ကျွန်တော်ကမြေလတ်သား။ အညာသားပေါ့ခင်ဗျာ။ ကျွန်တော့်အကြောင်း ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပေမဲ့ အခုပြောမဲ့အကြောင်းအရာတွေက ယုံတမ်းစကားမဟုတ်ဘဲ ကိုယ်တွေ့ဆိုတာ သေချာစေချင်လို့ နည်းနည်းပါးပါးတော့ ပြောပါရစေ။

ကျွန်တော် ဆယ်တန်းအောင်တော့ ရန်ကုန်မှာ အလုပ်လုပ်ရင်း ဘွဲ့ရခဲ့ပါတယ်။ နောက်တော့ ဟိုတယ်နဲ့ခရီးသွားဝန်ဆောင်မှုနယ်ပယ်ထဲရောက်ပြီး ကိုယ်ပိုင်လုပ်ငန်းလေး ထူထောင်ပါတယ်။ ငွေကြေးတတ်နိုင်လို့မဟုတ်ပေမဲ့ ဒီလိုပဲ မိတ်ဆွေတွေတချို့ကူညီလို့ ကိုယ်ပိုင်လုပ်ငန်းလေးဖြစ်ခဲ့တာပါ။ အဲဒါ ၂၀၂၀ ခုနှစ် ဇန်နဝါရီလပေါ့။ ကံလေးစပ်တော့ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။

ဒီလိုအောင်မြင်နေချိန်မှာ ရုတ်တရက် Covid 19 ကပ်ရောဂါက ရောက်လာတော့ ကျွန်တော့်လုပ်ငန်းလေးကို Home Service အဖြစ်ပြောင်းလဲပြီး ရပ်တည်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုဗစ်ဒုတိယလှိုင်းကိုပါ ဖြတ်ကျော်လာနိုင်ခဲ့ပါတယ်။ ၂၀၂၁ ၊ ဇန်နဝါရီ မှာ လုပ်ငန်းနေရာအတွက် စာချုပ်ချုပ်ရတော့လည်း နှစ်ခါမစဉ်းစားဘဲ ချုပ်လိုက်တယ်။ အနာဂတ်ကို ယုံကြည်တာကိုးဗျာ။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကျတော့ ကျွန်တော့်ဘဝဟာ အမှောင်ကျသွားပြီဆိုတာ သိလိုက် ရတယ်။ ခရီးသွားလုပ်ငန်းဆိုတာ နိုင်ငံရေးကောင်းမှ လူတွေက သွားလာကြတာမလား။ နယ်ကလာလုပ်ကြတဲ့ ကျွန်တော့်ဝန်ထမ်း ၇ ယောက်နဲ့ ကျွန်တော်ပါ တိုင်ပတ်လာတယ်ပေါ့ဗျာ။ ဆန္ဒပြလိုက်၊ ရှိတာစားလိုက်၊ မရှိတော့လည်း ဆရာတပည့်တွေ ရှိတာရောင်းစားလိုက်နဲ့ ဖြစ်ကုန်တယ်။ နိုင်ငံရေးမှာပါဝင်မှုကလည်း လက်လွန်ကြက်သွန်တွေဖြစ်ကုန်ပြီ။ ဒီလိုနဲ့ ရှောင်ရတိမ်းရပေါ့။ ဒါနဲ့ပဲ ကရင်ပြည်နယ် မြိုင်ကြီးငူ လက်နက်ကိုင် စခန်းကို ရောက်သွားပါရော။ တော်လှန်ရေးမှာ အဆုံးထိပါဝင်မယ်ဆိုပြီး လေးလကျော်တော့ ကျွန်တော့်မှာ အသည်းရောဂါဖြစ်နေတာ သိလိုက်ရပြီ။ ကျွန်တော့်ရဲ့ တော်လှန်ရေး အိပ်မက်လည်း နိဂုံးချုပ်သွားတယ် ဆိုရမယ်။ ဒါနဲ့ ရန်ကုန်ကို မြေအောက်လှုပ်ရှားမှုအဖွဲ့အနေနဲ့ ပြန်ဝင်ပြီး တစ်ဖက်ကလည်း အလုပ်တွေ လိုက်ရှာနေမိခဲ့တယ်။ အဲဒီမှာ……။

 ဧက ၁၀၀ သို့‌ ခြေချခြင်း

တစ်ရက်တော့ ကျွန်တော် အလုပ်ကြော်ငြာတစ်ခုကို တွေ့တယ်။ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာကျွမ်းရင် လစာကောင်းမယ်တဲ့။ အလုပ်က ကျားဖြန့်လုပ်ငန်း။ မြဝတီ ဧက ၁၀၀ လို့ ဒေသခံတွေခေါ်ကြတဲ့ ဟောင်ရမ်းပါ့ခ် Huanya Park မှာ လုပ်ရမှာ။ ဒါနဲ့ပဲ တယ်လီဂရမ်က ဆက်သွယ်ပြီး ၂၀၂၃၊ မေလ ကျ မြဝတီကို တက်လာခဲ့တယ်။ ရောက်တော့ သူတို့ကိုဆက်သွယ်တယ်။ ဒါပေမဲ့ မရဘူး။ နောက်ရက်ကျ ဆက်သွယ်တော့ ရတယ်။ သူတို့လာခေါ်ပါတယ်။ ဟောင်ရမ်းပါ့ခ်အဝင် စစ်ဆေးရေးဂိတ်အမျိုးမျိုးကို ဖြတ်ခဲ့ရတယ်။ အထူးသဖြင့်  ပြည်သူ့စစ် BGF ဂိတ်တွေပါ။ စစ်တာကတော့ အစုံပဲ။ ဒါပေမဲ့ ဧက ၁၀၀ မှာ လုပ်မဲ့လူဆိုတော့ အသာတကြည်ပဲ ဝင်ခွင့်ရပါတယ်။

ဧက ၁၀၀ အစောပိုင်းနေ့ရက်များ

ရောက်ရောက်ချင်းတော့ အံဩစရာချည်းပါပဲဗျာ။ ဧက ၁၀၀ ဆိုတဲ့အတိုင်း အတော်ကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ ငါးထပ်အဆောက်အအုံကချည်း ၇ လုံးလောက်ရှိမယ်ထင်ပါတယ်။ အလွှာတိုင်းမှာလည်း လုပ်ငန်းတွေချည်းပဲ။ အလုပ်ရုံအတွင်းမှာလည်း တရုတ်ပစ္စည်း အစုံအလင်ရနိုင်တဲ့ စျေးဆိုင် ၊ တရုတ် ဆေးရုံ ၊ Karaoke အခန်း ၊ Beauty Salon နဲ့ လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုတွေအထိ ရနိုင်ပါတယ် ။ တနည်းအားဖြင့်ပြောရရင် ဒီမှာရတဲ့ ပိုက်ဆံ ဘယ်ကိုမှ ပြန်မထွက်နိုင်အောင် အလုံပိတ်ထားတဲ့သဘောနေမှာပေါ့ခင်ဗျာ။

ဝန်ထမ်းနေဖို့အခန်းတွေကလည်း တကယ်ကောင်းပါတယ်။ အခန်းက ၁၈ ပေ၊ ပေ ၂၀ အခန်း။ လူ က ၈ ယောက်နေရတယ်။ နှစ်ထပ်ကုတင် လေးလုံးဆိုပါတော့။

ကျွန်တော့်ကိုလည်း အိပ်ယာ ၊ မွှေ့ယာ ၊စောင်ခေါင်အုံး၊ ရေချိုးဆပ်ပြာ၊ ခေါင်လျှော်ရည်၊ သွားတိုက်ဆေး ၊သွားတိုက်တံ ၊နားကျပ်ဂွမ်းကစ ထောက်ပံ့ပေးပါတယ်။ ရောက်ရောက်ချင်းအားငယ်သလိုရှိပေမဲ့ မြန်မာအတွေအများအပြားလည်းရှိတာကြောင့် သိပ်တော့ ကြောက်စရာမကောင်းဘူးပေါ့လေ။ သူတို့ကလည်း အလုပ်ရဲ့ဖိစီးမှုတွေအကြောင်း ပြောပြကြပါတယ်။

အလုပ်ချိန်က မြန်မာစံတော်ချိန် ည ၉ နာရီခွဲကနေ မနက် ၉ နာရီခွဲအထိ။ ည ၁၂ ခွဲ ဆို ညလည်စာ စားနိုင်ပြီး ၁ နာရီ ခွဲ အလုပ်ပြန်တက်။ အဲဒီနောက် မနက် ၄ နာရီခွဲကနေ မနက် ၆ နာရီအထိ နားချိန်။ အဲဒီအချိန် အခန်းပြန် အနားယူလည်းရတယ်။ ထမင်းစားလို့လည်းရတယ်။ ကျွေးတာအများစုကတော့ တရုတ်စာတွေပေါ့ဗျာ။ အစားအသောက်ကတော့  စိတ်ကြိုက်စားလို့ရပါတယ်။

အဲ ပြောဖို့မေ့နေတာက လစာပဲ။ အားလုံးလည်း သိချင်ကြမယ်ထင်ပါတယ်။ လစာကတော့ တစ်လကို ထိုင်းဘတ် ၂၄,၀၀၀ ဆိုတော့ မြန်မာငွေနဲ့တွက်ရင် ၂၄ သိန်းကျော်လောက် ရတယ်။

အလုပ်ထဲမှာ မြန်မာနိုင်ငံသား ဗမာလူမျိုး ၊ ရှမ်းလူမျိုး၊ တရုတ်တွေ တွေ့ရတော့ အားတတ်ရပါတယ်။ ကျွန်တော်တို့ အလုပ်ရုံမှာဆို လူအင်အား အယောက် ၁၅၀ ကျော်ရှိမယ်ထင်ပါတယ်။ မြန်မာကတော့ ၂၀ လောက်ပေါ့။ လုံခြုံရေး ရှမ်းတရုတ်က ၂၀ လောက်ရှိမယ်။ ကျန်တာကတော့ တရုတ်တွေများတယ်။ ကွန်ပျူတာက အလုံး ၃၀၀ ၊ ဖုန်း အလုံး ၂၀၀၀ လောက်ရှိမယ်။ အင်တာနက်ကကျ ထိုင်းကနေရပါတယ်။ ၂၄ နာရီ မီးစက် ၂ လုံးရှိတယ်။ အလုပ်ရဲ့ ဟောခန်း၊ စာကြည့်တိုက် ၊ ထမင်းစားခန်း ၊အိပ်ခန်းတွေမှာ အားလုံးက အဲကွန်း တစ်လုံးစီနဲ့ပါ။ အဖွဲ့တွေနဲ့ အပြိုင်အလုပ်လုပ်ကြပါတယ်၊ တစ်ဖွဲ့ ကို ၁၅ ယောက်ထိ ရှိပြီး ခေါင်းဆာင်တစ်ဦးစီရှိပါတယ်။ ခေါင်းဆောင်တွေရဲ့အထက်မှာတော့ မန်နေဂျာ၊ သူဌေး ဒီလိုအဆင့်ဆင့်ရှိပါတယ်။

စစချင်းတော့ ဘာမှမလုပ်ခိုင်းသေးဘဲ သူတို့လုပ်တာကိုပဲ ကြည့်ခိုင်းတာပါ။ ခေါင်းဆောင်က ကျွန်တော့်ကိုသင်ပေးဖို့ မြန်ဟွားခေါ် မြန်မာစကားပြန်ကနေ မှာနေတာကိုလည်း ကြားရပါတယ်။ သူတို့ကလည်း စိတ်ရှည်လက်ရှည် သင်ပေးကြပါတယ်။ ဒီမှာရှိတဲ့ ဗမာတော်တော်များများက ကိုယ်ချင်းစာပြီး သင်ပေးကြပါတယ်။ အဓိကက ကျွန်တော့်ကို အလုပ်ပြုတ်မသွားစေချင်လို့ပါ။ ဟုတ်ပါတယ်။ ဒီမှာ ၁၅ ရက်အတွင်း အဆင်မပြေရင် ပြန်လွှတ်ပါတယ်။ ဒါပေမယ့် ၃ လမပြည့်ခင် ကိုယ့်သဘောနဲ့ကိုယ် ထွက်ချင်တယ်ဆို အထက်မှာ ဖော်ပြခဲ့တဲ့ ထောက်ပံပေးခဲ့မှုများအတွက် ဘတ် ၂၀၀၀ ပြန်လျော်ပေးရပါတယ်။ 

ကျွန်တော်ရောက်နေတဲ့ ကုမ္ပဏီရဲ့ လစာထုတ်တဲ့ရက်က လတိုင်းရဲ့ ၁၅ ရက်နေ့ပါ။ ဝန်ထမ်းတစ်ယောက် ရုတ်တစ်ရက် အလုပ်ကနေ ထွက်ရင် အဲဒီ ၁၅ ရက်စာ ဆုံးပါတယ်။ အကယ်၍ ၃ လကျော်လို့ အလုပ်ထွက်ရင် ဒါမှမဟုတ် အထုတ်ခံရရင်တော့ အဲဒီ ၁၅ ရက်စာကိုပါ တစ်ခါတည်းပေးပါတယ်။ 

ကျားဖြန့်က ဘာတွေလုပ်ရလဲ

တကယ်တော့ ကျားဖြန့်ဆိုတာ အွန်လိုင်းကနေ ငွေလိမ်တာပေါ့ခင်ဗျာ။ အသက် ၄၀ အထက် အသင့်အတင့် ချမ်းသာသူကနေပြီး ကုမ္ပဏီ ရဲ့ CEO , CFO ဒီလို ရာထူးတွေနဲ့ လူတွေအထိကို လိုက်လိမ်ကြတာပါ။

အမေရိကန်လူမျိုးတွေကို ရှာဖွေပြီး မိတ်ဆက်စကားပြော၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလတ်တွေဖြစ်တဲ့ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ ၊ ကိုယ်ရေးအကျဉ်း ၊ အိမ်ထောင်ရှိ မရှိ ၊ အလုပ်အကိုင် နဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ သိရအောင် အရင်လုပ်ရပါတယ်။ ဒီလိုလုပ်ရတာကို Finder ဒါမှမဟုတ် Finding လို့ ခေါ်ကြပါတယ်။ ကျွန်တော်က အဲဒါ လုပ်ရတာပါ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေက အင်္ဂလိပ်စာကို ရေးတတ်ဖတ်တတ်တော့ တရုတ်တွေထက်စာရင် အချိန်ကုန် သက်သာပြီး အလုပ်တွင်ပါတယ် ။ ဒါ့ကြောင့်လည်း အလုပ်ခေါ်တာဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က အမေရိကန်ပစ်မှတ်တွေဆီကို ခုနကပြောခဲ့တဲ့နည်းလမ်းတွေနဲ့ မိတ်ဆက်စာတွေ့ပို့ပြီး အချက်အလက်တွေရယူပါတယ်။ ဒီလိုရယူတဲ့အခါ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ချဉ်းကပ်ရယူတာဖြစ်ပါတယ်။

သူနဲ့မိတ်ဖွဲ့လို့ အချက်အလက်တွေရပြီဆိုရင် ကျွန်တော်ရဲ့ Finding တာဝန်က ပြီးဆုံးပါပြီ။ ရလာတဲ့ အချက်အလက်တွေ လင့်တွေကို သက်ဆိုင်ရာအဖွဲ့ Chatting အဖွဲ့ဆီလွှဲပြောင်းပေးလိုက်ပြီး သူတို့က ဆက်လက်တာဝန်ယူရပါတယ်။ နောက်တစ်ဖွဲ့ရှိပါသေးတယ်။ အဲဒီအဖွဲ့ကတော့ Finder အဖွဲ့နဲ့ Chatting အဖွဲ့တို့ အသုံးပြုဖို့လိုအပ်တဲ့ Social Media အကောင့်တွေ ဖန်တီးတာ ထိန်းသိမ်းတာနဲ့ ငွေဖြည့်တာတွေလုပ်ရတဲ့ အဖွဲ့ပါ။  

အရေးကြီးတဲ့ Chatting

တယ်လီဂရမ်နဲ့ ရင်းနှီးတဲ့သူဆို သိကြပါတယ်။ အဲဒီမှာ ကျားဖြန့်လုပ်ငန်းတွေက Chatting ခေါ်ခေါ်နေတာ။ သူတို့အလုပ်က ခုနတုန်းက Finding က ပေးပို့တဲ့ အချက်အလက်တွေ၊ လင့်တွေကိုယူပြီး ကိုယ့်ပစ်မှတ်ဖြစ်လာတဲ့လူတွေနဲ့ စကားပြောရတာပါ။ ဒါကြောင့် Chatting အဖွဲ့ကတော့ ပိုအရေးကြီးတဲ့နေရာလို့ပြောလို့ရပါတယ် ။  လစာလည်း ပိုများပါတယ်။

သူတို့က ကိုယ့်ပစ်မှတ်နဲ့ သူငယ်ချင်းတစ်ယောက်လို ခင်သွားအောင် စကားအမြဲပြောပေးရပါတယ်။ အမှားခံလို့မရပါဘူး ။ စာတစ်လုံးမှားပြီးပါသွားလို့ ကိုယ့်ကို Block သွားရင် အဲဒီ Chatting သမားကို အဖွဲ့ခေါင်းဆောင်က အပြစ်ပေးပါတယ်။ အမေရိကန်လူမျိုးတွေနဲ့ ချစ်သူလို၊ ဒါမှမဟုတ် စီးပွားရေးပါတနာလိုမျိုးဖြစ်နေပြီဆိုရင် “မင်း ငါတို့ရဲ့ အလုပ်ကို စိတ်ဝင်စားသလား။ ရှယ်ယာဝင်ကြည့်မလား။ ငါတို့တော့ တစ်လကို ဘယ်လောက်ရတယ်” ဆိုပြီး ဆွယ်ရပါတယ်။  

ဟိုဘက်ကလူက ယုံကြည်ပြီ၊ ဒါမှမဟုတ် မွှန်နေပြီဆိုရင်တော့ သူတို့နိုင်သလောက်ငွေကို ထည့်လို့ရပါတယ် ဘာညာပြောပေးရပါတယ်။ ပြီးရင်တော့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ဝက်ဘ်ဆိုက်ကို သူတို့ဆီ ပို့ပေးရပါတယ်။ အဲဒီမှာ အကောင့်ဖွင့်ခိုင်းပါတယ်။ အဲဒီသူ့အကောင့်မှာ ငွေက ဇီးရိုးပဲဖြစ်နေပြီးတော့ စတော့အတုတွေရဲ့ စျေးနူန်းတွေကို မြင်ရပါလိမ့်မယ်။ သူကစပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀၀၀ ကနေ သန်းနဲ့ချီပြီး ငွေဖြည့်သွင်းရပါတယ်။

ငွေဖြည့်ဖို့အတွက် သူက Crypto အကောင့်ပါထပ်ဖွင့်ပြီး Binance လိုကနေတဆင့် ငွေဖြည့်ရပါတယ်။ ခုနက ပေးထားတဲ့ ဝက်ဘ်ဆိုက်မှာ ရှယ်ယာတွေလိုက်ဝယ်ရင်း ပိုက်ဆံတွေ မြတ်နေပါတယ်ဆိုတာမျိုး ဝက်ဆိုက်က သူ့ကို ပြနေပါတယ် ။

ဥပမာ သူက ဒေါ်လာ တစ်သောင်းထည့်ပြီး Stocks ဝယ်လိုက်တယ်ဆိုရင် တစ်ပါတ်အတွင်းမှာ သူ့စတော့တွေ စျေးတတ်ပြီး အရင်း ၁ သောင်းအပြင် အမြတ် ၁သောင်းလောက်ကိုရနေပြီလို့ ဝက်ဆိုက်က ပြနေမှာပါ။ 

ပိုက်ဆံရင်းရင် ရင်းနိုင်သလောက် အမြတ်ရဲ့ ရာခိုင်နှုန်းတွေကလည်း တက်လာပါတယ်။ ပြောရရင် ငွေများများရင်းလေ အမြတ်များများရလေဆိုပြီး ဝက်ဘ်ဆိုက်က ပြပေးနေတာပါ။ ငွေစတင်ရင်းနှီးပြီး တစ်လ အတွင်းမှာတော့ သူ့ငွေကို ပြန်ထုတ်လို့မရသေးပါ။ တစ်လကျော်မှသာ ငွေကိုစိတ်တိုင်းကျ ထုတ်ယူနိုင်ပါမယ်လို့ ဝက်ဘ်ဆိုက်ရဲ့ term and condition မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

သူတို့လဲ ကျေကျေနပ်နပ်ကြီး ပိုက်ဆံတွေထည့်ပြီး ရင်းနှီးမြှုပ်နှံနေပါတော့တယ်။  ဝက်ဘ်ဆိုက်ထဲက သူဝယ်ခဲ့တဲ့ ရှယ်ယာတွေကလည်း ဈေးတွေအရမ်းတက်လာ၊ သူကလည်း ရှယ်ယာတွေ ရောင်းလိုက်ဝယ်လိုက်လုပ်၊ အမြတ်ကလည်း များသထက်များ၊ ငွေတွေထပ်သွင်း အမြတ်တွေပိုများနဲ့ ဝက်ဘ်ဆိုက်အတုကြီးကပြတဲ့ ဒေတာအတုတွေကို ယုံပြီး  ပျော်မွေ့နေတော့တာပေါ့ဗျာ။

ဒီဘက်ကလူတွေကလည်း သူအလိမ်ခံနေရတယ်လို့ လုံးဝမရိပ်မိအောင်ကို ၂၄ နာရီပတ်လုံး သူ့ကို စောင့်ကြည့်ပေးနေပါတယ် ။ တကယ်တော့  ဝက်ဘ်ဆိုက်မှာ သူငွေဖြည့်လိုက်ကတည်းကကို အလိမ်ခံလိုက်ရပြီးသားပါ။ သူ့ပိုက်ဆံတွေ ပြန်ထုတ်လို့မရတော့မှန်းသိမှ သူအလိမ်ခံရမှန်းသိမှာပါ။

တချို့လူတွေအတွက် အမေရိကန် ဒေါ်လာ တစ်သောင်း ၊ ငါးသောင်း ၊ တစ်သိန်း က ဘာမှ မဖြစ်လိုက်ပေမယ့် ၊ တချို့ကျ အိမ်ရောင်း၊ ကားရောင်း၊ ပိုင်ဆိုင်မှုတွေရောင်းပြီးမှ ရလာတဲ့ငွေကြေးတွေက အလိမ်ခံလိုက်ရတာပါ။

ဒီလိုနည်းနဲ့ ကျားဖြန့်တွေ အောင်ပွဲခံ ရပ်တည်ကြပါတယ်။

အောင်ပွဲခံခြင်း

လိမ်လိုက်လို့ အဆင်ပြေပြီဆိုရင် အောင်ပွဲခံပုံကလည်း မျိုးစုံပါပဲ။

အမေရိကန်ဒေါ်လာ ၈ သောင်းနဲ့အောက်ဆိုရင်တော့ ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့ မြန်မာမှာ တွေ့ရလေ့ရှိတဲ့ ကြေးမောင်းကြီးဗျာ။ အဲဒါကြီးတီးပြီး ဘယ်အဖွဲ့မှ ဘယ်သူသည် အလှူတော်ငွေ ဘယ်လောက်လက်ခံရရှိလိုက်ပါသည် ဆိုတာမျိုး မိုက်နဲ့အော်ပြောပြီး အောင်ပွဲခံကြတယ်။ အဲဒီအခါမှာ ကျန်တဲ့သူတွေက လက်ခုပ်တီးပြီး ဂုဏ်ပြုပေးရပါတယ်။

အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်အထက်ဆိုရင် ၆ ပေလောက်ရှိတဲ့ စည်ကြီးကို စည်းချက်ကိုက်တီး ၊ ကျန်တဲ့သူတေက စည်းချက်နဲ့အညီ လက်ခုပ်လိုက်တီး၊ အဲဒီလို အကြီးအကျယ်အောင်ပွဲခံပြီး ဂုဏ်ပြုပေးရပါတယ်။

ကျွန်တော့် လုပ်သက်တလျှောက် အမေရိကန်ဒေါ်လာ ၁ သန်းအထိ လိမ်လည်လို့ရပြီး အောင်ပွဲခံ ရတာကို ကြုံဖူးပါတယ်။ အဲဒီနေ့မှာတော့ ကုမ္ပဏီက စားပွဲသောက်ပွဲတောင် ကျင်းပပေးပါတယ်။ အဲဒီလို ငွေတွေအများကြီးရအောင်လုပ်ပေးတဲ့ဝန်ထမ်းကလည်း ကော်မရှင်က ၂၀ ရာခိုင်နှုန်း ရပါတယ်။ တခြား ဘောနပ်စ်တွေဖြစ်တဲ့ ညစာစားပွဲကျင်းပပေးတာ၊ အပျော်အပါးကိစ္စတွေ လုပ်ခွင့်ပေးတာ ဒါတွေကိုလည်း ခွင့်ပြုပေးပါတယ်။

ဒါကတော့ ကုမ္ပဏီရဲ့ အလင်းဘက်ခြမ်းပေါ့ခင်ဗျာ။ အမှောင်ဘက်ခြမ်းကတော့ ကျောခြမ်းစရာ စိတ်မကောင်းစရာတွေ အပြည့်နဲ့ပေါ့ဗျာ။

(ဆက်ပါဦးမယ်)

Share this article
The link has been copied!