အသုံးသုံးလအရွယ် ကလေးလေးရဲ့ ဦးခေါင်းထဲမှာ ရေတွေ တဖြည်းဖြည်းများလာပြီး ခေါင်းဟာ တစ်နေ့တစ်ခြား ကြီးကြီးလာနေလို့ ခွဲစိတ်ဖို့အရေးပေါ်လိုအပ်နေပါတယ် ဆိုတဲ့အကြောင်းကို မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖော်ပြလာပါတယ်။ 

ဆိုးဆိုးရွားရွား ကျန်းမာရေးချို့ယွင်းမှုနဲ့ မွေးဖွားလာတဲ့ ကလေးငယ်ရဲ့ မိဘတွေက တစ်ရှူးငှက်ပျောစိုက်ခင်းတွေမှာ လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေ ဖြစ်နေပါတယ်။ ကလေးရဲ့မိခင်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ငှက်ပျောစိုက်ခင်းအတွက် ပိုးသတ်ဆေးဖြန်းထားတဲ့အပင်တွေကို အရွက်ခြွေတာ၊ အပွင့်ခြွေတာ၊ ပေါင်းသင်ပေးတာ လုပ်ကိုင်ခဲ့သူပါ။ 

မွေးဖွားလာတဲ့ကလေးငယ်ရဲ့ ကျန်းမာရေးချို့ယွင်းမှုဟာ တစ်ရှူးငှက်ပျောစိုက်ခင်းတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ 

တစ်ရှူးငှက်ပျော ဆိုတာ နောက်ဆက်တွဲပြဿနာ တစ်သီတစ်သန်းရှိနေတဲ့ သီးနှံအဖြစ် ကမ္ဘာက သတ်မှတ်ထားတာပါ။  ဘယ်လိုပဲ သတ်မှတ်ထားပါစေ မြန်မာနိုင်ငံရဲံ့  ကချင်ပြည်နယ်မှာတော့ တရုတ်ရဲ့ တစ်ရှူးငှက်ပျောတွေဟာ တော်တော်လေးကို လွှမ်းမိုးထားနေပါပြီ။ ဧကပေါင်း ထောင်သောင်းချီဖြစ်လာတဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတွေက အခုဆို နိုင်ငံ့အရေးပြဿနာတစ်ခုလိုတောင် ဖြစ်လာပါပြီ။

တစ်ရှူးငှက်ပျောဟူသည်

အလွယ်နားလည်အောင်ပြောရရင် တစ်ရှူးမျိုးပွားနည်းနဲ့ မျိုးပွားထားတဲ့ ငှက်ပျောပင်တွေကို ခေါ်တာပါ။ မိခင်ငှက်ပျောပင်ရဲ့ မျိုးရိုးဗီဇကို မပျက်စေဘဲ မိခင်အပင်ရဲ့ ဆဲလ် နဲ့ တစ်ရှူးတွေကို ဓာတ်ခွဲခန်းထဲမှာ နည်းပညာအကူအညီနဲ့ မျိုးပွားလိုက်တာပါ။ အဲဒီလိုကနေ မိခင်အပင်နဲ့ တသွေမတိမ်းအရည်အသွေးတူတဲ့ ဗီဇတူအပင်ငယ်လေးတွေ ရလာပါတယ်။ မိခင်အပင် ပြီးတဲ့နောက် သားဆက် ၂ ဆက် အထိ အရည်အသွေးမကျတဲ့ ဗီဇမျိုး ထုတ်ယူလို့ရပါတယ်။

ရိုးရာနည်းအတိုင်းစိုက်ပျိုးမယ်ဆိုရင် ငှက်ပျောပင်ရဲ့ သားတက်နဲ့ပဲ မျိုးပွားစိုက်ပျိုးပါတယ်။ ငှက်ပျောပင်တစ်ပင်ဟာ သားတက်ပင် လေးငါးပင်ပဲ ထွက်နိုင်ပါတယ်။ တစ်ရှူးမျိုးပွားနည်းနဲ့ဆိုရင်တော့ မရေမတွက်နိုင်တဲ့ ဗီဇတူအပင်ပေါက်တွေ အများကြီးကို ထုတ်ယူနိုင်ပါတယ်။

တစ်ရှူးငှက်ပျောတွေဟာ ပိုးမွှားကင်းစင်ပြီး အရည်အသွေးကောင်းတယ်။ သားတက်နဲ့ မျိုးပွားထားတဲ့ ငှက်ပျောပင်တွေထက် ငှက်ပျောခိုင် အထွက်စောတယ်။ အပင်ကြီးထွားမှု ညီတယ်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်တယ်။ စိုက်ပျိုးလိုက်သမျှ အပင်တွေရဲ့ ၉၅ ရာခိုင်နှုန်းကျော်လောက်က ငှက်ပျောခိုင်ထွက်နိုင်တယ်။ တစ်ဧက ကို ငှက်ပျောပင် ၁,၄၀၀ ဝန်းကျင် စိုက်ပျိုးလို့ရပါတယ်။

ဒီလို အားသာချက်တွေ ရှိတာကြောင့် စီးပွားဖြစ် စိုက်ပျိုးခြင်း ဘက်ကနေ ကြည့်လိုက်မယ်ဆိုရင် တွက်ချေကိုက်ပြီး ငွေရလွယ်တာကြောင့် တစ်ရှူးငှက်ပျောစိုက်ပျိုးမှုက တွင်ကျယ်လာခဲ့ပါတယ်။

တစ်ရှူးငှက်ပျော မြန်မာနိုင်ငံထဲ ဘယ်လိုရောက်လာလဲ

တစ်ရှူးငှက်ပျောတွေက ၂၀၀၆ ခုနှစ်က စပြီး မြန်မာနိုင်ငံထဲကို ဘိန်းအစားထိုးသီးနှံအဖြစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ဝင်ရောက်လာခဲ့တာပါ။ ကချင်ပြည်နယ် ဝိုင်းမောမြို့နယ် အထက်ပိုင်းနဲ့ မန်ဝိန်းကြီးဒေသတွေမှာ စပြီး စိုက်ပါတယ်။

၂၀၁၆ ၊ ၂၀၁၇ ရောက်တော့ အရင်ကတည်းက ဘိန်းမစိုက်ခဲ့တဲ့ ဝိုင်းမော်မြို့နယ် အောက်ပိုင်း၊ မြစ်ကြီးနား၊ ဒေါ့ဖုန်းယန်၊ မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ရွှေကူ မြို့တွေထိ ပျံ့နှံ့လာခဲ့ပါတယ်။ အခုတော့ ရှမ်းပြည်၊ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေဘက်ထိပါ ခြေဆန့်လာနေပါပြီ။

တစ်ရှူးငှက်ပျောကို အများဆုံး စိုက်ပျိုးနေတာကတော့ ကချင်ပြည်နယ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တစ်ခုတည်းမှာတင် ငှက်ပျောစိုက်ခင်းတွေက ဧက တစ်သိန်းကျော် ရှိနေပါတယ်။

တရုတ်အစ - တရုတ်အဆုံး

တစ်ရှူးငှက်ပျောစိုက်ပျိုးရေးမှာ ပျိုးပင် က စလို့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ အဆုံး တရုတ်ကနေ တိုက်ရိုက်ဝင်ပါတယ်။ ဝင်ရောက်စိုက်ပျိုးသူတွေကလည်း တရုတ်လူမျိုးတွေပါပဲ။ စိုက်ခင်းမှာ သုံးရမယ့် ပလတ်စတစ်တွေအတွက် ကော်စေ့တွေကို တရုတ်ကနေ တစ်ခါတည်းသယ်လာပြီး မြန်မာနိုင်ငံထဲမှာပဲ ပလတ်စတစ် ပြန်ထုတ်ပါတယ်။ ရလာတဲ့ တစ်ရှူးငှက်ပျော အားလုံးနီးပါးကိုလည်း တရုတ်နိုင်ငံထဲ ကုန်းလမ်းနဲ့ တင်ပို့ပါတယ်။

ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက ဝန်ဆောင်မှုကို တာဝန်ယူပြီး တရုတ်နိုင်ငံက ကုန်သည်ကြီးတွေ၊ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ ပေါင်းပြီး စိုက်ပျိုးထုတ်လုပ်နေတာပါ။ ဒီလို တစ်မျိုးတည်းစိုက်ပျိုးတဲ့ စိုက်ခင်းတွေဟာ တရုတ်ရဲ့စီးပွားရေးတိုးချဲ့မှုကို ဖော်ပြနေတဲ့ အထင်ရှားဆုံး လက္ခဏာပါ။

Mekong Region Land Governance အစီရင်ခံစာမှာတော့ ၂၀၁၉ ခုနှစ်မှာ ကချင်ပြည်နယ်ရဲ့ မြေဧကပေါင်း  တစ်သိန်း ခုနှစ်သောင်း နီးပါးကို တစ်ရှူးငှက်ပျောစိုက်ခင်းတွေ အဖြစ် ပြောင်းလဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြေယာလုံခြုံမှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကွန်ရက်အဖွဲ့ရဲ့ ၂၀၁၉ မှာ နောက်ဆုံးကောက်ယူထားတဲ့စာရင်း မှာလည်း ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျောစိုက်ဧကပေါင်း တစ်သိန်း လေးသောင်း ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာန မှတ်ပုံတင်စာရင်းအရတော့ ဧက ခုနှစ်သောင်း ကျော်ပဲ ရှိပါတယ်။

ဒီကွာဟချက်ကို ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေတဲ့ တစ်ရှူးငှက်ပျောစိုက်ခင်းတွေ ဘယ်လောက်တောင် ထင်တိုင်းကြဲနေသလဲ ဆိုတာကို တွေ့မှာပါ။

ဒီလို ဧကပေါင်း သိန်းနဲ့ချီ ရှိနေတဲ့ တစ်ရှူးငှက်ပျောစိုက်ခင်းတွေရဲ့ အကျိုးအမြတ်ကို တရုတ်နိုင်ငံနဲ့ ငှက်ပျောစိုက်ကုမ္ပဏီကြီးတွေက ယူပြီး ၊ ငှက်ပျောစိုက်ခင်းကနေ ဖြစ်လာတဲ့ ဆိုးကျိုးမှန်သမျှကိုတော့ ဒေသခံ ပြည်သူတွေက လက်ခံယူနေရပါတယ်။

မြေယာလက်ဝါးကြီးအုပ်မှု

၂၀၀၆ က စပြီး ကချင်မြေယာတွေမှာ  “မြေစမ်း ၊ ခရမ်းပျိုး” လာခဲ့တဲ့ တစ်ရှူးငှက်ပျောစိုက်ခင်းတွေဟာ ၂၀၁၆ မှာတော့ ဧက သိန်းနဲ့ချီ ဖြစ်လာခဲ့ပါတယ်။ အချိန်တို အတွင်း ဒီလောက် မြေဧရိယာအများကြီးမှာ ဘာကြောင့် စိုပ်ပျိုးနိုင်ခဲ့တာပါလဲ။ ဒီစိုက်ခင်းမြေဧရိယာတွေဟာ ဝယ်ယူတာ နဲ့ ငှားရမ်းထားတာတွေလည်း ရှိသလို အတင်းအဓမ္မသိမ်းယူထားတာတွေလည်း ပါနေပါတယ်။

၂၀၁၁ ဇွန်လ မှာ အစိုးရ စစ်တပ်နဲ့ KIA တို့ကြားမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတဲ့အခါ ကချင်နဲ့ ရှမ်းပြည်ဘက်က ဒေသခံတွေဟာ အိုးအိမ်နဲ့ လယ်ယာမြေတွေကို စွန့်ခွာပြီး စစ်ဘေးရှောင်ခဲ့ကြပါတယ်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တရုတ်ဘက်က တစ်ရှူးငှက်ပျောစိုက်သူတွေဟာ ကချင်မြေပေါ်မှာ တစ်ရှူးငှက်ပျောစိုက်ခင်းတွေကို စိတ်ကြိုက်ချဲ့ကြပါတယ်။ စစ်ဘေးရှောင်တွေရဲ့ လယ်ယာမြေတွေဟာ တစ်ရှူးငှက်ပျောစိုက်ခင်းတွေ ဖြစ်လာပါတယ်။

၂၀၁၂ မှာ ထွက်ရှိလာတဲ့ မြေယာဥပဒေအရ  ကချင်ပြည်နယ်မှာရှိတဲ့ ငှက်ပျောစိုက်ခင်းဧရိယာတွေကို မြေလွတ်၊ မြေလပ်၊ မြေရိုင်း အဖြစ် သတ်မှတ်ထားပါတယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေအဖြစ် သတ်မှတ်ထားတဲ့ ဒီမြေတွေဟာ ဒေသခံရွာသားတွေရဲ့ ထုံးတမ်းစဉ်လာအရ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ ယာမြေတွေပါ။ ဒီမြေကို အသုံးပြုနေတဲ့ ဒေသခံကချင်ပြည်သူတွေဟာ မြေနဲ့သက်ဆိုင်တဲ့ တရားဝင်စာရွက်စာတမ်းတွေ မရှိကြသလို မြေယာဥပဒေရဲ့ သက်ရောက်မှုကိုလည်း အများစုက နားမလည်ကြပါဘူး။

မြေလွတ်မြေရိုင်းနဲ့ ပလပ်မြေတွေကို အသုံးပြုရေးအတွက် ရက် ၃၀ အတွင်း ကန့်ကွက်နိုင်သည် ဆိုတဲ့ အစိုးရရုံးတွေရဲ့ ကြေညာချက်ကိုလည်း ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒေသခံတွေအနေနဲ့ ကန့်ကွက်ဖို့အသာထား၊ လာပြီးဖတ်ဖို့ဆိုတာတောင် မဖြစ်နိုင်ပါဘူး။

ဒီအခြေအနေပေါ်မှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေနဲ့ မိတ်ဖက်မြန်မာကုမ္ပဏီတွေဟာ ပွဲစားတွေ ငှားရမ်းပြီး အမြတ်ထုတ်ကြပါတယ်။ ပွဲစားတွေဟာ ဒုက္ခသည်စခန်းတွေထိ သွားပြီး မြေငှားစာချုပ်တွေ လုပ်ပါတယ်။ ဒီလို အငှားချလိုက်ရင် မြေယာအသိမ်းခံရမှုကို ကာကွယ်ပြီးသားဖြစ်မယ်လို့ မက်လုံးပေးပါတယ်။ တကယ်တော့ မြေငှားစာချုပ်တွေဟာ ဥပဒေသက်ရောက်မှုမရှိတဲ့ စက္ကူပေါ်က သဘောတူညီချက်တွေပဲ ဖြစ်ပါတယ်။ အသေးစားမြေယာပိုင်ဆိုင်သူတွေဆို ဒီလို အသိပေးတိုင်ပင်တာမျိုးတောင် မရှိဘဲ မြေယာကို လုံးဝဆုံးရှုံးသွားကြပါတယ်။

မြေငှားစာချုပ်ချုပ်ဆိုပြီး မြေငှားရသူ ဒေသခံ အနည်းအကျဉ်း ရှိပါတယ်။ ဒါပေမဲ့ မြေငှားရမ်းတဲ့ သဘောတူစာချုပ်ဆိုတာ မကြာခဏဆိုသလို သတင်းအမှားပေးပို့တာတွေ၊ ခြိမ်းခြောက်တာတွေ၊ ဖိအားပေးတာတွေကြောင့် မဖြစ်စလောက်ငွေလေးနဲ့ ချုပ်ဆိုကြတာ များပါတယ်။

ကာလရှည်ကြာ စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာကြတဲ့ ဒေသခံ အများစုဟာ သူတို့မြေယာတွေနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေပါ ဆုံးရှုံးခဲ့ရပါတယ်။ ဒီအတွက် ပြည်နယ်အစိုးရရော၊ ဒေသတွင်းအာဏာရှိ အဖွဲ့အစည်းတွေရောက တိကျတဲ့ကိုင်တွယ်ဖြေရှင်းပေးမှု မလုပ်ခဲ့ပါဘူး။

အခုဆိုရင် ကချင်ပြည်နယ်က တစ်ရှူးငှက်ပျောစိုက်ခင်းတွေဟာ အစိုးရထိန်းချုပ်မှုနယ်မြေတွေတင် မကတော့ပါဘူး။ ပြည်သူ့စစ်တွေနဲ့ KIA ထိန်းချုပ်ရာနယ်မြေတွေအထိ ပျံ့နှံ့လာနေပါပြီ။

လုပ်အားခေါင်းပုံဖြတ်မှု

တစ်ရှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းဟာ ကချင်ပြည်နယ်က ဖားကန့်ကျောက်စိမ်းရတနာမြေ ပြီးရင် မြန်မာပြည်တွင်း ရွှေ့ပြောင်းလုပ်သား အများဆုံးရှိနေတဲ့ နေရာတစ်ခုပါ။ တစ်ရှူးငှက်ပျောစိုက်ခင်းတွေမှာ မြန်မာနိုင်ငံအနှံ့ကနေ လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ဟာ ခုနှစ်သောင်း ကနေ ရှစ်သောင်း ကြား အထိ ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာလူမျိုးတွေနဲ့ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေက အများဆုံး လုပ်ကိုင်နေကြပါတယ်။

တစ်ဦးချင်း လုပ်ကိုင်နေသူတွေရှိသလို လင်မယား ဒါမှမဟုတ် မိသားစုအလိုက် လာရောက်လုပ်ကိုင်နေသူတွေလည်း ရှိပါတယ်။ သူတို့အားလုံးဟာ စိုက်ခင်းထဲမှာ တစ်ရာသီလုံး နေထိုင်ရပါတယ်။

တစ်ရှူးငှက်ပျောစိုက်ခင်းတွေမှာ လုပ်သားတွေက ကျင်စား လို့ခေါ်တဲ့ အပင်လိုက် ထိန်းသိမ်းစောင့်ရှောက်တဲ့ နည်းနဲ့ လုပ်ကိုင်ကြပါတယ်။ ငှက်ပျောပင်တွေကို အပင် သုံးထောင်၊ ငါးထောင်၊ တစ်သောင်း စသဖြင့် ကိုယ်နိုင်သလောက် ယူပြီး လုပ်ကိုင်လို့ရပါတယ်။ တစ်ဦးတည်းအနေနဲ့ဆိုရင်တော့ ငှက်ပျောပင် သုံးထောင်လောက်သာ လုပ်နိုင်ပါတယ်။ ငါးထောင်နဲ့အထက်ကတော့ မိသားစုလိုက် လုပ်ကိုင်ကြသူတွေ လုပ်ကြပါတယ်။ ထွက်လာတဲ့ငှက်ပျောသီးတွေကို အဖီးလိုက် မဟုတ်ဘဲ အလေးချိန်ကို ချိန်တွယ်ပြီး ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေက တစ်ကျင် ( ၃၃ ကျပ်သားခန့်) ဘယ်လောက်ဆိုပြီး သူတို့သတ်မှတ်ထားတဲ့ ဈေးနဲ့ ပြန်ဝယ်ပါတယ်။ ဈေးကွက်မှာ ငှက်ပျောသီးက ဘယ်လောက်ဈေးပဲ ရှိနေပါစေ ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေက သူတို့ သတ်မှတ်ထားတဲ့ဈေးနဲ့ပဲ ဝယ်ပါတယ်။

ဝယ်တဲ့နေရာမှာလည်း ငှက်ပျောခိုင်မှာ လက်သည်းခြစ်ရာပါရင်တောင် မယူပါဘူး။ ငှက်ပျောခိုင်ဟာ ဘာမှ ထိခိုက်လို့မရပါဘူး။ တော်တော်လေးကို ဂရုစိုက်ရပါတယ်။ အဆိုးဆုံးကတော့ ရှုံးရင် လုပ်အားခ လုံးဝ မရပါဘူး။ အပင် တစ်သောင်းလောက်၊ ဧကနဲ့ဆို ငါးဧကအထက် လောက် အောင်မှ အလုပ်သမားတစ်ယောက်အနေနဲ့ တစ်နှစ်ကို သိန်း ၇၀ လောက် ရတယ်လို့ Mekong Region Land Governance အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငှက်ပျောစိုက်ခင်းလုပ်သားတွေဟာ တစ်နှစ်ပတ်လုံး ငှက်ပျောခင်းထဲက ဆိုးရွားတဲ့ လုပ်ငန်းခွင် အခြေအနေကြားမှာ နေထိုင်ရပါတယ်။ အိမ်သာမရှိ၊ ရေချိုးခန်းမရှိဘဲ ပြီးစလွယ်ဆောက်ထားတဲ့ အကာအရံတွေ၊ ရွက်ဖျင်တဲ သာသာတွေက အလုပ်သမား တန်းလျားပါ။ တစ်နေ့ကို ရှစ်နာရီ လုပ်ရပြီး တစ်နှစ်လုံးမှာမှ နားရက်က နှစ်ရက်ပဲ ရပါတယ်။ ငှက်ပျောခူးချိန်ဆို ပေါင် ၁၂၀ လောက်ထိ ရှိတဲ့ ငှက်ပျောခိုင်တွေကို သယ်ဆောင်ရတာကြောင့် ခွန်အားကို တော်တော်လေး စိုက်ထုတ်ရပါတယ်။

လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းတွေ မရှိပါဘူး။ ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေ အတွက်လည်း ဆေးဝါးကုသပေးမှု မရှိပါဘူး။

နောက်တစ်ချက်က မြေဩဇာပါ။ တစ်ရှူးငှက်ပျောစိုက်ခင်းတွေမှာ သုံးတဲ့ ဓာတ်မြေဩဇာက ကမ္ဘာ့နိုင်ငံ အများစု တားမြစ်ထားတဲ့ Carbonfuran ပိုးသတ်ဆေး ဖြစ်တယ်ဆိုတာကို Mekong Region Land Governance ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီပိုးသတ်ဆေးက အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ တခြားသောအပင်များနဲ့ သက်ရှိတွေကို အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒီပိုးသတ်ဆေးဟာ တစ်ရှူးငှက်ပျောစိုက်ခင်းကြီးတစ်ခုလုံးကို ပျံ့နှံ့နေတာဖြစ်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့အပြင် စိုက်ခင်းလုပ်သားတွေရဲ့ ကျန်းမာရေးအပေါ်ကိုလည်း ဆိုးကျိုးသက်ရောက်မှု ကြီးပါတယ်။

အမျိုးသမီးလုပ်သားတွေဆို ကိုယ်ဝန်ပျက်ကျတာ၊ ကိုယ်လက်အင်္ဂါချို့တဲ့တဲ့ ကလေးမွေးဖွားတာတွေ ဖြစ်နေပါပြီ။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

သယံဇာတ အလွန်အကျွံထုတ်ယူမှုလို စက်ယန္တရားကြီးတွေနဲ့ တူးဆွနေတာမျိုး မဟုတ်ပေမဲ့ တစ်ရှူးငှက်ပျောစိုက်ခင်းတွေကနေလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ တစ်ရှူးငှက်ပျောစိုက်ပျိူးရေးဟာ ငှက်ပျောခိုင်ထွက်တဲ့အချိန်က စပြီး ငှက်ပျောပင်ခုတ်လှဲတဲ့အထိ  ပလတ်စတစ်ကို အလွန်အကျွံသုံးပါတယ်။ ငှက်ပျောခိုင်ထွက်လာရင် ငှက်ပျောခိုင်တွေကို ပလတ်စတစ်စနဲ့ အထပ်ထပ်အုပ်ထားသလို ငှက်ပျောပင် တစ်ပင်နဲ့တစ်ပင် ကိုလည်း ယိုင်မသွားအောင် ပလတ်စတစ်တွေနဲ့ ယှက်ပြီး ချည်ထားပါတယ်။

တစ်ရှူးငှက်ပျောစိုက်ခင်းတွေဟာ တစ်ဧက ကို ငှက်ပျောပင် ၁,၄၀၀ ဝန်းကျင် စိုက်လို့ရပြီး အပင် ၅၀၀ တစ်စုအတွက် ပလတ်စတစ်ပိဿချိန် ၈၀ နီးပါး အသုံးပြုပါတယ်။ မြန်မာနိုင်ငံမှာ တစ်ရှူးငှက်ပျောစိုက်ခင်းတွေက ဧကပေါင်း တစ်သိန်းကျော်ရှိနေတာကြောင့် အပင်ပါင်း သန်း ၂၀၀ ကျော် ပါတယ်။ ဒါကြောင့် တစ်နှစ်ကို ပလတ်စတစ် ပိဿပေါင်း သုံးသိန်းကျော်၊ တန်ချိန်နဲ့ဆို တန်ချိန်ပေါင်း ၅,၀၀၀ ကျော် အသုံးပြုနေပါတယ်။

တစ်ရှူးငှက်ပျောပင်တွေကို အခိုင်ခုတ်ပြီးတာနဲ့ အပင်ကိုပါ ခုတ်လှဲပါတယ်။ နောက်ငှက်ပျောရာသီ မရောက်ခင် မီးရှို့ဖျက်ဆီးပါတယ်။ အဲဒီအခါ ပလတ်စတစ်တွေပါ တစ်ပါတည်း မီးရှို့ခံရပြီး မီးကြောင့် ပျော်သွားတဲ့ပလတ်စတစ်တွေက အမည်းရောင် ပလတ်စတစ် အချပ်လိုက်ကြီးတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

တစ်ရှူးငှက်ပျောစိုက်ဖို့အတွက် မြေငှားရမ်းလိုက်တဲ့ တောင်သူတွေအနေနဲ့ အဲဒီမြေမှာ ပြန်ပြီး စိုက်ပျိုးလို့မရတော့ပါဘူး။ ကြွင်းကျန်ခဲ့တဲ့ ပလတ်စတစ်တွေက မြေကြီးထဲနစ်မြုပ်နေတဲ့အတွက် သီးနှံပင်တွေစိုက်တဲ့အခါ ပလတ်စတစ်ခံနေတာကြောင့် အမြစ်က မြေကြီးထဲ မဖောက်နိုင်တော့ပါဘူး။ ပလတ်စတစ်စတွေကို လိုက်မကောက်နိုင်တော့တာကြောင့် သီးနှံပြန်စိုက်ချင်သူ တချို့ကတော့ ထယ်ထိုးပြီး မြေကြီးထဲပဲ ပြန်မြှုပ်လိုက်ကြပါတယ်။ ဒါဟာ ရေတိုဖြေရှင်းနည်းပါ။ ပလတ်စတစ်ကို ဒီလိုပုံစံနဲ့ ကိုင်တွယ်လို့မရပါဘူး။

ဒီလိုပဲ ပလတ်စတစ်တွေကို စနစ်တကျ စွန့်ပစ်မှုမရှိဘူးဆိုရင် မြေဆီလွှာခမ်းခြောက်မှုဒဏ်ကို အပြင်းအထန် ခံလာရတော့မှာပါ။

ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘယ်သူကမှ တာဝန်ယူမှုမရှိတဲ့အခါ ပလတ်စတစ်တွေဟာ လယ်မြေ၊ ယာမြေ တွေမှာ စုပုံလာတဲ့အပြင် မြစ်၊ ချောင်း၊ အင်း တွေအထိ ဝင်ရောက်လာပြီး နောက်ဆုံး ဧရာဝတီ မြစ်ထဲကို ဦးတည်ပါတော့တယ်။

အဲဒီတော့ ရေအရင်းအမြစ်နဲ့ ရေမှာ အသက်မွေးနေတဲ့ တံငါလုပ်ကိုင်သူတွေကိုပါ ဒီအကျိုးဆက်က ရိုက်ခတ်လာပါတယ်။ ငှက်ပျောစိုက်ခင်းတွေကနေ ထွက်လာတဲ့ ပလတ်စတစ်အမှိုက်စတွေကြောင့် ရေအရည်အသွေးကျဆင်းပြီး ရေနေသက်ရှိမျိုးစိတ်တွေရဲ့ ဇီဝစက်ဝန်းက ပျက်စီးလာသလို သောက်သုံးရေရရှိမှုအပိုင်းမှာလည်း စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ 

တံငါလုပ်ကိုင်သူတွေအနေနဲ့လည်း တစ်ရှူးငှက်ပျော မဝင်ခင်တုန်းက ကချင်ပြည်နယ်တဝိုက်က မြစ်ချောင်းတွေမှာ ဆယ်ပိဿအထက်ရှိတဲ့ ငါးကြီးတွေ နှစ်စဉ်ရပါတယ်။ ဒါပေမဲ့ အခုနှစ်ပိုင်းတွေမှာတော့ ငါးရရှိမှုဟာ သိသိသာသာကို လျော့နည်းလာပါတယ်။ ဒါဟာ ဂေဟစနစ်နဲ့ အစားအစာဖူလုံမှုအတွက် ခြိမ်းခြောက်သံပါပဲ။

ဘယ်သူ့အကျိုးစီးပွားလဲ

ဒီတော့ အနှစ်ချုပ်ကို ပြန်ကြည့်တဲ့အခါ တစ်ရှူးငှက်ပျောတွေနဲ့ ပတ်သက်ရင် မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ အထူးသဖြင့်တော့ ဘယ်သူ့အကျိုးစီးပွားကို ရှေးရူပြီး တစ်ရှူးငှက်ပျောတွေ မြန်မာ့မြေမှာ စိုက်ခွင့်ရနေတာလဲ။

တစ်ရှူးငှက်ပျောကို တရုတ်က မြန်မာ့မြေမှာစိုက်တယ်။ တရားဝင်စိုက်တာရှိသလို တရားမဝင် စိုက်ဧကတွေကလည်း အများအပြားရှိနေပြန်တယ်။ မြန်မာတွေက မြေငှားခလောက်ပဲ ရကြတာပါ။ လုပ်ခလစာဆိုတာကလည်း ခေါင်းပုံဖြတ်ခံရပါသေးတယ်။ ဒီထက်ဆိုးတာကတော့ အစားပြန်မရတဲ့သဘာဝ ပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှာပါ။ ဒီတော့ ဘယ်သူ့အကျိုးစီးပွားအတွက် တစ်ရှူးငှက်ပျောတွေကို စိုက်ပျိုးနေတာလဲဆိုတာ မေးခွန်းထုတ်ချင်စရာဖြစ်လာပါတယ်။ ဒေသခံတွေနဲ့ တစ်ရှူးငှက်ပျောစိုက်ခင်းတွေရဲ့ နစ်နာသူတွေက ဘယ်လိုပဲ အော်ဟစ်နေပါစေ တစ်ရှူးငှက်ပျောတွေက ဆက်လက်ကြီးထွားနေဆဲ ဖြစ်ပါတော့တယ်။  

နုသစ်မိုး ( Y3A )

Read More:

ဆင်းရဲလျှင် သဘာဝနွံပိုနစ်သည်
သဘာဝဘေးအန္တရာယ်ဆိုတာ ချမ်းသာတဲ့နိုင်ငံတွေထက် ဆင်းရဲတဲ့နိုင်ငံတွေမှာ ၁၅ ဆလောက် ပိုဖြစ်ပွားနေပါတယ်။ ဘာကြောင့်လဲ။
မြေရှားသတ္ထုအတွက် မကြာမီပြန်လည်ပေးဆပ်ရတော့မဲ့ မြန်မာ
ကချင်ပြည်နယ်မှာ မြေရှားသတ္ထုတူးဖော်မှု တဟုန်ထိုးမြင့်တက်လာနေပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ဒေသခံတွေရဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နေပေမယ့် မြေရှားသတ္ထုဟာ နည်းပညာခေတ်အတွက် မရှိမဖြစ် လိုအပ်နေပါတယ်။

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!