အနောက်တိုင်းက လူတွေက ကွန်ပျူတာကို တီထွင်ကြပါတယ်။ ပြီးတော့ ကွန်ပျူတာနဲ့သုံးနိုင်တဲ့ အင်္ဂလိပ်ဖောင့်တွေကိုလည်း တီထွင်ကြပါတယ်။ ဒါဖြင့် မြန်မာတွေအတွက် မြန်မာဖောင့်တွေကိုရော ဘယ်သူက တီထွင်ခဲ့တာပါလဲ။ 

ဇော်ဂျီဖောင့်ကိုတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဦးရဲမြတ်သူက တီထွင်ခဲ့တာပါ။ ဒါပေမဲ့ ဇော်ဂျီဖောင့်ရှေ့မှာ ဖောင့်တွေအများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဆိုလိုတာက ကွန်ပျူတာပေါ်မှာ ပထမဆုံး မြန်မာစာနဲ့ ရိုက်လို့ရအောင် ဘယ်သူက တီထွင်ခဲ့တာလဲ။ 

ကွန်ပျူတာသုံး မြန်မာစာဖောင့်ကို တီထွင်ခဲ့သူ၊ ပြီးတော့ အနှစ် ၆၀ လုံး မြန်မာစာပေသင်ကြားရေးကို အာရုံစိုက်ခဲ့သူ၊ နောက်ဆုံးကွယ်လွန်ခဲ့နီးလပိုင်းအထိ မြန်မာစာကို တစိုက်မတ်မတ် သင်ကြားပြသခဲ့သူ။ 

မြန်မာစာပေမှာ အဲဒီလို ပညာရှင်တစ်ဦးရှိခဲ့ပါတယ်။ 

ထူးခြားတာက သူက မြန်မာနိုင်ငံက မဟုတ်သလို မြန်မာနိုင်ငံသားလည်း မဟုတ်ပါဘူး။ အဲဒီပညာရှင်က ဂျွန်အိုခယ်လ်ဖြစ်ပါတယ်။ သူ့ မိတ်ဆွေတွေက သူ့ကို ကိုလှသိန်းလို့ ခေါ်ကြပါတယ်။ ပြီးတော့ သူ့နာမည် အိုခယ်လ်ကို အသံဖလှယ်ပြီး ကိုအုတ်ခဲ လို့လည်း ခေါ်ကြပါသေးတယ်။ 

မြန်မာစာပေနယ်မှာ ဂျေ အက်စ် ဖာနီဗယ်၊ ပါမောက္ခလုစ်တို့လို  မြန်မာစာပေကို ကျေးဇူးပြုတဲ့ နိုင်ငံခြားသား ပညာရှင်ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ကျော်တွေအထဲမှာ မြန်မာစာပေနဲ့ပတ်သက်ရင်  ဂျွန်အိုခယ်လ်ကလည်း သူ့နည်းသူဟန်နဲ့ ကျေးဇူးပြုခဲ့သူတစ်ယောက်လို့ ပြောရပါလိမ့်မယ်။ 

ဂျွန်အိုခယ်လ်ကို အင်္ဂလန်တောင်ပိုင်း ဘရိုက်တန်မြို့မှာ  ၁၉၃၄ မှာ မွေးပါတယ်။ အရွယ်ရောက်လာတဲ့အခါ အောက်စဖို့ဒ်တက္ကသိုလ် ဘုရင်မကောလိပ်မှာ ရောမနဲ့ ဂရိဂန္ထဝင်စာပေတွေသင်ပါတယ်။ 

၁၉၅၉ လောက် သူ့အသက် ၂၅ ကျတော့ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိကလေ့လာရေးဌာန (SOAS)မှာ မြန်မာစာပေလေ့လာပါတယ်။ အဲဒီတုန်းက သူ့ကိုသင်ပေးတဲ့ဆရာက နာမည်ကြီး မြန်မာဆရာ ဒေါက်တာလှဘေပါ။ ပြီးတော့ အဲဒီမှာပဲ သူက ဘာသာဗေဒကိုလည်း သင်ယူခဲ့ပါတယ်။  မြန်မာစာပေလေ့လာရင်းနဲ့ပဲ သူဟာ မြန်မာယဉ်ကျေးမှုဓလေ့ထုံးစံတွေကို အတော်လေးစိတ်ဝင်စားလာပါတယ်။ 

ဒီလိုနဲ့ ၁၉၆၀ ရောက်တဲ့အခါ သူ မြန်မာပြည်ကို ထွက်လာခဲ့ပါတယ်။ ၁၉၆၀ မြန်မာပြည်ဆိုတာက နိုင်ငံရေးရှုပ်ထွေးတဲ့ကာလဖြစ်နေပေမဲ့ လူတွေဟာ ပညာတတ်များပါတယ်။ သမိုင်းမှာ ထူးချွန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီအချိန်က မြန်မာပြည်မှာ သက်ရှိထင်ရှားရှိနေဆဲပါ။ အဲဒီလိုနဲ့ ဂျွန်အိုခယ်လ်ဟာ ရန်ကုန်မှာ မြန်မာစာသင်ပြီး မြန်မာမှုကို လေ့လာဖို့ သူကြိုးစားပေးမဲ့ ထင်သလောက်အရာမရောက်ခဲ့ပါဘူး။ 

အဲဒီခေတ်က မြန်မာတွေက အင်္ဂလိပ်စကားကိုပဲ တွင်တွင်ပြောနေကြတာမလား။ ဒီလိုနဲ့ မြန်မာစာကို လေ့လာဖို့ မြန်မာမှုတွေ ပြည့်လျှံနေတဲ့ အထက်ဘက် မန္တလေးဆီကို သူတက်လာခဲ့ပါတယ်။ မန္တလေးကို တက်လာတာ သူ့အတွက်တော့ အတော်မှန်တဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပါတယ်။ 

ဘာလို့လဲဆို မန္တလေးရောက်တော့ မြန်မာစာကထိက ဦးမောင်မောင်တင်၊ သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းတို့နဲ့ သူတွေ့ခဲ့ရပါတယ်။ ဒီလိုပညာရှင်တွေဆီက မြန်မာစာ၊ မြန်မာမှုတွေ သူသိရပါတယ်။ 

နောက်ပြီး အမရပူရက ရက်ကန်းသမားတွေ၊ ရွှေဘိုက လယ်သမားတွေ၊ မြန်မာဇာတ်အဖွဲ့တွေနဲ့လည်း တွေ့ရတယ်။ သူတို့က မြန်မာစကားပဲ ပြောတာဖြစ်လို့ မြန်မာမှုကို လေ့လာချင်တဲ့သူ့အတွက် အတော်အဆင်ပြေတာပေါ့။

မန္တလေးမှာပဲ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ ဒေါက်တာသာလှ၊ ဒေါက်တာညီညီတို့လို အကျော်အမော်ပညာရှင်တွေနဲ့ သူသိကျွမ်းခဲ့ရတယ်။ ဒီလိုပဲ တင်မိုး၊ မောင်စွမ်းရည်တို့လို အဲဒီခေတ် နာမည်ကြီး လူငယ်စာရေးဆရာတွေနဲ့လည်း သူသိကျွမ်းခဲ့ရတယ်။ ဒီတော့ မြန်မာစာ၊ မြန်မာမှုကို စိတ်ဝင်တစားလေ့လာတဲ့ သူ့အတွက် အတော်ပြေတယ်လို့ ပြောရမယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်လောက်နေထိုင်၊ မြန်မာဘာသာကိုလေ့လာပြီး အင်္ဂလန်ကို သူပြန်သွားတယ်။ နောက်ပိုင်းကျ ၁၉၆၀ မြန်မာပြည်ကို ရောက်လာတဲ့ သူရဲ့ မြန်မာစာလေ့လာသင်ကြားရေး ခရီးအကြောင်းကို ၂၀၀၆ ခုနှစ် မြန်မာလေ့လာရေးဘူလက်တင်မှာ သူက စာပြန်ရေးခဲ့ပါတယ်။ 

ဂျွန်အိုခယ်လ်ဟာ အင်္ဂလန်ရောက်တော့ SOAS မှာ မြန်မာစာသင်ပေးတဲ့ဆရာဖြစ်လာပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံတမန်အသိုင်းအဝိုင်းကိုလည်း သူက မြန်မာစာသင်ပေးခဲ့ပါတယ်။ 

၁၉၆၉ ရောက်တော့ သူမြန်မာပြည်ကိုထပ်လာပါတယ်။ မြန်မာစာကို တစ်နှစ်ထပ်သင်တယ်။ ဒီတစ်ခေါက်မှာတော့ မန္တလေးကိုတက်သွားပြီး မစိုးရိမ်ကျောင်း၊ မဟာဂန္ဓာရုံကျောင်း ဒီလို မြန်မာပြည်ရဲ့ နာမည်ကျော် ဘုန်းတော်ကြီး ကျောင်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ 

ဂျွန်အိုခယ်လ်ဟာ မြန်မာစာကို သာမန်စိတ်ဝင်စားရုံမဟုတ်ပါဘူး။ သူက မြန်မာစာကို သုတေသနဲ့တွဲဖက်ခဲ့တဲ့ ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေအတွက် မြန်မာစာတတ်လားလို့မေးရင် တတ်တယ်လို့ အလွယ်ပြောနိုင်ပေမဲ့ မြန်မာဘာသာရဲ့ ခက်ခဲနက်နဲမှုတွေကို ပညာရှင်ဆန်ဆန်သိ နေတာမျိုးမဟုတ်ပါဘူး။ ဒီလိုပဲ မြန်မာစာသင်ကြားရေးဆရာတွေကလည်း နိုင်ငံတကာမှာလို ဘာသာဗေဒနည်းအရ တတ်မြောက်တာတော့ မဟုတ်ပါဘူး။ သူတို့က မြန်မာစာကို မြန်မာတစ်ယောက် နားလည်အောင် သင်ကြားပေးနိုင်တာမျိုးပဲ ဖြစ်ပါတယ်။ တကယ်တော့ အလွယ်ပြောရင် ဘာသာဗေဒနည်းအရ စနစ်တကျ သင်ကြားပေးနိုင်တဲ့လူမျိုးက မြန်မာပညာရှင်တွေထဲမှာလည်း ရှားပါးပါတယ်။ ဒီကွက်လပ်ကို ဖြည့်စွမ်းဖို့ ဂျွန်အိုခယ်လ်က ဘာသာဗေဒနည်းအရ ချဉ်းကပ်ပြီး မြန်မာဘာသာစကားဆိုင်ရာ သုတေသနစာတမ်းတွေ ထုတ်ဝေခဲ့ပါတယ်။ 

Burmese(Myanmar) An Introduction to the Literary Style

Burmese(Myanmar) An Introduction to the Spoken Language Book 1

Burmese(Myanmar) An Introduction to the Spoken Language Book 2

A Reference Grammar of Colloquial Burmese 1

A Reference Grammar of Colloquial Burmese 2

ဒီစာအုပ်တွေက ဂျွန်အိုခယ်လ်ရေးသားခဲ့စာအုပ်တွေအနက်က တချို့ဖြစ်ပါတယ်။ ဂျွန်အိုခယ်လ်ဟာ ဘာသာဗေဒကို စိတ်ဝင်စားသူဖြစ်လို့ မြန်မာဘာသာနဲ့ ဆိုင်တဲ့ သုတေသနစာတမ်းတွေ ရေးသားခဲ့သလို မြန်မာစာသင်နည်းနဲ့ သင်ရိုးစာအုပ်တွေလည်း ရေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့မဟာဂီတကို မြန်မာဆရာတွေနဲ့ သင်ကြားနည်းစာအုပ်ကိုလည်း ပြုစုခဲ့ပါသေးတယ်။ 

ဂျွန်အိုခယ်လ်ရဲ့ကျေးဇူးကြောင့် မြန်မာဘာသာရပ်ကို မြန်မာနိုင်ငံသားမဟုတ်တဲ့ တိုင်းခြားလူမျိုးတွေဟာ စနစ်တကျ လေ့လာသင်ယူနိုင်လာကြပါတယ်။ အထူးသဖြင့် နိုင်ငံချင်း ကူးလူးချိတ်ဆက်ဆောင်ရွက်နေကြတဲ့ သံတမန်တွေ၊ INGOs တွေနဲ့ မြန်မာစာလေ့လာရေး နိုင်ငံခြားကျောင်းသားတွေအတွက် ဂျွန်အိုခယ်လ်ဟာ မြန်မာစာသင်ကြားရေးမှာ ရှေ့ဆောင်လမ်းပြ ဖြစ်လာခဲ့ပါတယ်။ 

ဆောင်းပါးအစမှာပြောခဲ့သလို ဒီနေ့ခေတ် ကွန်ပျူတာတွေရဲ့ ရှေ့ပြေး မြန်မာစာဖောင့်ကို တီထွင်သူကလည်း ဂျွန်အိုခယ်လ်ပဲ ဖြစ်ပါတယ်။ သူဟာ Avalaser အားဗား လေဆာလို့ခေါ်တဲ့ မြန်မာလို အင်းဝဖောင့်ကို တီထွင်တဲ့သူအဖြစ် လူသိများပါတယ်။ သူတီထွင်တဲ့ ဖောင့်နဲ့ မန္တလေး လူထုတိုက်က ၁၉၉၀ မှာ စာအုပ်တစ်အုပ် ရိုက်နှက်ခဲ့ပါတယ်။ အဲဒါစာအုပ်က နာမည်ကျော် စာရေးဆရာ ညီပုလေးရေးတဲ့ “ကလေးလူကြီး ကြိုက်ပြီး ချစ်ကြပါသတဲ့ ညီပုလေးဝတ္ထုတိုများ”ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ကွန်ပျူတာနဲ့ ဒုတိယမြောက်စာစီတဲ့ စာအုပ်ဖြစ်လာပါတယ်။ 

သူ့အရင် ၁၉၈၅ တုန်းကတော့ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ မြန်မာအစိုးရပညာရှင် ဦးအောင်မြင့်ရဲ့ အကူအညီနဲ့ ရိုထရင်းကုမ္ပဏီက မြန်မာကွန်ပျူတာကီးဘုတ်ကို စတင်တီထွင်ခဲ့တယ်လို့ အမှတ်အသားရှိပါတယ်။ 

ဂျွန်အိုခယ်လ်ရဲ့ဖောင့်ကတော့ လူသိများပါတယ်။ သူက နာမည်ကျော် စာရေးဆရာမကြီး လူထုဒေါ်အမာနဲ့လည်း ရင်းနှီးသူဖြစ်လို့ အားဗားလေဆာဖောင့်ဖြစ်မြောက်ရေး ပိုပြီးလမ်းပွင့်သွားတဲ့သဘောလည်းရှိပါတယ်။ 

ဂျွန်အိုခယ်လ်ဟာ တစ်ခေတ်တစ်ခါတုန်းက ဘီဘီစီ၊ ဗီအိုအေနဲ့ အာရ်အက်ဖ်အေ မီဒီယာတွေရဲ့ မြန်မာစကားကြီးကြပ်အကဲဖြတ်သူ အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာစာကို မြန်မာနိုင်ငံသားမဟုတ်တဲ့ တိုင်းခြားလူမျိုးတွေ သင်ယူနိုင်ဖို့ သူက ဘဝတစ်လျှောက်လုံးကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ ဂျွန်အိုခယ်လ်ဟာ ဗြိတိန်-မြန်မာ အသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ဒါကြောင့် ဗြိတိသျှ-မြန်မာဆက်ဆံရေးမှာ သူ့ရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဒီလိုအရေးကြီးလို့လည်း သူ့ကို ဗြိတိသျှဘုရင်မကြီးက ၂၀၁၄ မှာ အိုအီးစီ ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၆ မှာတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် လန်ဒန်တက္ကသိုလ်ကနေ သူ့ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြင့်ခဲ့ပါတယ်။ 

ဂျွန်အိုခယ်လ်ဟာ ၁၉၅၉ မှာ ဘာသာဗေဒ လက်ထောက်ကထိကအဖြစ် အလုပ်ဝင်ခဲ့ပြီး အသက် ၆၅ နှစ်ကျ အငြိမ်းစားယူခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ မြန်မာစာပေသင်ကြားရေး ခရီးကိုတော့ မရပ်တန့်ဘဲ နိုင်ငံခြားကျောင်းသားတွေအတွက် မြန်မာစာသင်ကြားရေးကို တစိုက်မတ်မတ် သင်ကြားပေးခဲ့ပါတယ်။

အငြိမ်းစားယူပြီးနောက်ပိုင်း သူဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာလည်းမြန်မာစာကို နှစ်အတော်ကြာ သင်ကြားပေးခဲ့ပါတယ်။ ၂၀၀၉ ကစပြီး ၂၀၂၀ အထိ ၁၁ နှစ်ကြာ မြန်မာစာသင်ကြားရေးကို အဆက်မပြတ်သင်ကြား ပို့ချခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးရဲ့ မြန်မာစာသင်ကြားရေး အစီအစဉ်တွေမှာလည်း ဂျွန်အိုခယ်က မပါမဖြစ်ပါ။ သူဟာ ပညာတတ်တွေကြားထဲမှာ အထင်ကြီးလေးစားခံရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

ကမ္ဘာကပ်ရောဂါ ကိုဗစ်တွေဖြစ်လာချိန်မှာလည်း သူက Zoom ကနေ မြန်မာစာသင်ကြားရေးကို လုပ်ဆောင်ခဲ့ပါတယ်။ မကွယ်လွန်မီ ၂ လအလိုကျမှ သူ့ရောဂါက သည်းထန်လာလို့ သင်ကြားမှုကို ရပ်နားလိုက်တာဖြစ်ပါတယ်။ 

မြန်မာစာပေကို နှစ်ပေါင်း ၆၀ လောက် တစိုက်မတ်မတ် သင်ကြားပို့ချခဲ့တဲ့ ဂျွန်အိုခယ်လ်သို့မဟုတ် မြန်မာတွေအပေါ် ကျေးဇူးပြုဖူးသူကြီးဟာ ၂၀၂၀ ဩဂုတ်လ ၃ ရက်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်တော့ သူ့အသက်က ၈၆ နှစ် ရှိနေပါပြီ။ 

ဂျွန်အိုခယ်လ် ကွယ်လွန်ချိန်မှာတော့ နိုင်ငံတကာက သူ့ရဲ့ကျောင်းသားတွေ၊ သင်တန်းသားတွေ၊ ဗြိတိန်သံတမန်အသိုင်းအဝိုင်းနဲ့ INGOs အသိုင်းအဝိုင်းက သူတို့ရဲ့ဝမ်းနည်းကြေကွဲမှုကို ဖွင့်ဟဖော်ထုတ်ခဲ့ကြပါတယ်။ 

အခုဆို ဂျွန်အိုခယ်လ်ကွယ်လွန်တာ ၄ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဂျွန်အိုခယ်လ်ရဲ့ မြန်မာစာ အတွက်ဆောင်ရွက်ချက်တွေကို မြန်မာစာချစ်မြတ်နိုးသူတွေကလည်း အောက်မေ့သတိတရ ရှိနေဆဲ ဖြစ်ပါတော့တယ်။ 

ဟန်သစ်အိမ် (Y3A)

Share this article
The link has been copied!