ကမ္ဘာကြီးကတော့ အသစ်အသစ်သော တီထွင်ဆန်းသစ်မှုတွေကို ငံ့လင့်နေဆဲပါ။ လက်လည်း လက်ခံနေပါတယ်။ ဒါကြောင့် ဒီနေ့ ကမ္ဘာဟာ စွန့်ဦးတီထွင်သူ၊ ဆန်းသစ်တီထွင်သူတွေရဲ့ ကမ္ဘာပဲဖြစ်ပါတယ်။
တီထွင်ဆန်းသစ်မှုမရှိခင်က လူတွေဟာ စုစည်းမှုနည်းတယ်။ ယဉ်ကျေးမှုမထွန်းကားဘူး။ လူမှုဘဝဟာ ကြမ်းတမ်းပါတယ်။ ရှေးခေတ်က အသားစိမ်းကိုစားနေတဲ့ လူဟာမီးကိုတွေ့ပြီးနောက်မှာ အသားစိမ်းစားတဲ့ အလေ့အထဟာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။ ဒီလိုပဲ အစောပိုင်းမှာ အရှက်လုံရုံ သစ်ရွက်သစ်ခက်၊ တိရစ္ဆာန်သားရေတွေနဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ပြီး နေထိုင်တဲ့လူဟာ နောက်ပိုင်းကျ အဝတ်အစားဆိုတာကို ဆန်းသစ်တီထွင်လာနိုင်တဲ့အခါ ပိုပြီးယဉ်ကျေးလာခဲ့တယ်။ လူနေမှုအဆင့်မြင့်လာခဲ့တယ်။
လူ့သမိုင်းဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါ လယ်ယာခေတ်ပြောင်းတော်လှန်ရေးကနေ ဆင့်ကဲတိုးတက်လာလိုက်တာ စက်မှုခေတ်ပြောင်းတော်လှန်ရေး နောက်ပိုင်းမှာတော့ အရှိန်အဟုန်ပြင်းနဲ့ ချီတက်လာနိုင်ပါတယ်။ ဒီလိုနဲ့ လူတွေဟာ တီထွင်ဖန်တီးနိုင်ဖို့ စိတ်ကူးယဉ်လာကြတယ်။ လူတွေဟာ ဘုရားသခင်၊ ငွေကြေးနဲ့ စတော့ရှယ်ယာတို့လို အရာတွေကို စိတ်ကူးယဉ် တီထွင်ဆန်းသစ်လာခဲ့ကြတယ်။
ဘုရားသခင် အယူအဆပေါ်လာတော့ လူတွေဟာ သက်ဝင်ယုံကြည်မှုတစ်ခုအောက်မှာ စုဝေးကြတယ်။ ငွေကြေးဆိုတာ ထွန်းသစ်လာတော့ လဲလှယ်မှုဆိုင်ရာဘုံတန်ဖိုးတွေ ထွက်ပေါ်လာခဲ့တယ်။ ဒီလိုပဲ စတော့ရှယ်ယာ ပေါ်လာတော့ ဈေးကွက်အောက်ထဲမှာ ဝင်တိုးပြီး စုစည်းမိလာကြပြန်ပါတယ်။
အဲဒီနောက်မှာတော့ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်လာတဲ့အစုအဝေးဖြစ်လာပါတယ်။ ဒါကိုကြည့်ရင် တီထွင်ဆန်းသစ်ခြင်းဟာ လူတွေကို ပိုစုစည်းသွားနိုင်ပါတယ်။ ဒီတော့ ဒီနေ့ခေတ်မှာ ထင်သာတဲ့ ကိစ္စတစ်ခုပြောရရင် မက်ဇူကာဘတ်ရဲ့ ဖေ့ဘုတ်စ်ကိုပဲကြည့်လိုက်ပါ။ သူ့ပလက်ဖောင်းမှာ နေ့စဉ်နေ့တိုင်း သန်းနဲ့ချီတဲ့လူတွေဟာ ကိုယ့်အစုနဲ့ကိုယ် စုဝေးနေကြတာ ဖြစ်ပါတယ်။
ဒါတွေက တီထွင်ဆန်းသစ်မှုတွေဟာ လူ့ဘောင်အဖွဲ့အစည်းအတွက် ဘယ်လောက်အရေးပါလဲဆိုတဲ့ သက်သေပဲဖြစ်ပါတယ်။ ဒါဖြင့်တီထွင်ဆန်းသစ်သူတွေကရော ဒီလိုလူ့ဘောင်အဖွဲ့အစည်းအတွက် ဆန်းသစ်တီထွင်တာတွေလုပ်တဲ့အခါ အကျိုးခံစားခွင့်ရှိပါသလား။ ဒီမေးခွန်းဟာ တကယ်ပဲ အရေးကြီးပါတယ်။
အဖြေကတော့ တီထွင်မှုပွင့်လန်းရာမြေဟာ ဖုန်းဆိုးမြေလား၊ မြေဆီဩဇာကောင်းတဲ့မြေလားဆိုတဲ့အပေါ် အများကြီး မူတည်ပါတယ်။ အဲဒီအပေါ်မူတည်ပြီးတီထွင်ဖန်တီးသူတွေရဲ့ အကျိုးခံစားခွင့်ဆိုတာကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။
(၁)
အခုပြောမှာက ဂျက်မားအကြောင်းပါ။ တကယ်တမ်းတော့ ဂျက်မားအကြောင်းဆိုတာ ခပ်များများပြောဖို့တောင် လိုမယ်မထင်ပါဘူး။ ဂျက်မားဆိုတာ တရုတ်ကွန်မြူနစ်ပါတီ(Chinese Community Party - CCP) ရဲ့ အရိပ်မည်းကြီးအောက်ကနေ ကမ္ဘာကို တပ်လှန့်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ပါ။
ဂျက်မားဆိုရင် အလီဘာဘာနဲ့ တွဲပြီး လူတိုင်းနီးပါးက သိမြင်ကြပါတယ်။ တကယ်လည်း ဂျက်မားဟာ တရုတ်ပြည်ရဲ့ တစ်ခေတ်တစ်ယောက်လို့ ဆိုနိုင်တဲ့ စီးပွာရေးသမားပါ။ သူ့ရဲ့စီးပွားရေးအမြင်တွေဟာ လူသားအခြေခံစိတ်ကလာတယ်။ လက်တွေ့ကျတယ်ဆိုပြီး ပြောစမှတ်ရှိကြပါတယ်။
တကယ်တော့ ဂျက်မားဆိုတာ ဒီနေ့ခေတ်လိုလူသိထင်ရှားတဲ့ ဂျက်မားမဖြစ်ခင်မှာ တစ်လကို ၁၅ ဒေါ်လာရတဲ့ တရုတ်လူမျိုး အင်္ဂလိပ်စာပြဆရာပါ။ တရုတ်ပြည်မှာ လူတိုင်းက အင်တာနက်ဆိုတာ ဘာမှန်းမသိခင်မှာ ဂျက်မားကတော့ အင်တာနက်ရဲ့ အရေးပါပုံကို ကနဦးသိမြင်ခဲ့သူပါ။ ဒါကြောင့် အင်တာနက်တင်ပြီး ဈေးရောင်းတဲ့ အွန်လိုင်းဈေးသည်ကြီး အလုပ်ကို လုပ်ပါတယ်။
ဂျက်မားဟာ ခေတ်သစ် နည်းပညာစီးပွားရေးနယ်ပယ်မှာ ဘီလီယံနာတစ်ယောက်ဖြစ်နေပေမယ့် ကုဒ်ရေးနည်း၊ Networking ဒီလိုအကြောင်းအရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူမဟုတ်ပါဘူး။ ဂျက်မားရဲ့ကျွမ်းကျင်မှုက Mission Impossible ရုပ်ရှင်ကားမှာပါဝင်တဲ့ တွမ်ခရုစ်နဲ့ ပုံစံချင်း သွားဆင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အီသန်ဟန့်ခ်အဖြစ် သရုပ်ဆောင်တဲ့ တွမ်ခရုစ် ကျွမ်းကျင်တာက စွန့်စားတာတစ်ခုတည်းပါပဲ။ ဒါပေမဲ့ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကို စုစည်းနိုင်တာက သူ့အားသာချက်လို ဖြစ်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာ ဂျက်မားဟာ လုပ်ငန်းတွေကို ချဲ့ထွင်ခဲ့ပါတယ်။ အလီဘာဘာဟာ ကမ္ဘာ့အကြီးဆုံး E-commerce ကုမ္ပဏီဖြစ်လာသလို အွန်လိုင်းဈေးရုံတွေ၊ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ တရုတ်ရဲ့ အကြီးဆုံး ဒီဂျစ်တယ်ငွေပေးချေရေးလုပ်ငန်းဖြစ်တဲ့ Ant ကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်တွေစာရင်းမှာ ဂျက်မား က မကြာခဏဆိုသလိုပဲ ထည့်သွင်းဖော်ပြခံခဲ့ရပြီး Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်စာရင်းမှာဆိုရင် အဆင့် ၂၁ တောင် ချိတ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဂျက်မားဆိုတဲ့ စွန့်ဦးတီထွင်ပန်းဟာ ဘယ်လောက်များ ပွင့်လန်းနိုင်ခဲ့ပါသလဲ။ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ ဂျက်မားအကြောင်းကို မကြားရတော့ပါဘူး။၂၀၁၉ တုန်းက ဂျက်မားနဲ့အတူ စင်ပေါ်မှာ စကားစီးချင်းထိုးခဲ့တဲ့ Tesla ပိုင်ရှင် အီလွန်မက်စ်ကတော့ ခရီးဆက်နေဆဲပါ။ ဘာတွေကွာသွားခဲ့တာပါလဲ။
တကယ်တော့ ဂျက်မားနဲ့ အီလွန်မက်စ် ဆိုတာ တစ်ခေတ်တစ်ယောက်ဆိုရတဲ့ စွန့်ဦးတီထွင်သူတွေပါပဲ။ မတူတာကတော့ ဂျက်မားက တရုတ်ကွန်မြူနစ်ပါတီအရိပ်မည်းအောက်က စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး အီလွန်မက်စ်ကတော့ ရွေးကောက်ခံ အမေရိကန်ဒီမိုကရေစီအစိုးရလက်အောက်က နိုင်ငံသားဖြစ်ပါတယ်။
၂၀၂၀ အောက်တိုဘာလမှာလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ဂျက်မားက တရုတ်နိုင်ငံ ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်သူတွေနဲ့ တရုတ်ဘဏ်စနစ်အပေါ် ဝေဖန်ခဲ့ပါတယ်။ တရုတ်ဘဏ်တွေဟာ “အပေါင်းပစ္စည်းပေးမှ ငွေထုတ်ချေးတဲ့ အပေါင်ဆိုင်လိုစိတ်ဓာတ်မျိုးနဲ့ အလုပ်လုပ်နေတယ်” လို့ သူက ဆိုခဲ့ပါတယ်။ ဒါကြောင့် အပေါင်ပစ္စည်းမပေးနိုင်တဲ့လူတွေအတွက် စွန့်စားရဲတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကို အခွင့်အလမ်းပေးပါဆိုပြီးလည်း သူက တိုက်တွန်းခဲ့တာပါ။
ဒီလိုပြောဆိုမှုမျိုးလောက်က အမေရိကန်မှမဟုတ်ပါဘူး။ ဒီမိုကရေစီထွန်းကားတဲ့ ဘယ်နိုင်ငံမှာမဆို ပြဿနာမရှိပါဘူး။ ပြောနေကြ ၊ ကြားနေကြစကားပါပဲ ဒါပေမဲ့ ဂျက်မားဟာ တရုတ်နိုင်ငံသားပါ။ အကျိုးဆက်တွေက လပိုင်းအကြာမှာပဲ ရောက်လာခဲ့ပါတယ်။
ဂျက်မားရဲ့ အလီဘာဘာလုပ်ငန်းစုဟာ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ဈေးကွက်လက်ဝါးကြီးအုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးခံရပါတယ်။ ဒီလိုပဲ ဂျက်မားတည်ထောင်တဲ့ တရုတ်ရဲ့ အကြီးဆုံး ဒီဂျစ်တယ်ငွေပေးချေရေးလုပ်ငန်း Ant ဟာလည်း အများပြည်သူဆီ အစုရှယ်ယာရောင်းချမှု (IPO)ကို ရပ်တန့်ဖို ဖိအားပေးခံလိုက်ရပါတယ်။ ဒီကုမ္ပဏီဟာ ၂၀၀၂ မှာ ရှယ်ယာ ၃၇ ဘီလီယံဖိုးအထိ ရောင်းချဖို့ ပြင်ဆင်ခဲ့ပေမဲ့ တရုတ်အာဏာပိုင်တွေ ကန့်သတ်လို့ ရှယ်ယာမရောင်းလိုက်ရပါဘူး။ ဒီအစား အလီဘာဘာဟာ ဈေးကွက်ကို လက်ဝါးကြီးအုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ကန်ဒေါ်လာ ၃၄ ဘီလီယံ ဒဏ်ကြေးပေးလိုက်ရပါတယ်။
တကယ်တော့ ဂျက်မားရဲ့ လုပ်ငန်းတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကြီးထွားလာတဲ့အပေါ် တရုတ်အာဏာပိုင်တွေက စိုးရိမ်နေခဲ့ပါတယ်။ ဈေးဝယ်တာ၊ ငွေပေးချေတာတွေကနေ တရုတ်ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေအပေါ် လွှမ်းမိုးပြီး ထိုင်ဝမ်မှာလို လူသန်းပေါင်းများစွာ စုစည်းမှုဖြစ်သွားမှာကို တရုတ်အာဏာပိုင်တွေဘက်က မလိုလားခဲ့ပါဘူး။
ဒါကြောင့် ၂၀၂၀-၂၀၂၁ ကာလတွေမှာ တရုတ်အာဏာပိုင်တွေက ဂျက်မားရဲ့လုပ်ငန်းတွေကို အလျင်စလိုပဲ စစ်ဆေးခဲ့ပါတယ်။ ဂျက်မားလည်း အဲဒီအချိန်မှာ လူမြင်ကွင်းတောင် မထွက်ပါဘူး။ ၂၀၂၁ ဇန်နဝါရီမှာတစ်ကြိမ်၊ ဒီဇင်ဘာမှာ တစ်ကြိမ်လူမြင်ကွင်းခဏထွက်တာရယ်၊ ၂၀၂၂ နိုဝင်ဘာမှာ ဂျပန်နေထိုင်နေတယ်ဆိုတဲ့ သတင်းကလွဲရင် သူ့သတင်းတွေ၊ သူ့လုပ်ငန်းတွေအကြောင်းကို မီဒီယာတွေထက်မှာ မတွေ့ရသလောက် နည်းသွားပါတယ်။
အကျိုးဆက်တွေပြောရရင် ၂၀၂၁ တုန်းက ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ဖော်ပြမှုမှာ ဂျက်မားရဲ့ပိုင်ဆိုင်မှုက ကန်ဒေါ်လာ ၄၈.၄ ဘီလီယံအထိရှိခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေစစ်ဆေးပြီး ၂၀၂၂ ရောက်တဲ့အခါ ဂျက်မားရဲ့ ပိုင်ဆိုင်မှုက ၂၂.၈ ဘီလီယံပဲရှိပါတော့တယ်။ အခုနောက်ဆုံး ၂၀၂၄ စက်တင်ဘာ နောက်ဆုံးပတ်မှာတော့ ဂျက်မားရဲ့ပိုင်ဆိုင်မှုက ၂၄.၅ ဘီလီယံပါ။ ကိန်းဂဏန်းတွေကိုကြည့်ပါ။ ၂၀၂၁ ကထက်စာရင် ဂျက်မားပိုင်ဆိုင်မှုက ထက်ဝက်ကျဆင်းသွားတာကို တွေ့ရမှာပါ။ ဒါတွေဟာ တရုတ်အစိုးရရဲ့ စစ်ဆေးမှုတွေ၊ တင်းကြပ်မှုတွေကြောင့်ပါ။
ဒီတော့ ဂျက်မားတစ်ယောက်ပဲ ဒီလိုဖြစ်တယ်လို့ ထင်နေတာပါလား။
(၂)
နောက်တစ်ယောက်ကတော့ ရုရှားဇူကာဘတ်လို့ သိကြတဲ့ တယ်လီဂရမ် စီအီးအို ပါဗယ်ဒူရော့ပါ။ ဒူရော့ဟာ ဆိုဗီယက်ပြည်ထောင်စု အရင်က လီနင်ဂရက်လို့ခေါ်တဲ့ အခု စိန့်ပီတာစဘတ်မြို့မှာ မွေးတာပါ။ ရုရှားနိုင်ငံသား စစ်စစ်ပါ။ ၂၀၀၇ မှာ သူ့ညီ နီကိုလိုင်နဲ့ VK App ကို တီထွင်ပါတယ်။ အဲဒီ VK App ဆိုတာ ရုရှားမှာ လူသုံးအများဆုံး App ပါ။ မြန်မာနိုင်ငံမှာလည်း VK ကို စွဲစွဲမြဲမြဲသုံးတဲ့ လူအုပ်စုရှိပါတယ်။ VK App ဟာ မက်ဇူကာဘတ်ရဲ့ Facebook ကိုတောင် ယှဉ်နိုင်တယ်လို့ တချို့က ဆိုပါတယ်။
ရုရှားမှာတော့ VK ဆိုတာ နိုင်ငံရေးကိစ္စတွေ ပြောဆိုရာ၊ လူမှုဆက်ဆံရေးကိစ္စတွေ ပြောဆိုရာ၊ ရွေးကောက်ပွဲကိစ္စနဲ့ စစ်ရေးကိစ္စတွေ ပြောဆိုဆွေးနွေးလေ့ရှိတဲ့ ဒီဂျစ်တယ်ပလက်ဖောင်း ဖြစ်ပါတယ်။ ဆိုလိုတဲ့ သဘောကတော့ VK App ဟာ ရုရှားပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး လူတွေအပေါ် အများကြီး လွှမ်းမိုးမှုရှိပါတယ်။
၂၀၁၁ ရောက်တဲ့အခါ ရုရှားအာဏာပိုင်တွေက အတိုက်အခံတွေရဲ့ VK အကောင့်တွေကို ပိတ်ပစ်ဖို့ ဒူရော့ကို ဖိအားပေးပါတော့တယ်။ ဒူရော့ကလည်း ငြင်းဆိုပါတယ်။ ဒါပေမဲ့ ကိစ္စက မပြီးသွားပါဘူး။ ၂၀၁၄ မှာ VK သုံးတဲ့ ယူကရိန်းဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ အချက်အလက်တွေပေးဖို့ ရုရှားအာဏာပိုင်တွေက တောင်းဆိုပြန်ပါတယ်။ ဒါကိုလည်း ဒူရော့က ငြင်းဆိုခဲ့ပါတယ်။
ဒူရော့ဟာ ဒီလိုအခက်အခဲတွေကြားထဲကနေပဲ ၂၀၁၃ ကျ ရုရှားမှာ ဆန္ဒပြပွဲတွေနဲ့ ပွဲဆူနေချိန် Telegram App ကို သူ့ညီ နီကိုလိုင်နဲ့အတူ တီထွင်ပြန်ပါတယ်။ တချိန်တည်းမှာပဲ သမ္မတပူတင်ရဲ့မဟာမိတ်တွေက VK ကို ထိန်းချုပ်ဖို့ ကြိုးစားလာပါတော့တယ်။ နည်းပညာစွန့်ဦးတီထွင်သူ ဖြစ်တဲ့ ဒူရော့ဟာ တင်းမခံနိုင်တော့ပါဘူး။ ဒီလိုနဲ့ သမ္မတပူတင် အဆက်အနွယ် စီးပွားရေးအုပ်စုဆီ VK ကို ရောင်းပြီး ၂၀၁၄ မှာ ရုရှားကနေ ထွက်ခွာလာခဲ့ပါတယ်။
အခုတော့ ရုရှားက ကမ္ဘာသိထင်ရှားတဲ့ ခေါင်းဆောင်ကြီး လီနင်ကိုဂုဏ်ပြုမှည့်ခေါ်တဲ့ လီနင်ဂရက်မြို့မှာ မွေးသူ ရုရှားနိုင်ငံသားစစ်စစ် ပါဗယ်ဒူရော့ဟာ ယူအေအီးနဲ့ပြင်သစ်နိုင်ငံသားအဖြစ်ခံယူထားလိုက်ပါပြီ။ ဒူရော့တစ်ယောက် ဖုန်းဆိုးမြေဖြစ်တဲ့ အမိမြေကို စိတ်နာသွားလားဆိုတာ စဉ်းစားစရာပါ။
၂၀၁၃ တုန်းက သူတို့ညီအစ်ကို တီထွင်ခဲ့တဲ့ တယ်လီဂရမ်ဟာ အခုဆို ကမ္ဘာတဝန်းမှာ သုံးစွဲသူ သန်း ၉၅၀ ကျော်ရှိနေပြီး ဒူရော့ကိုယ်တိုင်လည်း အခုဆို ဘီလီယံနာဖြစ်နေပါပြီ။ တကယ်တော့ ဒူရော့ဆိုတာ ဖုန်းဆိုးမြေမှာ ပွင့်တဲ့ ပန်းတစ်ပွင့်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဖုန်းဆိုးမြေကိုစွန့်ခွာခဲ့တဲ့အတွက် တယ်လီဂရမ်နဲ့အတူ ဒူရော့ကိုယ်တိုင်လည်း ဘီလီယံနာဖြစ်လာခဲ့ပါတယ်။ ဒါကတော့ ဂျက်မားနဲ့မတူတဲ့ ဒူရော့ရဲ့ အားသာချက်ပါပဲ။
တကယ်လို့များ အာဏာရှင်တစ်ယောက်လိုပြုမူတဲ့၊ အတိုက်အခံတွေကို ဖိနှိပ်တတ်တဲ့၊ ကေဂျီဘီဟောင်းတစ်ဦးဖြစ်သူ သမ္မတပူတင်ရဲ့ လက်အောက်မှာသာ ဆက်နေမယ်ဆိုရင် ဖုန်းဆိုးမြေက ပန်းဟာ ဒီလောက် ပွင့်လန်းနိုင်ပါ့မလားဆိုတာ တွေးဆစရာပဲ ဖြစ်ပါတယ်။
၂၀၂၄ ဩဂုတ်လမှာ ပြင်သစ်မှာ ပါဗယ်ဒူရော့ ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုပေမဲ့လည်း ရာဇဝတ်ကြောင်းအရ တာဝန်ပျက်ကွက်မှုဖြစ်လို့ ဥပဒေကြောင်းအရပဲ ရင်ဆိုင်ရမှာဖြစ်ပြီး ရုရှားမှာဆိုရင်တော့ နိုင်ငံရေးစနစ်ကြီးရဲ့ သားကောင်အဖြစ် ဆက်လက်ရှင်သန်နေရမလား မေးခွန်းဖြစ်လာပါလိမ့်မယ်။
ဒီတော့ နိုင်ငံရေးစနစ်ဟာ နိုင်ငံသားတွေအပေါ် သက်ရောက်တယ်ဆိုတာကို ပါဗယ် ဒူရော့ကလည်း သက်သေခံနေပါတယ်။
(၃)
ကမ္ဘာကျော် နောက်တစ်ယောက်ရဲ့ သက်သေခံချက်ကို ကြည့်လိုက်ရအောင်ပါ။
ဒီနေ့ခေတ်မှာတော့ လက်ကိုင်ဖုန်းတွေထဲမှာ ဂိမ်းဆော့တာက အရွယ်မရောက်သေးတဲ့ကလေးတွေတောင် ဆော့တတ်နေလောက်အောင် တွင်ကျယ်နေခဲ့ပါပြီ။ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၈၄ နွေဦးကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ အဲဒီတုန်းက လက်ကိုင်ဂိမ်းဆိုတာ မပေါ်သေးပါဘူး။ ကွန်ပျူတာဂိမ်းဆိုတာတောင် IBM Computer မှာဆော့ရတဲ့ဂိမ်းပါ။ ဒါတောင် နောက်က ဘုကြီးတွေနဲ့ ရှေးဦးကွန်ပျူတာမျိုးဆက်ဖြစ်ပါတယ်။
၁၉၈၄ ခုနှစ်တုန်းက ဆိုဗီယက်ပြည်ထောင်စုက ဆိုဗီယက်သိပ္ပံအကယ်ဒမီမှာ အလုပ်လုပ်နေတဲ့လူငယ်ဆော့ဝဲလ်အင်ဂျင်နီယာလေး အလက်ဆီ ပက်ဂျ်နော့ က ဂိမ်းလေးတစ်ခု တီထွင်ခဲ့ပါတယ်။ ဒီဂိမ်းလေးကို Tetris - တက်ထရစ်လို့ သူက နာမည်ပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒါကို အတုံးဆက်ဂိမ်းဆိုပြီး လူသိများပါတယ်။ 80 Born တွေဆိုရင် ငယ်စဉ်ကတည်းက ဒီဂိမ်းနဲ့ အကျွမ်းတဝင်ရှိခဲ့ကြမှာပါ။ ဒီဂိမ်းဟာ အဲဒီအချိန်မှာပဲ ရုရှားတစ်နိုင်ငံလုံးပျံ့နှံ့သွားပါတယ်။
အဲဒီအချိန်က ဥရောပမှာ စွန့်ဦးတီထွင်သူတွေရဲ့ ဂိမ်းတွေကို အရောင်းအဝယ်လုပ်တာတွေ စနေပါပြီ။ ဒါပေမဲ့ Tetris ဂိမ်းဟာ ရုရှားပြင်ပ နိုင်ငံတွေဆီ မရောက်ပါဘူး။ ဘာကြောင့်ပါလဲ။ အဲဒီအချိန် ဆိုဗီယက် ပြည်ထောင်စုဟာ အမေရိကန်နဲ့ စစ်အေးတိုက်ပွဲဖြစ်ပြီး ကမ္ဘာမှာ အားပြိုင်နေဆဲကာလပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အတွင်းကြိတ်ရန်စောင်နေတယ်လို့ ပြောလည်းရပါတယ်။ ပြီးတော့ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲသေးလို့ ရုရှားနိုင်ငံဆိုပြီးလည်း မဖြစ်သေးပါဘူး။
ဒါပေမဲ့ နည်းပညာဆိုတာက အကန့်အသတ်တွေ နယ်မြေတွေကို ကျော်လွှားနိုင်စွမ်းရှိပါတယ်။ ဒီဂိမ်းဟာ ဟန်ဂေရီ SCKI Institute of Computer Sciences ကို ကော်ပီဖိုင်ရောက်သွားပါတယ်။ အဲဒီလိုရောက်သွားပြီးနောက် ဆော့ဝဲလ်အေးဂျင့် Robert Stein က Tetris ဂိမ်းကို တွေ့ပြီး ဥရောပနဲ့ အမေရိကဈေးကွက်အတွက် ဝယ်ဖို့ ရုရှားကို ရောက်လာပါတယ်။ အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ရုရှားအစိုးရကိုယ်စားလှယ် အဖွဲ့ကပဲ ချုပ်ကိုင်ထားလို့ ဂိမ်းကို တီထွင်တဲ့ ပက်ဂျ်နော့က ခံစားခွင့်မရပါဘူး။
နောက်တော့ ဒီဂိမ်းကိုပဲ Nintendo အတွက် လက်ကိုင်ဂိမ်းစက်မှာ သုံးဖို့ Roger က ကြိုးစားပါတယ်။ သူကလည်း အလားအလာရှိတဲ့ဂိမ်းတွေကို ရှာဖွေနေတဲ့လူပါ။ ဒီလိုကြိုးစားတဲ့အခါမှာလည်း လက်ကိုင်ဂိမ်းစက်မှာသုံးဖို့ ခွင့်ပြုချက် ရရှိသွားပါတယ်။ ဒါပေမဲ့ အကျိုးအမြတ်ကိုတော့ ဂိမ်းကိုတီထွင်တဲ့ ပက်ဂျ်နော့က မရခဲ့ပါဘူး။ အဲဒါ ၁၉၈၉ ခုနှစ်ပါ။
အလက်ဆီ ပက်ဂျ်နော့ဟာ ဂိမ်းတီထွင်တဲ့ ၁၉၈၄ ကနေ ၁၉၈၅ အထိ ဒီဂိမ်းကို ဥရောပ၊ အမေရိကနဲ့ ကမ္ဘာကျော် Nintendo ကုမ္ပဏီဆီ ရောင်းချခဲ့ပေမဲ့ အကျိုးအမြတ် တစ်ပြားမှ မရခဲ့ပါဘူး။ ဆိုဗီယက်အာဏာပိုင်တွေကချည်း ရယူသွားခဲ့တာဖြစ်ပါတယ်။ ၁၉၉၁ မှာတော့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပါတယ်။ Roger ဟာ ပက်ဂျ်နော့ကို အမေရိကကို ရအောင် ခေါ်ထုတ်သွားပါတယ်။ အဲဒီနောက် ပက်ဂျ်နော့ရရှိသင့်တဲ့ အကျိုးအမြတ်တွေရအောင် စာချုပ်စာတမ်းတွေနဲ့ လုပ်ပေးခဲ့ပါတယ်။ ပြီးတော့ သူတို့နှစ်ဦးဟာ Tetris Company ဆိုတာကို တည်ထောင်ခဲ့ပါတယ်။
တကယ်တော့ Tetris ဂိမ်းဆိုတာ ကမ္ဘာကျော်ဂိမ်းပါ။ အခုထိလည်း သန်းနဲ့ချီပြီး ရောင်းချနေရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ရေခံမြေခံမကောင်းတဲ့ ဆိုဗီယက်မှာတော့ ပက်ဂျ်နော့တစ်ယောက် ဘာအကျိုးအမြတ်မှ မခံစားရပါဘူး။ ဆိုဗီယက်ပြိုကွဲ၊ အမေရိကန်ကိုရောက်မှ သူ့အခွင့်အရေးသူရလာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးစနစ်တွေက နိုင်ငံသားတွေကို များစွာသက်ရောက်ပါတယ်။
ဒါတွေက ဖုန်းဆိုးမြေမှာပွင့်လန်းတဲ့ စွန့်ဦးတီထွင်သူတွေအကြောင်းပါ။
တာထွက်မတူရင် ပန်းဝင်မတူတတ်ပါဘူး။ နိုင်ငံရေးစနစ်မကောင်းတဲ့အခါ စွန့်ဦးတီထွင်သူပဲဖြစ်ဖြစ်၊ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်ပဲဖြစ်ဖြစ် ထိုက်သင့်သလောက် မအောင်မြင်ပါဘူး။ ရေခံမြေခံကို လဲပစ်မလား၊ ဒါမှမဟုတ် စနစ်ကောင်းအောင် ကြိုးပမ်းမလားဆိုတဲ့ စဉ်းစားချက်တွေတော့ ရှိပါတယ်။
တစ်ဦးချင်း တစ်ယောက်ချင်းအားဖြင့် အောင်မြင်သူတွေ ထွက်လာကောင်းထွက်လာနိုင်ပါတယ်။ မျိုးဆက်အလိုက်တော့ ဖုန်းဆိုးမြေမှာ မပွင့်လန်းနိုင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးစနစ်ဟာ နိုင်ငံသားတစ်ဦးချင်းအပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာကို အကြိမ်ကြိမ်တင်ပြခဲ့တာဖြစ်ပါတယ်။
စွန့်ဦးတီထွင်သူတွေဟာ အများအားဖြင့်တော့ လူမှုအသိုက်အဝန်းအတွက် ပိုပြီး နေပျော်တဲ့ဘဝဖြစ်ဖို့၊ သာယာတဲ့လူဘောင်ဖြစ်ဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။
ဒါပေမဲ့ ရေခံမြေခံမကောင်းတဲ့ ဖုန်းဆိုးမြေမှာတော့ ဘယ်လောက်များ ပွင့်လန်းနိုင်မှာလဲဆိုတာ ဂျက်မား၊ ဒူရော့နဲ့ ပက်ဂျ်နော့တို့လို ကမ္ဘာကျော်စွန့်ဦးတီထွင်သူတွေက သင်ခန်းစာတွေ ပေးနေပါတော့တယ်။
ဟန်သစ်အိမ် ( Y3A )
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media