
မြန်မာနိုင်ငံမှာ ဌာပနာတိုက်ကို ဖွင့်ထားတဲ့ စေတီကို သိကြပါသလား။ မြန်မာနိုင်ငံတဝန်းက ဘုရားစေတီတွေမှာ ဌာပနာတိုက်ကိုပိတ်ထားကြလေ့ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့က ဗိုလ်တထောင်စေတီကတော တမူထူးခြားပြီး ဌာပနာတိုက်ကို ဖွင့်ထားပါတယ်။ ဒီတော့ အများသူငါ အလွယ်တကူ ဖူးမျှော်ကြည်ညိုလို့ရပါတယ်။ ဒီလိုဖွင့်ထားတဲ့ အကြံအစည်ဟာ ဘယ်သူ့အကြံအစည်လဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒီကနေ့ ရန်ကုန်မြို့က ပြည်လမ်းပေါ်ကနေ လသာမြို့နယ်၊ မင်းရဲကျော်စွာလမ်းထဲကို ဝင်လိုက်ပြီး ၂ မိနစ်လောက်လမ်းလျှောက်တဲ့အခါ ညာဘက်မှာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် - UMFCCI” ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအသင်းကြီးဟာ ဒီနေ့ခေတ် မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍရဲ့ အကြီးဆုံးအသင်းကြီးဖြစ်သလို အစိုးရမူဝါဒချမှတ်ရာမှာတောင် သူတို့အသင်းကြီးရဲ့ ဩဇာနဲ့လွတ်ကင်းတာမျိုး မဟုတ်ပါဘူး။ အဲဒီအသင်းကြီးရဲ့ မူလကနဦး ဗမာကုန်သည်ကြီးများအသင်းကိုရော ဘယ်သူက တည်ထောင်ခဲ့တာပါလဲ။
ရန်ကုန်မြို့လယ်က ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၃၅ လမ်းထောင့်မှာ နာမည်ကျော်သွင် ရုပ်ရှင်ရုံဆိုတာ ရှိပါတယ်။ တကယ်တမ်းပြောကြတဲ့အခါ အဲဒီရုပ်ရှင်က မြန်မာရုပ်ရှင်သမိုင်းကြောင်းထဲက အထင်ကရ ရုပ်ရှင်ရုံတစ်ရုံပါ။ တိတိပပပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ မြန်မာအမျိုးသားတစ်ယောက်က ပထမဆုံးပိုင်ဆိုင်တဲ့ ရုပ်ရှင်ရုံဖြစ်ပါတယ်။ ဒီရုပ်ရှင်ရုံ နာမည်က ဘာလို့ တခြားနာမည်မဖြစ်ဘဲ သွင် ဆိုပြီး ဖြစ်နေတာပါလဲ။
အခုပြောပြခဲ့တဲ့ ဖြစ်စဉ်တွေက လူတစ်ဦးတည်းကိုပဲ ရည်ညွှန်းနေပါတယ်။ သူက အင်္ဂလိပ်ခေတ်မှာ ထင်ရှားတဲ့ မြန်မာကုန်သည်သူဌေးကြီး ဆာဦးသွင်ဖြစ်ပါတယ်။ ဆာဦးသွင်လို့ပြောတဲ့အခါ ဆာဦးဘွဲ့ရ ဦးသွင်လို့ အဓိပ္ပါယ်ရပါတယ်။ ဆာဘွဲ့ဆိုတာကတော့ အင်္ဂလိပ်အစိုးရက ချီးမြှင့်ခဲ့တာပါ။ တခြားသော မြန်မာလူမျိုးတချို့လည်း အင်္ဂလိပ်ခေတ်မှာ ဆာ ဘွဲ့ရတာရှိပေမဲ့ ဦးသွင်ကတော့ တမူထူးခြားပါတယ်။ ဦးသွင်ရဲ့ ငယ်ဘဝကစပြီး ထူးခြားချက်တွေကို ကြည့်လိုက်ရအောင်ပါ။
ဆာဦးသွင် ငယ်ဘဝ
ဆာဦးသွင်ဟာ မော်လမြိုင်ဇာတိ၊ ၁၈၇၈ မှာ မွေးပါတယ်။ မိဘတွေကလည်း ကုန်သည်မျိုးရိုးတွေဖြစ်သလို ချမ်းသာတဲ့ အသိုင်းအဝိုင်းကဖြစ်ပါတယ်။ ၁၉၀၁ ခုနှစ်မှာ ရန်ကုန်ကောလိပ်ကနေ FA စာမေးပွဲကို အောင်မြင်ပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်တောင် မတည်ထောင်ရသေးပါဘူး။ ရန်ကုန်တက္ကသိုလ်ဖို့ အနှစ် ၂၀ လောက် လိုသေးတဲ့အချိန်ပါ။
ဦးသွင်ဟာ BA တန်းကို ဆက်တက်ပါတယ်။ လေးလလောက်ကြာတဲ့အခါ ကျောင်းဆက်မတက်ချင်လို့ မော်လမြိုင်ကို ပြန်သွားပါတယ်။ မိဘတွေကလည်း ဦးသွင်ကို အစိုးရလခစား အလုပ်မျိုးကို မလုပ်စေချင်သလို ဦးသွင်ကလည်း မလုပ်ချင်ပါဘူး။ ဒါပေမဲ့လည်း ဦးသွင်ဟာ ငယ်သေးလို့ အတွေ့အကြုံရအောင် အစိုးရအလုပ်ကို တစ်နှစ်လောက် ခေတ္တဝင်လုပ်ပါတယ်။ အဲဒီအလုပ်က ပညာအုပ် အလုပ်ပါ။ အဲဒီလို လုပ်နေရင်း နောင်အခါ ရွှေတိဂုံစေတီတော် ဂေါပက၊ ဘဏ္ဍာတော်ထိန်းဖြစ်လာတဲ့ စက်သူဌေး ဦးဘိုးပြော့အစ်မ ဒေါ်ဒေါ်သိန်းနဲ့ လက်ထပ်ပါတယ်။
အိမ်ထောင်ကျပြီးတဲ့အခါမှာတော့ ဦးသွင်ဟာ ရန်ကုန်မှာပဲ အခြေစိုက်ခဲ့ပါတော့တယ်။ ကုန်သည်မျိုးရိုးဖြစ်တဲ့ ဦးသွင်ဟာ ကုန်သည်ပွဲစားအလုပ်ကိုပဲ ဝါသနာပါတာကြောင့် ရန်ကုန်မှာ ဆန်အရောင်းအဝယ်လုပ်ပါတယ်။
ရန်ကုန်တစ်ဖက်ကမ်း ခနောင်တိုမှာ ဆန်စက်ကို တည်ပါတယ်။ အဲဒီခေတ်က ဆန်အလုပ်ကို ချုပ်ကိုင်နေကြသူတွေဟာ အင်္ဂလိပ်လူမျိုး ကုန်သည်ကြီးတွေဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
ဦးသွင်ဟာ တစ်ကြိမ်မှာတော့ ဆန်ဈေးတက်အောင် တစ်ရက်စောင့်မိပါတယ်။ အဲဒီလို တစ်ရက်စောင့်လိုက်တဲ့အချိန်မှာပဲ ဆန်ဈေးက ထိုးကျသွားလို့ ငွေ ၇၅,၀၀၀ လောက် ဝက်ဝက်ကွဲအောင် ရှုံးသွားပါတော့တယ်။ ရန်ကုန်ကို သန်းကြွယ်သူဌေးဖြစ်ဖို့ ရည်မှန်းပြီး တက်လာတဲ့ဦးသွင်ဟာ အခုတော့ ခွက်ခွက်လန်အောင် ရှုံးလို့ ဝမ်းနည်းစိတ်ပျက်ဖြစ်ရပါတယ်။ စပါးဈေး တင်းတစ်ရာ ၁၃၀-၁၆၀ ခေတ်မှာ ဦးသွင်ရှုံးတဲ့ ကျပ် ၇၅,၀၀၀ ဟာ ဘယ်လောက်အရှုံးကြီးလဲဆိုတာ တွက်ချက်နိုင်ပါလိမ့်မယ်။
ဒီအကြောင်းမိဘတွေက သိတဲ့အခါ မော်လမြိုင်ကို ပြန်ခေါ်ကြပေမဲ့ လက်မလျှော့တဲ့ ဦးသွင်ကတော့ မိဘတွေဆီက ငွေကျပ် ၅၀,၀၀၀ တောင်းပြီး ကြိုးစားလုပ်ကိုင်ပြန်ပါတယ်။
ဆန်ဝိဇ္ဇာဖြစ်ပြီ
ဦးသွင်ဟာ ဆန်လောကထဲရောက်ပြီး ၃ နှစ်လောက်ကြာတဲ့အခါမှာ ဆန်ဈေးအတက်အကျ ခန့်မှန်းရခက်တယ်ဆိုတာကို သိသွားပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းမကျွမ်းကျင်တဲ့အချိန်မှာ သူဟာ စီးပွားပျက်လောက်အောင် ကျပ် ၇၅,၀၀၀ အထိ အရှုံးပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဆန်ဈေးကို နားလည်ဖို့ တဖြည်းဖြည်းကြိုးစားလာလိုက်တာ ဆန်ဈေးအတက်အကျကို သူများထက်ပိုပြီး နီးကပ်အောင် ခန့်မှန်းတွက်ချက်လာနိုင်ပါတယ်။ ဦးသွင်ရဲ့ ဆန်ဈေးအတက်အကျ ခန့်မှန်းချက်ကိုလိုက်ပြီး မြန်မာလူမျိုးတွေက ရောင်းဝယ်လုပ်ကိုင်ကြပါတယ်။
တစ်ကြိမ်မှာတော့ မဂိုလမ်းမှာ ကျက်စားနေတဲ့ ဆန်ပွဲစားကြီး မာမွတ်ဆိုသူနဲ့ အပြိုင်လောင်းကြေးထပ်ပြီး ဆန်ဈေးခန့်မှန်းတဲ့အခါ ဦးသွင်က အတိအကျ ခန့်မှန်းနိုင်လို့ အနိုင်ရခဲ့ပါတယ်။ ဂျီအေ ဆူရမန်ဆိုတဲ့ ပွဲစားဆိုရင် တစ်နေ့ ၃ ကြိမ် ဦးသွင်ဆီလာပြီး ဦးသွင်ရဲ့ တွက်ချက်မှုတွေကို မေးမြန်းလေ့ရှိပါတယ်။
ဒီလိုနဲ့ ဦးသွင်ဟာ ဆန်လောကမှာ ပြိုင်ဘက်ကင်းတဲ့ ဆန်ဈေးခန့်မှန်းသူ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ၁၉၃၉ မှာ ပီနန်ကျွန်းနဲ့ စင်ကာပူမြို့ဆီ ဦးသွင်ခရီးသွားတဲ့အခါ အဲဒီက သတင်းစာတွေက “မြန်မာနိုင်ငံက ဆန်ဝိဇ္ဇာကြီး ရောက်လာပြီ”ဆိုပြီး ဂုဏ်ပြုရေးသားခဲ့ကြပါတယ်။
ဗမာပြည်ကုန်သည်ကြီးများအသင်းနှင့် UMFCCI
ဦးသွင်မွေးဖွားကြီးပြင်းရာခေတ်ဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဆန်စပါးကို အင်္ဂလိပ်တွေနဲ့ မဂိုလမ်းက ကုန်သည်ကြီးတွေက ချုပ်ကိုင်ထားကြပါတယ်။ ဆန်စပါးရောင်းဝယ်တဲ့အခါမှာ သူတို့က မြန်မာပွဲစားတွေကို အသုံးမပြုဘဲ အင်္ဂလိပ်၊ အိန္ဒိယ၊ တရုတ်၊ ဖာရစီပွဲစားတွေကိုပဲ အသုံးပြုကြပါတယ်။ သူတို့အချင်းချင်းလည်း ပွဲစားအသင်း ဖွဲ့ထားကြပါတယ်။ သူတို့ပွဲစားအသင်းမှာ မြန်မာတွေ မပါဝင်ရပါဘူး။ သူတို့အသင်းတွေကပဲ သတင်းဦးတွေကို ကြိုရတာကြောင့် အရောင်းအဝယ်မှာ မြန်မာတွေထက် များစွာရှေ့ရောက်ပြီး အကျိုးအမြတ်တွေ ရယူနေကြတာဖြစ်ပါတယ်။
ဒါကိုမခံနိုင်တဲ့အတွက် ဦးသွင်ဟာ ၁၉၁၁ ခုနှစ်မှာ ဗမာကုန်သည်ကြီးများအသင်းကို တခြားမြန်မာလူကြီးလူကောင်းတွေနဲ့အတူ စတင်တည်ထောင်ပါတယ်။ ဥက္ကဋ္ဌအဖြစ် အမ်အေ ဦးအုန်းခိုင်ကို တာဝန်ယူလုပ်ကိုင်စေပါတယ်။
ဒီအသင်းကြီးဟာ ခေတ်အဆက်ဆက် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အခုတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် - UMFCCI ဆိုပြီး အမည်တွင်နေပါတယ်။ ဒီအသင်းကြီးရဲ့အောက်မှာ ညီနောင်အသင်းတွေ အများအပြားရှိပါတယ်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ စီးပွားရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ရာမှာ အသင်းဝင် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့အသံကို အစိုးရဆီပို့ဆောင်ရေး ကြားခံအဖြစ်လည်း ဆောင်ရွက်နေပါတယ်။
သူရိယသတင်းစာတိုက် အုပ်ချုပ်ရေးအဖွဲ့
၁၉၁၁ လောက်မှာ မြန်မာနိုင်ငံမှာ သူရိယသတင်းစာဆိုတာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ သူရိယသတင်းစာကို မြန်မာနိုင်ငံရေးမှာ ထင်ရှားတဲ့ ဘကြီးဘဘေနဲ့ တခြားလူတွေက ပူးတွဲတည်ထောင်ပါတယ်။
ဒီလိုတည်ထောင်ကြတဲ့အခါ သူရိယသတင်းစာဟာ မြန်မာလူမျိုးတွေအတွက် အကျိုးရှိတာဖြစ်လို့ ရေရှည်ရပ်တည်နိုင်ဖို့လည်း လိုအပ်တယ်။ ရေရှည်ရပ်တည်နိုင်ဖို့ ဘဏ္ဍာရေးတောင့်တင်းအောင် စနစ်တကျဖြစ်ဖို့လိုတယ်လို့ ဦးသွင်က တွေးပါတယ်။ ဒါကြောင့် သူရိယသတင်းစာကို ထောက်ပံ့မဲ့ သူရိယသတင်းစာတိုက် ကုမ္ပဏီလီမိတက်ကို တည်ထောင်ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူရိယသတင်းစာဟာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းစာတွေအကြောင်း ပြောကြတဲ့အခါ၊ လွတ်လပ်ရေးတိုက်ပွဲဝင် သတင်းစာတွေအကြောင်း ပြောကြတဲ့အခါ မပါမဖြစ် ညွှန်းဆိုရတဲ့ သတင်းစာဖြစ်လာပါတယ်။
အင်္ဂလိပ်မြင် ဘုရားထူး၊ ဖိနပ်ချွတ်ရသည့်ဓလေ့နှင့် သဟာယအသင်း
၁၈၈၅ နှစ်ကုန်ပိုင်းမှာ အင်္ဂလိပ်က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် မြန်မာတွေရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့စရိုက်အတော်များများကို ဖျက်ဆီးခဲ့ပေမဲ့ သူတို့ကြိုက်တဲ့ ဓလေ့စရိုက်တွေကိုတော့ ဒီအတိုင်းထားခဲ့ပါတယ်။
မြန်မာတွေဟာ သူတို့ရဲ့ မြန်မာဘုရင်နဲ့ နန်းတွင်းအမှုထမ်းတွေကို ဘုရားထူးရသလို မြင်ရင် ဖိနပ်ချွတ်ရတဲ့ဓလေ့ရှိခဲ့ပါတယ်။ အင်္ဂလိပ်ကတော့ အဲဒီဓလေ့ကို မဖျက်ခိုင်းခဲ့ပဲ မြန်မာတွေက သူတို့နဲ့စကားပြောရင် ဘုရားထူးရသလို ဖိနပ်လည်းချွတ်ရပါတယ်။ ဦးသွင်ဟာ အစဉ်အလာသမိုင်းကြောင်း ထည်ဝါတဲ့ မွန်လူမျိုးလည်းဖြစ်၊ ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူဖြစ်တဲ့အတွက် ကိုယ့်အရှင်ကိုယ့်လူမျိုးမဟုတ်တဲ့ အင်္ဂလိပ်ကို အဲဒီလို အရိုအသေပေးရတာကို မကြိုက်ပါဘူး။
ဒါကြောင့် ဒီအစဉ်အလာတွေကို တိုက်ဖျက်ဖို့ သဟာယ အသင်းကိုဖွဲ့စည်းခဲ့ပါတယ်။
ဒီအသင်းကြီး ရေရှည်ရပ်တည်ရေးနဲ့ လုပ်ငန်းစဉ်တွေအထမြောက်ဖို့အရေးအတွက် ဦးသွင်ဟာ ကုန်သည်ပီပီ ဘဏ္ဍာရေးကိစ္စကို စဉ်းစားမိပါတယ်။ ဒါကြောင့် ဦးဖိုးစိန် ဇာတ်ကိုငှားပြီး ဂျူဗလီဟောခန်းမမှာ ကပြစေပါတယ်။ ဦးဖိုးစိန်ဇာတ်ဟာ အဲဒီခေတ်က အင်မတန်နာမည်ကြီးတဲ့ဇာတ်ဖြစ်ပေမဲ့ သူ့ခေတ်သူ့အခါအရ ရုံဝင်ကြေးက ၈ပဲ (၁၆ ပဲဆိုလျှင် တစ်ကျပ်ဟု သတ်မှတ်ထား)ပဲ ရပါတယ်။ အဲဒီအချိန်မှာ သဟာယ အသင်းအတွက် ဦးဖိုးစိတ်ဇာတ်ကတဲ့အခါ ရုံဝင်ကြေးက ၅ ကျပ်ဆိုပြီး ဦးသွင်က သတ်မှတ်ပါတယ်။ ဦးဖိုးစိန်က သူကရတဲ့ပွဲတွေမှာ အများဆုံး လူတစ်ယောက်ဝင်ကြေး ၈ ပဲ ရတာဖြစ်လို့ ရုံဝင်ကြေး ၅ ကျပ်ဆိုရင် ကြည်သူ့မရှိလောက်ဘူးပြောပေမဲ့ ဦးသွင်က ဒီကိစ္စ သူ့တာဝန်ထားဖို့ ပြောလိုက်ပါတယ်။
ဦးသွင်ရဲ့ လှုံ့ဆော်မှုကြောင် ဦးဖိုးစိန်ဇာတ်ကို လူတွေက ရုံပြည့်ရုံလျှံအားပေးကြပြီး ပထမညမှာတင် ရုံမဆန့်လို့ လူ ၆၀၀ လောက် လှည့်ပြန်သွားရပါတယ်။ ဒီလိုနည်းနဲ့ အသင်း ရန်ပုံငွေလည်း အမြောက်အမြား ရရှိခဲ့ပါတော့တယ်။
ရရှိတဲ့ငွေနဲ့ စာစောင်တွေရိုက်နှိပ်ပြီး အင်္ဂလိပ်က မြန်မာထုံးစံအရ ဘုရားထူး၊ ဖိနပ်ချွတ်၊ ရှိခိုးစရာမလို၊ သူတို့ဓလေ့အတိုင်းပဲ လေးစားမှုပြဖို့လိုတယ်ဆိုပြီး ဖော်ပြပါတယ်။
ဒီနေရာမှာ ဦးသွင်ရဲ့ ပါးနပ်မှုကို တွေ့ရမှာပါ။ အင်္ဂလိပ်ကို မလေးစားတာမဟုတ်၊ ကိုယ့်အရှင်ကိုယ့်ဘုရင်ကိုသာ လေးစားရတဲ့ မြန်မာ့အစဉ်အလာနည်းနဲ့ မလေးစားနိုင်၊ အင်္ဂလိပ်ဓလေ့နဲ့တော့ လေးစားဖို့ ပြောဆိုထားတာဖြစ်လို့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ နည်းဖြစ်ပါတယ်။ ဒီလို သဟာယအသင်းရဲ့ လှုပ်ရှားမှုကြောင့် အင်္ဂလိပ်မြင် ဘုရားထူး၊ ဖိနပ်ချွတ်၊ ရှိခိုးဦးချရတဲ့ ဓလေ့ဟာ ပျောက်ကွယ်သွားပါတော့တယ်။
မော်လမြိုင်အသင်း
ဦးသွင်ဟာ ရန်ကုန်မှာ အခြေချ၊ ရန်ကုန်အုပ်ချုပ်ရေးနယ်ပယ်အထိ သူ့နာမည်ပေါက်နေပေမဲ့ ရန်ကုန်သားမဟုတ်ပါဘူး။ သူက မော်လမြိုင်မှာမွေးတဲ့ မွန်လူမျိုးပါ။ အဖေအမေတွေကလည်း မော်လမြိုင်မှာပဲ နေကြတုန်းပါ။
ဒါပေမဲ့ ၁၉၁၈ ရောက်တဲ့အခါ ရန်ကုန်မှာ မော်လမြိုင်ကနေ လူဦးရေ ၄၀၀၀၀ လောက် ရောက်နေကြပါပြီ။ သူတို့အားလုံး ရေကြည်ရာ မြက်နုရာ ရှာဖွေစားသောက်ဖို့ ရန်ကုန်ကို ရောက်လာကြတာဖြစ်လို့ သူတို့ရဲ့ နေစရာအခက်အခဲ၊ အလုပ်အခက်အခဲ၊ အဆက်အသွယ် အချိတ်အဆက်မရတဲ့ အခက်အခဲတွေကို ကူညီဖို့ ဦးသွင်က စဉ်းစားမိပါတယ်။
ဒါကြောင့် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်မှာပဲ မော်လမြိုင်အသင်းကို တည်ထောင်ခဲ့ပါတယ်။
အသင်းရုံးနေရာကို သူ့ငွေနဲ့ဝယ်ခဲ့ပြီး မော်လမြိုင်သားတွေကို ပြန်လည်စောင့်ရှောက်ခဲ့ပါတယ်။ မော်လမြိုင်အသင်းကို ဦးသွင်ရန်ကုန်မှာ တည်ထောင်တဲ့အချိန်ဟာ ၁၉၁၈ ခုနှစ်ဖြစ်လို့ အတော်လေးစောပြီး နောက်ပိုင်းမှာတော့ ဦးသွင်တည်ထောင်တဲ့ မော်လမြိုင်အသင်းလိုမျိုးအသင်းတွေ ရန်ကုန်မှာ အမြောက်အမြား ပေါ်ပေါက်လာခဲ့ပါတယ်။
သွင်ရုပ်ရှင်ရုံ
၁၉၂၀ လောက်မှာ မြန်မာရုပ်ရှင် စပေါ်ပါတယ်။ အဲဒီနောက် နိုင်ငံခြားသားပိုင် ရုပ်ရှင်ရုံတွေလည်း အပြိုင်အဆိုင်ပေါ်ပေါက်လာပါတယ်။ အဲဒီနောက် ၁၇ နှစ်ကြာတဲ့အခါမှ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၃၅ လမ်းထောင့်မှာ မြန်မာအမျိုးသားပိုင် ရုပ်ရှင်ရုပ်တစ်ရုံ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရုံက သွင် ရုပ်ရှင်ရုံပါ။ ဒီရုပ်ရှင်ရဲ့ပိုင်ရှင်က ဗြိတိသျှဘားမားသူဌေး ဦးညွန့် တည်ထောင်တဲ့ ရုပ်ရှင်ရုံဖြစ်ပြီး အင်္ဂလိပ်ခေတ် မြန်မာနိုင်ငံမှာ မြန်မာတိုင်းရင်းသားပိုင်တဲ့ ပထမဆုံး ရုပ်ရှင်ရုံဖြစ်ပါတယ်။
ဦးညွန့်ဟာ အဲဒီရုပ်ရှင်ရုံနေရာကို ဝယ်ယူပြီး ရုပ်ရှင်ရုံဆောက်ဖို့ ဆာဦးသွင်ဆီကနေ ချေးငွေရယူခဲ့ပါတယ်။
ရုပ်ရှင်ရုံတည်ဆောက်ပြီးတဲ့အခါ ဦးသွင်နာမည်နဲ့ “သွင် ရုပ်ရှင်ရုံ” ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ၁၉၄၉-၁၉၅၀ လောက်ကျတော့ ချေးငွေတွေ ကျေသွားပါတယ်။ ဒါပေမဲ့ ဦးညွန့်ဟာ သူလိုအပ်ချိန်မှာ ကူညီခဲ့တဲ့ သူဌေးကြီးဆာဦးသွင်စိတ်မကောင်းဖြစ်မှာစိုးလို့ သူ့ရဲ့ရုပ်ရှင်ရုံနာမည်ကို မပြောင်းတော့ဘဲ သွင် ရုပ်ရှင်ရုံဆိုပြီးပဲ ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ရုံဟာ အခုအချိန်အထိတိုင် ရှိပါသေးတယ်။
ဦးသွင် ဆာဘွဲ့ ဘာလို့ရ
၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးဘွဲ့တံဆိပ်အပ်နှင်းပွဲမှာ အထက်လွှတ်တော်အမတ်လည်းဖြစ်၊ ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းလူကြီးလည်းဖြစ်တဲ့ ဦးသွင်ကို အင်္ဂလိပ်အစိုးရက ဆာဘွဲ့ချီးမြှင့်ခဲ့ပါတယ်။
ဒီလို ဆာဘွဲ့ချီးမြှင့်ခံရတာနဲ့ပတ်သက်ပြီး ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် တနင်္ဂနွေနေ့ထုတ် ဒီးဒုတ်သတင်းစာမှာ ဖော်ပြချက်ကို အနှစ်ချုပ်ပြန်လည်ဖော်ပြရရင် - “ဦးသွင်ဟာ ပြည်သူတွေကတင်မက ရဟန်းတွေကပါ ချစ်ကြည်လေးစား ယုံကြည်ကိုးစားရသူဖြစ်ကြောင်း၊ အင်္ဂလိပ်တွေကို ဘုရားထူး၊ ဖိနပ်ချွတ်၊ ရှိခိုးရတဲ့ ဓလေ့ကို ဝံသာနုစိတ်နဲ့ တိုက်ဖျက်ခဲ့သူဖြစ်ကြောင်း၊ မြန်မာပြည်ကို အိန္ဒိယနဲ့ တွဲရေး-ခွဲရေးကိစ္စမှာ နှစ်ဖက်ခေါင်းဆောင်ကြီးတွေကိုဖိတ်ခေါ်ပြီး ကြိမ်ဖန်များစွာ စေ့စပ်ခဲ့သူဖြစ်ကြောင်း၊ ၁၉၃၈ မှာ မပြီးပြတ်သေးတဲ့ မြန်မာ-မူဆလင် အဓိကရုဏ်းကိုလည်း ဖိတ်ခေါ်စေ့စပ်ခဲ့သူဖြစ်ကြောင်း၊ အတွင်းဝန်ရုံးကို ကျောင်းသားတွေဝိုင်းတဲ့ကိစ္စမှာလည်း ဦးသွင်ကိုယ်တိုင် ဖြန်ဖြေလို့ ပြီးပြတ်စေခဲ့ကြောင်း……ဒီလိုဂုဏ်ပုဒ်နဲ့ပြည့်စုံတဲ့ ဦးသွင်ကို ဆာဘွဲ့ချီးမြှင့်ခြင်းဟာ ဦးသွင်ရဲ့လုပ်ဆောင်ချက်ကို သဘောကျနှစ်ခြိုက်လို့သာဖြစ်ကြောင်း” ဖော်ပြထားပါတယ်။
အနှစ်ချုပ်ကတော့ အင်္ဂလိပ်ခေတ်မှာ ဆာဘွဲ့ရတယ်ဆိုတာ အင်္ဂလိပ်အကျိုးကို တစ်ဖက်တစ်လမ်းက သယ်ပိုးလို့ ရကြတာ များပေမဲ့ ဦးသွင်ကတော့ အင်္ဂလိပ်နဲ့လုံးဝမတည့်တဲ့ ရဟန်းတွေကတောင် ချစ်ကြည်လေးမြတ်ရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အပြင် သူ့လုပ်ဆောင်ချက်တွေကြောင့် ဂုဏ်ပြုတာလို့ ဒီးဒုတ်ဂျာနယ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဦးသွင်နှင့် သာသနာရေး
ဦးသွင်ဟာ မွန်ပြည်နယ် မော်လမြိုင်မှာမွေးတဲ့ မွန်လူမျိုး၊ ဗုဒ္ဓဘာသာကို ချီးမြှောက်သူဆိုပြီး ဒီးဒုတ်ဂျာနယ်က ရေးတဲ့အခါ ဘယ်လိုဘယ်ပုံ ချီးမြှောက်လဲဆိုတာ မေးစရာဖြစ်ပါတယ်။
ဒီနေ့ခေတ် တိပိဋကစာမေးပွဲတွေဆိုတာ ဗုဒ္ဓဘာသာမှာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးစာမေးပွဲတွေ ဖြစ်ပါတယ်။ ဘယ်လောက်ခက်ခဲလဲဆိုရင်လည်း အဲဒီစာမေးပွဲမှာ ဖြေနိုင်ဖို့ဆိုရင် သံဃာတွေဟာ စာမျက်နှာ ၈၀၀၀ ကျော်ကို အလွတ်ရမှဖြစ်သလို သဘောတရားတွေကိုလည်း ကျေညက်နေရမှာဖြစ်ပါတယ်။ ဒီလို ခမ်းနားကြီးကျယ်တဲ့ စာမေးပွဲကြီးဖြစ်ပေါ်လာဖို့ ဆာဦးသွင်က ဝန်ကြီးချုပ်ဦးနုနဲ့ပေါင်းပြီး ကြံဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီစာမေးပွဲကြီးပေါ်ပေါက်လာအောင် ဗုဒ္ဓသာသနာ့နုဂ္ဂဟအဖွဲ့ကို ဖွဲ့စည်းပြီး ဦးသွင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒီစာမေးပွဲကနေ ပိဋကတ်သုံးပုံအောင် သံဃာတော်တွေထွက်ပေါ်လာတဲ့အခါမှာလည်း ဦးသွင်ဟာ ဆဋ္ဌသင်္ဂါယနာတင်ဖို့ ဝန်ကြီးချုပ်ဦးနုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာလို့ခေါ်တဲ့ ဘုရားဟော ပိဋကတ်သုံးပုံတွေကို သန့်ရှင်းစင်ကြယ်အောင် ပြုတော်မူတဲ့ ဆဋ္ဌသင်္ဂါယနာပွဲကြီး ဖြစ်မြောက်လာခဲ့ပါတော့တယ်။
ဒါ့အပြင် ပိဋကတ်သုံးပုံကို ပထမဆုံးအောင်မြင်ခဲ့တဲ့ မင်းကွန်းတိပိဋကဆရာတော်ကြီး ဦးဝိစိတ္တသာရဘိဝံသ၊ မဟာစည်ဆရာတော်ဘုရားကြီးတို့ဟာ ဆာဦးသွင်နဲ့ ဒကာရင်းဆရာရင်းတွေလည်းဖြစ်ကြပါတယ်။
ဒီနေ့ခေတ် ရန်ကုန်မြို့ ဟာမစ်တစ်လမ်းပေါ်က မဟာစည်သာသနာရိပ်သာဆိုတာ ဆာဦးသွင်လှူဒါန်းထားတဲ့ မြေ ၅ ဧကပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး အဲဒီရိပ်သာထဲက ဖဲလ်ယဉ် ဓမ္မာရုံဆိုတာ ဆာဦးသွင်က သူ့အဖေ ဦးဖဲလ်နဲ့ အမေ ဒေါ်ယဉ်တို့ကို အစွဲပြုပြီး မှည့်ခေါ်ထားတာဖြစ်ပါတယ်။
ဗိုလ်တထောင်စေတီ ဌာပနာသိုက် ဖွင့်လှစ်ခြင်း
ဦးသွင်ဟာ သူထင်ရာကိုလည်း မှန်မှန်ကန်ကန်မျှမျှတဆောင်ရွက်ဝံ့သူလည်းဖြစ်ပါတယ်။ ဗိုလ်တထောင်ပြန်လည်ပြင်ဆင်တည်ဆောက်ရေးကာလမှာ ဦးသွင်ဟာ မြို့မျက်နှာဖုံးလည်းဖြစ်၊ သိက္ခာ၊ သမာဓိနဲ့လည်း ပြည့်စုံသူဖြစ်လို့ ပြန်လည်တည်ဆောက်ရေး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြပါတယ်။
အဲဒီလို ဗိုလ်တထောင်စေတီ ပြန်လည်တည်ဆောက်ရေး ဆောက်ရွက်ကြတဲ့အခါ ဌာပနာတိုက် ဖွင့်ထားမယ်၊ ပိတ်ထားမယ်ဆိုတဲ့ အမြင်ကွဲလွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဦးသွင်ကတော့ ဖွင့်ထားမှ အများပြည်သူ ကြည်ညိုနိုင်မယ်လို့ယုံကြည်သူပါ။ ပိတ်လိုတဲ့လူတွေကလည်း တန်ဖိုးရှိတဲ့ ဌာပနာတိုက်ကို လူတွေမြင်ရင် လောဘတက်ပြီး အကုသိုလ်ဖြစ်မယ်၊ ဒါကြောင့် ပိတ်ထားဖို့လိုတယ်၊ အစဉ်အလာအရလည်း ဌာပနာတိုက်ဆိုတာ ပိတ်ထားရိုးထုံးစံရှိတယ်ဆိုပြီး အမြင်ကွဲလွဲကြတာပါ။
ဦးသွင်ကတော့ ဌာပနာတိုက် ပိတ်လိုသူတွေ ပိတ်ကြပါ၊ စေတီတော်ပြန်လည်ပြင်ဆင်ရေး လိုအပ်တဲ့ ငွေ ကျပ် ၁၂ သိန်းကိုလည်း ရှာဖွေကြပါဆိုပြီး ပြောတဲ့အခါ ပိတ်လိုသူတွေလည်း လက်လျှော့ပါတယ်။ ဦးသွင်ကတော့ ဌာပနာတိုက်ကို ဖွင့်ထားပြီး လိုအပ်တဲ့ ငွေ ၁၂ သိန်းကိုလည်း ရအောင် ရှာပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒီနေ့ထိတိုင် ဗိုလ်တထောင်စေတီရဲ့ ဌာပနာတိုက်ကို လူတွေ ဖူးမျှော်ကြည်ညိုနေနိုင်တာ ဖြစ်ပါတယ်။
ဦးသွင်ဟာ သူ့ခေတ်သူ့အခါမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ဆိုင်ရာကဏ္ဍတွေမှာ တာဝန်မျိုးစုံယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဥပမာတစ်ခုပြောရရင် ဦးသွင်ဟာ အင်္ဂလိပ်ခေတ် (၁၉၃၇-၁၉၄၁) ဥပဒေပြုလွှတ်တော်အမတ်အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
ဒါကြောင့်လည်း ၁၉၄၁ မှာ ဦးသွင်ကို အင်္ဂလိပ်အစိုးရက ဆာ ဘွဲ့ချီးမြှင့်ခဲ့သလို လွတ်လပ်ရေးရပြီး ၁၉၅၀ ကျ မြန်မာအစိုးရက သတိုးသီရိသုဓမ္မဘွဲ့ချီးမြှင့်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းဘုရင်မင်းမြတ်က ချီးမြှင့်ခဲ့တဲ့ Order of the Crown ဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။
နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး၊ ကိုယ်ကျင်လည်ရာ လူ့အဖွဲ့အစည်းအကျိုးကို ကျရာနေရာက ထမ်းဆောင်ခဲ့တဲ့ သူဌေးကြီး ဆာဦးသွင်ဟာ အသက် ၈၈ နှစ်အရွယ် ၁၉၆၆ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ သူကွယ်လွန်သွားပေမဲ့ သူ့ဂုဏ်သတင်းကတော့ အခုထိတိုင် ရှင်သန်ကျန်ရစ်နေဆဲဖြစ်သလို သူ့ဆောင်ရွက်တွေကလည်း ရန်ကုန်မြို့မှာတော့ လက်ညှိုးထိုးမလွဲ ကျန်ရစ်နေဆဲ ဖြစ်ပါတော့တယ်။
ဟန်သစ်အိမ် (Y3A)
Read More:




Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #MyanmarUpdates #MyanmarNews #BuildMyanmarMedia #myanmararticle #Updates #Insights #MyanmarMedia