဲ့ နမူနာအရသာကို ငါးနှစ်တာ မြည်းစမ်းကြည့်ဖူးခဲ့ကြသူတွေပါ။ ပြောရရင် အရသာသိဖူးတဲ့ လျှာတွေဖြစ်လို့ မကြိုက်တဲ့အရသာကို ပြတ်ပြတ်သားသား ငြင်းဆိုနိုင်သူတွေ ဖြစ်လာပါတယ်။ ဒါဟာ ရှေးမျိုးဆက်တွေနဲ့ ကွဲပြားခဲ့တဲ့ အရည်အသွေးတစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် မြန်မာလူငယ်တွေအတွက် အနာဂတ်ပျောက်ဆုံးခြင်းဟာ အဖော်အပေါင်းဖြစ်လာတယ်ဆိုရင် အမှောင်ကို ကိုယ့်နည်းကိုယ်ဟန်ဖြင့် ခုခံခြင်း ကလည်း မိတ်ဆွေတစ်ပါး ဖြစ်လာပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခုခံခြင်းဆိုတာကို အကျယ်တဝင့် ရှင်းပြစရာမလိုအောင် လက်တွေ့အရှိတရားတွေက ပြသနေပါပြီ။
နိုင်ငံတစ်နိုင်ငံ ပြန်လည်ထူထောင်ဖို့နဲ့ ရှေ့ဆက်သွားနိုင်ဖို့ဆိုတာ လူငယ်မျိုးဆက်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းပေါ် အများကြီး မူတည်နေပါတယ်။ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အမြူတေတွေပါ။ ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရင် ထိန်းသိမ်းနိုင်သလောက် အရည်အေသွေးကောင်းတဲ့ ထုတ်ကုန်တွေ ဖြစ်လာမှာပါ။ ဒါဟာ အခုအချိန်ထိ မမှားသေးတဲ့ ပုံသေနည်းပါပဲ။
မြန်မာလူငယ်တွေဟာ ဘာအရေးပဲကြုံကြုံ နိုင်ငံအတွက်ဆိုရင် တစ်ပြိုင်နက်တည်းသီးတဲ့ စိုက်ခင်းထဲက အနာအဆာမဲ့သစ်သီးများ ဖြစ်ခဲ့ကြပါတယ်။ နေရောင်အောက်က နေကြာခင်းလို ညီညီညာညာ မျက်နှာမူခဲ့ကြပါတယ်။
လတ်တလောဖြစ်ပွားခဲ့တဲ့ ရေဘေးဖြစ်စဉ်ကိုပဲ စေ့ငုကြည့်ပါ။ ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ အသက်စွန့်ကယ်ပေးခဲ့တဲ့ လူငယ်တွေ ရှိခဲ့တယ်။ ဘေးအန္တရာယ်ကြောင့် ခြေရာကျန်ခဲ့တဲ့ ညစ်ပေမှုတွေကို ရှင်းလင်းပေးတဲ့ လူငယ်တွေ ရှိခဲ့တယ်။ ပြန်လည်ထူထောင်ဖို့အတွက် ထောက်ကူပေးမယ့်လူငယ်တွေ ရှိခဲ့တယ်။
ဒါကို နိုင်ငံတစ်ခုတည်ဆောက်ခြင်းနဲ့ အစားထိုးမြင်ကြည့်လိုက်ပါ။ လူငယ်တွေဟာ သူ့အကန့်နဲ့သူ ညီညီညာညာရှိနေတဲ့ သလဲသီးတစ်လုံးလို ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ အနာဂတ်နိုင်ငံတော်ကိုလည်း မြင်ရပါလိမ့်မယ်။
နုသစ်မိုး ( Y3A )
Read More:
Build Myanmar-Media: Insights – Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business. Stay informed and inspired as we rebuild Myanmar through knowledge and innovation.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmararticles #Myanmararticles #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarHeritage #Insights #Media #MyanmarMedia
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.