လှိုင်သာယာမြို့နယ်က အိမ်ထောင်စုအများစုဟာ မြေအောက် အဝီစိတွင်းရေကိုပဲ အားထားကြတာ ဒီမြို့လေး စတည်ကတည်းကပါ။ အခုတော့ မြို့စတည်တုန်းကလို မြေအောက်ရေကလည်း အလျှံပယ်မထွက်တော့ဘူးလို့ ဒေသခံတွေက ညည်းတွားနေကြပါပြီ။ 

နွေပေါက်ပြီဆိုရင် တစ်အိမ်ထောင် ရေစုပ်စက်တစ်လုံးစီနဲ့ ရေတင်နေကြပေမဲ့ ရေက လိုသလောက် မရတော့ပါဘူး။ နွေရောက်လေ ရေထွက်နည်းလေဖြစ်လာပါတယ်။ 

“အဓိကတော့ မြေအောက်ထဲမှာ ရေခန်းသွားတာပဲ။ လှိုင်သာယာတည်စကဆို ရေခန်းတယ်ဆိုတာ မရှိဘူးဗျ။ အခုတော့ ရေခန်းလို့ ရေတင်တဲ့မော်တာဆိုရင်လည်း အကောင်ကြီးတာ တပ်ရတယ်။ တချို့လည်း လေမှုတ်စက်မျိုးနဲ့တောင် တင်နေရတယ်”ဆိုပြီး ပြောလာသူက လှိုင်သာယာ အနောက်ပိုင်း ကျုံစုကျေးရွာက စက်ရေတွင်းတူးသမား ကိုဇော်လတ်ပါ။ 

တချို့နေရာတွေမှာတော့ ရေမထွက်တော့လို့ ရေတွင်းအသစ်တွေပါ ပြန်တူးနေရတယ်လို့လည်း သူက ပြောပါတယ်။ 

မြေအောက်ရေခန်းခြောက်တာဟာ ရန်ကုန်မြို့မှာဆိုရင် လှိုင်သာယာ၊ ဒလ ဒီလိုနေရာတွေမှာ နှစ်စဉ်ကြုံနေရတာပါ။ မြေအောက်ရေးခန်းခြောက်တာ ဘာကြောင့်ပါလဲ။ အကျိုးဆက်ကရော ဘာတွေဖြစ်နိုင်ပါသလဲ။ 

ရေအောက်ရောက်ရခြင်းအကြောင်း

မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲတာရဲ့ အဆိုးရွားဆုံးအခြေအနေကတော့ မြေလွှာကျွံကျတာ၊ မြေလွှာနိမ့်ဆင်းတာမျိုးဖြစ်တာပါ။ အဲဒီကနေတဆင့် မြို့ကြီးတွေတောင် ရေအောက်ရောက်သွားနိုင်တဲ့အထိ ဆိုးရွားသွားနိုင်တယ်ဆိုပြီး ပညာရှင်တွေက တညီတညွတ်တည်း ထောက်ပြနေကြပါတယ်။ 

မြေအောက်ရေအလွန်အကျွံ သုံးတဲ့အတွက် အောက်မြေလွှာထဲက သဲလုံး၊ ကျောက်လုံးတွေကြားမှာ ရေမရှိတော့ဘဲ ဂလိုင်ပေါက်ဖြစ်ပြီး အပေါ်က အလေးချိန်ကြောင့် မြေကြီးက ကျွံဝင်နိမ့်ဆင်းသွားပါတယ်။ ဒီတော့ အဆောင်အအုံတွေပြိုကျတာ၊ စောင်းတာ၊ လမ်းတွေ ကွဲအက်တာတွေဖြစ်လာပါတယ်။ 

မြို့ကြီးတွေ ရေအောက်ကို နစ်မြုပ်စေတဲ့ နောက်တစ်ချက်ကတော့ ကမ္ဘာကြီးပူနွေးပြီး ပင်လယ်သမုဒ္ဒရာရေပြင် မြင့်တက်လာမှုကြောင့် ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ အပူချိန်တွေမြင့်တက်လာတော့ မိုးရေချိန်တွေက များလာပါတယ်။ ပြီးတော့ အပူချိန်ကြောင့် ပင်လယ်ရေပြင်မြင့်တက်လာရာက ရေကြီးလာပါတယ်။ ဒီလိုနည်းနဲ့ မြို့ကြီးတွေဟာ ရေအောက်ရောက်ဖို့ ဖြစ်လာရပါတော့တယ်။ 

ဒီအတွက် ထင်ရှားတဲ့ သတိပြုစရာသာဓကတွေ ကမ္ဘာအနှံ့မှာရှိနေပါတယ်။ 

နိုင်ငံတကာပုံပြင်

World Economics Forum ဟာ ၂၀၁၉ တုန်းက ရေထဲနစ်မြုပ်ပျောက်ကွယ်ဖို့ အန္တရာယ်အရှိဆုံး မြို့ ၁၁ မြို့ကို ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ဒီမြို့ ၁၁ မြို့ဟာ အန္တရာယ်အရှိဆုံးမြို့လို့ သတ်မှတ်ထားတာဖြစ်ပေမဲ့ ဒီ ၁၁ မြို့အပြင် တခြားမြို့တွေလည်းပါဝင်နေပါသေးတယ်။ အဲဒီ ၁၁ မြို့ထဲက တချို့ကို ကောက်နုတ်ပြရရင် -

အင်ဒိုနီးရှားနိုင်ငံ  ဂျကာတာမြို့ - ဂျကာတာမြို့ဟာ  တစ်နှစ်ကို  ၆.၇ လက်မ ရေထဲနစ်မြုပ်နေပြီး မြို့တော်ရဲ့နေရာအများစုဟာ ၂၀၅၀ ဆိုရင် ရေအောက်ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။ 

နိုင်ဂျီရီးယားနိုင်ငံ၊ လာဂို့စ် - ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပင်လယ်ရေပြင်မြင့်တက်လာမှုတွေကြောင့် အာဖရိကရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ လာဂို့စ်မြို့ရဲ့ ကမ်းရိုးတန်းအနိမ့်ပိုင်းဟာ ရေလွှမ်းမိုးမှုအန္တရာယ် ကြီးကြီးမားမားရှိနေပါတယ်။ 

အမေရိကန် - တက္ကဆတ်ပြည်နယ်၊ ဟူစတန်မြို့ - ဟူစတန်မြို့ကတော့ မြေအောက်ရေအလွန်အကျွံသုံးလို့ တစ်နှစ်ကို နှစ်လက်မ နိမ့်ကျနေပြီး လက်ရှိမှာ‌တော့ ဟာရီကိန်းလို သဘာဝဘေးတွေ မကြာခဏကျရောက်နေပါတယ်။ 

ဘင်္ဂလားဒေ့ရှ်၊ ဒါကာ - ဒါကာမြို့ကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွေကြောင့် လာမဲ့ ၂၀၅၀ ဆိုရင် နိုင်ငံသား ၁၈ သန်းကို ဘေးလွတ်ရာဆီ ရွေ့ပြောင်းပေးရနိုင်ခြေရှိနေပါတယ်။

အီတလီ၊ ဗင်းနစ် - ဗင်းနစ်မြို့ကတော့ တစ်နှစ်ကို ၀.၀၈ လက်မနှုန်းနဲ့ ရေအောက်ကို နစ်မြုပ်နေပါတယ်။ 

ရေအောက်ရောက်သွားနိုင်တဲ့ ဒါမှမဟုတ် မြေထဲကျွံဝင်သွားနိုင်တဲ့ မြို့ကြီးတွေနဲ့ ပတ်သက်လို့ အကောင်းဆုံးဥပမာတစ်ခုကတော့မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကို စီးတီးဖြစ်ပါတယ်။ 

မက္ကဆီကိုစီးတီးမှာ မြေအောက်ရေအလွန်အကျွံထုတ်ယူသုံးစွဲလို့ မြို့တော်ရဲ့ မြေလွှာကျွံဝင်နေပြီး မြေမျက်နှာပြင်က နိမ့်ကျနေပါတယ်။ ဒါကြောင့် တချို့အဆောက်အအုံတွေက စောင်းနေတာ၊ ရေပိုက်လမ်းတွေ တွန့်ခေါက်ကုန်တာ၊ လမ်းတွေအက်ကွဲကုန်တာကို တွေ့နေရပါတယ်။ လာမဲ့ နှစ် ၂၀၀ အတွင်း မက္ကဆီကို မြေအောက်ရေဟာ ခန်းခြောက်သွားဖို့ရှိတယ်လို့ ပညာရှင်တွေက တွက်ဆထားပါတယ်။ 

မက္ကဆီကို ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ သောက်သုံးရေ ၇၀ ရာခိုင်နှုန်းကို မြေအောက်ကပဲ ထုတ်ယူသုံးစွဲနေလို့ ဒီပြဿနာက ပိုပြီး ကြီးထွားလာနေတာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ 

မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ အရှေ့တောင်အာရှထဲက နိုင်ငံတချို့မှာလည်း ဒီပြဿနာကို ကြုံတွေ့နေရပါတယ်။ 

ထင်ရှားတဲ့ဥပမာတစ်ခုကတော့ အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာပါ။ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်က တောအုပ်ကြီးထဲမှာ  နျူစန်တာရာဆိုတဲ့မြို့သစ်ကြီးကို အင်ဒိုနီးရှားအစိုးရက တည်နေပါတယ်။ ဒီမြို့သစ်ကြီးကို အင်ဒိုနီးရှားအစိုးရက ငွေတွေပေါလို့ တည်နေတာမဟုတ်ပါဘူး။ လက်ရှိ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဂျကာတာမြို့ဟာ လာမဲ့ ၂၀၅၀ ရောက်ရင် ရေတွေဖုံးလွှမ်းသွားမယ်လို့ ပညာရှင်တွေက တွက်ဆထားကြလို့ပါ။ 

ဂျကာတာမြို့ဟာ သောက်သုံးရေအတွက် တရားဝင်ရော၊ တရားမဝင်ရော အဝီစိတွင်းပေါင်းများစွာ တူးနေကြတာကြောင့် မြေကျွံမှုတွေက သိသိသာသာဖြစ်ပေါ်လာနေပါတယ်။ အထူးသဖြင့် ဂျကာတာမြောက်ပိုင်းဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနဲ့ မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် ဆယ်နှစ်အတွင်း မြေအောက်ထဲကို ၁၃ ပေလောက် နိမ့်ဆင့်းသွားပါတယ်။ ဂျကာတာမြို့တော်ရဲ့ မြေပြင် ၄၀ ရာခိုင်နှုန်းဟာ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အောက် နိမ့်ကျသွားပါပြီ။  

ဒီတော့ ပညာရှင်တွေရဲ့ ထောက်ပြသတိပေးမှု တွေကြောင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုလက်ထက်ကစပြီး လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယံတိုလက်ထက် အထိ တောအုပ်ကြီးထဲ ငွေကုန်ခံပြီး နျူစန်တာရာဆိုတဲ့ မြို့သစ်ကြီးတည်နေရတာဖြစ်ပါတယ်။ 

တကယ်တော့ ကမ္ဘာတလွှားမှာ ရေအောက်ထဲရောက်သွားမယ်ဆိုပြီး ပညာရှင်တွေတွက်ချက်ထားကြတဲ့ မြို့တွေက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကြီးတစ်မြို့တည်းမဟုတ်ပါဘူး။ 

World Economics Forum ရဲ့ဖော်ပြချက်မှာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာလည်း ရေအောက်နစ်မြုပ်မဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဘန်ကောက်ဟာ တစ်နှစ်ကို တစ်စင်တီမီတာနှုန်းနဲ့ မြေကျွံနေတာဖြစ်ပါတယ်။ ဒီစာရင်းမှာ တခြားနိုင်ငံက မြို့ကြီးတွေလည်း ပါဝင်နေပါသေးတယ်။ 

ဆိုတော့ မြို့ကြီးတွေ ရေအောက်နစ်မြုပ်မဲ့အန္တရာယ်ဟာ ကမ္ဘာလုံးချီဖြစ်နေတာ မဟုတ်ပေမဲ့ တစ်နိုင်ငံ၊ တစ်မြို့တစ်ရွာလောက်ပဲ ဖြစ်နေတာတော့လည်း မဟုတ်ပြန်ပါဘူး။ သဘာဝဘေးကို လှစ်လျှူရှုမယ်၊ ကြိုတင်ပြင်ဆင်မှုအားနည်းမယ်ဆိုရင်တော့  မြို့ကြီးတွေဟာ ရေအောက်ရောက်သွားမဲ့ အန္တရာယ်ရှိနေတာဖြစ်ပါတယ်။ 

ရန်ကုန်မြို့ဟာ ကျွန်းတစ်ခုအဖြစ် ကျန်ရစ်မယ်

World Economics Forum ရဲ့စာရင်းကို ကြည့်ရင် ရေအောက်ရောက်သွားမဲ့ မြို့ကြီးထဲမှာ မြန်မာနိုင်ငံက မြို့တွေမပါပါဘူး။ ဒါပေမဲ့ စိတ်ပူရမဲ့အကြောင်းရင်းတွေ ရှိနေပါတယ်။ 

၂၀၁၉ တုန်းက ISP Myanmar က လုပ်တဲ့ ယောမင်းကြီးဇရပ်စကားဝိုင်းမှာတော့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက မြန်မာနိုင်ငံဟာ ရာသီဥတုဘေး အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရပြီဆိုပြီး သတိပေးဖူးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ လေပြင်းမုန်တိုင်းတွေမကြာခဏကြုံလိမ့်မယ်ဆိုပြီး ဟောကိန်းထုတ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုဟာ မြန်မာနိုင်ငံအတွက် ဆိုးရွားတဲ့သဘာဝဘေးတွေဖြစ်ပေါ်လာမှာကိုလည်း ဒေါက်တာသန့်မြင့်ဦးက အခုလို သတိပေးပါတယ်။ 

“ကမ္ဘာ့အပူချိန် လေးဒီဂရီ မြင့်တက်လာရင် မြန်မာနိုင်ငံ ဒေသအတော်များများမှာ လူနေထိုင်လို့ မဖြစ်နိုင်တော့ပါဘူး။ ဧရာဝတီမြစ်ဝကျွန်းပေါ်သာမက ရခိုင်ပြည်နယ်တခုလုံးနီးပါး ရှိနိုင်တော့မှာမဟုတ်ပါဘူး။ ရန်ကုန်မြို့ဟာ ကျွန်းတခုအဖြစ်သာ ကျန်ခဲ့ပါလိမ့်မယ်”

အပူချိန်မြင့်တက်မှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊ မြေအောက်ရေ အလွန်အကျွံသုံးစွဲမှု၊ မြို့ကြီးတွေ ရေအောက်ထဲရောက်သွားနိုင်မှု ဒါတွေအားလုံးဟာ ချိန်းကြိုးတစ်ခုလို တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ သဘာဝဘေးကိစ္စတွေဖြစ်ပါတယ်။ 

ရန်ကုန်လို မြို့ကြီးအတွက်ကတော့ ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင်တစ်ဦးထောက်ပြတဲ့ နောက်ထပ်ပြဿနာတစ်ခုလည်း ရှိပါသေးတယ်။ 

အဲဒါကတော့ လူနေထူထပ်တဲ့ ရန်ကုန်မြို့က ကန်ထရိုက်တိုက်တွေဟာ လှေကားခွင်မှာ တစ်ခန်းကို အဝီစိတွင်း ၁ တွင်းတူးပြီး မြေအောက်ရေ ထုတ်ယူသုံးစွဲတဲ့ကိစ္စဖြစ်ပါတယ်။ အဝီစိတွင်းတူးတဲ့နေရာကလည်း တိုက်ခန်းလှေကားအောက်ဖြစ်တာကြောင့် ဒီကန်ထရိုက်တာတွေရဲ့ အဆောက်အဦးပိုင်းဆိုင်ရာ ဘေးကင်းမှုက စိတ်ပူစရာဖြစ်ပါတယ်။ 

အကြောင်းကတော့ အဲဒီလို မြေအောက်ရေကို အလွန်အကျွံထုတ်ယူသုံးစွဲတာကြောင့် မြေလွှာအောက် ကျောက်ကြိုကျောက်ကြားမှာရှိနေတဲ့ ရေတွေ ခန်းခြောက်၊ လေဟာနယ်ဖြစ်ပြီး မြေကျွံမှုဖြစ်သွားနိုင်ပါတယ်။ မြေကျွံမှုကြောင့် အဆောက်အအုံတွေ ပြိုကျတာ၊ စောင်းတာတွေဖြစ်နိုင်ပါတယ်။ ရေရှည်မှာတော့ ဒါမျိုးတွေများလာရင် မြေလွှာနိမ့်ဆင်းပြီး ရေအောက်ရောက်သွားမဲ့ အန္တရာယ်ကြုံတွေ ရနိုင်တယ်လို့ သူကသတိပေးပါတယ်။ 

နောက်တစ်ချက်ကတော့ မြေအောက်က ရေချိုတွေကို အလွန်အကျွံထုတ်ယူသုံးစွဲတာများရင် အဲဒီရေချိုတွေနေရာကို ရေငန်တွေက ဝင်ရောက်နေရာယူပြီး ရေချိုရေငန်ရောသွားပြီး သောက်သုံးရေရရှိဖို့ခက်တဲ့ပြဿနာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကတော့ မြို့ကြီးတွေမှာ မြစ်ချောင်းနားနီးတဲ့ မြို့နယ်တွေက ပိုပြီဖြစ်နိုင်ခြေရှိပါတယ်။

နောက်တစ်ခုကတော့ မြန်မာနိုင်ငံဟာ သဘာဝဘေးကို ဦးစားပေးလုပ်ဆောင်ရမယ်မှန်း သိပေမဲ့လည်း  မငြိမ်းချမ်းတော့ ဦးစားပေးမလုပ်နိုင်တဲ့ပြဿနာပါ။ ဒါကြောင့်ပဲ ဆင်းရဲလို့ သဘာဝဘေးကို ဂရုမစိုက်နိုင်၊ ဂရုမစိုက်နိုင်တော့ သဘာဝဘေးကိုပိုခံစားရတယ်ဆိုသလို လုံးချာလည်လိုက်နေတာဖြစ်ပါတယ်။ 

၂၀၁၁ နိုင်ငံရေးအပြောင်းအလဲအလွန်ကာလမှာ သဘာဝပတ်ဝန်းကျင်ကိစ္စတွေကို အာရုံစိုက်နိုင်ခဲ့ပေမဲ့ အခုတော့လည်း နိုင်ငံဟာ ပဋိပက္ခတွေနဲ့ ပြန်ပြီးလုံးချာလည်နေခဲ့ပြန်ပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်တွေမှာ သဘာဝပတ်ဝန်းကျင်ကိစ္စတွေရော၊ လူမှုစီးပွားဖွံ့ဖြိုးတိုးဖို့တွေရော၊ တခြား နိုင်ငံပြန်လည်တည်ဆောက်ရေးကိစ္စ တွေအားလုံးဟာ နောက်တန်းပို့ခံနေရပါတယ်။

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ဗန်ကောက်မြို့ ရေအောက်ရောက်မဲ့ကိစ္စကို သူတို့နိုင်ငံက ပညာရှင်တွေက သက္ကရာဇ် ၂၀၀၀ လောက်ကတည်းက စတင်သတိပြုမိနေခဲ့တာပါ။ အဲဒီနောက်ပိုင်း ရေလွှမ်းမိုးမှုတွေ မကြာခဏကြုံရပြီး ၂၀၁၉ နောက်ပိုင်းမှာတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေခဲ့တာ အခုထိပါပဲ။ ဒါကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ မြေကျွံဝင်မှုနှုန်းဟာ အခုဆို အတော်လေး လျော့နည်းနေခဲ့ပါပြီ။ ဒါက ထိုင်းနဲ့ မြန်မာတို့ရဲ့ သိသာထင်ရှားတဲ့ ကွာခြားချက်ဖြစ်ပါတယ်။ 

ဒီလိုပဲ အင်ဒိုနီးရှားဆိုရင်လည်း သူတို့ရဲ့ ရေအောက်ထဲရောက်သွားမဲ့ ဂျကာတာမြို့အစား နျူစန်တာရာမြို့ကြီးကို ကန်ဒေါ်လာ ၃၃ ဘီလီယံအကုန်ခံပြီး တည်ဆောက်နေခဲ့ပါပြီ။ မြန်မာနိုင်ငံကတော့ အခုအချိန်အထိ ရေနဲ့ပတ်သက်ရင် ဘာမှ လောက်လောက်လားလား ကြိုတင်ပြင်ဆင်ထားတာ မရှိသေးပါဘူး။  

သဘာဝပတ်ဝန်းကျင်ကိစ္စကို နှစ်ပေါင်းများစွာ တက်တက်ကြွကြွလှုပ်ဆောင်ခဲ့တဲ့ ပညာရှင်တစ်ဦးကတော့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် အရေးကိစ္စတွေကို ဦးစားပေးသတ်မှတ်မယ်ဆိုရင် ရေအရင်းအမြစ်ကိစ္စဟာ အဓိကဖြေရှင်းရမဲ့ကိစ္စလို့ ဆိုပါတယ်။ 

အခု ၂၀၂၄ ခုနှစ်ရောက်တဲ့အခါ ဒေါက်တာသန့်မြင့်ဦးထောက်ပြသလိုပဲ သဘာဝဘေးအသွယ်သွယ်က မြန်မာနိုင်ငံကို ခြိမ်းခြောက်လာနေပါပြီ။ အချိန်အခါမဲ့ မိုးရွာသွန်းမှုတွေ၊ မုန်တိုင်းတွေ ခဏခဏဝင်လာတာတွေ၊ မိုးရေချိန်များပြားလို့ ရေကြီးမှုဖြစ်တာတွေအပြင် အပူချိန်ပြင်းထန်လွန်းလို့ လူတွေ နေထိုင်ရခက်ခဲတာတွေ ၊ မြေအောက်ရေခန်းခြောက်မှုတွေ အထိပါ ကြုံတွေလာနေရပါပြီ။

၂၀၂၄ စက်တင်ဘာတုန်းကဆို နိုင်ငံအနှံ့ ရေကြီးမှုတွေဖြစ်ပြီး ပရဟိတအသင်းအဖွဲ့တွေ အားလုံး ဝိုင်းဝန်းကူညီခဲ့ကြရတာ အခုထိတောင်ပြန်လည်ထူထောင်ရေးက မပြီးသေးပါဘူး။ လူအသေအပျောက်လည်း များခဲ့သလို ပျက်စီးဆုံးရှုံးမှုလည်း များခဲ့ပါတယ်။ 

ဒီတော့ မြန်မာနိုင်ငံအတွက် ရေကိစ္စဟာ ပေါ့ပေါ့တန်တန်သဘောထားရမဲ့ကိစ္စမဟုတ်တော့ပါဘူး။ အရေးတကြီး ဖြေရှင်းရမဲ့ကိစ္စဖြစ်နေခဲ့ပါပြီ။ ကြိုတင်ပြင်ဆင်မှုမရှိရင် ရန်ကုန်ဟာလည်း ရေအောက်ရောက်သွားနိုင်သလို ကျွန်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ 

သဘာဝကို လျစ်လျူရှုရင် သဘာဝဘေးဟာ မဖိတ်ခေါ်လည်း ရောက်လာတတ်ပါတယ်။ ရေကြီးမှုက ပြီးသွားခဲ့ပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် သဘာဝဘေးကတော့ အဆုံးမသတ်သေးဘူးဆိုတာကို တပ်လှန့်လိုက်ရပါတယ်။ 

ဟန်သစ်အိမ် (Y3A) 

Read More:

မျိုးစေ့ကိုလိုနီ
မျိုးစေ့စပ်မျိုးတွေကြောင့် တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ မျိုးစေ့ထိန်းသိမ်းရေးမှာ နိုင်ငံတော်ရဲ့အခန်းကဏ္ဍ၊ မျိုးစေ့ဥပဒေအကြောင်း စသည်တို့ကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။
ဆင်းရဲလျှင် သဘာဝနွံပိုနစ်သည်
သဘာဝဘေးအန္တရာယ်ဆိုတာ ချမ်းသာတဲ့နိုင်ငံတွေထက် ဆင်းရဲတဲ့နိုင်ငံတွေမှာ ၁၅ ဆလောက် ပိုဖြစ်ပွားနေပါတယ်။ ဘာကြောင့်လဲ။

Build Myanmar-Media : Opinion | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!