နိုင်ငံရေး၊ စီးပွားရေး အခြေအနေအကျပ်အတည်း မျိုးစုံကြားမှာ မြန်မာနိုင်ငံသားတွေအတွက် ခံနိုင်ရည်ဟာ တဖြည်းဖြည်း ပါးလျလာနေပါတယ်။ အထူးသဖြင့် ၂၀၁၁ နောက်ပိုင်းကာလ ၁၀ နှစ်ကို ဖြတ်သန်းခဲ့ရဖူးတဲ့ လူကြီးတွေနဲ့ လူလတ်ပိုင်းတွေရဲ့ မျှော်လင့်ခြင်းတွေက ဒီကာလမှာ အငွေ့ပျံသွားသလိုပါပဲ။  ဒီလိုပဲ ဒီကာလကျမှ အရွယ်ရောက်လာကြတဲ့ လူငယ်တွေအတွက်လည်း အကဲစမ်းတဲ့ လောကဓံကြားမှာ လမ်းပျောက်နေရပြန်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် ရှောင်လွှဲလို့တော့လည်း မရပြန်ပါဘူး။ ဒီမြေဒီရေ ဒီအကျပ်အတည်းတွေကြားကနေပဲ ရှေ့ဆက်ဖို့အတွက် အခွင့်အလမ်းတွေကို ရှာဖွေကြရဦးမှာပဲ ဖြစ်ပါတယ်။ 

ဒီနေ့ မြန်မာနိုင်ငံမှာ စီးပွားရေးရေးကျပ်တည်းပြီး အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ခံနေကြရတာ အာလုံးအသိပါ။ ဒီလောက်ကျပ်တည်းမှုကြီးထဲကနေ အခွင့်အလမ်းဆိုတာ ရှိပါ့ဦးမလားလို့ သံသယဖြစ်နေကြမယ်ဆိုတာလည်း သိပါတယ်။ 

တကယ်တော့ ဘယ်လိုအကျပ်အတည်းမျိုးမှာပဲဖြစ်ဖြစ် အခွင့်အလမ်းဆိုတာက ရှိနေပါတယ်။ ကိုယ်ကတော့ ရှာတတ်ဖွေတတ်ဖို့ လိုသလို လုပ်တတ်ကိုင်တတ်ဖို့လည်း လိုပါတယ်။ သို့သော် ဒါက သဘောတရားအရပြောတာဖြစ်ပြီး အခုပြောသလောက်တော့ မလွယ်ဘူးဆိုတာကိုလည်း ဝန်ခံရမှာပါ။ 

ဒီတော့ အကျပ်အတည်းထဲက အခွင့်အလမ်းကို ဘယ်လိုရှာမလဲ။ ဘယ်လိုလုပ်ငန်းတွေဟာ အကျပ်အတည်းကာလမှာ အလုပ်ဖြစ်ကြလဲ။ 

(၁) 

မြန်မာပြည်သူတွေဟာ စိတ်ပင်ပန်း၊ လူပင်ပန်းကာလကြီးကို ဖြတ်သန်းနေရတာပါ။ လူငယ်တွေလည်း သူ့အတိုင်းအတာနဲ့သူ ပင်ပန်းနေကြတယ်ဆိုတာ သိပါတယ်။ ဒီတော့ ဒီလောက်စိတ်ရှုပ်စရာတွေများတဲ့ကာလကြီးမှာ အတွေးတွေကလည်း ဘယ်လိုလုပ်ပြီး ကြည်လင်နေပါ့မလဲ။ ဒါပေမဲ့လည်း အတွေးရှင်းရှင်းနဲ့ ပတ်ဝန်းကျင်ကို လေ့လာဖို့က အခွင့်အလမ်းကို ရှာဖွေတဲ့နေရာမှာ အရေးအကြီးဆုံး တွေထဲက တစ်ချက်ဖြစ်ပါတယ်။ 

အခွင့်အလမ်းကို ကိုယ့်ပတ်ဝန်းကျင်ကပဲ စရှာရမှာပါ။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ။ ဘယ်လိုတွေ ပြောင်းလဲနေလဲ။ လူတွေက ဘာတွေလိုချင်နေလဲ။ ဘာတွေအခက်အခဲ ဖြစ်နေလဲ။ ဒါတွေကို သိအောင် စူးစမ်းနေဖို့ လိုပါတယ်။ 

ဥပမာ လူတစ်ယောက်ဟာ မနက်တိုင်းရုံးသွားဖို့ မနက် ၇ နာရီမှာ မှတ်တိုင်ကနေ ကားစီးရတယ်။ သူ မှတ်တိုင်ကိုရောက်ချိန်မှာ အဲဒီမှတ်တိုင်မှာ ဘိန်းမုန့်ရောင်းတဲ့ ဈေးသည်ရဲ့ မုန့်တွေအမြဲကုန်လုနီးပါးဖြစ်နေတာကို သတိထားမိတယ်။ ဆို‌တော့ ဒီမှတ်တိုင်မှာ လူတွေဟာ မနက် ၉ နာရီအထိ ပြည့်သိပ်နေတာကိုလည်း သူသိတယ်။ ကျန်တဲ့ ၂ နာရီမှာ ဘာဈေးသည်မှ မရှိတော့ဘူး။ ဒီတော့ သူက အဲဒီမှတ်တိုင်မှာ အဆာပြေ မနက်စာ မုန့်တစ်ခုခုရောင်းဖို့ စဉ်းစားကြည့်လို့ရနိုင်တယ်။ အဲဒီမုန့်ရောင်းတာက သူ့လစာထက် ပိုကောင်းချင် ကောင်းနိုင်တယ်။ ဒါမှမဟုတ် သူမရောင်းဘူးဆိုလည်း သူ့အိမ်ကလူတွေရောင်းနိုင်သလို တခြားလူတွေကိုလည်း အကြံပေးလို့ ရနိုင်တယ်။ 

ဒီလိုပဲ ငွေကြေးဖောင်းပွမှု သိပ်မြင့်နေလား။ အကြွေးတွေကို ထိုးဆပ်လိုက်ပါ။ အဲဒါဆို ငွေကြေးဖောင်းပွ မှုနိမ့်တဲ့အချိန် အကြွေးဆပ်လိုက်တာထက် ပိုပြီး တွက်ခြေကိုက်ပါတယ်။ ကိုယ်ကအလုပ်မရှိဘူး။ ကိုယ့်အသိက အလုပ်ရှိတယ်၊ ကိုယ်လည်း လုပ်နိုင်တယ်ဆိုရင် သူနဲ့မပြတ်ဆက်သွယ်ပြီး သူ့ရုံးမှာ အလုပ်လိုအပ်ချက်ရှိမရှိမေးမြန်းပြီး အလုပ်ရဖို့ ကြိုးစားကြည့်နိုင်ပါတယ်။ 

ဆိုတော့ အဲဒါက ပတ်ဝန်းကျင်ကို စူးစမ်းပြီးအခွင့်အလမ်းကို ရှာဖွေတာပါ။ ပတ်ဝန်းကျင်ကို စူးစမ်းပြီး ဂရုတစိုက်ကြည့်တဲ့အခါ လူတွေလိုအပ်ချက်ကို တွေ့ပြီး အခွင့်အလမ်းဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ 

နယ်မြေတည်ငြိမ်ပေမဲ့ Delivery Services မရှိတဲ့ ဒေသမျိုးမှာ Delivery Services လုပ်မလား၊ လျှပ်စစ်မီးမရတဲ့နေရာမှာ ဆိုလာ၊ ဘတ္တရီလုပ်ငန်းလုပ်မလား ဒီလိုမျိုးလည်း စဉ်းစားကြည့်နိုင်ပါတယ်။ 

ဒီလိုနည်းနဲ့ပတ်ဝန်းကျင်ကို စူးစမ်းပြီး အခွင့်အလမ်းကို ရှာဖွေနေရမှာဖြစ်ပါတယ်။ ဒါဖြင့် အဲဒီလိုမပြတ်ရှာဖွေတိုင်း အခွင့်အလမ်းပေါ်လာမှာလားဆိုပြီး မေးရင် မရှာဘဲထိုင်နေတဲ့လူထက်စာရင်တော့ အခွင့်အလမ်းကိုတွေ့ဖို့ ရာခိုင်နှုန်းပိုများမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။ 

(၂)

နောက်တစ်ချက်ကတော့ အခွင့်အလမ်းကိုရှာဖွေဖို့အတွက် လူတစ်ယောက်ဟာ စာဖတ်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ ဆယ်လီတွေပေါက်ကရပြောတာမကျန် တွေ့သမျှစာ အကုန်ဖတ်ရင်တော့ အချိန်ကုန်ရုံပဲ ရှိပါလိမ့်မယ်။ ဒီတော့ စာဖတ်မယ်ဆို စာရွေးပြီး ဖတ်ရပါမယ်။ 

ကိုယ်က Web Developer အဖြစ် အသက်မွေးလိုရင် ဒီအကြောင်းရေးထားတဲ့ အခြေခံအဆင့်စာအုပ်တွေဖ တ်တာမျိုးက စရပါမယ်။ ကိုယ်က ကုန်ရောင်းကုန်ဝယ်လုပ်ချင်ရင် ဈေးကွက်သတင်းတွေကို ဖတ်ရှုရပါမယ်။ ရာသီဥတုခန့်မှန်းချက်တွေ၊ ဈေးကွက်ခန့်မှန်းချက်တွေ၊ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကို မပြတ်တမ်းဖတ်နေရပါမယ်။ 

ကိုယ်က အလုပ်လိုအပ်တာဆိုရင် အလုပ်ကြော်ငြာတွေကို အွန်လိုင်းကနေ ပုံမှန်ဖတ်နေတာမျိုးနဲ့ အလုပ်ရှာဖွေသင့်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းတွေက အလုပ်ခေါ်၊ မခေါ်ကိုလည်း မပြတ်လေ့လာထားသင့်ပါတယ်။ ဒီလို စာနည်းနဲ့ ကိုယ့်ရဲ့ အခွင့်အလမ်းကို ရှာဖွေလို့ရနိုင်ပါတယ်။ 

ဒီနေရာမှာ ပိုပြီးရှင်းလင်းအောင်ပြောရရင် အခွင့်အလမ်းဆိုတာက တစ်လုံးတစ်ခဲတည်းတည်ရှိနေတာ မဟုတ်ပါဘူး။ အပိုင်းအစတွေ ပြန့်ကျဲနေပြီး အဲဒါတွေကို ဆက်စပ်ယူရတာဖြစ်ပါတယ်။ 

ဥပမာပြောရမယ်ဆို ကိုယ်က မိုးလေဝသသတင်းကို ပုံမှန်ဖတ်မယ်။ ဒီနှစ်မှာမိုးကြီးတယ်၊ စိုက်ပျိုးဧကနည်းတယ်။ နောင်နှစ်စပါးအထွက် ဘယ်လိုရှိမလဲ ဒါမျိုးကိုသိရင်၊ ကိုယ့်မှာလည်း အရင်းအနှီးရှိတယ်၊ ကျွမ်းကျင်မှုရှိတယ်ဆိုရင်  ဘယ်လိုလုပ်လို့ရမလဲဆိုတာကို ဆက်စပ်စဉ်းစားလို့ ရနိုင်ပါတယ်။  

ဘဏ်တွေက ငွေစက္ကူတွေ ရိုက်ထုတ်တယ်ဆိုတဲ့ သတင်းတွေဖတ်ရပြီလား။ ဒါဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ငွေကြေးတွေ တန်ဖိုးမကျအောင် ဘယ်လိုလုပ်မလဲဆိုတာမျိုး ကြိုတင်စဉ်းစားလို့ရနိုင်ပါတယ်။ 

ပြောသလောက် မလွယ်ပေမဲ့ ဖတ်မှတ်လေ့လာနေရင် ဒီလိုအခွင့်အလမ်းတွေကို တွေ့လာရတတ်ပါတယ်။ ဒါကြောင့် အခွင့်အလမ်းနဲ့ပတ်သက်ပြီး ဆက်စပ်နိုင်တဲ့ ဆင်ခြင်ဉာဏ်ရှိဖို့ ကိုယ့်အသက်မွေးမှုနဲ့ဆိုင်တဲ့စာတွေကို ဖတ်နေရမှာဖြစ်ပါတယ်။ 

(၃)

နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်နေအောင် တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒီတော့ 

ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ထားပါဆိုတဲ့အခါ ဘာတွေနဲ့တည်ဆောက်ရမလဲဆိုတဲ့ နောက်မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ကျွမ်းကျင်မှု(Skill)နဲ့တည်ဆောက်ပါ။ ဆင်ခြင်ဉာဏ်နဲ့တည်ဆောက်ပါလို့ တိုက်တွန်းလိုတာပါ။ 

ဒီတော့ ကိုယ့်အသိတစ်ယောက်က သူ့ရုံးမှာ လူလိုပြီဆိုပါစို့။ အဲဒါအခွင့်အလမ်းပါ။  ကိုယ့်ကို လာပြောတဲ့အခါ လိုအပ်တဲ့ အရည်အချင်းတွေ ကိုယ့်မှာရှိတယ်။ လုပ်လည်းလုပ်နိုင်တယ်။ ဒါပေမဲ့ ဘာသာစကားအခက်အခဲ ရှိနေတယ်ဆိုရင် ကိုယ့်ထက်သာတဲ့လူက အဲဒီအလုပ်ကို ရသွားမှာပါ။ ဒီတော့ အဲဒီဘာသာစကားအခက်အခဲ ဆိုတာကို ချက်ချင်းကြီး ဝုန်းခနဲ ထလုပ်လို့မရတဲ့အတွက် ကြိုတင်တည်ဆောက်ထားရမှာဖြစ်ပါတယ်။ ဒါက အလွယ်ဆုံး၊အထင်သာဆုံး ဥပမာကို ပြောလိုက်တာပါ။ 

ဒီလိုပဲ ကိုယ်ကအရောင်းသမားကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အရောင်းပိုင်းဆိုင်ရာ ပြောဆို ဆက်ဆံနည်းတွေ၊ ဖောက်သည်စိတ်ကို ဆွဲဆောင်နည်းတွေ၊ စိတ်ပညာအခြေခံဈေးနှုန်း သဘောတရားတွေ၊ မားကတ်တင်းဗျူဟာတွေ ဒါတွေကို ကျေညက်နေဖို့ လိုပါတယ်။ အဲဒီ Skills တွေ ကိုယ့်မှာရှိအောင် ကြိုတင်တည်ဆောက်ထားဖို့လိုပါတယ်။ အဲဒီလို ကြိုတင်တည်ဆောက်ထားတယ်ဆိုရင် အခွင့်အလမ်းပေါ်ပေါက်တဲ့အခါ ကိုယ်က တပန်းသာနေပြီးသား ဖြစ်ပါတယ်။

ဒီတော့ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ၊ ဆင်ခြင်ဉာဏ်တွေကို ဖြည့်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အခွင့်အလမ်းက တံခါးလာခေါက်မယ် ကြံတုန်းမှာပဲ ကိုယ်က တံခါးကို ဝုန်းခနဲ့ဖွင့်ပြီး အမိဖမ်းဆုပ်နိုင်မှာပါ။ 

(၄)

တစ်ခါတလေတော့လည်း အကျပ်အတည်းဆိုတာမျိုးက ထင်ထားသလောက် ကြောက်စရာ ကောင်းမနေပါဘူး။ ကိစ္စတစ်ခုကိုပဲ တချို့က အကျပ်အတည်းလို့မြင်ပြီး တချို့က အခွင့်အရေးလို့ မြင်ကြတာမျိုးလည်း ရှိပါတယ်။ ဒါကိုပိုပြီး ထင်သာအောင် ဥပမာတွေနဲ့ ကြည့်လိုက်ရအောင်ပါ။ 

အာဖရိကတိုက်က နိုင်ငံတွေဆိုတာ ဆင်းရဲပါတယ်။ အဲဒီဆင်းရဲတဲ့ အကျပ်အတည်းကို သူ့အတွက် အခွင့်အလမ်းအဖြစ် အသွင်ပြောင်းနိုင်တာက တရုတ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အာဖရိကနိုင်ငံတွေကို တရုတ်က ငွေချေးတယ်။ စီမံကိန်းတွေ အကောင်အထည်ဖော်စေတယ်။ ပြီးတော့ သူ့နိုင်ငံကထွက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို ရောင်းပါတယ်။ ဒီတော့ အာဖရိကနိုင်ငံတွေရဲ့ ဆင်းရဲတဲ့အကျပ်အတည်းဟာ တရုတ်နိုင်ငံအတွက် အခွင့်အလမ်းဖြစ်လာပါတယ်။ တရုတ်အနေနဲ့ ချေးငွေအတွက် အတိုးရပါတယ်။ သူ့နိုင်ငံက လုပ်သားတွေကို အာဖရိကဆီပို့ပြီး အလုပ်အကိုင်ပေးနိုင်ပါတယ်။ သူ့နိုင်ငံထုတ်ကုန်တွေကိုလည်း ရောင်းချနိုင်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေဟာ ပြည်ပအဝယ်ရှိတဲ့အတွက် ပြည်တွင်းမှာ ပိုပြီး ထုတ်လုပ်ရတော့ အလုပ်သမားတွေ၊ လုပ်ငန်းရှင်တွေလည်း အဆင်ပြေပါတယ်။ ထုတ်လုပ်မှုတွေတိုးလာတော့ တရုတ်အစိုးရက အခွန်လည်း ရပါသေးတယ်။ ဒီလိုနည်းနဲ့ အကြပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်ရတာ ဖြစ်ပါတယ်။ 

၂၀၁၈ မှာ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်တော့ တခြားလုပ်ငန်းတွေ အကျပ်အတည်းတွေ့ပေမဲ့ ချောကလက်တွေ၊ သကြားလုံးတွေထုတ်တဲ့ Candy Industry ကတော့ ဖွံ့ဖြိုးလာပါတယ်။ ချောကလက်ထုတ်တဲ့ Cadbury ဆို ရောင်းအား ၃၀ ရာခိုင်နှုန်းတက်သွားပါတယ်။ နာမည်ကြီး Nestleကတော့ အဲဒီကာလမှာ ၁၁ ရာခိုင်နှုန်းရောင်းအားတက်ပါတယ်။ ကမ္ဘာကျော် ကလေးကစားစရာအရုပ်တွေထုတ်တဲ့ Lego လည်း ထိုနည်းတူပါပဲ။ ကမ္ဘာ့ဈေးကွက်ကို ချိတ်ဆက်ဖို့ အဲဒီအချိန်ကြီးမှာမှ ဆုံးဖြတ်ခဲ့တာပါ။ 

သမ္မတဦးသိန်းစိန်လက်ထက် နိုင်ငံရေးအပြောင်းအလဲစတော့ မြန်မာနိုင်ငံကို အာရှရဲ့ နောက်ဆုံးလက်ကျန် ဈေးကွက်ဆိုပြီး ကမ္ဘာ့တဝန်းက ညွှန်းဆိုပါတယ်။ တကယ်တော့ အဲဒီအချိန် မြန်မာနိုင်ငံရဲ့ လမ်း၊ တံတား ၊ ရေ၊ မီး အခြေခံအဆောက်အဦတွေဟာ လိုအပ်ချက်တွေ ရှိနေခဲ့တာပါ။ အဲဒီလို အကျပ်အတည်းတွေ၊ အဆင်မပြေမှုတွေကို နိုင်ငံတကာ စီးပွားရေးသမားတွေက အခွင့်အလမ်းအဖြစ် ရှုမြင်ကြပါတယ်။ ဘယ်လိုလဲဆိုတော့ လျှပ်စစ်မီးမရှိဘူးဆိုရင် မီဂါမီးစက်ကြီးတွေရောင်းမယ်၊ သဘာဝဓာတ်ငွေ့အရည်လို့ခေါ်တဲ့ LNG ရောင်းမယ်။ လမ်းတံတားတွေ လိုအပ်တယ်ဆိုရင် ဘိလပ်မြေတင်သွင်းမယ်။ မြို့ကြီးတွေမှာ လက်တားတက္ကစီပဲရှိတယ်ဆိုရင် သူတို့က Grab တွေ၊ Uber တွေ ခေါ်လာမယ်ဆိုပြီး ဒီလိုတွေးပြီး စီးပွားရေးလာလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ နိုင်ငံပါ။ ဒီအကျပ်အတည်းကိုမြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်က သဘာဝဓာတ်ငွေ့အရည်ကို မြန်မာပြည်ကို တင်သွင်းနိုင်ပါတယ်။ မီးစက်ကြီးတွေ ရောင်းချနိုင်ပါတယ်။ ဒါက သူ့အတွက် အခွင့်အလမ်းဖြစ်သွားပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးတင်သွင်းရလို ဒေါ်လာလိုအပ်ချက် ကြီးလာတယ်ဆိုပြီး အစိုးရက ယူဆတဲ့အခါ လုပ်ငန်းရှင်တွေက လျှပ်စစ်ကားတွေ တင်သွင်းဖို့ လုပ်ပါတယ်။ 

အရင် တပ်မတော်အစိုးရခေတ်မှာ ပြည်ပက သွင်းကုန်တွေတချို့ပိတ်ထားတော့ ပြည်တွင်းထုတ် VeVe အချိုရည်၊ ကိုရာစနိုး၊ ရွှေပြည်နန်းသနပ်ခါး ဒီလိုကုန်စည်တွေ ရောင်းကောင်းပါတယ်။ တကယ်တော့ အဲဒီခေတ်ကလည်း ကျပ်တည်းတဲ့ခေတ်ကြီးပါ။ ဒါပေမဲ့ ပြောခဲ့တဲ့ကုန်စည်တွေကတော့ ကျပ်တည်းတဲ့ခေတ်ကြီးမှာပဲ စီးပွားဖြစ်အောင် အခွင့်အလမ်းကို ဖော်ထုတ်ရှာဖွေနိုင်ခဲ့ပါတယ်။ 

ဆိုကြပါစို။ ပြည်ပကမုန့်တွေတင်သွင်းတာကို ပိတ်မယ်၊ သွင်းကုန်လိုင်စင်လျှောက်ရတာကို တင်းကြပ်မယ်၊ဒါမှမဟုတ် နယ်စပ်မှာ အစစ်အဆေးတွေများ၊ လိုင်းကြေးတောင်းတာတွေ သိပ်များရင် ဘာဆက်ဖြစ်မလဲ။ ဒါဆိုပြည်တွင်း ကထုတ်တဲ့ မုန့်တွေရဲ့ရောင်းအားက တက်သွားမယ့်သဘောရှိပါတယ်။ ဆို‌တော့ ကိုယ်က အရင်းအနှီးတတ်နိုင်ပြီး အဲဒီဈေးကွက်မှာ ကျွမ်းကျင်မှုရှိတယ်ဆို မုန့်ထုတ်မလားဆိုပြီး စဉ်းစားလို့ရပါတယ်။ 

ဒီလိုပဲ ပြည်ပကလာဖွင့်တဲ့ လက်လီ၊ လက်ကားဈေးဝယ်စင်တာကြီးတွေ ပိတ်သွားရင် ပြည်တွင်းက စီးတီးမက်စ်တို့၊ အိုးရှင်းတို့က သူတို့ဈေးကွက်ကို ဝင်ယူကြမှာဖြစ်ပါတယ်။ ပြည်ပကလာဖွင့်တဲ့ ကြက်ကြော်ဆိုင်တွေပြန်ကုန်ပြီဆို ကိုယ်က သူတို့လို ကြက်ကြော်ဆိုင်ဖွင့်မလားပေါ့။ ဒီလိုနည်းနဲ့ အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲကြရမှာဖြစ်ပါတယ်။ 

အတွေ့အကြုံဆိုတာ အကောင်းဆုံးဆရာဆိုပြီး ပြောတာ ကြားဖူးပါလိမ့်မယ်။ ဟုတ်ပါတယ်။ စာဖတ်တာ၊ လေ့လာတာတွေကနေလည်း အတော်များများသိနိုင်ပေမဲ့ အတွေ့အကြုံရှိဖို့ကလည်း လိုအပ်ပါတယ်။ နယ်ပယ်များများမှာ ကောင်းမွန်တဲ့ အတွေ့အကြုံရှိလေ ပိုပြီး အခွင့်အလမ်းကို တွေ့လေပါပဲ။ ဘာလို့လဲဆိုတော့ သူက အတွေ့အကြုံစုံပြီး သူများထက် ပိုသိနေလို့ဖြစ်ပါတယ်။  

ဒီလိုဟိုစပ်စပ်၊ ဒီစပ်စပ်သိတဲ့လူတွေကို Generalists လို့ ညွှန်းကြပါတယ်။ ထိပ်တန်းရောက်လုပ်ငန်းတွေမှာ ပိုင်ရှင်အများစုဟာ Generalists တွေဖြစ်ပါတယ်။ ဒီလိုပဲ နယ်ပယ်အများကြီးကို သိဖို့လိုသလို နယ်ပယ်တစ်ခုတည်းကိုပဲ ထဲထဲဝင်ဝင်သိတဲ့ အတွေ့အကြုံတွေလည်း လိုအပ်ပါတယ်။ ဒီလူတွေကိုတော့ Specialists လို ဆိုရမှာပါ။ 

အကောင်းဆုံးကတော့ နယ်ပယ်တစ်ခုကို ထဲထဲဝင်ဝင်သိတဲ့ Specialists လည်း ဖြစ်၊ နယ်ပယ်အများကို ယေဘုယျခြုံသိတဲ့ Generalists လည်းဖြစ်မယ်ဆိုရင် အတွေ့အကြုံတွေစုံတဲ့အတွက် အခွင့်အလမ်းတွေကို သူများထက် ပိုပြီး ရှာတွေ့နိုင်မှာဖြစ်ပါတယ်။ 

ကျပ်တည်းတဲ့ခေတ်ကြီးမှာ စိတ်ပျက်အားလျှော့မနေဘဲ အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေ မှန်မမှန်ကို စမ်းသပ်ရင်း အခွင့်အလမ်းကောင်းတွေကို အကောင်းဆုံးဖော်ထုတ်ရှာဖွေကြည့်သင့်ပါတယ်။

ဟန်သစ်အိမ် (Y3A)

Read More:

ရွှေပြည်သာဟာ နိုင်ငံတကာအမှိုက်ပုံလား
ရွှေပြည်သာမှာနေထိုင်တဲ့ လက်လုပ်လက်စားလူတစ်ယောက်အနေနဲ့ အင်္ဂလန်လိုနိုင်ငံကို သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲနိုင်ပေမဲ့ အင်္ဂလန်က
မြန်မာနဲ့ အေအိုင်(AI) အိပ်မက် အလှမ်းဝေးနေလား
ကမ္ဘာကြီးမှာ ၁၈၃၀ စက်မှုတော်လှန်ရေး ရုပ်လုံးပေါ်လာပြီးတဲ့နောက် ဆင့်ကဲပြောင်းလဲတိုးတက်လာလိုက်တာ လေယာဉ်တွေပေါ်လာ၊ ကွန်ပျူတာတွေ ပေါ်လာပြီး နောက်ဆုံးမှာ အင်တာ

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!