နိဒါန်း
မြန်မာဟာ စုံလင်ကွဲပြားတဲ့ လူမျိုးစုတွေ၊ သီးခြားရပ်တည်နေတဲ့ ဘာသာစကားတွေ၊ စာပေတွေ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုတွေနဲ့အတူ ရှည်လျားရှုပ်ထွေးလှတဲ့ ထောင်စုနှစ်ချီ သမိုင်းကြောင်းတွေနဲ့ဖြစ်တည်နေခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ယဉ်ကျေးမှုဟာ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာကို အခြေခံတဲ့ အရှေ့တိုင်းဟန်အပြည့်ပါတဲ့ ယဉ်ကျေးမှုလို့ ပြောရင် ရပါတယ်။ ဒါ့အပြင် ပထဝီနိုင်ငံရေးအရလည်း အိန္ဒိယနဲ့ တရုတ်လို ယဉ်ကျေးမှုထွန်းကားတဲ့ နိုင်ငံကြီးနှစ်နိုင်ငံနဲ့ ယှဉ်တွဲနေထိုင်ခဲ့တာဖြစ်လို့ ယဉ်ကျေးမှုချင်းနဲ့ ကူးလူးဆက်နွယ်နေခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့လည်း သမိုင်းကြောင်းအရ အပြန်အလှန်ဆက်နွယ်မှုတွေ ရှိနေပါသေးတယ်။
ယဉ်ကျေးမှုလို့ ပြောတဲ့အခါ မြန်မာယဉ်ကျေးမှုဆိုတာ ဘာပါလဲဆိုပြီး မေးခွန်းရှိလာပါတယ်။ တကယ်တော့ ယဉ်ကျေးမှုဆိုတာ လူတွေရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကြောင်းခြင်းရာတွေပါပဲ။ အမြဲတမ်း ပြောင်းလဲနေသလို တိုးတက်ဖြစ်ထွန်းမှုလည်း ရှိနေပါတယ်။ ဒီတော့ မြန်မာယဉ်ကျေးမှုဆိုတာ မြန်မာတွေ အတိတ်တုန်းက လုပ်ခဲ့တာတွေ၊ ပစ္စုပ္ပန်မှာ လုပ်နေတာတွေနဲ့ အနာဂတ်မှာ ပုံဖော်မဲ့အကြောင်းခြင်းရာတွေပါပဲ။ ဒီတော့ ကျယ်ဝန်းပါတယ်။
မြန်မာ့ယဉ်ကျေးမှုလို့ ပြောလိုက်ရင် ဒါတွေအားလုံးကို လွှမ်းခြုံထားနိုင်တဲ့ တစ်ခုတည်းသောပုံစံကို ပုံဖော်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုကို အကုန်အစင်ပြောဖို့ခက်တဲ့တိုင်အောင် မသိမဖြစ် မြန်မာ့ယဉ်ကျေးမှုတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဘာသာတရား
ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံထဲကို ဘီစီ ၁ ရာစုကတည်းက ရောက်ရှိနေပြီလို့ သမိုင်းသုတေသီတွေက ပြောပါတယ်။ အစဉ်အလာ မှတ်တမ်းတင်ပုံကတော့ ဗုဒ္ဓခေတ်မှာ ရာမညတိုင်းလို့ခေါ်တဲ့ မွန်တို့နေတဲ့အရပ်က ကုန်သည်နှစ်ဦးဟာ ဘုရားရှင်ကို ဖူးမြှော်ရပြီး ဒီနေ့ခေတ် ရန်ကုန်က ကုန်းမြင့်ပေါ်မှာ စေတီတစ်ဆူတည်ပြီး အဲဒါက ဒီနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားကြတဲ့ ရွှေတိဂုံစေတီတော်ပါ။ ဘုရားမရှိတော့တဲ့နောက် နှစ်ပေါင်း ၃၀၀ အကြာ အသောကမင်းလက်ထက် ဗုဒ္ဓသာသနာပြန့်ပွားရေး စေလွှတ်ရာမှာ မြန်မာနိုင်ငံဆီကိုလည်း သာသနာပြုရဟန်းတွေ စေလွှတ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာရောက်ရှိခဲ့တယ်လို့ ရှေးဟောင်းမှတ်တမ်းတွေက ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံဟာ အဲဒီအချိန်အထိ ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ် မရသေးပါဘူး။ ဟိန္ဒူ၊ မဟာယာန၊ နတ်ကိုးကွယ်မှု၊ အရည်းကြီးကိုးကွယ်မှု ဓလေ့တွေနဲ့ ရောထွေးနေပါတယ်။ အေဒီ ၁၁ ရာစုမှာ အနော်ရထာက မွန်လူမျိုးတို့ရဲ့ နိုင်ငံတော် သထုံကို အောင်နိုင်ပြီး ပိဋကတ်သုံးပုံ ရခဲ့ပါတယ်။ သထုံကနေ ရှင်အရဟံနဲ့အတူ ပိဋကတ်သုံးပုံပင့်ဆောင်လာတယ်လို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။ ပုဂံဟာ မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရာဖြစ်လာပါတယ်။ အဲဒီအခါကျမှသာ ဒီနေ့နိုင်ငံမှာ လူအများစု ကိုးကွယ်ကြတဲ့ ထေရဝါဒဗုဒ္ဓဘာသာဆိုတာ ဖြစ်လာပါတယ်။
စာပေ
မြန်မာစာအရေးအသားကလည်း ပုဂံခေတ် အေဒီ ၁၂ ရာစု ကမှ စတင်ပေါ်ပေါက်လာတာပါ။ ဒီမတိုင်ခင်က ပါဠိနဲ့ သက္ကတစာ ကိုသာ သုံးခဲ့ကြပါတယ်။ ပါဠိစာ ကို ဗုဒ္ဓဘာသာစာပေအဖြစ် လက်ခံလာချိန်မှာ တိုင်းရင်းသားစာပေဖြစ်တဲ့ ပျူနဲ့ မွန် စာပေတွေကလည်း ရှိနေပါပြီ။ အဲဒီလိုနဲ့ ပျူနဲ့ မွန် ကို အခြေခံပြီး မြန်မာစာ ပေါ်ထွက်လာခဲ့ပါတယ်။ ခရစ်နှစ် ၁၁၁၃ ခုနှစ်မှာ ရာဇကုမာရ်မင်းသား ရေးထိုးခဲ့တဲ့ မြစေတီကျောက်စာမှာ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ အရေးအသားလေးမျိုးစလုံးကို တွေ့နိုင်ပါတယ်။
ဗုဒ္ဓဘာသာ စတင်ဝင်ရောက်လာခြင်းကနေ မြစ်ဖျားခံလာတဲ့ မြန်မာ့ယဉ်ကျေးမှုဟာ မြို့ပြနိုင်ငံတွေခေတ်ကနေ မျက်မှောက်ခေတ်အထိ ဘယ်လိုတွေ တည်ရှိခဲ့တယ်ဆိုတာကို လေ့လာကြည့်ရအောင်ပါ။
ဝတ်စားဆင်ယင်မှု
မြန်မာ့ဝတ်စားဆင်ယင်မှုဟာ မြန်မာ့ရေမြေရာသီဥတုနဲ့ ကိုက်ညီအောင် ဆင်ယင်ထားတယ်လို့ ပြောရင်ရပါတယ်။ အခြားသောနိုင်ငံများနဲ့မတူတာက မြန်မာလူမျိုးတွေဟာ ဒီနေ့ဒီအချိန်ထိ ရိုးရာအဝတ်အစားကိုပဲ နေ့စဉ်ဝတ်ဆင်နေကြတုန်းပါ။ အမျိုးသားရော အမျိုးသမီးရော ကွင်းလုံးစွပ်ဝတ်ရတဲ့ လုံချည်ကို ဝတ်ဆင်ကြပါတယ်။ အမျိူးသားဝတ် လုံချည်ကို ပုဆိုး လို့ခေါ်ပြီး၊ အမျိုးသမီးဝတ်လုံချည်ကို ထမီ လို့ ခေါ်ပါတယ်။ လုံချည်က မြန်မာ့ရိုးရာယဉ်ကျေးမှုပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသားဝတ်စုံအနေနဲ့ဆိုရင် အမျိုးသားတွေက ပုဆိုးနဲ့ တိုက်ပုံ။ အမျိုးသမီးတွေက ထမီနဲ့ ရင်ဖုံးအင်္ကျီပါ။ မြန်မာအမျိုးသမီး ဝတ်စားဆင်ယင်မှုကို နားလည်ဖို့အလွယ်ဆုံး ဥပမာကိုပြပါဆိုရင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုကို ညွှန်းဆိုလိုပါတယ်။
တကယ်တော့ မြန်မာအမျိုးသားဝတ်စုံက မြန်မာ့ယဉ်ကျေးမှု စစ်စစ် မဟုတ်ပါဘူး။ အိန္ဒိယ နဲ့ တရုတ် ယဉ်ကျေးမှု လွှမ်းမိုးပါတယ်။ လုံချည်ဝတ်ဆင်ခြင်းနဲ့ အမျိုးသမီးဝတ်ဖြစ်တဲ့ ရင်ဖုံးအင်္ကျီက အိန္နိယယဉ်ကျေးမှု လွှမ်းမိုးထားတာပါ။ တိုက်ပုံကတော့ တရုတ်ယဉ်ကျေးမှုကနေ ဆင်းသက်လာတာပါ။ မြန်မာတွေအနေနဲ့ လုံချည်၊ တိုက်ပုံ၊ ရင်ဖုံးအင်္ကျီဝတ်ခဲ့တာက ပါတော်မူပြီးနောက်ပိုင်းမှ ဖြစ်လို့ နှစ် ၁၀၀ ကျော်လောက်ပဲ ရှိပါသေးတယ်။
အဲဒီမတိုင်ခင်က မြန်မာတွေက ပိတ်အပြန့်လိုက်ကို ပတ်ပြီးဝတ်ကြတာပါ။ အခေါ်အဝေါ်အားဖြင့် အမျိုးသားတွေက တောင်ရှည်၊ အမျိုးသမီးတွေက ထိုင်မသိမ်း ပါ။ အပေါ်ပိုင်းကတော့ အမျိုးသားရော အမျိုးသမီးရောက ရင်ကွဲအင်္ကျိတွေ ဝတ်ကြပါတယ်။ ဒီလို ဝတ်စားဆင်ယင်မှုကိုတော့ မင်္ဂလာပွဲအခမ်းအနားတွေလောက်မှာသာ တွေ့ရပါတော့တယ်။
ရှေးဟောင်းမြို့တော်များ
ပျူမြို့ဟောင်းများ
မြန်မာဆို ပုဂံနဲ့တွဲပြီး သိကြပေမဲ့ ပုဂံထက်စောတဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ဆိုတဲ့ ပျူမြို့ဟောင်းသုံးခု မြန်မာနိုင်ငံမှာ ရှိပါတယ်။ သမိုင်းအထောက်အထားတွေအရ မြန်မာနိုင်ငံမှာ အစောဆုံးတွေ့ခဲ့ရတဲ့ ဒီပျူမြို့ဟောင်း သုံးခုဟာ ဘီစီ ၂ ရာစုကနေ အေဒီ ၉ ရာစုအတွင်း ထွန်းကားခဲ့တဲ့ မြို့ပြနိုင်ငံတွေပါ။
ဗိဿနိုးဒေသဟာ ဒီနေ့ခေတ် တောင်တွင်းကြီးအနောက်ဘက် ၁၂ မိုင်အကွာမှာရှိပါတယ်။ ဟန်လင်းမြို့ဟောင်းကတေ့ ရွှေဘိုထဲမှာရှိပါတယ်။ သရေခေတ္တရာမြို့ဟောင်းကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ထဲမှာ ရှိနေပါတယ်။
ဗုဒ္ဓဘာသာကို အခြေခံပြီး ပထမဆုံးပေါ်ထွက်လာခဲ့တဲ့ ဒီမြို့ပြနိုင်ငံတွေဟာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေတဲ့ ဗိသုကာလက်ရာတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ပျူဘာသာစကားတွေ၊ သတ္တုအခြေခံတဲ့ငွေကြေး နဲ့ အခြား ယဉ်ကျေးမှုလက်ရာတွေ ရှိနေပါတယ်။ ဒေသတွင်းယဉ်ကျေးမှုပြောင်းလဲခြင်းကို ကိုယ်စားပြုနေတဲ့ ဒီပျူမြို့ဟောင်း သုံးမြို့ဟာ ၂၀၁၄ ခုနှစ်မှာ ယူနက်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ခဲ့ပါတယ်။
ပုဂံ
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက ဘုရားပေါင်း ၂၀၀၀ ကျော် ပြန့်ကျဲတည်ရှိနေတဲ့ အရပ်ဟာ ပုဂံ ပါပဲ။ ပျူမြို့ပြနိုင်ငံတွေခေတ် ကုန်ဆုံးပြီး အေဒီ ၉ ရာစုနှောင်းပိုင်းကနေ အေဒီ ၁၃ ရာစုအတွင်း ထွန်းကားခဲ့တဲ့ ပုဂံဟာ မြန်မာတို့ရဲ့ ပထမဆုံး ဧကရာဇ်နိုင်ငံတော် တည်ထောင်ရာ မြို့တော်ပါ။ ပုဂံဘုရားတွေရဲ့ နံရံပန်းချီတွေ၊ အုပ်ခွက်စာတွေ၊ ကျောက်စာတွေ ၊ ဆင်းတုတော်တွေ အပြင် ရှေးမြန်မာတို့ရဲ့ ဗိသုကာပညာတွေဟာ ပုဂံခေတ်က မြန်မာတို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ညွှန်းနေပါတယ်။ ၁၂ ရာစုမှာ ပေါ်ထွန်းခဲ့တဲ့ အန်ကောဝပ်နဲ့ တည်ဆောက်ပုံချင်းတူတဲ့ ပုဂံဟာ အန်ကောဝပ်ထက် စောပါတယ်။ ပုဂံယဉ်ကျေးမှုဟာ မြန်မာယဉ်ကျေးမှုပါ။ ပုဂံဟာ မြန်မာတို့ရဲ့ အမျိုးသားရေး လက္ခဏာတစ်ရပ်အဖြစ် နိုင်ငံသားတွေက ယူဆကြပါတယ်။ နိုင်ငံတကာက အထူးစိတ်ဝင်စားတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ၂၀၁၉ မှာ ယူနက်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ခဲ့ပါတယ်။
အင်းဝ
အင်းဝ ကိုတော့ ပုဂံအင်ပါပျက်သုဉ်းပြီး ခရစ်နှစ် ၁၃၆၄ မှာ တည်ထောင်ခဲ့ပါတယ်။ “အဝ” လို့လည်းခေါ်တဲ့ အင်းဝမြို့ဟောင်းဟာ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် ဆိုတဲ့ ခေတ်သုံးခေတ်တိုင် မင်းနေပြည်တော်ဖြစ်ခဲ့ရာ မြို့ဟောင်းတစ်ခုပါ။ ဒါကြောင့် ဗိသုကာအနုပညာလက်ရာမျိုးစုံ တည်ရှိနေပါတယ်။ ဆင်ကျုံးခံတပ်၊ စစ်ကိုင်းခံတပ်၊ သပြေတန်းခံတပ် ဆိုတဲ့ ခံတပ်သုံးခုဆင့် ကာရံထားတာက မင်းနေပြည်တော်မြို့အဖြစ် တည်ရှိနေရတဲ့ သာဓကပါ။ ကျွန်းတိုင်လုံးပေါင်း ( ၂၆၇ ) လုံး နဲ့ ဆောက်ထားတဲ့ ဗားကရာကျောင်းတိုက်၊ မြန်မာမှုအနုပညာလက်ရာမှာ စံထားလောက်တဲ့ မယ်နုအုတ်ကျောင်းလို့ ခေါ်ကြတဲ့ မဟာအောင်မြေဘုံစံကျောင်း လို ကျောင်းတိုက်တွေအပြင် မြောက်များစွာသော ယဉ်ကျေးမှုအမွေအနှစ်တွေ တည်ရှိနေတဲ့ မြို့ဟောင်းပါ။ ပြည်တွင်းပြည်ပ ခရီးသွားတွေ အထူးနှစ်ခြိုက်ကြပြီး လည်ပတ်လေ့ ရှိပါတယ်။
မြန်မာ့ယဉ်ကျေးမှုအကြောင်း ပြောမယ်ဆိုရင် နန်းတော်တွေကိုလည်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။ မြန်မာမှာ ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ရော သမိုင်းအရရော အရေးပါတဲ့ နန်းတော်နှစ်ခု ရှိပါတယ်။
ရှေးခေတ် နန်းတော်များ
ကမ္ဘောဇသာဒီ
ကမ္ဘောဇသာဒီကို သက္ကရာဇ် ၁၅၅၃ မှာ ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားကြီးဆိုတာ အတိတ်က မြန်မာရဲ့ လက်နက်နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ ဘုရင်တစ်ပါးပါ။စီးပွားရေးအချက်အချာ ရန်ကုန်မြို့ကနေ ကားနဲ့သွားရင် တစ်နာရီလောက် အကြာမှာရောက်တဲ့ ပဲခူးမြို့မှာ ရှိပါတယ်။ တစ်ချိန်က ရွှေရောင်တဝင်းဝင်းနဲ့ ခမ်းနားကြီးကျယ်ခဲ့တဲ့ နန်းတော်ကြီးဟာ ဟံသာဝတီပျက်တဲ့အခါ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နှစ်ပေါင်း ၄၀၀ ကျော် မြေအောက်ထဲ နစ်မြုပ်ပျောက်ကွယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၉၀ ကျ နန်းတော်ကို ပြန်လည်တူးဖော်ခဲ့ပါတယ်။ သစ်ထွင်းပန်းပုတွေနဲ့ နန်းတော်တိုင်တွေလို ၁၆ ရာစုခေတ် ယဉ်ကျေးမှုအထောက်အထားတွေ တွေ့လာရပါတယ်။ သက်ဦးဆံပိုင်ဘုရင်ခေတ်တုန်းက မြန်မာတွေရဲ့ လက်နက်နိုင်ငံတော်ကို ပြန်လည်တမ်းတစရာဖြစ်လာပါတယ်။ အမျိုးသားရေးစိတ်ဓာတ်နဲ့ ထိန်းသိမ်းစရာ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာပါတယ်။ ၁၉၉၄ မှာ မူလနန်းတော်ပုံစံ နန်းတော်ကြီးကို ပြန်လည်တည်ဆောက်ပါတယ်။ ဘုရင့်နောင်မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီနန်းတော်ကြီးကို သူ့ကို လေးစားကြည်ညိုကြတဲ့ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်တွေက အများဆုံးလာရောက် လေ့လာကြပါတယ်။
မန္တလေးနန်းတော်
မြန်မာဘာသာစကားနဲ့ “မြနန်းစံကျော် ရွှေနန်းတော်”လို့ခေါ်တဲ့ ဒီနန်းတော်ကို မန္တလေးနန်းတော်ဆိုပြီး လူသိများပါတယ်။ မန္တလေးမှာရှိပါတယ်။ အတိတ်တုန်းကတော့ မြန်မာနောက်ဆုံးမင်းဆက် သီပေါဘုရင်ကို ကိုလိုနီဗြိတိသျှတွေက မန္တလေး နန်းတော်ထဲအထိဝင်ရောက်ဖမ်းဆီးပြီး အိန္ဒိယကို ခေါ်ဆောင်သွားခဲ့တာပါ။ ဒီလိုနဲ့ မြန်မာသက်ဦးဆံပိုင်ဘုရင်စနစ်လည်း နိဂုံးချုပ်ခဲ့ရပါတယ်။
လေးဘက်လေးတန် ကျုံးပတ်ပတ်လည် ကာရံထားတဲ့ မန္တလေးနန်းတော်ကို သက္ကရာဇ် ၁၈၅၇ ကနေ ၁၈၅၉ ခုနှစ်အတွင်း သီပေါမင်းရဲ့ ခမည်းတော် မင်းတုန်းမင်းက တည်ဆောက်ခဲ့ပါတယ်။ မန္တလေးနန်းတော်တည်တော့ မြို့ရိုးတွေအောက်မှာ လူသတ်စတေးခဲ့တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာ ပဟေဠိတစ်ခု ရှိနေပါတယ်။ ဗိသုကာလက်ရာတွေ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ် တွေအပြင် သမိုင်းတန်ဖိုးတွေလည်း ရောယှက်နေပါတယ်။ မန္တလေးနန်းတော်ဟာ မြန်မာ့ဂုဏ်ဆောင် ယဉ်ကျေးမှုလည်း ဖြစ်ပါတယ်။ မန္တလေးမြို့နဲ့ နန်းတော်ကြီးရဲ့ ခမ်းနားမှုကို အင်္ဂလိပ်ကဗျာဆရာကြီး ယူရတ် ကစ်ပလင် က “Mandalay” နာမည်နဲ့ ကမ္ဘာကျော် ကဗျာတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။
သမိုင်းတန်ဖိုးမြင့်မားတဲ့ ဒီနန်းတော်ကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းကတော့ ဂျပန်တွေနဲ့ မဟာမိတ်တွေရဲ့ တိုက်ပွဲကြား အတော်လေးပျက်စီးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုလို့ပြောရင် မန္တလေးနန်းတော်ကိုလည်း ထည့်သွင်းပြောဆိုကြသလို သက်ဦးဆံပိုင်စနစ်ရဲ့ ဆိုးကျိုးတွေကို အောက်မေ့ဆင်ခြင်စရာအဖြစ် ဒီနေ့အထိတိုင် တွေ့မြင်နိုင်ပါသေးတယ်။
လက်မှုပညာများ
မြန်မာနိုင်ငံမှာ လက်မှုပညာထွန်းကားခဲ့တာ အစောဆုံးတွေ့ရတဲ့ အထောက်အထားအရဆိုရင် ပုဂံခေတ်ကပါ။ မြန်မာတွေမှာ တတ်မြောက်အပ်တဲ့ လက်မှုပညာ ၁၀ မျိုးကို ပန်း ၁၀ မျိုးဆိုပြီး တင်စားကြပါတယ်။ အဲဒါတွေက ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းတဉ်းပါ။ ဒီအထဲက ပန်းယွန်းအကြောင်းကို ကြည့်လိုက်ရအောင်ပါ။
မြန်မာ့ယွန်းထည်
“ပန်းယွန်း” လို့ခေါ်တဲ့ ပန်းဆယ်မျိုးထဲက ယွန်းထည်လုပ်ငန်းဟာ မြန်မာ့လက်မှုပညာ အစစ်မဟုတ်ဘူးလို့ ငြင်းခုံမှုတွေ ရှိနေပေမဲ့ ယွန်းထည်ဟာ မြန်မာ့ယဉ်ကျေးမှုလက်ရာတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့တာ နှစ်ပေါင်းများစွာတိုင်ခဲ့ပါပြီ။ အခုတော့ ပန်းယွန်းကို ယွန်းထည်လက်မှုလုပ်ငန်းအဖြစ် လူသိများပါတယ်။
ယွန်းထည်ကို အေဒီ ၁၁ ရာစုကတည်းက ပုဂံမှာ စတင်သုံးစွဲနေပြီလို့ ယူဆတာလည်းရှိသလို ဘုရင့်နောင်ခေတ် အေဒီ ၁၆ ရာစုရောက်မှ ထိုင်းနိုင်ငံ ချင်းမိုင်က ယွန်းထည်လက်မှုပညာရှင်တွေဖြစ်တဲ့ ယွန်းရှမ်းလူမျိုးတွေကို မြန်မာနိုင်ငံထဲ ခေါ်ယူလာခဲ့ရာကနေ စခဲ့တယ်လို့လည်း ယူဆကြပါတယ်။ ယွန်းထည်ဆိုတာကတော့ အသုံးအဆောင်ပစ္စည်းတွေကို ယွန်းနဲ့လုပ်တာကို ခေါ်ဆိုတာပါ။
အစကနေအဆုံးအထိ လက်နဲ့ပဲ ဖန်တီးထားလို့ အနုစိပ်ပါတယ်။ ရှေးရိုးနည်းအတိုင်း တသွေမတိမ်း ထိန်းသိမ်းလာခဲ့တဲ့ လက်မှုပညာစစ်စစ်လည်းဖြစ်ပါတယ်။ ဒီနေ့ခေတ် ယွန်းထည်လုပ်ငန်းတွေရဲ့ အဓိကအချက်အချာဒေသကတော့ ပုဂံက မြင်းကပါရွာနဲ့ ပုဂံမြို့သစ် ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာ့ယွန်းထည်ဟာ ဘယ်လောက်ခမ်းနားလှပတယ်ဆိုတာကို လေ့လာနိုင်ပါတယ်။
ပုသိမ်ထီး
လှတဲ့ ယဉ်တဲ့ အပြင် မြန်မာမှု မြန်မာဟန် အပြည့်ရှိနေပြီး ရိုးရာပန်းချီပညာပါ ပေါင်းစပ်ထားတဲ့ မြန်မာ့ပုသိမ်ထီးက နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်တဲ့ မြန်မာ့ယဉ်ကျေးမှု အထိမ်းအမှတ်တစ်ခုပါ။ သီပေါမင်းပါတော်မူပြီးနောက် နန်းတွင်းထီးပညာရှင် ဦးရွှေစာက မန္တလေးကနေ အောက်မြန်မာပြည်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ဆီ အသက်မွေးဝမ်းကျောင်းအတွက် ပြောင်းရွေ့အခြေချပါတယ်။ ပုသိမ်မြို့မှာ စပြီး ထုတ်လုပ်ခဲ့လို့ ပုသိမ်ထီး ဆိုပြီး ဖြစ်လာခဲ့တာပါ။ သစ်နဲ့ဝါးကို အဓိကအခြေခံထားတဲ့ ပုသိမ်ထီးရဲ့ ပါဝင်ပစ္စည်းအားလုံးက သဘာဝကုန်ကြမ်းတွေပါ။ အစ ကနေ အဆုံးအထိ စက်အကူအညီမယူဘဲ လက်နဲ့ပဲ လုပ်ပါတယ်။ ဂျပန် နဲ့ တရုတ် ရိုးရာထီးတွေထက် ပိုပြီးအကြမ်းခံပါတယ်။ ရေစိုလည်းခံပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပြုလုပ်ခဲ့တဲ့နည်းအတိုင်း အခုထက်ထိ ပြုလုပ်နေဆဲဖြစ်တဲ့ ရိုးရာထီးပါ။ ပြည်ပခရီးသွားတွေ မဖြစ်မနေ ဝယ်ယူကြတဲ့ မြန်မာမှုလက်ရာစစ်စစ်လည်းဖြစ်ပါတယ်။ အရောင်အသွေးစုံတဲ့ ပုသိမ်ထီးကို နိုင်ငံခြားသားတွေက အင်မတန်မှ သဘောကျပါတယ်။
ကြာချည်
လှေကို လက်နဲ့မလှော် ခြေထောက်နဲ့လှော်ကြတဲ့ ရှမ်းပြည်နယ်၊ အင်းလေးအရပ်မှာ ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်တဲ့ ကြာချည်တွေ ရနိုင်ပါတယ်။ ၂၀၀၇ မှ ကြာချည်စထုတ်ခဲ့တဲ့ ဗီယက်နမ်ကို ကြာချည်နဲ့တွဲပြီး သိကြပေမဲ့ နှစ်ဆယ်ရာစုအစောပိုင်းကတည်းက မြန်မာတွေ ကြာချည်ထုတ်လုပ် နေပါပြီ။ အင်းလေးက ကျိုင်းကန်ရွာသူဖြစ်တဲ့ ဒေါ်ကြာဦးက စတင်ထုတ်လုပ်ခဲ့တာပါ။ ပဒုမ္မာကြာတစ်မျိုးတည်းကနေပဲ ထုတ်လုပ်လို့ရတဲ့ ကြာချည်ထုတ်လုပ်မှုပညာဟာ အင်မတန်အသေးစိတ်ပြီး တော်တော်လေးကို လက်ဝင်ပါတယ်။ ကြာချည်လုပ်ငန်းမှာ အမျိုးသမီးပါဝင်မှုက ၈၀ ရာခိုင်နှုန်း အထက်ရှိပါတယ်။ ဒေသတွင်းအမျိုးသမီးတွေ မျိုးဆက်အလိုက် လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ သဘာဝအခြေပြု စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ အီတလီ နာမည်ကြီးဒီဇိုင်နာ Pier Luigi Loro Piana ရဲ့ Loro Piana Lotus Flower အဝတ်အထည်တွေက မြန်မာ့ကြာချည်နဲ့ ပြုလုပ်ထားတာပါ။
ယဉ်ကျေးမှု ဆိုတဲ့ ဝေါဟာရသတ်မှတ်ချက်ထဲမှာ ထိတွေ့ကိုင်တွယ်လို့ရတာတွေကို ဒြပ်ရှိယဉ်ကျေးမှု၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်သုံးစွဲမှု၊ ကိုးကွယ်ယုံကြည်မှု နဲ့ ရိုးရာဓလေ့ပွဲတော်တွေလို စိတ်နှလုံးသားထဲ စွဲမြဲနေတာတွေကိုတော့ ဒြပ်မဲ့ယဉ်ကျေးမှုရယ်လို့ ခွဲခြားထားကြပါတယ်။
ဒီတော့ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုတွေဆီ ဆက်ပြီးသွားကြည့်ရအောင်ပါ။
မြန်မာအက
ယဉ်ကျေးမှုဆိုတဲ့ အကြောင်းအရာထဲမှာ အဆို၊ အက၊ အတီး၊ အမှုတ် ဆိုတဲ့ အနုသုခုမယဉ်ကျေးမှုတွေလည်း ပါပါတယ်။ မြန်မာအကဟာ ခြေ၊ လက်၊ ခေါင်း၊ ခါး အကုန်လုံးပါဝင်တဲ့ အကပါ။ တစ်ဦးတစ်ယောက်တည်း ကတဲ့ တပင်တိုင်အက၊ အမျိုးသားနဲ့ အမျိုးသမီး တွဲကတဲ့ နှစ်ပါးသွားအက၊ အုပ်စုလိုက်ကတဲ့ အပျိုတော်အက၊ ယိင်းအက ဒီလိုမျိုးတွေ ရှိပါတယ်။
အိုးစည် ၊ ဒိုးပတ်တီးကာ ကလေးတစ်ယောက်လို ကတဲ့ သူငယ်တော်အကမျိုးလည်း ရှိသလို၊ ဟာသစွက်ကာ ကို့ရို့ကားယားကတဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးလို ကျေးလက်အကတွေလည်း ရှိပါတယ်။ အငြိမ့်သဘင် ကတော့ ဆိုင်းဆရာ၊ မင်းသမီး ၊ မင်းသား၊ လူရွှင်တော်ရယ်ဆိုပြီး အတိုင်အဖောက်ညီညီ နဲ့ ကကြပါတယ်။
အမြင့်သဘင်လို့ခေါ်တဲ့ မြန်မာ့ရုပ်သေးကတော့ ထူးခြားလှတဲ့ ယဉ်ကျေးမှုအနုပညာပါ။ သစ်သားရုပ်လေးတွေကို ကြိုးနဲ့ဆွဲပြီး ကပြဖျော်ဖြေတာပါ။ မြန်မာ့ရုပ်သေးဟာ မြန်မာမှာ အစောဆုံးဖြစ်တည်လာတဲ့ ဖျော်ဖြေရေးအနုပညာတစ်ရပ်ပါ။ ရှည်လျားတဲ့သမိုင်းကြောင်း၊ ခက်ခဲလှတဲ့ ရုပ်သေးကြိုးဆွဲပညာ နဲ့အတူ မြန်မာမှာ ရှားပါးစွာ တည်ရှိနေဆဲဖြစ်တဲ့ ယဉ်ကျေးမှုတစ်ခုပါ။
အတီးအမှုတ်မှာဆိုလည်း မြန်မာ့ဆိုင်းဝိုင်းဟာ မြန်မာ့ဂီတကို စစ်စစ်မှန်မှန် ပုံဖော်ပြနိုင်တဲ့ အနုပညာအမွေအနှစ် ဖြစ်ပါတယ်။ အနောက်နိုင်ငံများက သံစုံတီးဝိုင်းကြီးလိုပါပဲ။ ဆိုင်းဓလေ့၊ ဆိုင်းပညာ ဟာ မြန်မာ့ဟန် မှုအပြည့်ပါ။ မြန်မာ့ဆိုင်းဝိုင်းဟာ အလှူမင်္ဂလာပွဲတွေနဲ့ နတ်ကန္တားပွဲလို နတ်ဓလေ့ပွဲတွေမှာ မပါမဖြစ်ပါ။ ဆိုင်းသံကြားရင် က ချင်တာ မြန်မာတို့ရဲ့ အသွေးအသားထဲမှာ မွေးကတည်းက ပါလာတဲ့ သန္ဓေလိုပါပဲ။
မြန်မာ့ ဆို၊ က၊ ရေး၊ တီးမှာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ နှီးနွယ်ဆက်စပ်နေတာတွေလည်း ပါဝင်ပါတယ်။ ဇာတ်တော်တွေမှာဆို ရာမဇာတ်၊ အီနောင်ဇာတ်၊ မြန်မာ့သီချင်းတွေမှာဆို ယိုးဒယားဘွဲ့ ဆိုတာတွေက ထိုင်းနိုင်ငံကနေ ဆင့်ပွားဖြစ်တည်လာတာတွေပါ။
ဒီလို မြန်မာရိုးရာအကတွေလည်း ရှိသလို တိုင်းရင်းသားတွေရဲ့ ရိုးရာအကဟာလည်း အခိုင်အမာ တည်ရှိနေပါသေးတယ်။ အင်မတန်မြူးကြွပြီး အုပ်စုဖွဲ့ကကြတဲ့ ကရင်ဒုံးယိမ်းအက၊ စည်းချက်မှန်မှန်နဲ့ က ကြတဲ့ ချင်းရိုးရာ ဝါးညှပ်အက။ ယိမ်းနွဲ့ပြီး ကြည်နူးဖွယ်ကောင်းတဲ့ ရှမ်းရိုးရာ ကိန္ဒရီအက၊ ရခိုင်တိုင်းရင်းသားတို့ရဲ့ ဆီးမီးခွက်အက၊ ကချင်တို့ရဲ့ မနောအက၊ မွန်လူမျိုးတို့ရဲ့ နှစ်ပါးသွားအက၊ ကယားတို့ရဲ့ တံခွန်တိုင်အက တို့ဟာလည်း အစဉ်အလာကြီးခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေပါ။
သနပ်ခါး
ရှေးတုန်းကတော့ ကျား၊မ မရွေး၊ အသက်အရွယ်မရွေး မျက်နှာပေါ် က သနပ်ခါးကို တွေ့တာနဲ့ မြန်မာပဲဆိုတာ တန်းသိနိုင်တဲ့အထိ မြန်မာနဲ့သနပ်ခါးက ပူးတွဲတည်ရှိနေတဲ့အရာပါ။ နိုင်ငံခြားသားတွေအတွက် မျက်နှာပေါ်တင်ထားတဲ့ သနပ်ခါးပါးကွက်ကြားတွေကို ကြည့်ရတာ ထူးဆန်းနေနိုင်ပေမဲ့ မြန်မာတွေကတော့ ဒါဟာ ကျက်သရေရှိပြီး အေးချမ်းတဲ့ အလှတရားတစ်ခုပါ။ မြန်မာတွေ သနပ်ခါးလိမ်းခဲ့တာ နှစ်ပေါင်း ၂၀၀၀ လောက် ရှိပါပြီ။ သနပ်ခါးပင်ကို အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရနိုင်ပေမဲ့ ပါးပေါ်မှာတင်ပြီးလိမ်းကြတဲ့ သနပ်ခါးလိမ်းတဲ့ဓလေ့ကတော့ မြန်မာမှာပဲ ရှိပါတယ်။ မြန်မာတွေအတွက် သနပ်ခါးဆိုတာ အညစ်အကြေးများကို ဖယ်ခွာခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ သနပ်ခါးကို အလှအပအတွက်လည်း သုံးသလို၊ ကျန်းမာရေးနဲ့ ဘာသာရေးအခမ်းအနားတွေမှာလည်း သုံးပါတယ်။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း သနပ်ခါးလိမ်းတဲ့ဓလေ့က ဒီနေ့အထိ တိမ်ကောသွားခြင်း မရှိခဲ့ပါဘူး။ သနပ်ခါးလိမ်းခြင်းဟာ မြန်မာတို့ရဲ့ တစ်ဦးတည်းပိုင် ယဉ်ကျေးမှုစစ်စစ်ပါ။ အခုတော့ ထိုင်းနိုင်ငံကလည်း သနပ်ခါးအခြေခံ ထုတ်ကုန်တွေ ထုတ်လုပ်လာနေပါပြီ။ ဒါကြောင့် သနပ်ခါးကို မြန်မာအပိုင်ဖြစ်တယ်ဆိုတာ ခိုင်မာစေဖို့အတွက် မြန်မာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုမှာ စာရင်းတင်ထားပါတယ်။
ပွဲတော်များ
သင်္ကြန်
သင်္ကြန်ကတော့ မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ပါ။ ထိုင်းတို့ရဲ့ ဆုန်ခရမ်ပွဲတော်နဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်တဲ့ ပွဲတော်ပါ။ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူ ရိုးရာကို အခြေခံထားတဲ့ ပွဲတော်တွေ ဖြစ်တာကြောင့် ပွဲတော်အတွင်း ပြုလုပ်ကြတဲ့ ထုံးတမ်းအစဉ်အလာကလည်း မကွဲပြားကြပါဘူး။ မြန်မာသင်္ကြန်ကို အကြို၊ အကျ၊ အကြတ်၊ အတက် ၊ နှစ်ဆန်းတစ်ရက်ရယ် ဆိုပြီး ရက်အလိုက်သတ်မှတ်ထားပါတယ်။ သင်္ကြန်မှာ သင်္ကြန်မင်း လို့ခေါ်တဲ့ တနင်္ဂနွေဂြိုလ်မင်းကို အတာအိုးထိုးပြီး ကြိုကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ရေလောင်းကြတယ်။ ကုသိုလ်ဒါန ပြုကြတယ်။ ဇီဝိတဒါန လုပ်ကြတယ်။ ဧပြီလမှာကျင်းပတဲ့ ပွဲတော်ချိန်ရောက်ပြီဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ ကြိုက်တဲ့နေရာကိုသာ သွားကြည့်လိုက်ပါ။ စတုဒီသာအလှူတွေ၊ အုန်းလက်မဏ္ဍပ်တွေနဲ့ လူတိုင်းပြုံးပျော်ကခုန်နေတာကို တွေ့ပါလိမ့်မယ်။ ပွဲတော်နဲ့လွတ်ကင်းနေတဲ့လူလို့ မရှိအောင်ပါပဲ။ သင်္ကြန်မှာ ရခိုင်လူမျိုးတွေက နံ့သာသွေးပွဲလို့ခေါ်တဲ့ ဘုရားဆင်းတုတော်တွေကို သနပ်ခါးရည်ဆပ်ကပ်လောင်းလှူကြတဲ့ ဓလေ့ကို ပြုလုပ်ကြပါတယ်။ ရှမ်းလူမျိုးတွေက သဲပုံစေတီ တည်ကြလေ့ ရှိပါတယ်။ ဓလေ့ထုံးတမ်းတွေ၊ ဒေသအလိုက် ကွဲပြားသွားတဲ့ သင်္ကြန်ရိုးရာဓလေ့တွေ ပါဝင်ပါတယ်။ သင်္ကြန်ပွဲတော်ဟာ မြန်မာတို့ရဲ့ အသွေးအသားထဲထိ စွဲနေတဲ့ သူမတူတဲ့ ပွဲတော်ကြီးပါ။ သင်္ကြန်ရေထိမှ နှစ်သစ်ကူးပြောင်းခြင်းဟာ အဓိပ္ပါယ်ပြည့်ဝတယ်လို့ မြန်မာတွေက ယူဆကြပါတယ်။
တောင်ကြီးတန်ဆောင်တိုင်
ဆောင်းရာသီရဲ့ အေးမြလှတဲ့ နိုဝင်ဘာမှာ ဧရာမမီးပုံပျံကြီးတွေကို ကောင်းကင်ထဲ လွှတ်တင်ကြတဲ့ ပွဲတော်ဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ အစဉ်အလာကြီးတဲ့ ယဉ်ကျေးမှုတစ်ခုပါ။ ပုံစံစုံ ၊ အရောင်အသွေးစုံတဲ့ ဧရာမ မီးပုံပျံကြီးတွေကို အလှဆင်မီးသီးတွေ၊ မီးရှူးမီးပန်းတွေ ချိတ်ဆွဲပြီး ကောင်းကင်ကို လွှတ်တင်တာက မြတ်စွာဘုရားကို ပူဇော်ခြင်းပါ။ တန်ဆောင်တိုင်လ ရောက်ပြီဆိုတာနဲ့ တောင်ကြီးမြို့ မှာ မီးပုံပျံပွဲတော် လုပ်ကြပါတယ်။ ပွဲတော်ကို နေ့ဘက် ၊ ညဘက် ခွဲပြီး လုပ်ပါတယ်။ နေ့ဘက်မှာ လွှတ်တင်တဲ့ မီးပုံပျံတွေကိုတော့ စိန်နားပန်လို့ ခေါ်ပြီး မီးပုံပျံရဲ့ အရုပ်ချိုးပညာကို ဦးစားပေးပါတယ်။ ညဘက်လွှတ်မယ့် မီးပုံပျံကိုတော့ ညမီးကျီးလို့ ခေါ်ပါတယ်။ စိန်နားပန်ထက် ပိုကြီးပြီး မီးရှူးမီးပန်းတွေပါ ချိတ်ဆွဲအလှဆင်ထားတဲ့ ညမီးကျီးကတော့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ အသက်လို့ ပြောရင် ရပါတယ်။ ပွဲတော်မှာ စုပေါင်းအားနဲ့ အသင်းအဖွဲ့စိတ်ဓာတ် က အဓိက ကျပါတယ်။ ကိုယ့်အဖွဲ့လွှတ်တင်မယ့် မီးပုံပျံကို အမှားအယွင်းမရှိ လွှင့်တင်နိုင်ဖို့အတွက် တစ်နှစ်ပတ်လုံး အားထုတ်ထားကြရတာပါ။ မီးပုံပျံတစ်လုံး လွှတ်တင်နိုင်ဖို့အတွက် လူအင်အား ၁၀၀ ဝန်းကျင် လိုပါတယ်။ ဒါဟာ သာမာန် ဇွဲ၊ လုံံ့လ၊ ဝီရိယ နဲ့ စွမ်းနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ရှမ်းတိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို အကောင်းဆုံးဖော်ပြနေတဲ့ ပွဲတော်ပါ။ ဆောင်းရာသီရဲ့ အေးစက်တဲ့ညလေထဲမှာ ရောင်စုံမီးတွေ၊ မီးရှူးမီးပန်းတွေ ချိတ်ဆွဲအလှဆင်ထားတဲ့ ပုံစံမျိုးစုံနဲ့ မီးပုံပျံကြီးတွေကို ရှမ်းအိုးစည်သံတွေကြားမှာ ကြည့်ရတဲ့အရသာက ဘာနဲ့မှမတူပါဘူး။ ပြည်တွင်းပြည်ပ ခရီးသွားတွေ အထူးနှစ်ခြိုက်ကြပါတယ်။
နိဂုံး
ယဉ်ကျေးမှု ဆိုတာကို “The Way of Life” လို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်။ လူတစ်ယောက် ( ဒါမှမဟုတ် ) လူသားမျိုးနွယ် တို့ရဲ့ မွေးဖွားချိန်ကနေ သေဆုံးတဲ့အထိ ရင်ဆိုင်ကြုံတွေခဲ့ရတဲ့၊ ထိတွေ့ဆက်ဆံခဲ့ရတဲ့ အရာအားလုံးဟာ ယဉ်ကျေးမှုပါ။
အတိုချုပ်ပြောရရင် လူမျိုးတစ်မျိုးရဲ့ ဘဝပုံစံပါ။ ယဉ်ကျေးမှုတစ်ခုကို လေ့လာတယ်ဆိုတာ အဲဒီလူမျိုးရဲ့ ရှေးအတိတ် နဲ့ ပစ္စုပ္ပန်ကာလ ကို လေ့လာတာပါပဲ။ ယဉ်ကျေးမှုရဲ့ ရုပ်သွင်လက္ခဏာ၊ အတိုးအလျော့၊ ရှင်သန်မှု၊ ယိုင်နဲ့မှု တွေဟာ လူမျိုးရဲ့ တစ်နည်းဆိုရရင် နိုင်ငံရဲ့ ကြိုးစားအားထုတ်မှုလည်း ဖြစ်သလို ပြင်မရတဲ့ သမိုင်းကြောင်းလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှု နှစ်ခုလုံး ပေါကြွယ်ဝနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ သေးသွယ်ရှည်လျားတဲ့ နိုင်ငံလေးထဲမှာ လူမျိုးစုပေါင်း ၁၃၀ ကျော် စုဖွဲ့နေထိုင်နေပြီး ခေါင်းအစ ခြေအဆုံး စုံလင်ကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ပြည့်နေပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို လေ့လာပါ။ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို လေ့လာခြင်းဟာ အဲဒီလူမျိုးကို နားလည်ဖို့အတွက် အကောင်းဆုံးသင်ယူခြင်းပဲဖြစ်သလို တစ်စုံတစ်ယောက်ကို နားလည်သွားခြင်းဟာ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။
နုသစ်မိုး(Y3A)
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media