အရပ်ရှည်ရှည်၊ နှာတံပေါ်ပေါ်၊ မျက်လုံးပြာပြာ နဲ့ ဥရောပတိုင်းသားဟန် အပီအပြင်ရှိနေပေမဲ့ မြန်မာလို ဝတ်၊ မြန်မာလို စား၊ မြန်မာလို နေ ၊ မြန်မာနာမည်နဲ့ မြန်မာစကားကို ပီပီသသပြောနေတဲ့ အညာသူ၊ အညာသား တွေက မြန်မာနိုင်ငံသားတွေပါလို့ ဆိုရင် နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။

မြန်မာမှာ တိုင်းရင်းသား ၁၃၅ မျိုး ရှိပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိပါတယ်။ အများစုက ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာလူမျိုးတွေ ဖြစ်ကြပေမဲ့ အိန္ဒိယ နဲ့ တရုတ် လို တိုင်းတပါးကနေ ဝင်ရောက်နေထိုင်အခြေချလာပြီး မြန်မာ့ရေမြေမှာ မြန်မာနဲ့မခြား တစ်သားတည်းဖြစ်လာတဲ့ နိုင်ငံသားတွေလည်း ရှိပါတယ်။ ဒီနိုင်ငံတွေက မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ အခြေခံတဲ့ ယဉ်ကျေးမှုချင်းလည်း တူညီကြတော့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုရေးရာ ဆက်နွယ်မှုလည်း ရှိခဲ့ကြတယ်။ ဒီတော့ ဒီလို ကူးလူးဆက်နွယ်မှုရှိခဲ့တာက သိပ်တော့ မထူးဆန်းလှပါဘူး။

ဒါပေမဲ့ ကိုးကွယ်ယုံကြည်မှုလည်း မတူ။ အခြေခံ ယဉ်ကျေးမှုလည်းမတူ၊ သမိုင်းကြောင်းဆက်နွယ်မှုလည်း မရှိခဲ့တဲ့ ဥရောပတောင်ပိုင်းသားတွေ မြန်မာ့မြေ ရောက်လာပြီး မြန်မာနိုင်ငံသား ဖြစ်လာကြတာတော့ ဆန်းတယ်လို့ ပြောရပါမယ်။

သူတို့ကတော့ ပေါ်တူဂီလူမျိုးတွေပါပဲ။ မြန်မာတွေ အလွန်အမင်း ရင်းနှီးကြတဲ့ ဘောလုံးအကျော်အမော် စီရော်နယ်ဒိုတို့လို ပေါ်တူဂီမြေက ပေါ်တူဂီတွေပါ။ ဒါပေမဲ့ မြန်မာတွေကတော့ သူတို့ကိုးကွယ်တဲ့ဘာသာကို အစွဲပြုပြီး သူတို့ကို ဘရင်ဂျီလို့ ခေါ်ကြပါတယ်။ 

အခုဆို ဘရင်ဂျီတွေ မြန်မာ့မြေပေါ် ရောက်နေတာ နှစ်ပေါင်း ၅၀၀ ဝန်းကျင် ရှိနေပါပြီ။ သာမာန် သူလိုကိုယ်လို နိုင်ငံသားတွေ ဆိုပေမဲ့ တစ်ချိန်တုန်းကတော့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ဇာတ်ကောင်တွေ ဖြစ်ခဲ့ကြသူတွေပါ။

ဘရင်ဂျီ ဘယ်က စ

သမိုင်းကြောင်းဆိုတာ မြန်မာဗုဒ္ဓဘာသာတွေ ယုံကြည်ထားကြတဲ့ အကြောင်း၊ အကျိုး ဆက် နွယ်မှုတွေနဲ့တူပါတယ်။ မြန်မာ့မြေပေါ် ပေါ်တူဂီတွေ ရောက်လာပုံကလည်း ဗာစကိုဒဂါးမားရဲ့  ဂွတ်ဟုပ်အငူကို တွေ့ရှိခဲ့ခြင်းကနေ ဆက်နွယ်ပြီး ဖြစ်လာတာပါ။

၁၅ ရာစုအကုန်ပိုင်းမှာ နယ်မြေသစ်စူးစမ်းလေ့လာသူတစ်ဦးဖြစ်တဲ့ ပေါ်တူဂီလူမျိုး ဗာစကိုဒဂါးမားဟာ အာဖရိက တိုက်ကိုပတ်၊ ဂွတ်ဟုပ်အငူ ကိုတွေ့ပြီး အရှေ့အိန္ဒိယသမုဒ္ဒရာထဲကို ရောက်တဲ့ ပင်လယ်ရေလမ်းကြောင်းကို တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက် မျက်နှာစာနှစ်ခုကို တစ်ပေါင်းတစ်စည်းတည်းဖြစ်လာစေတဲ့ ဥရောပ - အာရှ ပင်လယ်ရေကြောင်း တွေ့ရှိမှုဟာ ကမ္ဘာအတွက်ရော မြန်မာအတွက်ပါ ပြောင်းလဲမှုတွေ ဖြစ်လာစေခဲ့ပါတယ်။

ဒီလမ်းကြောင်းကနေ ဥရောပ ကုန်သည်တွေ၊ သင်္ဘောသားတွေ၊ ကြေးစားစစ်သားတွေက အာရှဘက်ကို ခြေဆန့်လာကြတယ်။ ၁၅၁၁ မှာ ပေါ်တူဂီကုန်သည်တွေဟာ အိန္ဒိယအနောက်ပိုင်းက ဂိုအာကို ရောက်လာကြတယ်။ ဂိုအာကို ခြေကုပ်ယူပြီး ရခိုင်ကမ်းရိုးတန်း၊ မုတ္တမ၊ သန်လျင် တဝိုက်၊ မြိတ်၊ ထားဝယ်၊ တနင်္ဿာရီ ကမ်းခြေတစ်လျှောက်ဖြစ်တဲ့ မြန်မာ့မြေပေါ်  စတင်အခြေချလာခဲ့ပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ရေကြောင်းကုန်သွယ်မှုကတစ်ဆင့် ရောက်လာတဲ့ ဥရောပသား ပေါ်တူဂီတွေကို ရှေးမြန်မာတွေက ဘရင်ဂျီလို့ ခေါ်ခဲ့ကြတာပါ။ ဘရင်ဂျီဆိုတဲ့ ဝေါဟာရက ဖာရင်ဂီ ဆိုတဲ့ ပါရှန်စကားကနေ ဆင်းသက်လာတာပါ။ လူမျိုးခြားလို့ အဓိပ္ပါယ်ရပါတယ်။ သူတို့နဲ့အတူပါလာတဲ့ ကက်သလစ်ဘာသာကိုလည်း ဘရင်ဂျီဘာသာလို့ ခေါ်ခဲ့ကြပါတယ်။

ကုန်သည်ပွဲစား၊ ကြေးစားစစ်သား နဲ့ ဘာသာရေး

မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်က သိမ်းပိုက်ခဲ့တယ်ဆိုပေမဲ့ မြန်မာ့မြေကို ကိုလိုနီပြုဖို့ စတင်ကျူးကျော်လာသူတွေကတော့ ပေါ်တူဂီလူမျိုး(ဘရင်ဂျီ) တွေဖြစ်ပါတယ်။ 

မြန်မာ့မြေပေါ် ရောက်လာတဲ့ ပေါ်တူဂီ တွေထဲမှာ ကုန်သည်ပွဲစားတွေ ရှိသလို ကြေးစားစစ်သားတွေလည်း ပါလာပါတယ်။ တပင်ရွှေထီး၊ ဘုရင့်နောင်လို မြန်မာမင်းတွေအပါအဝင် မွန် နဲ့ ရခိုင်ဘုရင်တွေဆီမှာ ကြေးစားစစ်သားတွေအဖြစ် ခစားခဲ့ကြပါတယ်။

အဲဒီကြေးစားစစ်သားတွေထဲမှာ အထင်ရှားဆုံးကတော့ ငဇင်ကာ လို့ လူသိများတဲ့ ကြေးစားစစ်ဗိုလ် ဖိလစ် ဒီဘရစ်တို နီကိုတီပါ။ ဟံသာဝတီကိုအုပ်စိုးတဲ့ နန္ဒဘုရင်ကို ရခိုင်ဘုရင် မင်းရာဇာကြီးက တိုက်ခိုက်ချိန်မှာ ငဇင်ကာဟာ မင်းရာဇာကြီးလက်အောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။  ရခိုင်ဘုရင်က စစ်ပွဲမှာ ကူညီခဲ့တဲ့ ငဇင်ကာကို သန်လျင်မြို့ အပိုင်စားပေးပါတယ်။

ငဇင်ကာဟာ သူ့ကိုယ့်သူ ဘုရင် ဒီဘရစ်တို လို့ ခံယူပြီး အခြားဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ပုသိမ်နဲ့ ဒလ ကိုပါ ဆက်သိမ်းပြီး ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ထိန်းချုပ်ပါတယ်။ ငဇင်ကာ ခေတ်ကောင်းချိန်မို့ ပေါ်တူဂီတွေလည်း အလုံးအရင်းနဲ့ ဝင်လာကြပါတယ်။ အဲဒီမှာ ပေါ်တူဂီတွေနဲ့အတူ ကက်သလစ်ဘာသာပါ ပါလာခဲ့ပါတယ်။

ငဇင်ကာဟာ သန်လျင်မှာပဲ  ကက်သလစ်ဘုရားရှိခိုးကျောင်းကြီး ဆောက်ပါတယ်။ ဒါကြောင့် မြန်မာ့ကက်သလစ် သာသနာကို ပြန်ကြည့်မယ်ဆိုလည်း ထူးခြားတယ် ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကက်သလစ်သာသနာဟာ သာသနာပြုတွေက စခဲ့တာမျိုးမဟုတ်ဘဲ ကြေးစားစစ်သားတွေ၊ ကုန်သည်ပွဲစားတွေက စခဲ့တာဖြစ်နေလို့ပါ။ မြန်မာကက်သလစ်သာသနာဟာ တခြား ဘာသာရေးတွေနဲ့မတူတဲ့အချက်က ကက်သလစ်သာသနာက အရင် ရောက်လာပြီးမှ သာသနာပြုဘုန်းတော်ကြီးတွေ ရောက်လာတာပါ ။

ငဇင်ကာလက်ထက်မှာ ပေါ်တူဂီတွေရဲ့ ဘာသာရေးရော လူမှုရေးရော အင်အားကြီးခဲ့ပါတယ်။ ဒီလိုနဲ့ ငဇင်ကာဟာ တဖြည်းဖြည်း တန်ခိုးထွားလာပြီး တောင်ငူကို ဆက်သိမ်းပါတယ်။ သူနဲ့ ရင်းနှီးတဲ့ နတ်သျှင်နောင်ကိုပါ သံလျင်ကို တပါတည်းခေါ်လာခဲ့ပြီး ကက်သလစ်ဘာသာကို ကူးပြောင်းစေခဲ့ပါတယ်။ ဒါ့အပြင် ငဇင်ကာဟာ မြန်မာအများစု ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ ဘုရား၊ ပုထိုးတွေကို ဖျက်ဆီးသူ၊ ပြည်သူတွေကို နှိပ်ကွက်သူအဖြစ်လည်း နာမည်ဆိုးထွက်ပါတယ်။ 

ဒါပေမဲ့ ငဇင်ကာရဲ့ အာဏာဟာ သက်တမ်းမရှည်ခဲ့ပါဘူး။ အင်းဝမှာ အနောင်ဘက်လွန်မင်း အင်အားကြီးလာချိန် မြန်မာ့မြေပေါ်က ပေါ်တူဂီတွေရဲ့ အခြေအနေကို တစ်ဆစ်ချိုးပြောင်းလဲဖို့ ဖြစ်လာစေပါတယ်။ 

၁၆၁၃ မှာ အနောက်ဘက်လွန်မင်းဟာ သူကိုယ်တိုင် သံလျင်ကို ဆင်းပြီး သိမ်းပါတယ်။ စစ်ရှုံးသွားတဲ့ ငဇင်ကာနဲ့အတူ နတ်သျှင်နောင်ပါ ကွပ်မျက်ပါတယ်။ ရှုံးနိမ့်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ကျန်ခဲ့တဲ့ ပေါ်တူဂီမှန်သမျှကို သုံ့ပန်းတွေအဖြစ် အင်းဝကို ခေါ်လာပါတော့တယ်။  အနောက်ဘက်လွန်မင်း ခေါ်လာတဲ့ ပေါ်တူဂီတွေဟာ အင်းဝမှာ စစ်အကျဉ်းသားအဖြစ်နဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။

ပေါ်တူဂီတွေဟာ မြန်မာမင်းတွေအတွက် အမြောက်၊ သေနတ်၊ စစ်သည်တွေအဖြစ် အမှုထမ်းခဲ့ရတာ သီပေါမင်းလက်ထက်ထိပါပဲ။

အင်းဝမှာ ပင်းတလဲမင်းလက်ထက် တရုတ်ပြည်က ဘုရင်ယုန်လီတပ်နဲ့ မြန်မာတပ်တွေ တိုက်ပွဲဖြစ်တော့ အင်းဝ ကျအောင် ပေါ်တူဂီတွေကပဲ ခုခံပေးခဲ့ပါတယ်။ ကုန်းဘောင်ခေတ်မှာ မြန်မာဘုရင်တွေ ယိုးဒယားကို စစ်ချီကြတဲ့အခါ ပေါ်တူဂီ စစ်သားတွေပါ လိုက်ပါရပါတယ်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေမှာလည်း ပေါ်တူဂီတွေ ပါခဲ့ပါတယ်။

မြန်မာမင်းတွေဟာ ပေါ်တူဂီတွေကို စစ်ရေးအပြင် သံတမန်ရေးရာမှာလည်း အသုံးပြုပါသေးတယ်။ မုံလှရွာ ဇာတိဖြစ်တဲ့ သံချက်ဝန် ဦးမြူဟာ ပြင်သစ်ကို မြန်မာသံအမတ်အဖြစ် ပထမဆုံးသွားခဲ့တဲ့ ပေါ်တူဂီအနွယ် တစ်ယောက်ပါ။ ဦးမြူဟာ မြန်မာနိုင်ငံ ဗြိတိသျှလက်အောက် မရောက်ရေးအတွက် နောက်ဆုံးအချိန်အထိ စေ့စပ်ညှိနှိုင်းခဲ့သူလည်း ဖြစ်ပါတယ်။

ဘရင်ဂျီရွာကြီးများ

၁၆၃၅ သာလွန်မင်းလက်ထက်ရောက်ချိန်မှာ လူအင်အားများလာတဲ့ ပေါ်တူဂီတွေက ပုန်ကန်မှုလုပ်လာမှာ စိုးရိမ်လာတာကြောင့် စစ်မှုထမ်းဖို့အတွက် လိုအပ်တဲ့တချို့တစ်ဝက်ကိုပဲ နန်းတွင်းထဲ ခေါ်ထားပြီး ကျန်လူအားလုံးကို စစ်ကိုင်းနယ်ဘက်ကို ပို့ပါတယ်။ ချင်းတွင်းမြစ်နဲ့ မူးမြစ်ကြားက ရွာကြီး ၉ ရွာမှာ မြေနေရာချပေးပြီး အဲဒီမှာ အခြေချနေထိုင်ခိုင်းခဲ့ပါတယ်။

ပင်လယ်ပျော်တွေဖြစ်ခဲ့တဲ့ ပေါ်တူဂီတွေဟာ မူးမြစ်နဲ့ ချင်းတွင်းမြစ်ကြားက ကုန်းခေါင်ခေါင် အညာဒေသကို အပို့ခံရပြီး အဲဒီဒေသမှာ ဘရင်ဂျီရွာတွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

မြန်မာ့သမိုင်းမှာ ပြုပြင်ပြောင်းလဲရေးမင်းအဖြစ် မော်ကွန်းတင်ခံရတဲ့ သာလွန်မင်းဟာ ဘရင်ဂျီရွာတွေကို ကက်သလစ် ဓလေ့ထုံးတမ်းအတိုင်း နေထိုင်ခွင့်ပေးပါတယ်။ အခွန်အတုတ် ကင်းလွတ်စေပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့အချိန်မှာ ဘုရင်က ဆင့်ခေါ်ရင်တော့ အမှုထမ်းရပါတယ်။

ဒီနေ့အချိန်ထိ ပေါ်တူဂီတွေကို အထင်အရှားတွေ့ရသေးတဲ့ ရွာတွေကတော့ စစ်ကိုင်းတိုင်းထဲက ချမ်းသာ၊ ချောင်းရိုး၊ မုံလှ၊ ချောင်းဦး နဲ့ နဘက်ရွာတွေပါ။  

အခု မြန်မာနိုင်ငံရဲ့ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်လည်း ဖြစ် ဗာတီကန်ရဲ့ကာဒီနယ်တစ်ဦးလည်းဖြစ်တဲ့ ကာဒီနယ်ချားလ်စ်မောင်ဘိုဟာ မုံလှရွာ ဇာတိဖြစ်ပါတယ်။ 

ဒီနေ့ခေတ် ဘရင်ဂျီ

မြန်မာ ကက်သလစ်သာသနာဟာ နှစ်ပေါင်း ၅၀၀ ပြည့်ပြီဖြစ်တာကြောင့် ပေါ်တူဂီတွေ မြန်မာမြေမှာ နေထိုင်ခဲ့တာလည်း နှစ်ပေါင်း ၅၀၀ ရှိနေပြီလို့ ပြောလို့ရပါတယ်။ အစဉ်အဆက် နေထိုင်လာခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းမှာ အခုထိတိုင် နေထိုင်နေကြဆဲပါ။

မြန်မာဘုရင်တွေ လက်ထက်နဲ့  အင်္ဂလိပ်အစိုးရ လက်ထက်အထိ တိုင်းပြည်ကာကွယ်ရေးမှာ ပါဝင်ခဲ့ကြတဲ့  ပေါ်တူဂီတွေကို ဘရင်ဂျီတွေဆိုပြီး မြန်မာတွေကလည်း အသိအမှတ်ပြုခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဦးနု လက်ထက်အထိ ကက်သလစ်ဘုန်းတော်ကြီးတွေကို ရောမလွှတ်ပြီး ပညာသင်ခိုင်းတာနဲ့ အခြားအားပေး ချီးမြှောက်တာတွေ လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့ မဆလ ခေတ်မှာတော့ ဘာသာရေးဖိနှိပ်မှုတွေ ရှိလာပါတယ်။ သာသနာပြုကျောင်းတွေကို ပြည်သူပိုင်သိမ်းပါတယ်။ နိုင်ငံခြားက ကက်သလစ်သာသနာပြု ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေကိုလည်း ပြန်ပို့ပါတယ်။ လူမျိုးရေးအပိုင်းမှာဆိုလည်း အစဉ်အဆက် ဘရင်ဂျီအနွယ်တွေအဖြစ် အသိအမှတ်ပြုခံခဲ့ရပေမဲ့ မဆလခေတ်အစိုးရလက်ထက်မှာတော့ အသိအမှတ်ပြုမခံရတော့ဘဲ နိုင်ငံသား သက်သေခံကတ်ထဲမှာ မြန်မာအဖြစ်သာ ထည့်သွင်းခွင့်ရှိခဲ့ပါတယ်။

ဘရင်ဂျီတွေကလည်း ရုပ်ရည်သွင်ပြင်အားဖြင့်တော့ ပေါ်တူဂီဆိုတဲ့ ပုံရိပ် ရှိနေသေးပေမဲ့ နေထိုင်စားသောက်မှု ဓလေ့မှာတော့ ပီဘိ မြန်မာအညာသူ၊ အညာသားတွေ ဖြစ်ကုန်ပါပြီ။ ဘာသာရေးတစ်ခုကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ပေါ်တူဂီတို့ရဲ့  ဘာသာစကား၊ လူမှုရေး နဲ့ ယဉ်ကျေးမှုထုံးတမ်းတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ ရောယှက်ကုန်ပါပြီ။ 

တိုင်းရင်းမြန်မာတွေနဲ့ ပေါင်းဖက်ကြတာတွေလည်း ရှိလာတော့ ပေါ်တူဂီ-မြန်မာ ကပြားတွေ ဖြစ်လာခဲ့ပေမဲ့ ယဉ်ကျေးမှုထုံးတမ်းတွေနဲ့ ပတ်သက်ပြီး ကပြားယဉ်ကျေးမှုဆိုတဲ့ ပုံစံအသစ်ကိုတောင် မတွေ့ရပါဘူး။ အခြား အိန္ဒိယနဲ့ တရုတ် လူမျိုးတွေလို ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ခဲ့တာမျိုး အားနည်းခဲ့တာကို တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ တရုတ်၊ အိန္ဒိယကတော့ မြန်မာ့နဲ့ နယ်နိမိတ်ချင်းကပ်နေပေမဲ့ ပေါ်တူဂီဆိုတာကတော့ ရေခြားမြေခြားဖြစ်နေတော့ သူတို့အတွက် အစဉ်အလာတွေကို ထိန်းသိမ်းရတာ ပိုခက်ခဲတဲ့ပုံလည်းရှိပါတယ်။ 

ပေါ်တူဂီတွေ ပထမဆုံး ခြေချခဲ့တဲ့ သံလျင်မှာတောင် ပေါ်တူဂီနဲ့ဆိုင်တဲ့ ဘာသာစကား၊ ရပ်ကွက်၊ လမ်း၊ အဆောက်အအုံတွေ၊ မကျန်ရစ်ခဲ့တာ တွေ့ရပါတယ်။ 

မြန်မာတွေ အခုထက်ထိတိုင် ဘရင်ဂျီလို့ ခေါ်ကြတဲ့ပေါ်တူဂီအနွယ်တွေ ကိုယ်တိုင်ကလည်း သူတို့ဟာ ပေါ်တူဂီတွေ ဖြစ်တယ်ဆိုတာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ်နဲ့ ပဲ ရှိပါတော့တယ်။ တစ်ချိန်တုန်းက သူတို့တွေ မြန်မာ့သမိုင်းကြောင်းမှာ ဘယ်လိုအရေးပါခဲ့တယ်ဆိုတာကလည်း မေ့ပျောက်ခံ ဖြစ်နေပါပြီ။ 

ဘာသာရေးနဲ့ ရှေးဟောင်းရိုမန်ကက်သလစ် ဘုရားကျောင်းတွေ၊ မျက်လုံးပြာပြာတွေကပဲ ပေါ်တူဂီဆိုတဲ့ အငွေ့အသက်ကို ချန်ထားပေးတဲ့အရာတွေ ဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် သူတို့ဟာ မြန်မာ့မြေမှာ မြန်မာတွေနဲ့ ဖက်လှဲတကင်း၊ ယုံကြည်မှုပြင်းပြင်းနဲ့ ပြောဆိုဆက်သွယ်နိုင်တဲ့လူတွေ ဖြစ်လာတာကတော့ အမှန်ပါပဲ။ ဒီလိုကြောင့်ပဲ အညာသူ၊ အညာသား ပေါ်တူဂီတွေဟာ မူးမြစ်နဲ့ ချင်းတွင်းမြစ်တကြောမှာ ဆက်ပြီးရှိနေကြဦးမှာပါ။

နုသစ်မိုး(Y3A)

R

မြန်မာ့ပထမဆုံး ဒီမိုကရေစီစာအုပ် - ရာဇဓမ္မသင်္ဂဟကျမ်း
နှစ် ၁၅၀ ကျော်က ရေးသားခဲ့တဲ့ ရာဇဓမ္မသင်္ဂဟကျမ်းထဲက ဒီမိုကရေစီအုတ်မြစ်တွေ၊ လူမှုပဋိညာဉ်၊ ပါလီမန်စနစ်နဲ့ မီဒီယာအခန်းကဏ္ဍအကြောင်း လေ့လာချက်
တောင်ကြီးမီးပုံးပျံပွဲတော် - ရှမ်းတို့ရဲ့ အမွေအနှစ်
နှစ်ပေါင်း ၇၀ ကျော်သမိုင်းရှိ တောင်ကြီးမီးပုံးပျံပွဲတော်ရဲ့ စတင်ပုံ၊ ရိုးရာဓလေ့များ၊ ပွဲတော်ရဲ့အနှစ်သာရနဲ့ ယူနက်စကိုအမွေအနှစ်စာရင်းဝင်

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!