Google က ထုတ်လုပ်ထားတဲ့ DeepMind ဉာဏ်ရည်တု နည်းပညာမော်ဒယ်က နောက်ထပ် မှတ်ကျောက်တစ်ရပ်ကို စိုက်ထူလိုက်နိုင်ပြန်ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုင်ငံတကာသင်္ချာအိုလံပစ် ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရခဲ့တာပါ။ Google ရဲ့ သင်္ချာဉာဏ်ရည်နဲ့ ပတ်သက်လို့ အထူးလေ့ကျင့်ပေးထားတဲ့ AlphaProof နဲ့ AlphaGeometry တို့က အိုလံပစ်မေးခွန်း ခြောက်ပုဒ်ထဲက လေးပုဒ်ကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမော်ဒယ်နှစ်ခုမှာ AlphaProve ကတော့ အရင်က သင်္ချာအထူးပြု ဉာဏ်ရည်တု မော်ဒယ် AlphaZero ထဲ လေ့ကျင့်ပေးထားတဲ့ ဒေတာတွေ ပေါင်းပြီး Algebra နဲ့ Number Theory ပုစ္ဆာတွေကို ဖြေရှင်းဖို့ ဖန်တီးထားတာပါ။ တစ်ဖက်က AlphaGeometry ကတော့ Geometry နဲ့ သက်ဆိုင်တဲ့ သင်္ချာပုစ္ဆာတွေကို အဆင့်မြင့်မြင့် ဖြေရှင်းနိုင်ပြီး ရလဒ်လဲ တိတိကျကျထုတ်နိုင်ပါတယ်။ သင်္ချာပုစ္ဆာ နမူနာပေါင်း သန်း ၁၀၀ နဲ့ လေ့ကျင့်ပေးထားတဲ့ မော်ဒယ်ဖြစ်တယ်လို့လဲ သိရတာပါ။

Image - International Mathematics Olympaid

အခုတော့ ဒီမော်ဒယ်နှစ်ခု ပေါင်းပြီး ၂၀၂၄ သင်္ချာအိုလံပစ်ကို ဝင်ပြိုင်ရာမှာ AlphaProof က အင်မတန်ခက်ခဲပြီး လူသားဉာဏ်ရည်နဲ့မှ ဖြေရှင်းနိုင်လောက်မဲ့ Algebra ပုစ္ဆာ ၂ ပုဒ်တိတိ ဖြေရှင်းနိုင်ခဲ့ပါတယ်။ Number Theory ပုစ္ဆာတစ်ပုဒ်ကိုလဲ ဖြေရှင်းနိုင်ခဲ့ပြီး AlphaGeometry ကတော့ Geometry ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာနိုင်ခဲ့တာပါ။ သူတို့နှစ်ခု ပေါင်းပြီး စုစုပေါင်း ၄၂ မှတ်ဖိုးမှာ ၂၈ မှတ်ဖိုးတိတိ မှန်မှန်ကန်ကန် ဖြေဆိုနိုင်ခဲ့တာမို့ ငွေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။ AlphaGeometry ဆိုရင် အတော်လေးကို ရှုပ်ထွေးခက်ခဲပြီး သာမန်သင်္ချာသမားတစ်ယောက်အဖို့ မိနစ်ပိုင်းကနေ သုံးရက်နီးပါးကြာအောင် ဖြေရှင်းရမဲ့ ပုစ္ဆာတစ်ပုဒ်ကို ၁၉ စက္ကန့်အတွင်း အဖြေမှန်ထုတ်နိုင်ခဲ့တာပါ။

လူအများစုကလဲ Google Deepmind မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည်က အဲဒီလောက်တောင် ထက်ရသလားဆိုပြီး အသံတွေ ကျယ်ကျယ်လောင်လောင်ထွက်လာနေပါတယ်။ ဒီလိုဉာဏ်ရည်မြင့်၊ စွမ်းဆောင်ရည်မြင့်မော်ဒယ်တွေကိုသာ သာမန်လူတွေ မဖြေရှင်းနိုင်တဲ့ နေရာတွေနဲ့ ရှုပ်ထွေးလွန်းတဲ့ ညီမျှခြင်းတွေ၊ လက်ရှိအချိန်ထိ ဘယ်သူမှ ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့ သင်္ချာဝိရောဓိတွေဆီမှာသာ မှန်မှန်ကန်ကန် သုံးနိုင်ခဲ့မယ်ဆိုရင်တော့ မတွေးဝံ့စရာပါပဲ။ ခက်တာက ဉာဏ်ရည်တုနည်းပညာဆိုတာလဲ လူတွေကပဲ လေ့ကျင့်ပေးရတာမို့ လူ့ဉာဏ်ရည်ရဲ့ အကန့်အသတ်ကိုတော့ ကျော်လွန်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့်ပဲ သင်္ချာအိုလံပစ်မှာ ဒီအေအိုင်နှစ်ခုကို ကျော်ပြီး ရွှေတံဆိပ်ဆု ရခဲ့တဲ့ လူသားပညာရှင်တွေ ရှိနေတာပါ။ ဒါပေမဲ့ ဉာဏ်ရည်တုတွေရဲ့ ဦးနှောက်က လူ့ဦးနှောက်ထက် အဆအများကြီး analysis လုပ်နိုင်စွမ်း ရှိလို့ အဖြေကို ပိုမြန်မြန်ထုတ်နိုင်မဲ့ အားသာချက်တစ်ခု ရှိပါတယ်။ AlphaGeometry ရဲ့ နောက်မော်ဒယ်ကွဲ AlphaGeometry 2 ဆိုရင် နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲ (IMO) က ထုတ်သမျှမေးခွန်းတိုင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်ကတည်းက ဆက်တိုက်ဖြေရှင်းပြနေတာပါ။

A Mathematical Problem that AlphaGeometry got solved within 19 seconds (via Neurohive)

ဘယ်လိုပဲဖြစ်ဖြစ် အပေါ်မှာပြောခဲ့သလိုပဲ၊ လူသားပညာရှင်တွေရဲ့ တီထွင်ဆန်းသစ်နိုင်စွမ်းနဲ့ ပြဿနာကို ဖွေရှာနိုင်စွမ်းကတော့ အေအိုင်တွေအဖို့ ကျော်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ မဖြစ်နိုင်သေးဘူးဆိုတာ မဖြစ်တော့မှာ မဟုတ်လို့ . . .။

Reference - Team, P. (2024, July 26). DeepMind’s models get silver at Math Olympiads. Perplexity AI. https://www.perplexity.ai/page/deepminds-models-get-silver-at-J6FA4Ix2QOKevQVqP5z84Q


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!